Tuesday, June 19, 2012

နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ငြိမ်းချမ်းရေး နိုဗယ်ဆု လက်ခံရယူရန် ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်ပွဲ မပြုလုပ်မီ စီအင်န်အင်န်ရုပ်သံမှ ခရစ္စတီးအာမန်ပူးက မေးမြန်းမှုများ ပြုလုပ်ခဲ့ရာ ယင်းအနက်မေးမြန်းမှုအချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ငြိမ်းချမ်းရေး နိုဗယ်ဆု လက်ခံရယူရန် ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်ပွဲ မပြုလုပ်မီ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တွင် သမ္မတရွေးကောက်ပွဲသတင်း တင်ဆက်ရန် ရောက်ရှိနေသော စီအင်န်အင်န်ရုပ်သံမှ ခရစ္စတီးအာမန်ပူးက မေးမြန်းမှုများ ပြုလုပ်ခဲ့ရာ ယင်းအနက်မေးမြန်းမှုအချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
(ref:EMG)

နိုဘယ်ငြိမ်းချမ်းရေး ဆုယူသည့်အခါ ပြောကြားမည့် မိန့်ခွန်း၏ အဓိကအကြောင်းအရာ၊ သတင်းစကားတို့ကို အာမန်ပူးက မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က နိုဘယ်ငြိမ်းချမ်းရေးဆုအကြောင်းနှင့် သူမအတွက် ' ငြိမ်းချမ်းရေး'ဆိုသည့် သဘောထားတို့ကို အဓိက ပြောကြားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ''ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ကျွန်မသဘောထားက ငြိမ်းချမ်းရေးကို မြန်မာလို အဓိပ္ပာယ်ဖွင့်ဆိုမှုအပေါ်မှာ အခြေခံထားပါတယ်။ ဒီကမ္ဘာမှာ ငြိမ်းချမ်းရေးကို ဖျက်ဆီးနေတဲ့ မကောင်းမှုအားလုံးကို ဖယ်ရှားရပါမယ်။ ငြိမ်းချမ်းရေးဆိုတာ အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေ အဆုံးသတ်သွားရုံတင် မဟုတ်ဘဲ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ ခွဲခြားဆက်ဆံရမှု၊ မညီမျမှု၊ ဆင်းရဲမွဲတေမှုလို တခြားအချက်တွေအားလုံးကိုပါ အဆုံးသတ်ရမှာပါ''ဟု ပြောကြားခဲ့သည်။















မိမိကိုယ်ကို အနာဂတ် မြန်မာ့ခေါင်းဆောင်တစ်ဦးအဖြစ် ရှုမြင်ပါသလားဟု အာမန်ပူးက မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ယင်းမေးခွန်းမှာ မြန်မာပြည်သူများက ပထမဆုံး ဖြေဆိုရမည့်မေးခွန်းဟု ထင်မြင်ကြောင်း၊ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားမှုအရ မိမိ အနေဖြင့် နိုင်ငံ့ခေါင်းဆောင်တစ်ဦး မဖြစ်လာနိုင်ကြောင်း၊ ထိုအတွက် လောလောဆယ်တွင် မိမိအနေဖြင့် နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်ခြင်း ရှိ၊ မရှိကို ခန့်မှန်းရမည့်အစား မိမိတို့အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမြန်ဆုံး မည်သို့ပြင်ဆင်မည်ကိုသာ ဆွေးနွေးရမည်ဖြစ် ကြောင်း ဖြေကြားခဲ့သည်။

အာမန်ပူးက ဒေါ်အောင်ဆန်းစုကြည်အား ''ကျွန်မ ရှင့်ကို ပုဂ္ဂိုလ်ရေး မေးခွန်းတစ်ချို့ မေးလို့ရမလား။ ရှင်ဟာ နိုင်ငံနဲ့ပြည်သူတွေအတွက် အများကြီး စွန့်လွှတ်ခဲ့ရတယ်။ အများကြီး ပေးဆပ်ခဲ့ရတယ်။ ခင်ပွန်းဖြစ်သူကိုလည်း မကွယ်လွန်မီ သွား မတွေ့နိုင်ဘူး။ သားသမီးတွေနဲ့လည်း ကာလအကြာကြီး ခွဲနေခဲ့ရတယ်။ ရှင် အကျယ်ချုပ်နဲ့ နေနေရတဲ့ကာလလို အရေးကြီးတဲ့အချိန်မှာ ဒီလိုအခြေအနေတွေက ဘယ်လိုသက်ရောက်မှုတွေ ရှိသလဲဆိုတာကို ပြောပြလို့ရမလား''ဟု မေးမြန်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မဟာ ကျွန်မ အိမ်မှာထက် အများကြီးပိုဆိုးတဲ့ အခြေအနေတွေရှိတဲ့ အကျဉ်းထောင်မှာ နေရတဲ့ကျန်တဲ့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်အများစုတွေထက် ကံကောင်းတယ်လို့ ကျွန်မအမြဲတမ်း စဉ်းစားပါတယ်။ ပြီးတော့ ကျွန်မရဲ့မိသားစုဟာ လွတ်လပ်ပြီး ဒီမိုကရက်တစ်ကျတဲ့ နိုင်ငံ တစ်နိုင်ငံမှာ ကျွန်မနဲ့ခွဲပြီး နေနေရပေမယ့်လည်း ကျွန်မလုပ်ဖော်ကိုင်ဖက်တွေရဲ့ မိသားစုတွေက အမြဲတမ်း အန္တရာယ်တွေနဲ့ နေနေကြရတယ်ဆိုတာ ကျွန်မအမြဲတမ်း စဉ်းစားပါတယ်'' ဟု ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်ပြီး အာမန်ပူးက မွတ်စလင်လူနည်းစု နိုင်ငံသားဖြစ်ခွင့်ရရှိရန် လိုအပ်နေမှုအပေါ် မည်ကဲ့သို့ရှုမြင်ကြောင်း မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ယင်းပဋိပက္ခများသည် မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုးမှု အရေးတကြီး လိုအပ်နေကြောင်း သက်သေပြခဲ့သည်ဟု ထင်မြင်ကြောင်း၊ ဥပဒေစိုးမိုးမှုရှိခဲ့လျှင်၊ နိုင်ငံသားများကို မည်ကဲ့သို့ ပြုမူဆက်ဆံရမည်ကို ရှင်းလင်းသည့် ချဉ်းကပ်မှုနှင့် နိုင်ငံသား အခွင့်အရေးများနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ဖွင့်ဆိုမှုများရှိခဲ့လျှင်၊ နိုင်ငံသား တို့၏ အခွင့်အရေးများကို ကာကွယ်မှုများရှိခဲ့လျှင် ထိုပြဿနာအားလုံးကို ဖြေရှင်းရန် အလှမ်းဝေးမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။