၁၉၄၇ ခုနှစ်
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် နေ့၊နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ
ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရပါတယ်။
(၁) ဗိုလ်ချုပ်အောင်ဆန်း
ဘုရင်ခံ၏ အမှုဆောင်ကောင်စီ၊ ဒုတိယသဘာပတိ(၀န်ကြီးချုပ်)
(၂) သခင်မြ
ဘဏ္ဍာရေးနှင့်အခွန်တော်ဌာန၊ ၀န်ကြီး
(၃) ဒီးဒုတ်ဦးဘချို
ပြန်ကြားရေးဝန်ကြီး
(၄) ဦးဘ၀င်း
ထောက်ပံ့ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး။
(၅) မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်း
တောင်တန်းဒေသ၀န်ကြီး
(၆) ဦးရာဇတ်
ပြန်ကြားရေးနှင့် အမျိုးသား စီမံကိန်းဝန်ကြီး
(၇) မန်းဘခိုင်
စက်မှုလက်မှုနှင့်အလုပ်သမား ၀န်ကြီးဌာန
(၈) ဦးအုန်းမောင် အတွင်းဝန်
(၉) ကိုထွေး
ဦးရာဇတ်၏ သက်တော်စောင့်
ဗိုလ်ချုပ်ကျဆုံးပြီးတဲ့ သတင်း ဟာ တောမီးပမာပျံ့နှံ့သွားတယ်လို့
စာပေတွေက ရေးသားကြပါတယ်။ လက်တွေ့ဖြစ်ရပ်က တောမီးထက် ပျံ့နှံ့မှုနှုန်းက
ပိုမြန်ပါတယ်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လေအဟုန်ကဲ့သို့
ပျံ့နှံ့သွားပါတယ်။
အဖေသေတုန်းက မငိုခဲ့တဲ့သူတွေ၊ ရွှေမန်းတင်မောင်ငိုချင်းဆိုတုန်းက
ခပ်တည်တည်ကြည့်နေခဲ့တဲ့ သူတွေ၊ ချစ်သူက ရုတ်တရက် နှလုံး
ရောဂါနဲ့သေသွားတုန်းက မျက်ရည် မကျခဲ့တဲ့သူတွေ။ သူတို့တစ်တွေ
မျက်ရည်ပိုးပိုးပေါက်ပေါက် တောက်လျှောက်စီးယိုသည်အထိ ငိုခဲ့ပါတယ်။
မအောင့်နိုင်လို့ငိုတာ။
ခံစားရလွန်းလို့ငိုတာ။
ကြေကွဲလွန်းလို့ငိုတာ။
ပြည်သူတွေရင်ထဲက ငိုတာ။ ပြည်သူတွေ မချိတင်ကဲ ငိုတာ။ သည်လိုမျိုး
ဘယ်သူ့ကို ငိုဖူးသလဲ။ သည်လိုငိုခြင်းနဲ့ထိုက်တန်တာ ဗိုလ်
ချုပ်မှတပါးအခြားမရှိနိုင်ပါ။
ဗိုလ်ချုပ်တို့ကျဆုံးတာကို နိုင်ငံတကာမှ ကြေကွဲဝမ်းနည်းကြောင်း
သ၀ဏ်လွှာများပေးပို့ကြပါတယ်။ ထိုစဉ်က အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီနဲ့
ပဏ္ဍစ်ဂျဝါလဟာနေရူး၊ ရန်သူတော်လို့ သတ်မှတ်ခံရဖူးတဲ့ ဗြိတိသျှနန်းရင်းဝန်
ကလီမင့်အက် တလီနဲ့ ဗြိတိသျှအထက်လွှတ်တော် အမတ်များက ချက်ချင်းပဲ ၀မ်းနည်း
စကားပြောကြားကြပါတယ်။ ဗိုလ်ချုပ်ကို တန်ဖိုးထားကြကြောင်း ကမ္ဘာ က
သက်သေပြလိုက်တာပါပဲ။
ဇူလိုင်လ (၂၃) ရက်
ဇူလိုင် ၂၃ ရက်နေ့မှာတော့ ဗြိတိန်ဆဋ္ဌမမြောက်ကျော့ ဗြိတိသျှ နန်းရင်းဝန်၊
ဗြိတိသျှအစိုးရအဖွဲ့ဝင် များ၊ အိန္ဒိယမှ ဂျဝါဟလာနေရူး၊ အိန္ဒိယဘုရင်ခံချုပ်
လော့ဒ်လူဝီမောင့် ဘက်တန်၊ မဒရပ် နန်းရင်းဝန်၊ အမေရိကန်အစိုးရတို့က
ဝမ်းနည်း ကြောင်းသ၀ဏ်လွှာများကို သခင်နု ထံပေးပို့ခဲ့ကြပါတယ်။ ကမ္ဘာ့လုပ်
ဖော်ကိုင်ဖက် အရည်အချင်းရှိသူ တစ်ယောက်ဆုံးရှုံးမှုကို အစားထိုးလို့
မရတော့ပါဘူး။
ဇူလိုင်လ (၂၆) ရက်
ဗိုလ်ချုပ်နဲ့တကွ ခေါင်းဆောင် ကြီးများကျဆုံးခြင်းအတွက်ဝမ်းနည်း
တသတဲ့နေ့အဖြစ်သတ်မှတ်ပြီး တစ် နိုင်ငံလုံး အလုပ်များရပ်နားလိုက် ပါတယ်။
ရုံးတွေပိတ်ထားပါတယ်။ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ကြပါဘူး။
အစိုးရအဆောက်အအုံများ၊ လူနေ အိမ်များမှာ အလံများကို တိုင်တစ်
ဝက်လွှင့်ထူပြီး ၀မ်းနည်းကြောင်း ပြ သကြပါတယ်။ ဗိုလ်ချုပ်ဟာ တစ်
နိုင်ငံလုံးကိုယ်စားပြုနေတာထင်ရှား စေပါတယ်။
ဇူလိုင်လ (၂၉) ရက်
ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီး
များကိုရည်စူးပြီး ၀မ်းနည်းကြောင်း အဆိုကို လွှတ်တော်အစည်းအဝေးမှာ
သခင်နုကတင်သွင်းပြီး ဦးကျော်ငြိမ်း ကထောက်ခံခဲ့ပါတယ်။ ထိုစဉ်က လွှတ်တော်ဟာ
အင်္ဂလိပ်အစိုးရ အုပ်ချုပ်မှုအောက်က လွှတ်တော်ပါ။
သြဂုတ်လ (၁၇) ရက်
တိုင်းပြု၊ ပြည်ပြု လွှတ်တော် အမှတ်များက ကျဆုံးလေပြီးသော
ဗိုလ်ချုပ်နဲ့တကွ ခေါင်းဆောင်ကြီးများ ရဲ့ရုပ်ကလာပ်ထားရှိရာ ဂျူဗလီခန်းမ
ကို သွားရောက်ဂါရ၀ပြုကြပါတယ်။ ဗိုလ်ချုပ်ဆိုတာ မေ့မေ့လျော့လျော့
ထားလိုက်ရမဲ့ သာမန်ပုဂ္ဂိုလ်မဟုတ် ဘူးဆိုတာ သတိပြုမိကြတဲ့ အမတ်
များကတာဝန်ကျေပွန်ခဲ့ကြပါတယ်။
၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီ(၁)ရက်
ဂျူဗလီခန်းမမှာထားရှိတဲ့ ခေါင်းဆောင်ကြီးများရဲ့ ရုပ်အလောင်း
တွေကိုပြည်သူလူထု ထောင်ပေါင်း များစွာက နေ့စဉ်လာ ရောက်ဂါရ၀ပြု ကြပါတယ်။
တိုင်းပြည် တာဝန်ကို အသက်ပေးခဲ့တဲ့ ဗိုလ်ချုပ်ကိုပြည်သူ တွေကလည်း
မိုးထဲရေထဲမှာ ရပ်ဝေး ရပ်နီးမကျန်တာဝန်ကျေပွန်ခဲ့ကြပါ တယ်။သေသူကသေပြီ။
သေသောသူ ကြာရင်မေ့အောင်ပြည်သူတွေကဘယ် တုန်းကမှ လျစ်လျူမရှုခဲ့ကြပါဘူး။
ဇန်န၀ါရီလ (၃) ရက်
အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ် ရန့်ဇ်တို့ကိုယ်တိုင် အာဇာနည်ခေါင်း
ဆောင်ကြီးတွေကို ပန်းခွေချအလေး ပြုခဲ့ကြပါတယ်။ ဒါဟာ လူကြီး
လူကောင်းတွေအတုယူစရာအပြုမူ ကောင်းတွေပါ။ ငါနဲ့မတူ ငါ့ရန်သူ ဆိုတဲ့
သဘောထားသေးသိမ်မှုတွေ ကို လူကြီးလူကောင်းတွေက ရှောင် ရှားပါတယ်။
ဧပြီလ (၁၁) ရက်
ဗိုလ်ချုပ်နဲ့တကွ ခေါင်းဆောင် ကြီးများရဲ့ ရုပ်ကလာပ်ကို ဂျူဗလီ ခန်းမမှာ
ပြည်သူတွေ ဂါရ၀ပြုနိုင်ဖို့ ၁၀ လကြာထားရှိခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်၊ ဧပြီလ
၁၁ ရက်နေ့ နံနက် ၉ နာရီမှာ ပင့်သံဃာအပါး(၁၀၀) ကို ဆွမ်းကပ်ပြီး
သရဏဂုံတင်ခဲ့ပါ တယ်။
ညနေ ၄ နာရီ ၃၅ မိနစ်မှာ ဗိုလ်ချုပ်နှင့်တကွ နိုင်ငံခေါင်းးဆောင်
ကြီးများရဲ့ရုပ်ကလာပ်ကို ရွှေတိဂုံဘု ရားရဲ့ မြောက်ဖက်ခြေတော်ရင်း
မြေနေရာမှာ ဂူသွင်းမြှုပ်နှံပါတယ်။ အဲ့ဒီနေရာက အာဇာနည်ဗိမာန်ဖြစ် လာပါတယ်။
အာဇာနည်ဗိမာန်ဖြစ်လာပြီး နောက် ဇူလိုင်လ(၁၉)ရက်ရောက်ခါနီး
တိုင်းဇူလိုင်လ လဆန်းလောက်မှစပြီး အာဇာနည်နဲ့ပတ်သက်တဲ့ ဟောပြော ပွဲတွေ၊
စာစီစာကုံးပြိုင်ပွဲတွေကို ကျောင်းတွေမှာ၊ ဌာနဆိုင်ရာတွေမှာ
သိုက်သိုက်ဝန်းဝန်း မှတ်မှတ်ရရ ကျင်းပခဲ့ပါတယ်။ လက်ကမ်းစာစောင်
ငယ်တွေထုတ်ဝေကြပါတယ်။
ဗိုလ်ချုပ်တို့ကျဆုံးတဲ့ ၁၀ နာရီ ၃၇ မိနစ်မှာ ရထားတွေက ဥသြတွေ
ဆွဲကြပါတယ်။ကားတွေက ဟွန်းတီး ကြပါတယ်။သင်္ဘောတွေကတဘော် ဘော်နဲ့
ဥသြတွေဆွဲကြပါတယ်။
ဒီအသံတွေကြားရတဲ့ လူတိုင်း ရောက်တဲ့နေရာမှာ တစ်မိနစ်ခန့်မတ် တပ်ရပ်ပြီး
ဗိုလ်ချုပ်ကောင်းရာမွန်ရာ လားစေဖို့ ဆုတောင်းကြပါတယ်။ ၀မ်းနည်းကြပါတယ်။
ခံစားကြပါ တယ်။ ဒေါသဖြစ်ကြပါတယ်။ အနည်း ဆုံးတစ်ခုခုတော့ခံစားမိကြပါတယ်။
ရုံးတွေကျောင်းတွေမှာ အလံတိုင်ကို တစ်ဝက်ပဲလွှင့်ထူပါတယ်။
ရုပ်ရှင်ရုံတွေလည်း နေ့လည်ပွဲတစ်ပွဲမပြပါဘူး။
အာဇာနည်ဗိမာန်ကို မိုးတွေ သဲသဲမဲမဲရွာနေတဲ့ကြားက တိုးဝှေ့ပြီး
သွားကြပါတယ်။ ဗိုလ်ချုပ်ရဲ့ ဂူရှေ့ ကို ရောက်တဲ့အခါ ဘာမှန်းမသိ တသိနဲ့
မတ်တပ်ရပ်ပြီး ခဏလေး တွေတွေငေးငေး ဗိုလ်ချုပ်ဂူကိုကြည့် နေမိပါတယ်။
ဗိုလ်ချုပ်ကို မြင်ရသ လိုခံစားရပါတယ်။ ဗိုလ်ချုပ်အသံကို ကြားယောင်လာပါတယ်။
“ ကျွန်တော်တို့ ဒီအစိုးရနဲ့ အရင်ကရှိခဲ့တဲ့ အစိုးရတွေယှဉ်ကြည့်
လိုက်ရင် ကျုပ်ပြောရဲတယ်။ ယခုအ စိုးရထဲမှာ လာဘ်စားတဲ့သူမရှိဘူး
ဆိုတာကျုပ်ပြောရဲတယ်။ အရင် အစိုးရတွေတုန်းကကျုပ် အတိအလင်း ပြောတယ်
လာဘ်စားတဲ့သူတွေရှိတယ်။ ခင်ဗျားတို့ဘာပြောဦးမလဲ။ အဲဒီလို လူတွေက
ယခုနေအခါမယ် တိုင်းပြည်ကို မိမိတို့ပါတီပြန်အာဏာရ အောင်ခြေထိုးကြတဲ့ကိစ္စမှာ
ယောင်ယောင်မှားမှား ဖြစ်နေတဲ့သူတွေဟာ စေတနာပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ
တိုင်းပြည်သစ္စာဖောက်တဲ့ ကိစ္စမှာ ရန်သူနံပါတ် တစ် တွေဖြစ်တယ်။ ......
တိုင်းပြည်လူထုရဲ့ ထောက်ခံမှုတွေနဲ့ ကျုပ်တို့အစိုးရဖြစ် နေတာ။ တိုင်းပြည်က
မကြည်ညိုဘူး ဆိုတာသိလာတဲ့တစ်နေ့မှာ ကျုပ်တို့ မနေဘူး။ တွယ်မနေပါဘူး။
ထွက်မှာပါပဲ” (၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်၊ မြို့တော်ခန်းမရှေ့တွင် ပြော
ကြားခဲ့သော တိုင်းပြည်ပြုလွှတ်တော် မိန့်ခွန်းဖြစ်ပါတယ်။)
အော် တို့ဗိုလ်ချုပ်ဟာ အာဏာ ကို ငမ်းငမ်းတက် မလိုချင်ခဲ့ပါလားလို့ ကြည်ညိုစိတ်တွေ တစ်ဖွားဖွားပေါ်လာ ပါတယ်။
၁၉၈၈ ခုနှစ် သည်ဘက်မှာ
ဒီလိုတဲ့ ၁၉၈၈ ခုနှစ်၊ တပ်မ တော်က နိုင်ငံတော်အာဏာကိုသိမ်း
ပြီးနောက်ပိုင်းမှာ အာဇာနည်ဗိမာန်ဟာ တစ်ဖြည်းဖြည်းခြောက်သွေ့လာပါတယ်။
နိုင်ငံတော်က ကြီးမှူးကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားတွေဟာ
ရန်ကုန်မြို့တော်ဝန်ကကြီးမှူးကျင်းပတဲ့ အဆင့်ကို လျော့ကျသွားပါတယ်။
ဇူလိုင်လ (၂၀)ရက်နေ့ထုတ် သတင်းစာထဲမှာသာ အာဇာနည်နေ့ရဲ့ သတင်းကိုဖတ်ရပြီး
အာဇာနည်နေ့ ဆိုတာ သာမာန်လူတစ်ယောက်ရဲ့ နာရေးသတင်းလောက် အရေးမကြီး
တော့ပါဘူး။
မေ့ပျောက်လို့ ရမှာလား
အာဇာနည်နေ့ကို ဘယ်သူကမှ မြန်မာ့ပြက္ခဒိန်ထဲကို တကူးတကဆွဲ
ထည့်ထားတာမဟုတ်ပါဘူး။ နိုင်ငံ အတွက် အချိန်ရှိသရွေ့ပေးဆပ်နေသူ တွေကို
ရက်ရက်စက်စက်သတ်သွား လို့၊ အသတ်ခံရသူတွေကို အမှတ်ရဘို့၊ သေရဲသူတွေကို
အတုယူဖို့၊ နိုင်ငံတော်အတွက် အလုပ်လုပ်တယ် ဆိုတာ ကိုယ့်အတွက် ကိုယ်ကျိုး
တစ်စုံတစ်ရာ တစ်စိုးတစ်စိမှ မပါဘဲ လိုအပ်ရင် အသက်ပါပေးလှူရဲတယ်
ဆိုတာနောင်လာနောင်သားတွေ အမှတ်ရဖို့ ဇူလိုင်လ(၁၉)ရက်ဆိုတဲ့ နေရာမှာ
အနီရောင်နဲ့ပြညွှန်းထားပြီး အာဇာနည်နေ့ရယ်လို့ ပြက္ခဒိန်ထဲမှာ
အမြစ်တွယ်လာတာပါ။ နှစ်ပေါင်း (၆၈)နှစ်ရှိပါပြီ။
အာဇာနည်ရဲ့ဖြစ်တည်မှုဟာ ပြက္ခဒိန်ထဲက ဆွဲနှုတ်လို့မရတော့ပါ ဘူး။ ကမ္ဘာတည်သ၍
မြန်မာတည် သ၍ အာဇာနည်နေ့ဟာ ဇူလိုင်လ (၁၉)ရက်တိုင်းမှာ တည်မြဲနေမှာပါ။
သမိုင်းဆိုတာ မေ့ပျောက်လို့ရ ကောင်း တဲ့အရာမဟုတ်ပါဘူး။ တန်ဘိုးဆိုတာ
ရှိတာထက် ပိုသတ်မှတ်လို့မရသလို လျော့သတ်မှတ်လို့လည်း မရပါဘူး။
ဒါကြောင့် ဒီမိုကရေစီစနစ်စ တင်ကျင့်သုံးတဲ့ ကာလအတွင်းက အာဇာနည်နေ့ကို
ဘယ်လိုမျိုးတန်ဘိုး အဆင့်အတန်းနဲ့ အလေးပြုခွင့်ရမလဲ ဆိုတာ စောင့်ကြည့်ရင်း
အာဇာနည်နေ့ကိုဂုဏ်ပြုလိုက်ရပါတယ်။