Showing posts with label ဆောင်းပါးနှင့်အထွေထွေ. Show all posts
Showing posts with label ဆောင်းပါးနှင့်အထွေထွေ. Show all posts

Monday, September 3, 2012

ABSDF မြောက်ပိုင်းကိစ္စ၊ ထွန်းအောင်ကျော်၊ အောင်နိုင်၊ စိုးလင်းနဲ့ ကျွန်တော် . . .Written By ဒေါက်တာသန်းထွဋ်အောင်

ဒေါက်တာ(ကျော်မင်းဦး)၊ (ဒေါက်တာ)သန်းထွဋ်အောင်၊ ဒေါက်တာအောင်မြင့်ထွန်းနှင့် အောင်နိုင်(ကျောင်းမပြီး)တို့ကို ၁၂-၉-၁၉၈၈ နေ့က လမ်းမတော်ဆေးတက္ကသိုလ်(၁)တွင် ပြုလုပ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်(ယာယီ)ဖွဲ့စည်းသည့်နေ့တွင် တွေ့ရစဉ်
လွန်ခဲ့တဲ့ ၃-၄ နှစ်က စိုးလင်း (အနကလ ဒုဥက္ကဋ္ဌ)က ပြောတယ်။ အောင်နိုင်(အနကလ ဥက္ကဋ္ဌ)က ထွန်းအောင်ကျော်(အထက်ဗကသ ဥက္ကဋ္ဌ၊ နောက်ဒုဥက္ကဋ္ဌ)ကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ပစ်ခဲ့တယ်။ ကျွန်တော့်ကိုလည်း ကိုနိုင်အောင်(ဒေါက်တာနိုင်အောင်)က ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ဖို့ကြိုးစားတယ်ဆိုတော့ ကြားစက ယုံတောင် မယုံဘူး။

မ၀င်းမော်ဦးနှင့် (ဒေါက်တာ)၀င်းဇော်၊ (ဒေါက်တာ)စောလွင်
 ဟုတ်တယ်လေ။ ထွန်းအောင် ကျော်၊ ကိုလတ်၊ ဇော်ရဲတို့က ညီအစ်ကိုတွေ၊ သူတို့က ကျွန်တော်တို့နဲ့ စီဗွီလိုင်း တစ်ရပ်ကွက်ထဲ၊ ကိုနိုင်အောင်နဲ့ ကျွန်တော်ကတစ်လမ်းထဲ (အရေးအခင်းမှာ မော်လမြိုင်ကနေ ပါသွားတာ)။ အောင်နိုင်(စီလမ်းထဲမှာ နေတယ်)ရဲ့ အဖေက ခွဲစိပ်ဆရာဝန်ကြီး။သူက Final Part I ၊ သူနဲ့ဇော်မြင့်၊ ဇော်ရဲ၊ အောင်မြင့်ထွန်းတို့က အတွဲတွေ။ ကျွန်တော် ကိုဇာနည်အောင်(မနတ)၊ ထွန်းအောင်ကျော် (ဗကသ)၊ အောင်နိုင်၊ စိုးလင်း၊ မင်းလွင်(အနကလ)အားလုံး စားအတူ၊ သွားအတူ၊ လုပ်ဖော်ကိုင်ဖက်တွေ။ ကျွန်တော်က အားလုံးထဲမှာ အသက်အကြီးဆုံးနဲ့တူတယ်။ အဲဒီတုန်းက မန္တလေးဆိုတာက အကျယ်ကြီးလည်း မဟုတ်ဘူး။ ယုံကြည်ချက်တူတာ အများကြီးမဟုတ်ဘူး။ တစ်ယောက်အကြောင်း၊ တစ်ယောက် မသိစရာ မရှိဘူး။ ပေါင်းကြည့်လို့ကတော့ မိဘ၊ ဆွေစဉ်မျိုးဆက်ကအစ သိနိုင်တယ်။ ထောက်လှမ်းရေး ဆိုပြီး အောင်နိုင်က ထွန်းအောင်ကျော်ကို ဘယ်လိုစွပ်စွဲတာလဲ။ အောင်နိုင်က ရမ်းရမ်းကားကား လူမိုက်မဟုတ်သလို၊ စိတ် ဓာတ်မနိမ့်ကျဘူး။ ထွန်းအောင်ကျော်က ခေါင်းမာပေမယ့်၊ ရန်လိုသူမဟုတ်ဘူး။ အေးဆေးတယ်။ လူချစ်လူခင်ပေါတယ်။ ကျွန်တော်စိုးလင်းကို ပြောမိတယ်။ အောင်နိုင်ရူးသွားတာပဲ ဖြစ်ရမယ်။ ကျွန်တော်စိုးလင်းပြောသမျှကို ယုံတယ်။ သူကအေးတယ်။ အားနာတတ်တယ်။ သူများကို ထိခိုက်အောင် မလုပ်တတ်ဘူး။ သူကပြောတယ် သံချောင်း၊ မျိုးဝင်း၊ အောင်နိုင်တို့က အဓိကတရားခံတဲ့။ ABSDF မှာ ဒေါက်တာနိုင်အောင်နဲ့ ကိုအောင်ထူး (ရှေ့နေကောင်စီ)က အဓိကပဲတဲ့။ ဒါဟာ အမှန်တကယ်ဆိုရင် ကျွန်တော်နားလည်တာက သူတို့အားလုံးရဲ့နိုင်ငံရေးက ပြီးသွားပြီ။ ဗိုလ်ချုပ်ကြီးခင်ညွန့်လိုပေါ့။

ကိုထွန်းအောင်ကျော် (အထက်ဗကသဥက္ကဋ္ဌ၊ နောက် ဒုဥက္ကဋ္ဌ)

အခု တရားစွဲကြမယ်ကြားတော့ ၁၉၊ ၉ ၊ ၁၉၈၈ နေ့ မနက်မှာ မြို့တော်ခန်းမနဲ့ ပြည်ထောင်စုဘဏ်ဘက် ပစ်ခတ်တာလေးကို ကိုယ်တိုင်ကြုံထားရတော့ အမြဲမှတ်မိနေတယ်။ မ၀င်းမော်ဦး၊ ၀င်းဇော်နဲ့ စောလွင်တို့ရဲ့ နာမည်ကျော် ဓာတ်ပုံလေးရဲ့ ရာဇ၀င်ပေါ့။ အဲဒီတုန်းက ဆန္ဒပြသူတွေကို ပစ်တာကတော့ War Game တွေအတိုင်းပဲ။ ရက်ရက်စက်စက်ပဲ။ စက်သေနတ်နဲ့ ပစ်တယ်။ အကာအကွယ်ယူနေတဲ့သူကို လောင်ချာနဲ့ပါ ပစ်တယ်။ ဂျူတီကုတ်နဲ့ တက်ဆွဲသူကိုလည်း ပစ်တယ်။ လူနာတင်ကားတောင် မသွားရဲဘူး။ ပစ်တယ်။ သေလိုက်ကြတာ သောက်သောက်လဲပဲ။ လိုအပ်တာတွေထက် အင်အားကို သုံးတယ်။ အဲဒီတုန်းက အဲဒီမှာနေရာယူတာက တပ်မ ၃၃ (ကျွန်တော်မမေ့ဘူး။ အရမ်းနာကျည်းတယ်)တပ်မမှူး(မြို့တော်ခန်းမမှာ တာဝန်ကျတဲ့ ဗျူဟာမှူး၊ တပ်ရင်းမှူး)တွေ နာမည်လိုက်ရှာ မှတ်ထားမိတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဒီစိတ်တွေ မရှိချင်တော့ဘူး။ တိုင်းပြည်ကို ရှေ့ဆက်သွားစေချင်ပြီ။

အခုလို ဒီကိစ္စနဲ့ယှဉ်ရင် ဒီ့ထက်ဆိုးခဲ့တဲ့ကိစ္စတွေကို ဘယ်လိုလုပ်ကြမလဲ။ ပြီးတာတွေ မပြီးတာလဲ နားလည်ပါတယ်။ တရားဥပဒေဆိုတာလည်း နားလည်ပါတယ်။ လုပ်နိုင်တဲ့သူကိုပဲ လုပ်မှာလား။ ဘယ်လောက်ဝေးဝေး သွားချင်တာလဲ. . . စဉ်းစားကြဖို့ပါပဲ။ ခံခဲ့ရတာတွေ၊ နာကြည်းတာတွေကိုလည်း နားလည်ပါတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ အခြေအနေနဲ့ အချိန်အခါကိုတော့ နားလည်ရပါမယ်။ ကိုယ်စခဲ့တဲ့အလုပ်တွေ ကိုယ်အဆုံးသတ်ရဦးမယ်။ ကိုယ်တာဝန်မကျေခဲ့တာတွေ ကိုယ် တာဝန်ကျေအောင် လုပ်ရဦးမယ်။

သေချာတာကတော့ နှစ်ငါးဆယ် စနစ်ဆိုးရဲ့အောက်မှာ နေခဲ့ရတဲ့ ကျွန်တော်တို့မှာ ပြဿနာတွေက အများကြီး။ အနာဂတ်က ဘာမှ မသေချာသေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ပြတ်သားရမယ်။ မဟတ္တမဂန္ဓီပြောစကားလိုပဲ အပြစ် လုပ်တဲ့သူတွေဟာ သူတို့အပြစ်လုပ်တယ်လို့ ၀န်မခံမချင်း သူတို့မှားပါတယ်လို့ ၀န်မခံမချင်း ကျွန်တော်သူတို့နဲ့ မဆက်ဆံဘူး။ သူတို့လုပ်ရပ်ဟာ မှန်ကန်တယ်လို့ ဘယ်တော့မှ မပြောဘူး။

(ကိုစိုးလင်းအား ဒေါက်တာနိုင်အောင်၏ ABSDF(တောင်ပိုင်း)က၁၉၉၁ခုနှစ် အောက်တိုဘာလတွင် ဖမ်းဆီးခဲ့ပြီး ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကိုထွန်းအောင်ကျော်အပါအ၀င် ၁၅ ဦးအား လူမဆန်စွာ ညဉ်း ပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည်။ ကိုစိုးလင်းအား ABSDF ဒေါက်တာနိုင်အောင်အဖွဲ့မှ ညဉ်းပန်းနှိပ်စက်ပြီး ထောက်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။ ၁၉၉၅တွင် ထွက်ပြေးလွတ်မြောက်သည်အထိ ABSDF အကျဉ်းထောင်ထဲ၌ နေထိုင်ခဲ့ရသည်။)

Thursday, August 30, 2012

The Myanmar Media မြန်မာမီဒီယာ 'ငါမကောင်းရင် ငါ့အကြောင်းရေးပေါ့' Written by ဒေါက်တာခင်မောင်ညို

Photo:nationmultimedia.com


''ကိုဘသစ်၊ တနင်္လာနေ့က သတင်းထုတ်ပြန်တယ်။ မီဒီယာတွေကို သတင်းလွတ်လပ်ခွင့် ပေးလိုက်ပြီတဲ့။ ဆင်ဆာပြုလုပ်မှုတွေ အားလုံး ရပ်လိုက်သတဲ့''
''ဟုတ်ကဲ့ ကျွန်တော်လည်း ကြားလိုက်တယ်။ ခင်ဗျားက စာရေးနေတယ်ဆိုတော့ မီဒီယာအကြောင်းလေးကို မေးချင်တယ်။ ပထမကတော့ မီဒီယာဆိုတာ ဘာတွေလဲ၊ ဘယ်နှစ်မျိုးရှိလဲ''
''ခင်ဗျားမေးတာကောင်းပါတယ်။ Media ဆိုတာ ဗဟုဝုစ်ကိန်း။ အများပေါ့။ ဧက၀ုစ်ကိန်း medium ကလာတာ။ ကြားခံနယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဥပမာ ပန်းချီဆွဲတဲ့အခါ မီဒီယမ်က ရေ သို့မဟုတ် ဆီ ဆိုတာရှိတာမျိုးပေါ့။ သတင်းမီဒီယာဆိုတာလည်း သုံးမျိုးလို့ သတ်မှတ်နိုင်တယ်။ ပုံနှိပ် (print media) ၊ အသံ(ရုပ်သံ)လွှင့် (broadcast) နဲ့ အွန်လိုင်း(online media) တို့ပဲ ဖြစ်တယ်''
''ဒါက လွတ်လပ်စွာ ပြောဆိုခွင့် ပုံနှိပ်ခွင့် (freedom of speech and the press) တို့ ဆိုတဲ့အခြေခံဥပဒေထဲမှာ ပါတယ်မဟုတ်လား''
''ပါပါတယ်။ မြန်မာပြည်မှာ ရှိခဲ့တဲ့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေ၊ ၁၉၇၄ ခုနှစ် အခြေခံဥပဒေနဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွေထဲ အားလုံးပါတယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ်လောက်ကတည်းက ဒီလိုစာပေစိစစ်ရေး စည်းမျဉ်း (censorship and regulation)  ကို ထုတ်ပြန်သတ်မှတ်ခဲ့တယ်''
''ဒီအရင်ကရော သတ်မှတ်ချက် တွေရှိလား''
''အင်း Media law တွေကတော့ ၁၉၃၃ ခုနှစ်ကတည်းက ရှိခဲ့တယ်။ ဗြိတိသျှ ကိုလိုနီလက်ထက်ကတည်းကပါ။ မြန်မာ့ကြိုးမဲ့ ကြေးနန်းဥပဒေ (The Burma Wireless TelegraphyAct 1933) ဆိုတာ ရှိခဲ့တယ်။ ဥပဒေထဲမှာတော့ ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ ကြိုးမဲ့ကြေးနန်းကိရိယာ တစ်စုံတစ်ခုကို ပိုင်ဆိုင်ခြင်းဟာ ဥပဒေချိုးဖောက်တယ်လို့ ဆိုတယ်။ ဒီဥပဒေကိုပဲ ၁၉၉၅-၉၆ မှာ ပြင်ဆင်ခဲ့တယ်။ အဲဒီထဲမှာ ဖက်စ်နဲ့ ကွန်ပျူတာကို ထပ်ထည့်တာပါပဲ''
''၁၉၆၂ ခုနှစ် ဥပဒေကရော''

''Printers and Publishers Registration law 1962 ဆိုတာ ရှိတယ်။ ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်ရေး ဥပဒေလို့ ဆိုရမယ်။ စာအုပ် မထုတ်မီ စာပေစိစစ်ရေးအဖွဲ့ကို တင်ပြရတာမျိုးပါ။ စာပေစိစစ်ရေးကို Press Scrutiny Boards လို့ ခေါ်တယ်''
''ဒီအတိုင်း ခုအချိန်ထိ ရှိခဲ့တာလား''
''၁၉၈၉ ခုနှစ် ညမထွက်ရအမိန့် ထုတ်တဲ့အချိန်မှာ ပုံနှိပ်ဥပဒေကိုလည်း ပြဋ္ဌာန်းထားတာရှိသေးတယ်။ Martial Law Order 3/89 (1989) ပါပဲ။ ပြည်ထဲရေးကခွင့်ပြုမှ ပုံနှိပ်ထုတ်ဝေခွင့်ရမယ်လို့ ကြေညာတာပါ''
''ဟုတ်ကဲ့ ကွန်ပျူတာ အင်တာနက်တွေနဲ့ ပတ်သက်လို့ကော''
''၁၉၉၅ ခုနှစ်မှာ ရုပ်မြင်သံကြားနဲ့ ဗီဒီယိုဥပဒေ The Television and Video Act (1995)၊ ၁၉၉၆ မှာ ရုပ်ရှင်ထုတ်လုပ်ခွင့်ဥပဒေ The Motion Picture Law (1996) ၊ ၁၉၉၆ ခုနှစ်မှာ ကွန်ပျူတာဥပဒေ The Computer Science Development Law (1996) ၊ ၂၀၀၀ ပြည့်နှစ်မှာ အင်တာနက်ဥပဒေ Internet Law (2000) ဆိုပြီး အသီးသီး ထွက်ခဲ့တယ်''

''ပါတယ်လေ Electronic Transactions Law (2004)ဆိုပြီး အင်တာနက်ကို ဆက်လက်ထိန်းချုပ်တာတွေ ရှိခဲ့တယ်။ ဒီ Electronic Transactions (2004)ကို ချိုးဖောက်ရင် ထောင် ၁၅ နှစ်ကျနိုင်တယ်''
''ဟုတ်ကဲ့ ဒီဥပဒေနဲ့ ကျခဲ့လူတွေ အများကြီးရှိခဲ့တယ်''
''ကျတာပေါ့။ ဒီဥပဒေနဲ့ အင်တာနက်ကြည့်သူ၊ အီးမေးလ်ပို့သူတိုင်းကို အပြစ်ရှိတယ်လို့ စွဲလို့ရတယ်။ လုံခြုံရေးကိုထိပါးသူ၊ နိုင်ငံတော် ပြိုကွဲအောင်လုပ်သူ၊ သတင်းဖြန့်သူတွေလို့ အင်တာနက်ကြည့်သူတွေကို စွပ်စွဲလို့ရတယ်။ ဒီလိုလူတွေ အားလုံးကို အပြစ်ပေးနိုင်တဲ့ ဥပဒေ ဖြစ်နေတယ်''

ဗြိတိသျှဆီကနေ လွတ်လပ်ရေးရတော့ ၁၉၄၈ ခုနှစ်ပေါ့လေ။ ၁၉၆၂ ခုနှစ်အတွင်း ယာယီဒီမိုကရေစီရတဲ့ ၁၄ နှစ်တာ ကာလကိုကြည့်ရင် မြန်မာပြည်ဟာ အရှေ့တောင်အာရှမှာ သတင်းစာလွတ်လပ်ခွင့် အရှိဆုံးသော နိုင်ငံဖြစ်ခဲ့ပါတယ် . . . 

''အင်း တကယ်စိတ်မချရတဲ့ အခြေအနေတွေ မဟုတ်ပေမယ့် စိုးရိမ်စိတ်တွေက ရှိနေတယ်။ ဒါကြောင့် တော်ရုံတန်ရုံ အမှားကလေးကို လုပ်ရင်တောင် အမှားကြီးလိုမျိုး အပြစ်ပေးခံရတာပါ''
''အင်း သမိုင်းအစက ဗြိတိသျှတွေ စခဲ့တာပဲ။ ဒါကြောင့် သမိုင်းမလှတာ''
''ဒီလိုမဟုတ်ဘူးဗျ။ ဗြိတိသျှတွေ ကိုလိုနီမပြုခင်က မြန်မာမီဒီယာတွေဟာ အတော်လေး သွက်လက်တဲ့ Active Media တစ်ခုဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံမှာ ပထမဦးဆုံးသတင်းစာက မော်လမြိုင်ခရော်နီကယ် (The Maulmain Chronicle) ဖြစ်တယ်။ ၁၈၃၆ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တယ်။ မင်းတုန်းမင်းကြီးဟာလည်း စာပေလွတ်လပ်ခွင့်ကို လေးစားသူတစ်ဦးဖြစ်တယ်။ ရတနာပုံနေပြည်တော် သတင်းစာကို မြန်မာလို ပုံနှိပ်ရေးအတွက် အကူအညီတွေ ပေးခဲ့တယ်။
''ငါမကောင်းရင် ငါ့အကြောင်းရေး။ ငါ့မိဖုရားတွေမကောင်းရင် မိဖုရားတွေ မကောင်းကြောင်းရေးဆိုပြီး ခွင့်ပြုကာ အားပေးအားမြှောက်ပြုခဲ့တယ်''
''မင်းတုန်းမင်းကြီးဟာ တကယ့် မီဒီယာကို သဘောကျတာပေါ့''
''သဘောကျတာထက် သဘောပေါက်တယ်လို့ ဆိုနိုင်တယ်။ မီဒီယာဟာ ကိုလိုနီစနစ်ကိုခုခံဖို့ အသုံးဝင်မယ်လို့ ယူဆခဲ့တယ်။ နိုင်ငံတော်ရဲ့ ပထမဦးဆုံး လွတ်လပ်စွာ ပုံနှိပ်ထုတ်ဖော်ရေးသားခွင့် တိုင်းရင်းသားပုံနှိပ်ဥပဒေ (၁၇) ခု (The country's first indigenous press law, the Seventeen Articles) ကို ထုတ်ပြန်ခဲ့တယ်''
''သူက မြန်မာတစ်ဘာသာကိုပဲ ထုတ်ဝေခွင့်ပြုတာလား''
''မဟုတ်ဘူး။ တရုတ်၊ အင်္ဂလိပ်၊ မြန်မာဘာသာအားလုံးကို အသုံးပြု ထုတ်ဝေခွင့်ပြုတယ်။ ပြည်တွင်း ပြည်ပသတင်းတွေအားလုံး ပုံနှိပ်ထုတ်ဝေခွင့်ပြုတယ်''
''နိုင်ငံရေးအင်တာဗျူးတွေ ကောပါလား''
''ပါတယ်လို့ ပြောတယ်။ နိုင်ငံရေးသမားတွေရဲ့ အင်တာဗျူးတွေပါတယ်။ နိုင်ငံခြား သတင်းထောက်တွေအနေနဲ့ အရှေ့တောင်အာရှမှာ ဒီလိုမျိုး လွတ်လပ်ခွင့်တွေ မရှိသလောက် ရှားတယ်လို့ဆိုတယ်''
''ကိုလိုနီခေတ်ကိုပြောပြပါဦး''
''ကိုလိုနီခေတ်မှာ စာစောင်တွေရဲ့ အရေအတွက်တွေ တဖြည်းဖြည်းနဲ့ များလာတယ်။ ၁၉၁၁ ခုနှစ်မှာ သတင်းစာနဲ့ အခြားစာစောင် ၄၄ မျိုးကို ထုတ်ဝေနေတယ်''
''ဟာ အများကြီးပဲ''
''ဒါတင်ဘယ်ကမလဲ ၁၉၂၁ ခု နှစ်မှာ စာစောင် ၁၀၃ မျိုးဖြစ်နေပြီ။ ၁၉၃၀ ခုနှစ်တွေကဆိုရင် သတင်းစာဂျာနယ် စာစောင်အမျိုးအစားပေါင်း ၂၀၀ ဖြစ်နေသတဲ့''
''အင်း  ၁၉၂၁ ခုနှစ်က တစ်ရာကျော်နေတယ်။ နောက် ၁၀ နှစ်ကြာတော့ နှစ်ဆဖြစ်လာတယ်။ ဒါဟာ တကယ့်ကို ကြောက်ခမန်းလိလိ တိုးတက်တာပဲမဟုတ်လား''
''ဟုတ်တယ် ဗြိတိသျှဆီကနေ လွတ်လပ်ရေးရတော့ ၁၉၄၈ ခုနှစ်ပေါ့လေ။ ၁၉၆၂ ခုနှစ်အတွင်း ယာယီဒီမိုကရေစီရတဲ့ ၁၄ နှစ်တာကာလကိုကြည့်ရင် မြန်မာပြည်ဟာ အရှေ့တောင်အာရှမှာ သတင်းစာ လွတ်လပ်ခွင့်အရှိဆုံးသော နိုင်ငံဖြစ်ခဲ့ပါတယ်''
''တယ် ဟုတ်ပါလား''
''၁၉၄၇ ခုနှစ် အခြေခံဥပဒေကလည်း လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့် freedom of the press ကို အသေအချာ အာမခံခဲ့တယ်။ အဲဒီကာလက မြန်မာနိုင်ငံဟာ အာရှတိုက်မှာ သတင်းစာလွတ်လပ်ခွင့်အရှိဆုံး နိုင်ငံတစ်နိုင်ငံလို့ သတင်းစာဆရာကြီး ကြေးမုံဦးသောင်းက ပြောခဲ့တယ်။ ၁၉၆ရ ခုနှစ်က သူ့ရဲ့နေ့စဉ်သတင်းစာဖြစ်တဲ့ ကြေးမုံဟာ စောင်ရေကိုးသောင်း  ပုံနှိပ်ခဲ့ရတယ်။ အဲဒီအချိန်က မြန်မာ့လူဦးရေ ၁၇ သန်းသာ ရှိပါသေးတယ်''
''၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက်ကော''
''ဂျာနယ်လစ်တွေဟာ ချက်ချင်းလိုလိုပဲ တုံ့ပြန်ခဲ့တယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ စာနယ်ဇင်းများအတွက် တိုက်ပွဲဝင်ဖို့ မြန်မာစာနယ်ဇင်းကောင်စီ (Burma Press Council) ကို ဖွဲ့ခဲ့ကြတယ်''
''အဆင်ပြေသလား''
''ဂျာနယ်လစ်အများအပြား ထောင်ထဲရောက်ကုန်တယ်။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေစာစောင် အများအပြား ရပ်သွားတယ်။ ၁၉၈၈ ခုနှစ်ရောက်တော့  စာစောင်အရေအတွက်ဟာ ၃၀ ကနေရှစ်စောင်ပဲ ကျန်တော့တာကို တွေ့ရတယ်''
''သူတို့ရော လွတ်လွတ်လပ် လပ်လုပ်လို့ ရရဲ့လား''
''မရဘူး။ အစိုးရက ချုပ်ကိုင်ထားတဲ့ မီဒီယာတွေဖြစ်တယ်။ ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာတွေ အားလုံးဟာ အစိုးရက ကြီးကြပ်ဆောင်ရွက်တယ်''
''ဘယ်လိုမှ မလွတ်လပ်တော့ဘူးပေါ့ ဟုတ်လား။ ဂျာနယ်လစ်တွေကော''
''အစိုးရကချုပ်ကိုင်ထားလေတော့ ဂျာနယ်လစ်တွေဟာလည်း အမြဲလိုလို စစ်ဆေးမေးမြန်းခြင်းခံရတယ်။ အစိုးရကို ထိခိုက်တဲ့သတင်း မျိုးရေးမိရင်ထောင်ထဲရောက်တဲ့အထိ  ဖမ်းခံထိတာတွေ အများကြီးပေါ့''
''သတင်းစာတွေက ဘာတွေရေးလဲ''
''၀ါဒဖြန့်တာတွေပေါ့၊ အတိုက်အခံတွေကို စော်ကားတယ်၊ မတရားပြောတာတွေကို ရေးတာပါပဲ။ အစိုးရ ပြောချင်တာတွေကို မီဒီယာတွေကို သုံးတာပေါ့''
''လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဒါမျိုးတွေကိုတော့ သတိရမိပါတယ်''
''မကြာသေးခင်အချိန်ထိ နိုင်ငံခြားမီဒီယာတွေ၊ ဘီဘီစီ၊ အာအက်ဖ်အေ၊ ဒီဗွီဘီ၊ ဗွီအိုအေတို့ကို အပြစ်တင်တဲ့စာတွေကို သတင်းစာတွေမှာ ရေးနေတာပဲလေ''
''အချို့ဆောင်းပါးတွေ မထည့်မနေရထည့်ရတယ် မဟုတ်လား''
''ဟုတ်တယ်လေ။ စာလုံးသေးရင်တောင် ခေါ်ပြီးသတိပေးတယ်။ ပြည်ထောင်စုပြိုကွဲအောင် ရေးသားတယ်ဆိုပြီး စာစောင်တွေ ပိတ်ခံထိတာတွေလည်း ရှိတယ်''
''ဟုတ်တယ်ဗျ။ ကျွန်တော်က ဂျာနယ်တိုက်တစ်ခုမှာ အယ်ဒီတာ လုပ်ဖူးသေးတယ်။ အဲဒီမှာ စာနဲ့မဟုတ်ပေမယ့် သိထားသင့်တဲ့အချက်တွေကို တေးမှတ်ထားရတယ်''
''ဘာတွေများလဲ''
''ဒီမိုကရေစီအကြောင်းမဆွေး နွေးရ၊ မရေးရဘူး''
''နောက်''
''စစ်အာဏာသိမ်းတာ မတရားတဲ့အကြောင်း ဆွေးနွေးရေးသားခွင့် မရှိဘူး။ အကျင့်ပျက် လာဘ်စားတာတွေကိုလည်း ရေးလို့မရဘူး။ နောက်ထူး ဆန်းတာရှိသေးတယ်''
''ဘာတွေများလဲ''
''ရေကြီးတာမျိုးတွေ HIV/AIDS ဖြစ်တာမျိုးတွေ၊ မီးလောင်တာမျိုးတွေ မရေးရဘူး။ မြန်မာအသင်း ဘောပွဲရှုံးတာလည်း မရေးရဘူး''
''အတော်ဆိုးတယ်ပြောမလား၊ ရယ်ရတယ်ပြောမလားပဲ၊ ဒေါ်စုအကြောင်းကော''
''ဒေါ်အောင်ဆန်းစုကြည် အကြောင်းမရေးရသလို ကုလသမဂ္ဂလုပ်  ဆောင်ချက်တွေကိုလည်း ရေးလို့မရဘူး''
''မကောင်းတာတွေကိုရော''
''အစိုးရမီဒီယာတွေထဲမှာ အမေရိကန်အစိုးရ မကောင်းတာတို့၊ ဗြိတိန်အစိုးရ အကျင့်ပျက်တာတွေတို့၊ ဥရောပသမဂ္ဂ ဆိုးရွားတာတို့ကို ရေးတယ်။ နိုင်ငံခြားသတင်းမီဒီယာတွေ အေဂျင်စီတွေကို ပိတ်တယ်။ ဒီကောင်တွေ လိမ်နေတာပဲလို့ ပြောဆိုသံတွေ ကြားဖူးတယ်''
''၂၀၀၅ ခုနှစ်မှာ အစိုးရက ၇၅ ရာခိုင်နှုန်းပါတဲ့ သတင်းမီဒီယာတွေကိုတော့ ခွင့်ပြုလိုက်ပါတယ်။ ပြည်တွင်းသတင်းဂျာနယ် အတော်များများကိုလည်း ခွင့်ပြုလာတယ်။ ap, afp, Reuters, Xinhua, Asahi Shin bon စတဲ့ သတင်းအေဂျင်စီ ၁၀ ခုကို ခွင့်ပြုလာတယ်''
''ခုတော့ မဇ္ဈိမတို့၊ ဒီဗွီဘီတို့၊ ဗီအိုအေတို့ပါ ပြည်တွင်းသတင်းအေဂျင်စီ ထောင်နေကြတယ် ကြားတယ်''
''မှန်တယ်၊ ဒီအတွက် မီဒီယာဥပဒေအသစ်၊ စာနယ်ဇင်းကောင်စီအသစ် လိုတယ်လို့ ဆိုတယ်''
''ဒါဆိုရင် ဘယ်လိုဖြစ်ဖြစ် ၂၀၁၂ ခုနှစ်သြဂုတ်လ ၂၀ ရက်နေ့ကိုတော့ မှတ်တမ်းတင်ထားရမှာပဲ။ အခြေခံဥပဒေနဲ့ ကိုက်ညီတဲ့ လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ရေးသားခွင့်ကို တရားဝင်ကြေညာတဲ့နေ့လို့ ဆိုရမယ်''  ''မှန်ပါတယ်။ အခြေခံဥပဒေနဲ့ ကိုက်ညီတယ်ဆိုရင် အကောင်းဆုံးပေါ့လေ''
''မင်းတုန်းမင်းကြီးသာရှိရင် ဘယ်လောက်ဝမ်းသာမလဲ။ သူမျော်လင့်တဲ့ နိုင်ငံဖြစ်ပေါ်လာပြီလို့ ကြွေးကြော်မှာ အသေအချာပဲ''
''ရေးတဲ့သူတွေမှာ တာဝန်ရှိပါတယ်''
''ငါမကောင်းရင် ငါ့အကြောင်း ရေးပေါ့''

Ref:EMG

Tuesday, August 28, 2012

ယနေ့ ၀န်ကြီးအပြောင်းအလဲသတင်းနှင့်ပတ်သက်သော စာပြောင် Written By


တို့ချစ်တဲ့သမ္မတကြီး တစ်မှတ်ရပြန်ပြီ။
ဝံသရမ်းကတော့ သက်တော်ရှည်ဘိုးဘိုးကြီးဆိုတဲ့ဘွဲ့အတိုင်း မပြုတ်။ သမခံလိုက်ရပြီး သမဖက်ကို ရောက်သည်။ သူ့တပည့် ဒုဝံလည်း သသန ကိုရောက်လေသည်။
ပိုတာရောင်းစားတဲ့လူကြီးက ရောင်းစားတာလက်လွန်လို့ ပြုတ်သည်။
ဆောက်လုပ်ရေးဝံကြီးလည်း ဗြုတ်ဆို ပြုတ်သွားသည်။ ဘိလပ်မြေနှင့် သံချောင်းတွေ သွားစားမိ လို့ ၀မ်းလျှောတာဖြစ်နိုင်သည်။


ကျန်သည့် ၀ံကျီးတွေ သီချင်းသံပြိုင်ဆိုရင်း ထိုင်ခုံပြောင်းထိုင်ကြသည်။
““ဟိုဖက်တိုးလိုက်... ဒီဖက်တိုးလိုက်... တိုးရင်းနဲ့ ကလိုက်... ကရင်းနဲ့တိုးလိုက်... ရို့ ရို့””
(တီးလုံးကိုသမ္မတရုံးက ဒီဂျေစက်ဖြင့်ဖွင့်ပေးသည်။)
သမ္မတကြီးက “အပ်ချလောင်း”ဟု အော်လိုက်သောအခါ တော်တော်များများ ၀ုန်းခနဲ ဒုဝံတွေဖြစ်ကုန်သည်။ ယောက်ျားဘသားဟူ၍ လက်ခမောင်းထခတ်ကြ၏။

သမ္မတရုံးမှာ ၀ံလေးယောက်ဖြစ်လာသည်။ ဒါကြောင့်ထိုင်ခုံလိုသည်။ ခုံမလောက်လျှင် ထထိုးကုန်မည်။ စီးပွားရေးအကွက်မြင်သည့် ကုလားထိုင်ရောင်းသူတချို့နေပြည်တော် ဆင်းသွားပြီကြားသည်။

တို့အသည်းကျော် ၀ံသရမ်းကတော့ “မီဒီယာကို မီဒီယာနဲ့တိုက်လို့မရ”ဟု သံဝေဂလေးဖြင့် မျက်ရည်တ၀ဲဝဲ လစ်သွားသည်။
သူ့ခုံမှာ နအဖခေတ်တုန်းက သူပဲဝံကြီး၊ သူပဲညွှန်ချုပ်၊ သူပဲစာရေး၊ သူပဲပြာတာ၊ သူပဲရုံးစောင့် တစ်ယောက်တည်း သူပဲလုပ်ခဲ့သည့် ဆက်ဆံရေးဝန်ကြီး ၀င်ထိုင်သည်။ ထိုင်ထိုင်ချင်း ထခုန်သည်။
““အား... ကြမ်းပိုးကိုက်သဟ””
တပည့်တစ်ဦးက အကြံပေးသည်။
““အရင်ဝံကြီးကတော့ အဲ့ဒီကြမ်းပိုးတွေကို လိပ်ဖြစ်အောင်လုပ်ပစ်လိုက်တာဘဲ။ အဘလည်း တစ်ကောင်ကောင်ဖြစ်အောင်လုပ်ပေါ့””

သို့နှင့် ပျံကျားရေးဝံအသစ်စက်စက်မှာ ထိုင်ခုံမှ ကြမ်းပိုးများကို ဘာကောင်ဖြစ်အောင်လုပ်ရသော် ကောင်းအံ့နည်းဟုသာ
ငုတ်တုတ်ထိုင်တွေးနေရရှာသတည်း။

(ဥက္ကာကိုကို)

Sunday, August 26, 2012

 မီဒီယာ ဘယ်ဘက်လိုက်မလဲ . . .Written By ဇော်ဇော်အောင်

မုံရွာမြို့၊ လက်ပံတောင်းတောင်၊ ကြေးနီစီမံကိန်းတွင် အသိမ်းခံခဲ့ရသည့် လယ်ယာဧက ၇၀၀၀ ကျော်အတွက် သြဂုတ်လ ၂၅ ရက်နေ့က ဆန္ဒဖော်ထုတ်နေသည့် ပြည်သူများ



၁။ အဆိုတစ်ခုရှိခဲ့တယ်။ ''ဒီ နေ့ခေတ်မှာ တိုင်းပြည်တစ်ပြည်ရဲ့ ဆက်သွယ်မှုလုပ်ငန်း မီဒီယာကို ကိုင်  ထားနိုင်တဲ့သူက အဲဒီတိုင်းပြည်ကို ပိုင်ပြီ . . .''ဆိုတဲ့အဆိုပါပဲ။ ကျွန် တော်တို့စကားမှာ ''ခါးပိုက်ထဲထည့် ထားတယ်ဆိုတဲ့ စကားရှိတယ်။ ပိုင် တယ်၊ လိုသလိုစေခိုင်းလို့ရတယ်ဆို တဲ့ သဘောပေါ့။ လူတစ်ယောက် (သို့မဟုတ်)လူတစ်စုဟာ နိုင်ငံတစ် နိုင်ငံမှာ''မီဒီယာ''ကို ခါးပိုက်ထဲ ထည့်ထားနိုင်ရင် အဲဒီနိုင်ငံကို သူ(သို့ မဟုတ်)သူတို့ပိုင်သွားပြီလို့ ဆိုပါ တယ်။ ဆက်ပြီး နားလည်ရမှာက နိုင်ငံကို ပိုင်သွားပြီဆိုတာ အဲဒီနိုင်ငံရဲ့ နိုင်ငံရေးအာဏာအုပ်ချုပ်ရေးအာဏာ၊ စီးပွားရေးအာဏာ၊ အာဏာတွေအား လုံးကို ရသွားပြီ၊ ပိုင်သွားပြီလို့ ဆိုလို တာပါပဲ။
၂။ အရင်ခေတ်တွေတုန်းကဆိုရင် ပြောခဲ့တဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးအာဏာတွေ (အားလုံးကိုပေါင်းပြီး နိုင်ငံတော်အာဏာ state Power လို့ သုံးပါတယ်။) အဲဒီနိုင်ငံတော်အာဏာကို ရယူချင်တယ်ဆိုရင် စစ်တပ်၊ ရဲတပ်စတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကိုသုံးပြီး တစ်နည်းပြောရင် တင့်ကားတွေ၊ အမြောက်တွေ၊ သေနတ်တွေကိုသုံးပြီး အာဏာကိုရယူတယ်။ ရတဲ့အာဏာကိုလည်း တင့်ကားတွေ၊ အမြောက်တွေ၊ သေနတ်တွေနဲ့ ခိုင်မြဲတည်တံ့အောင် လုပ်ရတယ်။ ချုပ်ပြောရရင် အင်အားသုံးတယ်။ ရက်စက်ကြမ်းကြုတ်တယ်။ အဲသလို လက်နက်အင်အားသုံးပြီး လက်ရှိအစိုးရတစ်ရပ်ကို ဖြုတ်ချတာ၊ ဖယ်ရှားတာကို အားလုံးသိတဲ့အတိုင်း ''အာဏာသိမ်းတယ်''လို့ ခေါ်တယ်။ အသုံးတွင်နေတဲ့ ဝေါဟာရက . . . Coup detat  လို့ ခေါ်တယ်။ မူလ ပြင်သစ်စကား။ အသံထွက်က (ကူးဒေတာ)။ ကျွန်တော်တို့ဆီမှာ (ကု-ပ်) လုပ်တယ်လို့ (ပစောက်အသံထွက်) နဲ့ ပြောနေကြတယ်။ ထားပါတော့။ ဒါအရေးမကြီးပါ။ အရေးကြီးတာက အစိုးရတစ်ရပ်ကို ရုတ်ခြည်းဗြုန်းခ နဲဖြုတ်ချလိုက်တာ မမျှော်လင့်ဘဲ အလစ်အငိုက်မှာ လှုပ်ရှားဆောင်ရွက်လိုက်တာ၊ လက်နက်အင်အားသုံးတာတွေဟာ ''ကူးဒေတာ''ရဲ့ လက္ခဏာတွေ ဖြစ်တယ်ဆိုတာပါပဲ။ အဲဒီလိုအာဏာကို ရပြီးတဲ့နောက်မှာလည်း ရတဲ့အာဏာတည်တံ့ခိုင်မြဲအောင် လက်နက်အင်အားကိုပဲ သုံးတယ်။ လူတွေကို မလှုပ်နိုင်အောင် အကြောက်တရားကိုဖန်တီးပြီး အုပ်ချုပ်တယ်။ အာဏာကို ထိန်းသိမ်းတယ်။ အခု ခေတ်မီတိုးတက်လာတဲ့အခါမှာ... အဲဒီလိုစစ်တပ်၊ ရဲတပ်၊ တင့်ကား အမြောက်၊ သေနတ်တွေမသုံးတော့ ဘူး။ မီဒီယာကိုပဲ အပိုင်ကိုင်ထားပြီး အာဏာတည်မြဲအောင် လုပ်တယ်။ ဘာအဓိပ္ပာယ်ကို ပြောချင်သလဲ။ မီဒီယာဟာ တင့်ကားတွေ အမြောက်တွေထက် တန်ခိုးကြီးတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
၃။ မီဒီယာဆိုတာ ဘာတုန်း။ အားလုံးသိပြီးသား မဟုတ်လား။ သိပြီးသားထပ်ပြောတော့ လျှာရှည်သလို ဖြစ်မနေဘူးလား။ တစ်ခုတော့ရှိရဲ့။ ဒီနေ့ ထင်ရှားတဲ့ အယ်ဒီတာချုပ်တစ်ယောက်က အင်တာဗျူးတစ်ခုမှာ ''မီဒီယာ'' Media နဲ့ ''မီဒီယမ်'' medium မှားဖြေတယ်။ အဲဒါကို ဂျာနယ်အယ်ဒီတာကလည်း ဒီအတိုင်း ထည့်ပေးလိုက်တယ်။ နည်းနည်း အရုပ်မဆိုးဘူးလား။ ထားပါတော့။ ကျွန်တော်ပြောချင်တာက သိသလိုလို မသိသလိုလို ယောင်ဝါးနေကြတာ ဖြစ်တတ်ပါတယ်။ နောင်အခါကျရင် လူငယ်လူတော်ကလေးတွေ တက်လာမှာပါ။ သူတို့ လက်ထက်ကျရင် အဆင်ပြေမှာပါ။ ဒါကြောင့် ထားလိုက်ပါတော့။ ကျွန်တော်တို့နဲ့ဆိုင်သလောက် ပြောမယ်ဆိုရင် ၁။ သတင်းစာ၊ ၂။ ဂျာနယ်၊ ၃။ မဂ္ဂဇင်း၊ ၄။ ရေဒီယို၊ ၅။ ရုပ်မြင်သံကြားဆိုတဲ့ ငါးခုကိုရှိတယ်။ (ဒီမီဒီယာငါးခုဟာ အဓိကအားဖြင့် သတင်းအချက်အလက် information ပေးတဲ့ မီဒီယာတွေ ဖြစ်ပါတယ်။ ဂျာနယ်လစ်ဇင် Journalism ခေါင်းစဉ်ကြီးအောက်မှာ ထားတတ်ကြပါတယ်။ ဒီလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေသူတွေ ဒီလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းနေသူတွေကို ဂျာနယ်လစ် Journalist လို့ ခေါ်ပါတယ်။ ''သတင်းသမား''လို့ ဘာသာပြန်ချင်ပါတယ်။ ဒါကိုပဲ ''မီဒီယာသမား''လို့ သုံးနှုန်းတတ်ပါတယ်။ ဂျာနယ်လစ်ဇင်းနဲ့ မီဒီယာ၊ ဒီဝေါဟာရနှစ်ခုဟာ အရောရော အထပ်ထပ်ရှိပြီး သဘောတူတာ သုံးတတ်ကြပါတယ်။) ဆက်ပြောရမှာက . . . အထက်မှာ ပြောခဲ့သလို တန်ခိုးကြီးတဲ့ ဒီမီဒီယာသမားတွေဟာ ဘာလုပ်သလဲ။ ဘာလုပ်လို့ သူတို့ဟာ တင့်ကားတွေ၊ အ မြောက်တွေထက် တန်ခိုးကြီးရတာလဲ။

မီဒီယာသမားဟာ အမှန်တရားနဲ့ လူထု အများအကျိုးစီးပွားကို ဦးထိပ်ထားတယ်။ အမှန်တရားနဲ့ လူထု အများအကျိုးစီးပွားကိစ္စမှာ အခြားတစ်ဖက်နဲ့ ယှဉ်လာရင် မီဒီယာသမားဟာ လူထုဘက်က ရပ်တည်ရမယ်။ လူထုဘက်ကပဲ နေရမယ်။ ဘယ်သူ့မျက်နှာမှ မထောက်ရဘူး။ လူထုမျက်နှာပဲ ထောက်ရမယ် . . . 

၎။ မီဒီယာသမား/သတင်းသမား ဂျာနယ်လစ်တွေ ဘာလုပ်ကြသလဲ။ စကားလုံးအကြီးကြီးတွေနဲ့ ဟိတ်ကြီးဟန်ကြီး ခမ်းခမ်းနားနား ပြောမနေပါနဲ့တော့။ ရိုးရိုးလွယ်လွယ် အရပ်သားနားလည်အောင်ပြောရရင် မီဒီယာသမား(သတင်းသမား၊ ဂျာ နယ်လစ် အတူတူပါပဲ။ နောင်အဆင်ပြေသလို သုံးသွားပါ့မယ်။) အဲဒီမီဒီယာသမားတွေဟာ သတင်းတွေရေးကြတယ်။ နည်းနည်းချဲ့ပြောရရင် သတင်းအချက်အလက် information တွေကို ရေးကြတယ်။ ဘာသတင်းတွေလဲ။ ဘယ်လိုသတင်းတွေလဲ။ ၁။ အမှန်တွေ၊ ၂။ လူထုအကျိုးစီးပွားရှိတာတွေ ရေးရမယ်။ ဆိုချင်တာက မီဒီယာသမားတွေရေးတဲ့ သတင်းတွေဟာ မှန်ရမယ်။ နည်းနည်း ခမ်းခမ်းနားနားပြောရင် အမှန်တရားတွေဖြစ်ရမယ်။ နောက်ပြီးတော့ လူထုအကျိုးစီးပွားဖြစ်တဲ့ အချက် တွေ ဖြစ်ရမယ်။ ဒီနှစ်ရပ်ဟာ ဒင်္ဂါးခေါင်းနဲ့ ပန်းလိုပါပဲ။ သတင်းမှန်တွေဟာ လူထုအကျိုးစီးပွားတွေ ဖြစ်တယ်။ လူထုအကျိုးစီးပွားဖြစ်တာတွေကလည်း အမှန်တွေဖြစ်တယ်။ ဒီနှစ်ချက်ကို မီဒီယာသမားတွေက ''ဦးထိပ်ထား''ကြတယ်။ သူတို့ဘ၀မှာ သူတို့ အသက်မွေးဝမ်းကျောင်းမှုမှာ အရေးအကြီးဆုံးလို့ သဘောထားကြတယ်။ ဘယ်သူ့မျက်နှာကိုမှ မထောက်မှန်ရာကို ရေးတယ်ဆိုတာဒါပါပဲ။ ဘယ်သူ့မျက်နှာမှ မထောက်ဘူးဆိုရာမှာလည်း သူတို့ထောက်ထားတဲ့ အလေးထားတဲ့ မျက်နှာဟာ တစ်မျက်နှာတည်းပဲ။ အဲဒါ ''လူထုမျက်နှာ''ပဲ။ လူထုကလွဲလို့၊ ဘယ်အဖွဲ့အစည်း၊ ဘယ်အသင်းအပင်း၊ ဘယ်လူစု၊ ဘယ်ပါတီရဲ့ မျက်နှာမှ ထောက်စရာမလိုဘူး။ စကားကုန်ပြောရရင် သတင်းအမှန်နဲ့ ပတ်သက်လို့ လူထုမျက်နှာနဲ့ နိုင်ငံတော် အစိုးရယှဉ်လာရင်၊ လူထုမျက်နှာပဲ ထောက်ထားရမယ်။ အစိုးရမျက်နှာကို ထောက်စရာမလိုဘူး။ အစိုးရ ဘက်ကလိုက်စရာ မလိုဘူး။ အလေးအနက် ဆင်ခြင်ကြည့်ကြစေလိုပါတယ်။
၅။ ကမ္ဘာကျော်တဲ့ အဖြစ်အပျက် သာဓက တစ်ရပ်ရှိပါတယ်။ ၁၉၈၂ ခုနှစ်မှာ ဖြစ်ပွားတဲ့ ''ဖောက်ကလန် စစ်ပွဲ'' Falklands War မှာ အင်္ဂလန် ဗြိတိန်သျအစိုးရဘက်က မရပ်တည်ဘဲ သတင်းအမှန် အဖြစ်အပျက် အခြေအနေမှန်တွေကို ရေးသားထုတ် ဝေတဲ့အတွက် ဘီဘီစီ BBC သတင်းဌာနကြီးနဲ့ ဗြိတိသျှအစိုးရ အချေအတင်ဖြစ်ကြတယ်။ အစိုးရက ''ဘီဘီစီ''ဟာ ဒီအရေးအခင်းမှာ နိုင်ငံတော် (ဗြိတိသျအစိုးရ)ဘက်က ရပ်တည်ပြီးရေးဖို့က အဓိကတာဝန်ပဲ၊ အစိုးရကိုပဲ ထောက်ခံရေးသားရမယ်လို့ ဆိုလာတယ်။ ''ဘီဘီစီ''က . . . အကြွင်းမဲ့ဘက်မလိုက်ခြင်း absolute impantiality ကို ငြင်းပယ်တယ်။ ''ဘက်''ကတော့ လိုက်ရမှာပဲ။ ဘယ်ဘက်က လိုက်ရမလဲ။ ၁။ အမှန်တရား၊ မှန်ကန်ခြင်း၊ ၂။ တရားမျှတခြင်း။ ၃။ တရားဝင်ခြင်း (matters of truth, justice, and legality) ဆိုတဲ့ ကိစ္စတွေဘက်က လိုက်ရမယ်။ အင်္ဂလန် ဗြိတိသျှ အစိုးရက ဖောက်ကလန်ကျွန်းကို စစ်တိုက်တာ ၁။ မမှန်ဘူး။ ၂။ မတရားဘူး၊ ၃။ တရားမ၀င်ဘူးဆိုရင် မီဒီယာသမားဟာ သူ့သဘာဝအရ အင်္ဂလိပ် အစိုးရဘက်က မလိုက်နိုင်ဘူး။ အစိုးရဘက်က မရပ်တည်နိုင်ဘူးလို့ ''ဘီဘီစီ''က ကြေညာရေးသားတယ်။ ဒီအဖြစ်အပျက်ဟာ ကမ္ဘာကျော်ပါတယ်။ မီဒီယာသမားတွေရဲ့ ဂုဏ်ရောင်ထွန်းပြောင်တဲ့ ကိစ္စကြီးလည်း ဖြစ်ပါတယ်။ သမိုင်းလည်း ၀င်ပါတယ်။
စကားသုံးကို ပြန်ချုပ်ရရင် ၁။ မီဒီယာဆိုတာ အင်မတန် တန်ခိုး သတ္တိ ကြီးမားတယ်။ ၂။ မီဒီယာ သမားဟာ အမှန်တရားနဲ့ လူထု အများအကျိုးစီးပွားကို ဦးထိပ်ထားတယ်။ ၃။ အမှန်တရားနဲ့ လူထု အများအကျိုးစီးပွားကိစ္စမှာ အခြားတစ်ဖက်နဲ့ ယှဉ်လာရင် မီဒီယာသမားဟာ လူထုဘက်က ရပ်တည်ရမယ်။ လူထုဘက်ကပဲ နေရမယ်။ ဘယ်သူ့မျက်နှာမှ မထောက်ရဘူး။ လူထုမျက်နှာပဲ ထောက်ရမယ်လို့ .  .  . အကျဉ်းချုပ် တင်ပြခဲ့ပါတယ်။
Ref:EMG

 ပွဲမလန့်ခင် ကြိုရက်နေတဲ့ ဖျာတစ်ချပ်အကြောင်း Written by ဇေ၀င်းနောင်

ဓာတ်ပုံ-ကိုနော်(ပုဂံ)
အပြောင်းအလဲတွေကလည်းများ၊ အငြင်းပွားစရာတွေကလည်းပေါ၊ ဖြေရှင်းစရာတွေကလည်း အနမတဂ္ဂရှိနေတဲ့ မြန်မာပြည်ကြီးမှာ ဒီမိုး၊ ဒီရေ၊ ဒီလူတွေနဲ့တော့ ပြောမကုန်၊ ရေးမကုန်နိုင်အောင်ကို အရှုပ်အထွေးတွေက များလွန်းလှပါတယ်။
ဒီလောက် ရှင်းစရာများတဲ့ အခြေအနေမျိုးမှာ နောက်ထပ် အငြင်းပွားစရာကိစ္စတွေကို သယ်လာဖို့ ကြိုးစားနေကြသူတွေကလည်း ရှိနေပါသေးတယ်။ ၂၀၁၀ နဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့မှာ အရေးမလှခဲ့ကြသူများ တင်လာတဲ့အချိုးကျ ကိုယ်စားပြုစနစ် PR(Propotional Representation) ဆိုတာပါ။ သဘောတရားအရတော့ ဟုတ်သလိုလိုရှိပေမဲ့ သဘောရိုး မရိုး ဆိုတာရယ်၊ ဒီစနစ်ကို တင်သွင်းတဲ့ ရွှေစွန်ညိုကြီးတွေက ဘာကိုလိုလို့ ၀ဲတယ်ဆိုတာရယ်ကတော့ မေးခွန်းထုတ်စရာကောင်းနေလို့ ဒီကိစ္စကို ပြောဖို့ ဖြစ်လာတာပါ။
ရွေးကောက်ပွဲစနစ်ကို မဲအများဆုံးရသူအနိုင်(First PastThe Post-FPTP  (တချို့က Winner Take All လို့လည်း ခေါ်ကြပါတယ်) စနစ်နဲ့ အချိုးကျကိုယ်စားပြု (Propotional Representation-PR) စနစ်ဆိုပြီး အဓိက ပုံစံနှစ်မျိုး ခွဲနိုင်ပါတယ်။ မဲ အများဆုံးရသူ အနိုင်ဆိုတာကတော့ ရှင်းလင်းသလိုဒီမှာက အတွေ့အကြုံ ရှိကြပြီးဖြစ်ပါတယ်။
အချိုးကျ ကိုယ်စားပြုစနစ် ဆိုတာကတော့ အလွယ်ဆုံးပြောရရင် ပါတီကိုအခြေပြုပြီး ပါတီတစ်ခုချင်းအလိုက် ရတဲ့မဲရာခိုင်နှုန်းအရ အမတ်နေရာကို အချိုးကျ ခွဲဝေပေးတဲ့စနစ်ပါ။ လိုလားသူတွေကတော့ ဒီစနစ်ဟာ လူထုရဲ့ မဲတွေကို အလဟဿ မဖြစ်စေဘဲ ကိုယ်စားပြုဒီမိုကရေစီ (Repesentative Democracy) ကို ပိုမိုပီပြင်စေတယ် ဆိုကြပါတယ်။ ဒါပေမဲ့ အားနည်းချက်တွေလည်း ရှိနေသလို အဆင်မပြေမှုတွေကိုလည်း ဒီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံများမှာ တွေ့နေရပါတယ်။
ဒါကြောင့် နိုင်ငံအချို့မှာ ဒီစနစ်ကို ကျင့်သုံးနေကြပေမဲ့ အခုအချိန်ထိ ဒီစနစ်ကို ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊  ပြင်သစ်တို့မှာ မသုံးသလို ရုရှားမှာလည်း မသုံးကြပါဘူး။
ဒီစနစ်ကို ကျင့်သုံးတဲ့နေရာမှာ အမျိုးမျိုးကွဲပေမဲ့ အသုံးများတဲ့ပုံစံ ကလေးမျိုးပဲ ရှိပါတယ်။
Party List သီးသန့်စနစ်
ပထမတစ်မျိုးက တစ်နိုင်ငံလုံး၊ ဒါမှမဟုတ် တစ်ပြည်နယ်လုံးမဲကို  ပေါင်းရေပြီး ပါတီအလိုက်ရတဲ့ မဲအတိုင်း အမတ်နေရာကို ပါတီက တင်ထားတဲ့စာရင်းအတိုင်း ခွဲဝေပေးတဲ့ Party List သီးသန့်သုံးတဲ့ ပုံစံပါ။ အစ္စရေးနိုင်ငံမှာက တစ်နိုင်ငံလုံး မဲ ကိုပေါင်းရေပြီး ရာခိုင်နှုန်းအလိုက် ပါတီတွေကို ခွဲပေးတဲ့စနစ်ကို ကျင့်သုံးပါတယ်။ လူမျိုးရေးအရ ဂျူး ၇၅ ရာနှုန်း၊ အာရပ် ၂၀ ရာနှုန်းရှိလို့ လူမျိုးစု များပြားမှုမရှိတာ၊ နယ်နိမိတ် ဧရိယာကျဉ်းမြောင်း (စတုရန်းမိုင် ၈၀၀၀ ကျော်သာရှိ) ပြီး လူဦးရေ နည်းပါးတာ၊ စစ်ပွဲအတွက် အမြဲ အသင့်ပြင်ထားရတာကြောင့် ညွန့်ပေါင်းအစိုးရဖွဲ့ပြီး တိုက်ခိုက်မှ အဆင်ပြေတာတို့ကြောင့် သူ့အရပ်နဲ့ သူ့စနစ် သင့်လျော်တာဖြစ်ပါတယ်။
ဒါတောင်မှ အစိတ်စိတ်အမွှာမွှာဖြစ်နေတဲ့ ပါလီမန်ပေါ်ထွက်လာမှုဆိုတဲ့ ပြဿနာကိုရင်ဆိုင်ရပါတယ်။ လူဦးရေ ရှစ်သန်းနီးပါးပဲရှိတဲ့ အစ္စရေးရဲ့တစ်ခုတည်းသော လွှတ်တော် knesset မှာ ပါတီ ၁၈ ခုတောင် ပါနေပါတယ်။ မကြာခဏ ရွေးကောက်ပွဲ ပြန်လုပ်နေရသလို အစိုးရတွေကလည်း တက်လိုက်ဆင်းလိုက် ဖြစ်လေ့ရှိပါတယ်။

တိုင်းရင်းသားလူမျိုးစုတွေလည်း အများအပြားရှိနေ၊ တပ်မတော် အင်အားစုကလည်း နိုင်ငံရေးနယ်ပယ်မှာ ရှိနေသလို တိုင်းပြည်ကလည်း အခုမှ ဖွံ့ဖြိုးဖို့ အားယူနေတုန်းကာလမှာ ညှိညှိနှိုင်းနှိုင်းနဲ့ ခက်ခက်ခဲခဲ လုပ်နေကြရတာပါ။ ဒီအချိန်မှာ ပွဲမလန့်ခင် ဖျာထိုင်ရက်ပြီး စောင့်နေကြသူတွေကတစ်မှောင့် လုပ်နေပြန်ရင်တော့ ခက်တော့ ခက်ရချေသေးရဲ့ . . .


ဒါဆိုရင် အင်ဒိုနီးရှားကျတော့ရောလို့ မေးစရာရှိပါတယ်။ အင်ဒိုနီးရှားဟာ Party List PR စနစ်နဲ့ အမတ်တွေကို ရွေးချယ်တယ်ဆိုပေမဲ့ သမ္မတကစလို့ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တွေကို လူထုက တိုက်ရိုက် ရွေးကောက်တင်မြှောက်တဲ့နည်းကို ကျင့်သုံးတဲ့ နိုင်ငံပါ။ မြန်မာနိုင်ငံမှာက သမ္မတစနစ်ဆိုပေမဲ့ သမ္မတကို လွှတ်တော်က ရွေးကောက်တာဖြစ်လို့ ၀န်ကြီးချုပ်ဦးဆောင်တဲ့ ပါလီမန်ဒီမိုကရေစီစနစ်လိုပဲ လွှတ်တော်မှာ မဲအများဆုံးရတဲ့ပါတီက ဦးဆောင်ပြီး အစိုးရကို ဖွဲ့ရတာပါ။ ဒါကြောင့် သမ္မတကိုပါ ရွေးကောက်ရတဲ့ လွှတ်တော်မှာ အဲဒီလို ပြန့်ကျဲကွဲလွဲနေပြီ ဆိုရင် အမတ်နေရာ အနည်းငယ်သာ ရတဲ့ပါတီတွေဘယ်ဘက်ပါသွားမလဲ ဆိုတာက အဆုံးအဖြတ်ဖြစ်သွားနိုင်ပြီး  လူနည်းစုသဘောကျ အစိုးရမျိုး ဖြစ်သွားနိုင်တဲ့ ပြဿနာရှိပါတယ်။
နောက်ထပ် အားနည်းချက်က  မဲဆန္ဒရှင်က ပါတီကိုပဲ အဓိကရွေး ရတာပါ။ ရီပတ်ဘလီကန်ပါတီက အမတ်လောင်း ၁၀၀ တင်ထားပြီး မဲရာခိုင်နှုန်းအချိုးချတော့ အမတ်နေရာ ၃၀ ရတယ်ဆိုရင် စာရင်းထဲက ၁ ကနေ ၃၀ အထိက အမတ် ဖြစ်သွားတဲ့ သဘောပါ။ အဲဒီ ၁ က နေ ၃၀ ထဲမှာ လူထုက အဲဒီလူ သူ့နာမည်နဲ့ သူသာဝင်အရွေးခံရင် လုံးဝမဲထည့်မှာ မဟုတ်လောက်တဲ့ ပြည်သူ့ချဉ်ဖတ်မျိုးပါသွားနိုင်ပါတယ်။
နောက်တစ်ချက်က မြို့နယ်လေးတွေအတွက် ကိုယ်စားပြုပေးမဲ့အမတ်မရှိသလို ဖြစ်သွားနိုင်တဲ့ပြဿနာပါ။ ဥပမာပေးရရင် ဧရာဝတီအတွက် အမတ်နေရာ ၃၀ ရှိတယ်ဆိုကြပါစို့။ အိမ်မဲ မြို့နယ်ဆိုပါစို့။ အိမ်မဲ လူဦးရေက ပုသိမ်လူဦးရေရဲ့ ၁၀ ပုံ တစ်ပုံ တောင်မရှိဘူးဆိုရင် ဘယ်ပါတီက အိမ်မဲမှာ မဲသွားဆွယ်၊ အိမ်မဲပြည်သူတွေရဲ့အသံကို နားထောင်ဖို့ အချိန်ပေးတော့မလဲ။ အိမ်မဲမှာ တစ်မဲမှမရဦး ပုသိမ်မှာ မဲအများကြီးရရင် အမတ်နေရာ အများစုရပြီပေါ့။ တစ်ပြည်နယ်လုံး လူဦးရေအရ အိမ်မဲမြို့ နယ်လူဦးရေဟာ အပုံ ၃၀ ပုံ တစ်ပုံ တောင်မရှိရင် အိမ်မဲတစ်မြို့နယ်လုံးမှာနိုင်လည်း အမတ်တစ်နေရာတောင် မရတဲ့သဘော ဖြစ်သွားမှာပါ။
MMP စနစ်
ဒုတိယ နည်းလမ်းကတော့ Mixed Member Propotional (MMP)System ပါ။ ဒီစနစ်ကို ကျင့်သုံးတဲ့နေရာမှာ ဂျာမနီက စံနမူနာပြဖြစ်ပါတယ်။ ဒီနည်းက မဲဆန္ဒနယ်အလိုက် ၀င်ပြိုင်တဲ့သူတွေထဲက ကိုယ်နှစ်သက်တဲ့ သူကို တစ်ခါမဲပေး၊ ပြီးရင် ပါတီတွေထဲက ကိုယ်နှစ်သက်တဲ့ပါတီကို တစ်ခါပေးရတဲ့ စနစ်ပါ။ အဲဒီမှာ မဲဆန္ဒနယ်အလိုက် လူနာမည်အရပေးတဲ့ မဲအတိုင်း အများဆုံးရတဲ့သူတွေက အမတ်ဖြစ်သွားပါတယ်။ အဲဒီအဆင့်က FPTP နဲ့တူပါတယ်။ ပြီးတဲ့အခါကျမှ ပါတီ မဲကိုရေပြီး ရာခိုင်နှုန်းအလိုက် အမတ်နေရာကို တွက်ပါတယ်။ ကကြီးပါတီက လူနာမည်အရပေးတဲ့မဲမှာ အမတ်နေရာ ၂၀ ပဲရတယ်။ ဒါပေမဲ့ ပါတီမဲမှာကျတော့ ရာခိုင်နှုန်းအရ ခွဲလိုက်တာ ၃၀ ဦးစာရနေတယ်။ ဒီလိုဆို ရင်လိုတဲ့ ၁၀ ဦးကို ထပ်ပေါင်းပေးရ ပါတယ်။ အဲဒီအမတ်နေရာအတွက် လိုတဲ့သူကိုတော့ Party List က ယူရပါတယ်။ စနစ်နှစ်မျိုးရောထားတဲ့ ပုံစံပါ။ အဲဒါကြောင့် လွှတ်တော်မှာ အမတ်နေရာ ၅၉၈ နေရာ သတ်မှတ်ထားပေမဲ့ ၆၀၀ ကျော်သွားပြီး ပိုထည့်လိုက်ရတဲ့ Overhang Seats  လို့ခေါ်တဲ့ အမတ်နေရာအရေအတွက်က ပုံသေမရှိတော့ပါဘူး။ ဒီစနစ်က ရှုပ်ထွေးသလို ဂျာမနီလို ဖွံ့ဖြိုးပြီး နိုင်ငံမျိုးမှာတောင် မကြာခဏ ပြင်ဆင်မှုတွေလုပ်ရ၊ အငြင်းပွားရနဲ့ ပြဿနာ ခဏခဏတက်ရတဲ့ပုံစံ ဖြစ်ပါတယ်။
ဒီစနစ်က ဖွံ့ဖြိုးပြီး နိုင်ငံမျိုးမှာတောင် ပြင်လို့ ဆင်လို့ မပြီးနိုင်သေးသလို မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံမျိုးမှာ အဲဒီပုံစံနဲ့ ကျင်းပပေးဖို့ ခက်သလို မဲဆန္ဒရှင်တွေအတွက်လည်း ရှုပ်ထွေးသွားနိုင်ပါတယ်။
MMM စနစ်
PR စနစ်ရဲ့ တတိယတစ်မျိုးက Mixed Member Majoritarian system (MMM) ပါ။ အနီးနားဆုံး ဥပမာကတော့ အိမ်နီးချင်းထိုင်းပါ။  သက်ဆင်ဆီက အာဏာသိမ်းပြီးတဲ့နောက် ပြန်ရေးခဲ့တဲ့ ၁၈ ခုမြောက် အခြေခံဥပဒေအရ ပေါ်ထွက်လာတဲ့ စနစ်ပါ။ ဒီမှာကျတော့ မဲအများဆုံးရသူအနိုင် (FPTP) အရ မဲဆန္ဒနယ် အလိုက် ၃၇၅ နေရာ၊ အချိုးကျကိုယ် စားပြုစနစ် (PR)အရ ၁၂၅ နေရာ သီးခြားစီခွဲထားတဲ့ပုံစံပါ။ အထက်က ဂျာမနီလိုပဲ မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်ကို မဲပေး၊ ပြီးရင် ပါ တီကို မဲပေးတဲ့အဆင့်အထိ တူပါတယ်။ ရွေးကောက်ပုံကျတော့ ပါတီမဲရာခိုင်နှုန်းအရရတဲ့ ကိုယ်စားလှယ် အရေအတွက်က ဒီ ၁၂၅ ယောက်ကိုပဲ ခွဲယူရတာဖြစ်ပြီး ၃၇၅ ယောက်က မဲအများဆုံး ရသူအနိုင်စနစ်နဲ့ပဲ ရွေးကောက်ခံရတာဖြစ်ပါတယ်။

သက်ဆင်လူတွေ ပြန်လာပြီး လွှတ်တော်ကို လွှမ်းမိုးမှာစိုးရိမ်တဲ့အတွက် ဒီလိုပုံစံလုပ်ခဲ့ကြတာပါ။ တကယ်တမ်းမှာ ဒီစနစ်နဲ့ လုပ်တာတောင် ၂၀၀၇ မှာသက်ဆင်ထောက်ခံသူတွေနဲ့ ဖွဲ့ထားတဲ့ PPP ကို ဒီမိုကရက်တို့ မနိုင်ခဲ့ပါဘူး။ PPP က ၀န်ကြီးချုပ်ဖြစ်လာတဲ့ ဆမတ်သုန္ဒြာဘတ် အပါအ၀င် ပါတီဝင်အမတ်အချို့ ပိတ်ပင်ခံရတဲ့ အချိန်ကျမှ ဒီမိုကရက်တို့က ပါတီငယ်တွေနဲ့ ညွန့်ပေါင်းဖွဲ့ပြီး အစိုးရဖြစ်လာခဲ့တာပါ။ အဲဒီမှာ ပါတီခြောက်ခုလောက်ပြောင်းတဲ့ သာကူးလို့ စွပ်စွဲခံရတဲ့ ချိုင်ချစ် ချော့ဘ်လိုလူမျိုး လွှတ်တော်ဥက္ကဋ္ဌဖြစ်လာပြီး သားဖြစ်သူ နေ၀င်းချစ် ချော့ဘ်(မြန်မာပြည်က ဗိုလ်ချုပ်ကြီးနေ၀င်းကို ကြိုက်လို့သူ့သားကို ဒီနာမည်ပေးခဲ့တာလို့ချိုင်က ပြောဖူးပါတယ်)တို့ ဦးဆောင်တဲ့ ပါတီငယ်တွေက လွှတ်တော်မှာ ခြယ်လှယ်ခွင့် အတိုင်းအတာတစ်ခုအထိ ရသွားစေခဲ့ပါတယ်။၂၀၁၁ မှာတော့ သက်ဆင် ညီမဦးဆောင်ပြီး ပြန်ပြိုင်တဲ့အခါကျတော့ ဖြူထိုင်းပါတီအနေနဲ့ နိုင်ပြန်ပါရော။ အဲဒီအခါ Party List  အရရွေးရတဲ့ မဲက ဖြူထိုင်းကို ပိုအားကောင်းအောင် လုပ်ပေးသလိုဖြစ်သွား ပါသေးတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ချိုင်ချစ်ချော့ဘ်တို့ လူစုက လွှတ်တော်ထဲမှာ ရှိနေတုန်းပါပဲ။
STV စနစ်
နောက်ဆုံးတစ်မျိုးကတော့ Single Transferable Vote စနစ်ပါ။  အမတ်လောင်းတွေကို နှစ်သက်မှု ဦးစားပေးအရ ၁၊၂၊၃၊၄ နံပါတ်စဉ်တပ်ပြီး ရွေးတာပါ။ အမှန်ခြစ်တာ တောင်မှ လူနာမည်ပေါ် ခြစ်ရမှာလား၊ တံဆိပ်ပေါ် ခြစ်ရမှာလား၊ ကွက်လပ်မှာခြစ်ရမှာလားဆိုတာ မှားတတ်ကြသေးတော့ ဒီလိုနံပါတ်စဉ်တပ်ရရင် ရှုပ်ကုန်ပါလိမ့်မယ်။
အချိုးကျ ကိုယ်စားပြုစနစ် ဘယ်ပုံစံသုံးသုံး သေချာပေါက်အကျိုးရှိတာက ပါတီငယ်တွေပါပဲ။ တိုင်းပြည်နဲ့ တိုင်းရင်းသားတွေအတွက် အကျိုးရှိဖို့ကတော့ မသေချာပါဘူး။ ဒါကြောင့် အမေရိကန်တို့၊ ဗြိတိန်တို့လို မဲအများဆုံးရသူ အနိုင်စနစ် FPTP နဲ့ပဲ ဆက်သွားတာ သင့်တော်ပါလိမ့်မယ်။
မြန်မာနိုင်ငံရဲ့ ၂၀၁၅ အခင်းအကျင်းကို စဉ်းစားကြည့်နိုင်ပါတယ်။ PR စနစ်သာ သုံးခဲ့ရင်ဆိုပါစို့။ ပထမဆုံး အင်န်အယ်လ်ဒီအသာနဲ့ စဉ်းစားကြည့်ပါမယ်။ မဲ ၇၅ ရာခိုင်နှုန်းမှာ (၂၅ ရာခိုင်နှုန်းဟာ လက်ရှိဥပဒေအရ တပ်မတော်သား ကိုယ်စားလှယ် များ ဖြစ်ပါတယ်) အင်န်အယ်လ်ဒီက ထက်ဝက်နီးပါး ၃၅ ရာခိုင်နှုန်း လောက်ရမယ်။ ကြံ့ခိုင်ရေးက ၁၀ ရာခိုင်နှုန်းရမယ်၊ တပ်မတော်သား ကိုယ်စားလှယ်များနဲ့ ပေါင်းရင် ၃၅ ရာခိုင်နှုန်း ရမယ်ဆိုပါစို့။ အပြိုင်ဖြစ်သွားရင် ကျန် ၃၀ ရာခိုင်နှုန်းမှာ ၂၀ ရာခိုင်နှုန်းလောက်က တိုင်းရင်းသား ပါတီတွေဖြစ်ပြီး တချို့က အင်အယ်လ်ဒီနဲ့ မဟာမိတ်၊ တချို့က ကြံ့ခိုင်ရေးနဲ့ မဟာမိတ်ဖြစ်နေတဲ့အတွက် မျှရကြတယ်ဆိုပါစို့။ ဒါဆို ကျန်တဲ့ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ ပါတီငယ်တွေ ဘယ် ဘက်နဲ့ ပေါင်းမယ်ဆိုတာက ဘယ်သူ အစိုးရဖွဲ့လို့ရမယ်ဆိုတာ အဆုံးအဖြတ် ဖြစ်သွားပါလိမ့်မယ်။ ဆိုလိုတာက တိုင်းပြည်ကို ဘယ်သူအုပ်စိုးမယ်ဆိုတာကို လူနည်းစုက အဆုံးအဖြတ်ပေးရမဲ့ အခြေအနေ ရောက်သွားပါလိမ့်မယ်။ ဒီလူနည်းစုပါတီ တွေ ကိုယ့်ဘက်ပါအောင် ပါတီကြီးများက ၀န်ကြီးနေရာပေး ဘာပေးနဲ့ စည်းရုံးရပါတော့မယ်။
မျှမျှတတဖြစ်အောင် ကြံ့ခိုင်ရေးအနိုင်နဲ့ စဉ်းစားကြည့်ပါဦးမယ်။ ကြံ့ခိုင်ရေးက ၃၅ ရာခိုင်နှုန်းရတယ်။ အင်န်အယ်လ်ဒီက ၁၅ ရာခိုင်နှုန်းရတယ်။ တိုင်းရင်းသားပါတီတွေက ၂၀ ရာခိုင်နှုန်း၊ ကျန်ပါတီငယ်တွေက ၅ ရာခိုင်နှုန်း ရတယ်ဆိုပါစို့။ တပ် မတော်က သူ့ဘာသာ ဒုသမ္မတလောင်းတစ်ဦးပဲတင်ပြီး ကြားနေတယ်ဆိုပါစို့။ ထုံးစံအတိုင်း တိုင်းရင်းသား ပါတီတွေရဲ့ ထောက်ခံမှုကို ပါတီကြီးနှစ်ခု ခွဲရကြတယ် ဆိုပါစို့။ ကျန် ၅ ရာခိုင်နှုန်းက အခရာကျလာပါဦးမယ်။ အကုန်တိုင်ပတ်မယ့်ကိစ္စပါ။
မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးစုများစွာ နေထိုင်တဲ့ နိုင်ငံဖြစ်ပြီး ဗမာက လူများစုဖြစ်တဲ့အတွက် လူနည်းစု အခွင့်အရေးဆိုတာမှာ တိုင်းရင်းသားတွေအတွက် အဓိကကြည့်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၅ မှာ ဘယ်ပါတီ အာဏာရရ တိုင်းရင်းသားပါတီတွေနဲ့ ညွန့်ပေါင်းဖွဲ့ပြီး လုပ်ဆောင်မှရမဲ့ အနေအထား ရှိပါတယ်။ အဲဒီမှာ ၁၉၉၀ ပြည့်နှစ်က တိုင်းရင်းသားပါတီတွေနဲ့ ၂၀၁၀ မှာ တည်ထောင်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေဆိုပြီး ကွဲလွဲမှုက ရှိနေပြန်ပါတယ်။ ပြန်ပေါင်းဖို့ ကြိုးစားနေ ကြတာရှိသလို တချို့တွေ ပြန်ပေါင်းဖြစ်မှာ ဖြစ်ပေမဲ့ တချို့ကလည်း ပေါင်းဖို့ မလွယ်ပါဘူး။ ပြည်နယ်အဆင့်မှာတင် ကွဲလွဲမှုက ရှိနေနိုင်တယ်။မဲအများဆုံးရလာတဲ့ပါတီက တိုင်းရင်းသားပါတီတွေနဲ့ အဆင်ပြေအောင် ညှိနှိုင်းပြီး ဖွဲ့ရတဲ့နေရာမှာ အခက်အခဲတွေကို ဖြေရှင်းဖို့က တော်တော် မလွယ်လှပါဘူး။ ဒီအနေအထားမှာ PR စနစ်နဲ့သာ ပါတီလေးတွေက ဟိုတစ်မဲ၊ ဒီတစ်မဲနဲ့ ကိုယ်စားလှယ် အနည်းငယ်ရပြီး ၀င်ကစားရင် ရှုပ်ကုန်ပါလိမ့်မယ်။ သာကူးတွေပါ ပါလာရင် ခဏခဏ အစိုးရ ပြန်ဖွဲ့၊ ခဏခဏ အပြောင်းအလဲဖြစ်နဲ့ ဖွံ့ဖြိုးစ တိုင်းပြည်တစ်ပြည်အတွက် နောက်ပြန်လှည့်မဲ့ အခြေအနေတွေ ဖြစ်ကုန်ပါမယ်။
နောက်တစ်ချက်က ပါတီကြီး တစ်ခုတည်းက စိုးမိုးမဲ့အနေအထားကို တားဆီးဖို့အတွက် PR စနစ်ကို တင်လာရတယ်ဆိုတဲ့ စကားပါ။ အဲဒါမဟုတ်ဘူးဆိုတာ အခုကြံ့ခိုင်ရေးအစိုးရက သက်သေပြထားပါတယ်။ ကျွန်တော်တို့ မျှော်လင့်ထားတာ ထက် အများကြီး ကောင်းရာမွန်ရာတွေ လုပ်ပြနိုင်ခဲ့ပါတယ်။ အတိုက်အခံတွေလည်း ပါဝင်နိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းကို ဖော်ဆောင်နိုင်ခဲ့တယ်။ အမတ်နေရာအပြတ်အသတ် အသာစီးရနေပေမဲ့ ကြံ့ခိုင်ရေးပါတီဟာ ထင်တိုင်းကြဲခဲ့ တာမရှိသလို ကြဲလို့လည်း မရပါဘူး။ တခြားပါတီက အစိုးရဖြစ်လည်း ဒီလိုပါပဲ။
မမြဲတဲ့သင်္ခါရ သဘောအရ ဘယ်ပါတီမှလည်း တစ်သက်လုံး အာဏာရမနေနိုင်ပါဘူး။ အာဏာမရတဲ့အခါမှာ အစိုးရလုပ်တာ အမှားအယွင်း ရှိ၊ မရှိ ထောက်ပြ၊ တူတာတွဲ လုပ်၊ မတူတာခွဲလုပ်ပြီး အတိုက်အခံကောင်းအနေနဲ့ ရပ်တည်သွားနိုင် တယ်ဆိုတာ လက်ရှိအခြေအနေက သက်သေပြနေပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ရှိနေဖို့ပဲ လိုတာပါ။
ပါတီလေးတွေရပ်တည်မှုကို မလိုလားတဲ့သဘော မဟုတ်ပါဘူး။ အယူအဆမတူလို့ ကိုယ့်မူဝါဒနဲ့ ကိုယ်ရပ်တည်တဲ့ပါတီငယ်တွေဟာ တစ်ချိန်မှာ ပါတီကြီးဖြစ်လာနိုင်၊ အာဏာရလာနိုင်ပါတယ်။ ခက်တာက ခမောက်ကိုလူသိရင် ခမောက်၊ ဒေါင်းကိုလူသိရင် ဒေါင်းနဲ့ဆင်တူယိုးမှားလုပ်ပြီး နေရာယူချင်တဲ့ ပါတီမျိုးတွေပါ။ တကယ်လို့ ကြံ့ခိုင်ရေးပါတီ ရေပန်းစားတဲ့ခေတ်ရောက်ရင်လည်း ခြင်္သေ့ပုံကိုတုပြီး အီဂျစ်ပြည်က Sphinx ရုပ်ကို လိုဂိုသုံး(ကျွန်တော်တို့ဆီမှာ ခွေးတံဆိပ်ခဲတံလို့ သိကြ တဲ့ခဲတံက အကောင်ပုံပါ)ပြီး ဆင်တူယိုးမှားလုပ်လာနိုင်တဲ့ ပါတီမျိုးတွေ လွှတ်တော်ထဲ ရောက်လို့ကတော့ အကျိုးမရှိလှပါဘူး။
ရွေးကောက်ပွဲဆိုတာ စာမေးပွဲ လိုပါပဲ။ ဒီထက် ကောင်းတဲ့စနစ် မရှိသေးသ၍ အကောင်းဆုံးဖြစ်နေလို့ သုံးကြရတာပါ။ စာမေးပွဲမှာ ၄၀ ရရင် အောင်တယ်ဆိုတဲ့အခါကျတော့ ၃၉ မှတ်ရတဲ့သူက သူလည်း တစ်မှတ်ပဲကွာလို့ အောင်သင့်တယ် လာပြောလို့ မရပါဘူး။ အဆင့်ဆင့် ပြောလာလိုက်တဲ့အခါ တစ်မှတ်မှ မရတဲ့သူကလည်း ၁ မှတ်ရတဲ့ သူနဲ့ တစ်မှတ်ပဲကွာလို့ သူလည်းအအောင်ပေးသင့်တဲ့သဘောမျိုး ဖြစ်သွားပါလိမ့်မယ်။ ဒါဆိုလည်း ဖြေသူတိုင်း အအောင်ပေး၊ ရွေးကောက်ပွဲဝင်သူ တိုင်း အမတ်ပေးဖြစ်ရမလိုပါပဲ။
အပြေးပြိုင်ပွဲမှာ လူဘယ်နှယောက်ပဲပြိုင်ပြိုင် သုံးယောက်ပဲ ဆုပေးရင် သုံးယောက်ပဲရပါတယ်။ တတိယရတဲ့သူနဲ့ စက္ကန့်ဝက်ပဲကွာလို့ သူ့ကိုလည်း ဆုပေးသင့်တယ်လို့ စတုတ္ထရတဲ့သူက ပြောလို့မရပါဘူး။ နောက်တစ်ကြိမ် ပြိုင်တဲ့အခါကျ  (ကိုယ့်မှာ အရည်အချင်းရှိတယ်ဆိုရင်)ဆု ရနိုင်ပါသေးတယ်။ အပြေးပြိုင်တာကမှ အသက်ကြီးရင် ပြေးမရတာ ရှိဦးမယ်၊ ရွေးကောက်ပွဲဆိုတာက မသေမချင်း ပြိုင်လို့ရတဲ့ ကိစ္စပါ။
လွှတ်တော်ထဲရောက်မှ တိုင်းပြည်အကျိုး ဆောင်ရွက်လို့ရမယ်၊ ကိုယ့်ကိုယ်ထောက်ခံကြတဲ့ ပြည်သူတွေအကျိုးအတွက် လုပ်ပေးလို့ရမယ်ဆိုတဲ့သဘောမျိုး ပြောနေကြတဲ့ကိစ္စပါ။ ဒီလိုဆိုရင် ၈၈ မျိုးဆက် ကျောင်းသားတွေ လုပ်နေတာ ဘာတွေလဲ။အဲဒါကရော နိုင်ငံရေးမဟုတ်ဘူးလား။ ရွေးကောက်ပွဲမ၀င်ပေမဲ့ အောက်ခြေမှာ လူထုအကျိုးအတွက် လုပ်ပေးနေရင်လည်း နိုင်ငံရေးပါပဲ။ ရွေးကောက်ပွဲရှုံးလည်း ကိုယ့်ပြည်သူအကျိုး ကိုယ်လုပ်ပေးနေလို့ ရသေးတာပါပဲ။
တိုင်းရင်းသား လူမျိုးစုတွေလည်း အများအပြားရှိနေ၊ တပ်မတော် အင်အားစုကလည်း နိုင်ငံရေး နယ်ပယ်မှာရှိနေသလို တိုင်းပြည်ကလည်း အခုမှ ဖွံ့ဖြိုးဖို့ အားယူနေတုန်းကာလမှာ  ညှိညှိနှိုင်းနှိုင်းနဲ့ ခက်ခက်ခဲခဲ လုပ်နေကြရတာပါ။ ဒီအချိန်မှာ ပွဲမလန့်ခင် ဖျာထိုင်ရက်ပြီး စောင့်နေကြသူတွေကတစ်မှောင့် လုပ်နေပြန်ရင်တော့ ခက်တော့ခက်ရချေသေးရဲ့ဗျာ။

Ref:EMG

တိုင်းပြည်ချက်ချင်း ဦးမော့အောင်လုပ်ချင်လျှင် Written by ဦးလှဝင်း (လေသူရဲတစ်ဦး)




ခုတစ်ကြိမ် လွှတ်တော် အစည်းအဝေး သတင်းတွေကို ညစဉ် ၈ နာရီမှာ တီဗီရှေ့မှာ ထိုင်ပြီး စောင့်ကြည့်နေခဲ့ပါတယ်။
မေးခွန်းမေးတယ်။ အဆိုတင်တယ်။ ပြန်ဖြေတယ်။ ပြန်ဆွေးနွေး တယ်။ အတည်ပြုတယ်။ ဒီသတင်းတွေကိုပဲ နေ့စဉ် နားထောင် နေရပါတယ်။
ကျွန်တော် အားမရဘူး ခင်ဗျား။
နေ့ချင်းညချင်း ကျွန်တော်တို့ တိုင်းပြည်ကြီးကို ဘယ်လိုပြန်လည် ထူထောင်ကြမယ် ဆိုတဲ့ အားမာန် အပြည့်ပါတဲ့ ... ထူးကဲတဲ့ ဥာဏ်ပညာ အပြည့်အ၀ရှိတဲ့ ... ကျွန်တော်တို့ ပြည်သူတွေ အလွန် အံ့သြသွားစေမယ့် ... ခုန်ထပြီး လက်ခုပ်လက်ဝါး ထတီးချင်စိတ် ပေါက်စေမယ့် အတွေးသစ်၊ အမြင်သစ်၊ အကြံဥာဏ်သစ် တွေကို အလွန် ကြားချင်လှပါတယ်။
ဒီနေ့အထိ မကြားရသေးပါဘူး။
ကျွန်တော်တို့ မွန်ဒေသရဲ့စကားနဲ့ ပြောရင်တော့ လွှတ်တော် သတင်းတွေက “အိပဲ့၊ အိပဲ့နှင့် ကနော့” တဲ့ သတင်းတွေပဲ များနေပါတယ်။
ဒီကြားထဲ ရခိုင်ပြဿနာ ပေါ်လာတာကလည်း အလွန် စိတ်ညစ်စရာ တစ်ခုပေါ့ ခင်ဗျား။
တကယ်တော့ ကျွန်တော်တို့ နိုင်ငံကို ချက်ချင်း ဦးမော့အောင် ပြုလုပ်ချင်ရင် ပြုလုပ်လို့ ရတယ်ခင်ဗျား။
အင်္ဂလိပ် စကားပုံ တစ်ခုရှိပါတယ်။
There is a will, there is a way တဲ့။
ဆန္ဒရှိရင် နည်းလမ်းရှိတယ်ပေါ့ ခင်ဗျား။
ဒါပေမဲ့ ဒီလိုလုပ်နိုင်ဖို့ အာဏာက သမ္မတမှာပဲ ရှိပါတယ်။ လွှတ်တော်မှာ မရှိပါဘူး။ လွှတ်တော်မှာ အုပ်ချုပ်မှု အာဏာမှ မရှိဘဲ ခင်ဗျား။ လွှတ်တော်ကို အပြစ်တင်လို့ မရပါဘူး။
ကျွန်တော်တို့ တိုင်းပြည်မှာ ချက်ချင်း ပြုပြင်ကြရမယ့်၊ အဖြေရှာရမယ့် လုပ်ငန်းကြီး လေးခု ရှိပါတယ်။ သမ္မတ အာဏာဖြင့် ဆောင်ရွက်မယ် ဆိုရင် ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းတွေပေါ့ ခင်ဗျား။
(၁) လျှပ်စစ်မီး ပြဿနာ။
(၂) လမ်းပန်း ဆက်သွယ်ရေး ပြဿနာ။
(၃) အင်တာနက် ပြဿနာ။
(၄) ဥပဒေ စိုးမိုးမှု ရှိရေး ပြဿနာ။
ပထမဆုံး လျှပ်စစ်မီး ပြဿနာကို ဆွေးနွေးပါမယ်။ တလောက လောပိတ ရေအား လျှပ်စစ်နှင့် မလှမ်းမဝေးမှာရှိတဲ့ ဒေသရဲ့ ကိုယ်စားလှယ် အမတ်တစ်ယောက်က လွှတ်တော်မှာ မေးခွန်း မေးပါတယ်။ အတိ အကျတော့ မမှတ်မိတော့ပါဘူး။
သူမေးတဲ့လိုရင်းအဓိပ္ပာယ်ကတော့ အဲဒီနားက ရွာသုံးရွာ ... အဲ ... ဒေသသုံးခုကို ဘယ်တော့ လျှပ်စစ်မီး ရအောင် လုပ်ပေးမလဲ ဆိုတာ သိချင်ပါတယ် တဲ့။ သက်ဆိုင်ရာ ၀န်ကြီး ကလည်း ပြန်ဖြေပါတယ်။ အဲဒီ ဒေသ တွေကို လျှပ်စစ်မီးပေးဖို့ အစီအစဉ် ရှိပါတယ်။ ဒါပေမဲ့ ဘတ်ဂျက် ခွင့်ပြုချက် အရ ၂၀၁၅ ခုနှစ် ကျမှ ပြီးမြောက်အောင် ဆောင်ရွက် နိုင်မယ်တဲ့။
သုံးနှစ် စောင့်ဦးပေါ့ ခင်ဗျား။
ဒီမေးခွန်းကို ဥပမာ အဖြစ် ကျွန်တော် တင်ပြတာပါ။
ဒီနေ့ မြန်မာနိုင်ငံမှာ လျှပ်စစ်မီး မရတဲ့ ဒေသတွေကလည်း မီးရ ချင်တယ်။ လျှပ်စစ်မီး မှန်မှန် မရတဲ့ ဒေသကလည်း မှန်မှန် ရချင်တယ်။ ရန်ကုန်မြို့ကြီး လိုနေရာကလည်း နွေမှာ လျှပ်စစ် ဒုက္ခ မရောက်ချင်ကြ တော့ဘူး။
ဘယ်လို လုပ်ကြမှာလဲ။
အစိုးရမှာလည်း ဘတ်ဂျက်က မရှိဘူး။
တကယ်တော့ ဒီလျှပ်စစ် ဒုက္ခကို ချက်ချင်း ဖြေရှင်းနိုင်တဲ့နည်း ကို (၁၀-၇-၂၀၁၂)နေ့ထုတ် သစ္စာ မဂ္ဂဇင်းမှာ ကျွန်တော်ဆောင်းပါး ရေးပြီးပါပြီ။
အောက်စဖို့ဒ် တက္ကသိုလ်က ပါမောက္ခ Paul Collier မြန်မာနိုင်ငံ ကိုလာရောက်ပြီး အကြံပြုသွားတာပါ။ ဒီနေ့အာဖရိကတိုက်က ကင်ညာနိုင်ငံမှာ ပြုလုပ်ခဲ့သလို ကမ္ဘာကျော်ဂျီအီး (GE) လျှပ်စစ် ကုမ္ပဏီကြီးကို ခေါ်ပြီး ခင်ဗျားတို့ ကျုပ်တို့ တစ်နိုင်ငံလုံးကို လျှပ်စစ်မီးလင်း အောင် လုပ်ပေးဗျာ ဆိုပြီး တာဝန်ပေးလိုက်ပါ။ သူတို့ အာဖရိကမှာ ကောက်ခံတဲ့ မီတာနှုန်းက လောင်စာတန်ဖိုး အပေါ်မှာ တစ်ယူနစ်ကို သုံးပြား (၃ Cents) ပဲ ယူပါတယ်။ တစ်ယူနစ် အပေါ် လောင်စာစရိတ် တစ်ပြား (၁ Cent) ဆိုရင် သူတို့ တစ်ယူနစ် မီတာခနှုန်းက (၄ Cents) ပဲ ရှိပါတယ်။
တစ်နိုင်ငံလုံးမှာ သူတို့ လျှပ်စစ် ထုတ်လုပ်တဲ့ စက်ရုံ တွေတည် မယ်။ မီးကြိုးတွေ သွယ်မယ်။ တခြား လိုအပ်တာတွေ သူတို့ပိုက်ဆံ အရင်းအနှီးနှင့် အကုန် လုပ်ပေးမယ်။ ကျွန်တော်တို့ နိုင်ငံမှာ ရေအား လျှပ်စစ် စက်ရုံတွေလည်း အများကြီးရှိတယ်။ ဒီစက်ရုံတွေ ကိုလည်း သူတို့ကို လွှဲပေး လိုက်ရုံပါပဲ။ အခက်အခဲ တွေကို သူတို့ ရှင်းပေးလိမ့် မယ်။ ဒီနေ့ ခေတ်စားနေတဲ့ ဘီအိုတီ စနစ်ပေါ့ ခင်ဗျား။ အဲဒီလို ကမ္ဘာ့ အင်အား အကြီးဆုံး ကုမ္ပဏီကြီးတွေကို တာဝန်ပေးရင် အတတ်ပညာပိုင်း (Technology) အားနည်း နေကြတဲ့ ဒုက္ခကလည်း ကင်းလွတ်သွားပြီ။ နောက် ... ဒီနေ့ အမေရိကန်ရဲ့ မြန်မာနိုင်ငံ အပေါ် ကျင့်သုံးတဲ့ စီးပွားရေး မူဝါဒကလည်း လုံးဝ ပွင့်လင်းတဲ့ မူဝါဒကို သုံးနေတာဆို တော့ ကြားမှာ ဘယ်သူမှ ဖြတ်စားလို့ မရဘူး။ လာဘ်ယူလို့ မရဘူး။ ခိုးလို့ မရပါဘူး။
ကဲ ... ဒီလိုသာ လုပ်လိုက်ရင် ကျွန်တော်တို့ တစ်နိုင်ငံလုံး ချက်ချင်း မီးလင်းသွားပြီ မဟုတ်လား။

(၂) လမ်းပန်း ဆက်သွယ်ရေး ပြဿနာ


ဒီနေ့ မြန်မာနိုင်ငံက ဒီနေ့ အာရှလမ်းမကြီးရဲ့အဓိကကျတဲ့ ပထ၀ီ အနေအထားမှာ ရှိနေပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ အိန္ဒိယကို ကုန်းလမ်းက ဆက်သွယ်ဖို့က မြန်မာနိုင်ငံကို မဖြတ်လို့မရပါဘူး။ တရုတ်နိုင်ငံကလည်း ဘင်္ဂလား ပင်လယ်အော်ကို ကုန်းလမ်းက ထွက်ဖို့က မြန်မာနိုင်ငံကို မဖြတ်လို့ မရပါဘူး။
ဒီနိုင်ငံတွေ အားလုံးက မြန်မာနိုင်ငံကသာ ဖိတ်ခေါ်လိုက်ပါ။ ဘီအိုတီ စနစ်နဲ့ လုပ်ခွင့် ပေးလိုက်ပါ။ ပြေးလာ ကြပါလိမ့်မယ်။
မိမိအတွက် အကျိုးရှိမယ့် နိုင်ငံတွေ ... ကုမ္ပဏီကြီးတွေကို ခေါင်းခေါက် ရွေးပေါ့ခင်ဗျား။
နိုင်ငံတစ်နိုင်ငံကို ဆက်သွယ်ရေးလမ်းတွေ မကောင်းဘဲ ဘယ်လိုမှ တည်ထောင်လို့ မရနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ဒီနေ့ ဆောက်လုပ်ဖို့ အဓိက လမ်းမကြီး သုံးခုပဲ လိုအပ်ပါတယ်။
ရန်ကုန်မှ မန္တလေး၊ မြစ်ကြီးနားလမ်း။
ရန်ကုန်မှ မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်းလမ်း။
ရန်ကုန်မှ ပုသိမ်လမ်း။
ကျန်တဲ့ ဒေသတွေကတော့ အဲဒီ လမ်းမကြီးတွေကို လမ်းသွယ်တွေနဲ့ ဖောက်ဝင် ကြပေါ့ ခင်ဗျား။


(၃) အင်တာနက် ပြဿနာ


ဒီနေ့ မြန်မာနိုင်ငံမှာ သုံးနေရတဲ့ အင်တာနက်စနစ်၊ အင်တာနက် မြန်နှုန်းနဲ့ ဒီနေ့ ကမ္ဘာကြီးကို ဘယ်လိုမှ ဆက်သွယ်လို့ မရနိုင်ပါဘူး။
Voice Over IP ...။
အင်တာနက်နဲ့ တယ်လီဖုန်း ကလည်း ခွဲခြားလို့ မရပါဘူး။ တွဲပါ နေပါတယ်။
ဒီနေ့ အင်တာနက် ၀န်ဆောင်မှု အတွက် ပေးဆောင် နေရတဲ့ အခ။
တယ်လီဖုန်း ဆက်သွယ်ခ ...။
ဒီစရိတ်နှုန်းထား တွေကလည်း အလွန် မြင့်နေပါတယ်။
ခွင့်လွှတ်ပါ ခင်ဗျား။
ကျွန်တော် မြင်နေတာကို ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ တယ်လီဖုန်း သုံးခွင့်နှင့် အင်တာနက် သုံးခွင့်တွေကို ယခင် အာဏာပိုင် တွေက လက်နက် အဖြစ် သုံးခဲ့ပါတယ်။ သူတို့ အကျိုးအတွက်ပဲ အဓိက ထားကြည့်ခဲ့ပါတယ်။
ဆယ်လူလာ ဖုန်းသုံးခွင့် ဆင်းကတ်ပြား ရဖို့ ကျပ်ငွေ ၁၅ သိန်း ... သိန်း ၂၀ ပေးခဲ့ကြရတာ ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိခဲ့ပါဘူး။
အဲဒီငွေတွေ ဘယ်ရောက် သွားသလဲ။
နိုင်ငံတော်ရဲ့ ဘဏ္ဍာတိုက်ထဲကို ရောက်သလား။ ပုဂ္ဂလိက အိတ်တွေ အထဲကို ရောက်သွားသလား။
အရေးယူဖို့ မဟုတ်ပါဘူး။ သမိုင်းမှတ်တမ်း တင်ဖို့အတွက် လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး အဖွဲ့တစ်ခုကို ဖွဲ့ပြီး စုံစမ်း စစ်ဆေး သင့်ပါတယ်။
ဒီအင်တာနက် ၀န်ဆောင်မှုကိုလည်း ကမ္ဘာ့ အင်အား အကြီးဆုံး ကုမ္ပဏီတစ်ခုကို ဘီအိုတီ စနစ်နှင့်ပဲ လုံးဝ လွှဲအပ် လိုက်သင့်ပါတယ်။
ချက်ချင်း အင်တာနက် ၀န်ဆောင်မှုနဲ့ တယ်လီဖုန်း ဆက်သွယ်မှုတွေ ကမ္ဘာ အဆင့်မီ ဘ၀ မြန်မာတွေ ရောက်သွားကြပါလိမ့်မယ်။


(၄) ဥပဒေ စိုးမိုးမှု ရှိရေး ပြဿနာ


အဲဒါက အရေးကြီးဆုံး ပြဿနာပဲ ခင်ဗျား။
နိုင်ငံ တစ်နိုင်ငံရဲ့ စီးပွားကို ပြန်ဦးမော့အောင် ပြုလုပ်ဖို့က ဥပဒေ စိုးမိုးမှု မရှိရင် ဘယ်လိုမှ ပြုလုပ်လို့ မရနိုင်ပါဘူး။
ဘီအိုတီ စနစ်နှင့် ရှင်းလို့ ရနိုင်တဲ့ ပြဿနာ မဟုတ်တော့ပါဘူး။
ဒီပြဿနာကို အဓိက ဦးဆောင် ဖြေရှင်း ကိုင်တွယ်ရမှာက အာဏာရ အစိုးရပေါ့ခင်ဗျား။ ဒါပေမဲ့ အစိုးရ တစ်ခုထဲလည်း တာဝန်ယူလို့ မရနိုင်ပါဘူး။ ပြည်တွင်း ငြိမ်းချမ်းရေး မရရှိဘဲနဲ့လည်း ဥပဒေ စိုးမိုးမှု မရှိနိုင်ပါဘူး။ ဒီပြဿနာကိုတော့ ကျွန်တော် မဆွေးနွေး တော့ပါဘူး။ (July 9-15-2012) နေ့ထုတ် The Voice Weekly မှာ ဆောင်းပါး ရေးပြီးခဲ့ပါပြီ။ ဥပဒေ စိုးမိုးမှု ရရှိဖို့က ...။
(၁) အစိုးရ
(၂) လွှတ်တော်
(၃) တရားရုံး
(၄) စာနယ်ဇင်း
(၅) ပြည်သူလူထု
ဒီ ငါးခုလုံးက တာဝန် ယူကြရပါမယ်။
(၁) အစိုးရရဲ့ အဓိကတာဝန်က ဒီနေ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်မှု အဖွဲ့အစည်း အဆင့်ဆင့်ကို လွတ်လပ်တဲ့၊ ပွင့်လင်း မြင်သာတဲ့၊ တာဝန် ကျေတဲ့ ပြည်သူကို အမှန်တကယ် အကျိုးပြုတဲ့ အုပ်ချုပ်မှု အဖွဲ့အစည်း တွေဖြစ်အောင် ဆောင်ရွက်ရပါမယ်။
(၂) လွှတ်တော်က ဒီနေ့ ပြည်သူကို ဒုက္ခပေးနေတဲ့ ဥပဒေတွေ ကို ဖျက်သိမ်းပစ်ပြီး ပြည်သူကို အကျိုးပြုမယ့် ဥပဒေသစ်တွေကို အစားထိုးဖို့ ကြိုးစားသင့်ပါတယ်။
(၃) တရားရုံးကတော့ အသက်ပေါ့ ခင်ဗျား။ ဒီအပိုင်းကိုတော့ ကျွန်တော် မဆွေးနွေး တော့ပါဘူး။ ဒီနေ့ တရားရုံးတွေရဲ့ သရုပ်မှန်ကို ဒီနေ့ အမှု ဖြစ်ဖူးသူတိုင်း သိကြပါတယ်။ ဒီတရားရုံး ပြဿနာတွေက လည်း ဖြေရှင်းလို့ မရနိုင်တာတွေ မဟုတ်ပါဘူး။
အစိုးရပဲ အဓိက တာဝန်ယူ ဖြေရှင်း ရမှာပါပဲ။
(၄) စာနယ်ဇင်း။ ဒီနေ့ ၂၀.၈.၂၀၁၂ မှာ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင့်ဆွေရဲ့ ထုတ်ဖော် ပြောပြချက်အရ (ဆင်ဆာ) မရှိတော့ပါဘူး။ ကျွန်တော်တို့ စာနယ်ဇင်း လောကအနေနဲ့တော့ ဒီမိုကရေစီ အခွင့်အရေး တွေကို အကုန် ရခဲ့ကြ ပါပြီ။ ရှေ့မှာ စာပေစိစစ်ရေး ရုံးနဲ့ ပြဿနာ ဘာမှ မရှိကြတော့ပါဘူး။ ဥပဒေကြောင်းအရ ကိုယ်ဖြစ် ကိုယ်ခံခေတ်ကို ရောက်ခဲ့ကြပြီ။
အလွန် ၀မ်းသာတယ် ခင်ဗျား။

ဘာကြောင့် ၀မ်းသာသလဲ။

တိုင်းပြည်ရဲ့ အကျိုးကို ပိုပြီး လုပ်ခွင့်ရခဲ့ ကြတဲ့ အတွက်ပါ။ ဒီလို အခွင့်အရေးကို ရလိုက်တဲ့အတွက် စာနယ်ဇင်းတိုက် တွေက တရားရုံး သတင်းထောက်တွေ ခန့်ထား ကြတော့မယ်။
တရားသူကြီး တစ်ဦးရဲ့ တရားစီရင်ချက် မှားရင် မှားသလို ထောက်ပြ ကြတော့မယ်။
အစိုးရကလည်း ချက်ချင်း အရေးယူတော့မယ်။ မှန်ပါတယ်။ စာနယ်ဇင်းလွတ်လပ်ခွင့် မရှိတာဟာ တိုင်းပြည်တစ်ပြည်မှာ ဥပဒေစိုး မိုးမှု အပြည့်အ၀ မရှိနိုင်အောင် ပြုလုပ် ထားသလိုပါပဲ။
ဒီနေ့ ကျွန်တော်တို့ ဒီအမှောင်ထုထဲက လွတ်မြောက်ခဲ့ကြပြီ။ စာနယ်ဇင်းသမားတွေ ဒီနေ့ မြန်မာနိုင်ငံကို ဥပဒေစိုးမိုးမှု ပိုရှိအောင် ယခင်ကထက် ပိုပြီး လုပ်နိုင်ကြတော့မယ်လို့ ကျွန်တော်အကြွင်းမဲ့ ယုံကြည်ပါတယ်။
(၅) ပြည်သူလူထု။ နိုင်ငံ တစ်နိုင်ငံမှာ ဥပဒေ စိုးမိုးမှုရှိရေးဟာ လူထု အပေါ်မှာလည်း အလွန်တည်ပါတယ်။ လူထုက ဥပဒေ ကို သိနားလည်ရပါမယ်။ လေးစား လိုက်နာရပါမယ်။ ဥပဒေ မလေးစားသူကိုလည်း ဆွဲထုတ် ပြရဲရပါမယ်။ အဲဒီလို ဆွဲထုတ် ပြနိုင်မယ့် အခွင့်အရေးကိုလည်း နိုင်ငံတော်က ပေးထားရပါမယ်။
ကျွန်တော် တင်ပြချင်တာက ဒါပါပဲ။
ကျွန်တော်တို့ တိုင်းပြည်ကိုချက်ချင်း ဦးမော့လာချင်ရင် အထက်ပါ အချက် ငါးချက်ကို အစိုးရနဲ့ ပြည်သူ လက်တွဲပြီး ချက်ချင်း အကောင်အထည် ဖော်ပါ။
နိုင်ငံရဲ့အခြေခံ အဆောက်အဦတွေ ချက်ချင်း ခိုင်မာလာလိမ့် မယ်။ ဒီအခြေခံ အဆောက်အဦတွေ ခိုင်မာလာမှပဲ ပြည်ပက ၀င်လာ မယ့် အရင်းအနှီးနှင့် ချေးငွေ၊ ထောက်ပံ့ငွေ၊ အကူငွေတွေကို မျှော်လင့်လို့ ရနိုင်ပါမယ်။
အဲဒီငွေ အရင်းအနှီးတွေ ရောက်လာမှပဲ ကျွန်တော်တို့ ဒီနေ့ မျက်နှာငယ်နေရတဲ့ ဘ၀က လွတ်မြောက် ကြပါလိ့မ်မယ်။

Ref:The Voice

Saturday, August 25, 2012

မိုလ်ဘိုင်းဖုန်းနှင့် ဆက်သွယ်ရေးဆိုတာ…Written By Myanmar ICT

မိုလ်ဘိုင်းဖုန်းနှင့် ဆက်သွယ်ရေးဆိုတာ…


မိုလ်ဘိုင်းဖုန်း တစ်လုံး သုံးလို့ရဖို့အတွက် အဓိကကတော့ ဒါမှမဟုတ် မိမိ ဘယ်နေရာမှာပဲဖြစ်စေ တစ်ယောက်နှင့် တစ်ယောက် စကားပြော ဆက်သွယ်လို့ ရဖို့ ဤနေ့ခေတ်ရဲ့ အကောင်းဆုံး တီထွင်မှုကတော့ Sim Cardလို့ ခေါ်တဲ့ တစ်လက်မသာသာ ရှိတဲ့ electronic နည်းပညာတွေ၊ Telecommunicationနှင့်ဆိုင်တဲ့ နည်းပညာတွေနှင့် ပေါင်းစပ်ထားတဲ့
ကဒ်ကလေး တစ်ခုပါပဲ။ထိုကဒ်လေးရဲ့ အစွမ်းအစကြောင့် ယခု ကမ္ဘာတစ်ဝှမ်းမှာ လူသားအားလုံး မိမိ အလိုရှိသည်၊ မိမိ မျှဝေချင်သည်၊ မိမိ တင်ပြချင်သည် အစရှိသည့် စိတ်ထဲ ဖြစ်ပေါ်လာသည်များကို အချိန်နှင့် တပြေးညီ မိုလ်ဘိုင်းဖုန်းလေး ကောက်ကိုင်ကာ ထို Sim Card၏ စွမ်းအားမှတဆင့် စကားများဖြင့် ထိတွေ့ဆက် သွယ်နေနိုင်ကြလေပြီ။ လောကမှာ ဘယ်အရာမှ အလကား မရသလို ထိုထို နည်းပညာပစ္စည်းများကိုလည်းပြည်တွင်း၌ ကျပ်သိန်း ၃၀ ၀န်းကျင်ခန့်မှ စတင် ၀ယ်ယူ သုံးစွဲခဲ့ကြရာမှ တန်ခိုးရှင်ကြီးလိုတင်စားရမည့် ထို Sim Cardတွေကို ယနေ့အချိန်မှာတော့ကျပ်ငွေ၂သိန်း ပေးရုံဖြင့်မိမိ စိတ်ရဲ့ ဖြစ်ပေါ်လာမှုတို့ကို တန်ခိုးဖြင့် စေခိုင်းသည့်အလား ကျင့်ကြံ သုံးစွဲနေကြပါပြီ။

အလွန်တရာမှ အဆင်ပြေချောမွေ့တော့မည့် ခေတ်ကာလထဲသို့ အစပြုဝင်ရောက်နေချိန်မှာတော့ ထိုထို နည်းပညာပစ္စည်းများဟာ လူသားအများစုအတွက်မယုံကြည်နိုင်လောက်တဲ့စွမ်းအင်တွေ ပေးစွမ်းနေသကဲ့သို့ လူသားအများစုမှလည်းထိုစွမ်းအင်တွေရဲ့ကန့်သတ် ချက်တွေ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ခွဲခြားသိမြင်ကြရပေတော့မည် ကားတစ်စီး ၀ယ်ပြီးလျှင် စက်သုံးဆီ ဖြည့်တင်းမှ ကိုယ်လိုချင်တဲ့ ခရီးကို ရောက်နိုင်ပြီး၊စက်သုံးဆီကို ရောင်းချပေးမည့် စက်သုံးဆီဆိုင်များသည်လည်း လိုအပ်နိုင်မည့်နေရာတိုင်းတွင် ရှိမှသာ လိုရာခရီး တွင်ပေမည်။ထိုနည်းလည်းကောင်းပဲ မိုလ်ဘိုင်းဖုန်းရှိပြီး Sim Card ထည့်သွင်းမှသာ တစ်ဦးနှင့် တစ်ဦး အဆက်အသွယ်ပြုနိုင်သည်။ Sim Card သုံးစွဲဖို့အတွက်လည်း စက်သုံးဆီဆိုင်ကြီးများသဖွယ
် ‘ငွေကြိုတင်ဖြည့်သွင်းသည့် ကဒ်’ ရောင်းချသည့် ဆိုင်များ နေရာတိုင်း ရှိဖို့ လိုသည်။ ထိုမှသာ ဆက်သွယ်ရေးဝန်ဆောင်မှုခရီးကို လိုအပ်သည့်အချိန် လိုသလို အရောက်လှမ်းနိုင်ပေလိမ့်မည်
ပြည်တွင်း၌လည်း စူပါမားကဒ်ကြီးတွေ လမ်းဘေး ကုန်စုံဆိုင် အကုန်လုံးနီးပါးဖုန်းကဒ်တွေ ရောင်းချနေကြသည်။ သို့သော် ဖုန်းကဒ်သည် မော်တော်ကားအတွက်ဖြည့်တင်းပေးသည့်
စက်သုံးဆီနှင့် ကွာခြား၏။

မော်တော်ကားကို ပြည်တွင်း၌ အသက် ၁၈နှစ်ပြည့်မှ မောင်းနှင်းခွင့် ရှိ၏။လူတစ်ယောက်သည် အသက် ၁၈နှစ်ပြည့်လျှင် စဉ်းစား ဆုံးဖြတ်နိုင်စွမ်း ရှိသည်ဟုအများက လက်ခံသဖြင့်
ခွင့်ပြုကြသည်။ လိုရာခရီးကိုအချိန်တိုအတွင်း ရောက်သည်။ဂုဏ်ဒြပ်ရှိသည်။ ၀န်ဆောင်မှုအတွက် အသုံးလိုသည် အစရှိသဖြင့် ကားကိုဝယ်စီးကြသလို၊ မိမိ၏ အသက်အရွယ်ပြည့် သားသမီးများအတွက်လည်း ၀ယ်ပေးကြ၏။မည်သို့ပင်ဆိုစေ ကားမောင်းနှင်သူသည် အသက် ၁၈နှစ် ပြည့်ကျော်ပြီး၍ ကားကိုဆီရှိမှမောင်းနှင်နိုင်သည်၊ ဆီကို ကြိုတင်ဖြည့်ရမည်ဟူ၍ ဆုံးဖြတ်နိုင်စွမ်း ရှိပြီးသူ ဖြစ်သည်။

မိုလ်ဘိုင်းဖုန်းကို အသုံးပြုပုံ အသုံးချပုံသည် ယနေ့ မြန်မာပြည် ၌ မော်တော်ကား အသုံးချပုံနှင့် အသုံးပြုပုံ လွန်စွာ တူလှပေသည်။ သို့ပေမယ့် မတူညီသည့်အချက်မှာတော့အသုံးပြုသူ၏ အသက်အရွယ်ပင် ဖြစ်သည်။အရင် အချိန်တုန်းက ပြည်တွင်း၌ မိုလ်ဘိုင်းဖုန်း သုံးနိုင်သူသည် ဂုဏ်ဒြပ်ရှိသည်ဟုခံယူကြ၏။ ဤနေ့ ဤအချိန်တွင်တော့ ဈေးသည်၊ ဆိုက်ကားဆရာမှအစ
အသုံးပြုနေသည်ကို တွေ့ရ၏။ ဆိုလိုသည်မှာက မိုလ်ဘိုင်းဖုန်းကို လူသားအားလုံးအသုံးပြုလာနိုင်ခြင်းသည် ကားတစ်စီး၏ စွမ်းအင်နှင့် ကွဲပြားမှု ရှိသည်။ မိမိ၏ စိတ်ထဲမှလိုအပ်ချက်ကို အချိန်နှင့်တပြေးညီ အသုံးချနိုင်သည်။ ထိုအထဲ၌ မိမိလုပ်ငန်းအတွက်လျင်မြန်စွာ ၀န်ဆောင်မှု ပေးနိုင်ခြင်း၊မိမိ၏ ဆွေမျိုးသားခြင်းများနှင့် နှစ်ပေါင်းများစွာမတွေ့ရ၊ မကြားရသည် မရှိတော့ပဲ စိတ်ထဲမှ ဖြစ်ပေါ်လာသမျှကို ခလုတ်တစ်ချက်မိုလ်ဘိုင်းဖုန်းမှာ ဘယ်လို နှိပ်မလဲ မိနစ်ပိုင်းအတွင်း သင်ယူရုံမျှဖြင့် အသုံးချနိုင်သည်။ကားဆိုလျှင်ကား မောင်းတတ်ဖို့အတွက် လနှင့်ချီ၍ သင်ယူလေ့လာရပေဦးမည်။ဆုံးဖြတ်နိုင်စွမ်း ရှိရပေဦးမည်။

iOS, Android များ၏ ကျေးဇူးကြောင့် ယနေ့ခေတ်တွင် မိုလ်ဘိုင်းဖုန်းသည်ကား၃နှစ်အရွယ် ကလေးတစ်ယောက်ပင် ဖုန်းဆက်တက်နေပြီဖြစ်သည်။ဤအကြောင်းအရာကို သုံးသပ်ခြင်းဖြင့်
လူသားများသည် မိုလ်ဘိုင်းဖုန်းကိုလုပ်ငန်းဆောင်တာ ပြီးမြောက်ရုံ၊ ဆွေမျိုးသားချင်း သတိရ လွမ်းဆွတ်ရုံတင်မဟုတ်တော့ဘဲ Tracking Device အဖြစ် အသုံးချနိုင်သည်ဟုလည်း အာရုံရခဲ့ကြသည်။
ထို့ကြောင့် ယခုအခါ မိဘများသည် ကလေးများကို မိုလ်ဘိုင်းဖုန်း ၀ယ်ပေးကြသည်။ကျောင်းတက်၊ ကျောင်းဆင်း အချိန်မှန်ရဲ့လား၊ အပြင်ထွက်နေတာ အချိန်မှန်ပြန်မရောက်သေးဘူးလား အစရှိသဖြင့်
မိမိ၏ စိတ်ထဲမှ ဖြစ်ပေါ်လာသော အတွေးများကိုချက်ချင်း အဖြေထုတ်ခွင့် ရှိလာကြသည်။ အသုံးပြုနေကြပြီ။ အလွန် ကောင်းမွန်သည့်နည်းပညာ တစ်ခုပင် ဖြစ်သည်။

ထိုသို့ဆိုလျှင် စက်သုံးဆီနှင့် ဖုန်းကဒ် ငွေဖြည့်ဆိုင်ကဏ္ဍ ကို ပြန်လည် သုံးသပ် သင့်ချေပြီ။ အသက်၁၈နှစ်ပြည့်မှ မောင်းလို့ရ သည့် မော်တော်ကားနှင့် အသက်၃နှစ်အရွယ်ကအစ အသုံးပြုနိုင်သည့်
မိုလ်ဘိုင်းဖုန်း၏ အကျိုးအာနိသင်သည်လည်းသက်ရောက်မှု မတူညီနိုင်တော့ပြီ။အပြောင်းအလဲ မြန်ဆန်သောဒီခေတ်ကြီး၌ ဖြစ်စဉ်ဖြစ်ရပ်တွေ မျှော်လင့်ထားသည်ထက် ပိုမို ဖြစ်ပျက်နေသလားဟု ထင်ဆရသည့် အတွက် မိဘအနေဖြင့်သော်လည်းကောင်း၊ ပုထုဇဉ် လူသားတစ်ယောက် အနေဖြင့် သော်လည်းကောင်း စိတ်ထဲတွင်ရင်ခုန်မှုတွေ ခံစား မှုတွေ ဖြစ်ပေါ်မှုတွေဟာ အရင်ကထက်အဆပေါင်းများစွာ ရှင်သန်ကြီးထွားလာကြသည်။ တဆက်တည်းမှာပဲ အခု ချက်ချင်း လုပ်လို့ရသည့်ကိစ္စသည်တိုးတက်လာသော နည်းပညာများကြောင့် အခုချက်ချင်း ပြီးနိုင်သဖြင့် မောဟ၊ သောက၊စိတ်များ ရ၏။မိုလ်ဘိုင်းဖုန်းနှင့် ဖုန်းကဒ်၏ နည်းပညာကား ပြည်တွင်း၌ ချက်ချင်းဆိုသည့်စိတ်သောကကို ယခုအချိန်တွင် ရှင်းနိုင်ဖို့ အသုံးပြုသူတချို့အတွက်တော့ဝေးနေသေး သည်ဟု မြင်၏

၂၁ရာစု စံနှုန်းနှင့်အညီ လိုက်လျောညီထွေလျက်ရှိသော နိုင်ငံများတွင် ဖုန်းကဒ်ကိုပုံစံအမျိုးစုံနှင့် ရောင်းချသော်လည်း အများစုမှာ အရင်က ပြည်တွင်း၌ ၀န်ဆောင်မှုပေးခဲ့သလိုမျိုး Billing စနစ် ဖြစ်သည်။
၎င်းစနစ်၌ ဥပမာ - ရက်သတ္တပတ် ၄ပတ် အချိန်ပေးပြီး အရှေ့လက အသုံးပြုထားသော ဆက်သွယ် ခေါ်ဆိုမှုများကို သွားရောက် ပေးဆောင် ရသည်။ ကောင်းကျိုးသည်ကား မိမိဖုန်း၏ ခေါ်ဆိုမှုကို ဖြတ်တောက်တော့ မည်ဟု ၄ပတ် ကြိုတင် သိရှိနေခြင်း ဖြစ်သည်။ အိမ်ကိုစာရောက်သည်။ ဘယ်လောက်ဖိုး အရှေ့လက အသုံးပြုခဲ့သလဲဘယ်သူတွေ ကို ခေါ်ဆိုခဲ့သလဲဆိုတာ လေ့လာ ဆုံးဖြတ် ပိုင်းခြား ပေးဆောင်နိုင် သည်။ ယခုအခါတွင် ပြောင်းလဲလာသည့် (Pre Paid) ကြိုတင်ငွေဖြည့်စနစ်သည် ကားထိုအရာများကို ဖျောက်ဖျက်လိုက်သလိုပင် ဖြစ်တော့၏။ အကောင်းဘက်က တွေးလျှင မိမိ ပိုက်ဆံ ဘယ်လောက် သုံးခဲ့သ လဲ ဆိုတာ လိုချင်တဲ့အချိန် ဖုန်းတစ်ချက် (*124#) ခေါ်ရုံဖြင့် သိရှိခွင့် ရပေမည်။ ကျန်သည့်ကိစ္စများအတွက်တော့ ဖုန်းရုံးကို သွားရပေဦးမည်။

ထိုကိစ္စများထက် အရေးကြီးသည်ကတော့ ဖုန်းကဒ် ကုန်ဆုံးသွား၍
ငွေဖြည့်ချင်သည့်အခါပင် ဖြစ်ပေသည်။ စဉ်းစားကြည့်လို့ရပါသည်။ ကားတစ်စီးကိုမောင်းနှင်သွားပြီး ဟိုင်းဝေးမှာ ဓာတ်ဆီဆိုင်မဲ့ နေရာတစ်ခုမှာ ဆီကုန်ခဲ့သည်ဆိုပါတော့အဖြစ်ချင်း တူပေမယ့် အသုံးပြုနေသူ မတူနိုင်ပါ။ ဆုံးဖြတ်နိုင်စွမ်းရှိသည့် ၁၈နှစ်အရွယ်ကားဆီကုန်ခဲ့လျှင် သူ ဘာဆက်လုပ်ကမလဲ သိ၏။ ၃နှစ်မှ ၁၀နှစ်အရွယ်ကလေး
ဖုန်းကဒ် ကုန်သွား၍ အရေးနဲ့ အကြောင်းနဲ့ မိဘကို ဖုန်းဆက်ချင်သည်ဆိုလျှင်ကားတစ်သောင်းတန်ကဒ် ၀ယ်ရလောက်အောင် (ဒါမှမဟုတ်) ကြိုတင်ငွေ သူ့အိတ်ထဲဆောင်ထားလောက်အောင် ပိုက်ဆံရှိမည်လော။ကားသည် လမ်းမပေါ်၌သာ မောင်းနှင်ခွင့်ရှိ၏။ မိုလ်ဘိုင်းဖုန်းသည်ကား နေရာတိုင်း၌သုံးနိုင်၏။ ထို့ထက် ပိုမြင်အောင် ပြောရလျှင် အခန်းတစ်ခုအတွင်း၌လည်း ပြောနိုင်၏။
ချောင်ချို ချောင်ခြားအတွင်း၌လည်း ပြောနိုင်၏။ လမ်းမပေါ် မဟုတ်ဘဲ မည်သူမှမသွားလာနိုင်သော မရှိနိုင်သော နေရာများတွင်လည်း ဖြစ်နိုင်၏။ ထို့ကြောင့်မိုလ်ဘိုင်းဆိုသည့် (Mobile) အင်္ဂလိပ်အဓိပ္ပာယ်ကား အလွယ်တကူကိုယ်နှင့်တစ်ပါးတည်းသယ်ဆောင်သွားလို့ရခြင်းပင် ဖြစ်သည်။ ထိုသို့ နေရာတိုင်း သယ်ယူသွားလာလို့ ရသော ပစ္စည်းတစ်ခုအတွက် လူတန်းစား မရွေး၊ အသက်အရွယ် မရွေးအသုံးပြုခွင့် အသုံးပြုနိုင်သင့်ပေသည် မဟုတ်လော။

နိဂုံးချူပ်ရလျှင် မိုလ်ဘိုင်းဖုန်းလို နည်းပညာမျိုးအတွက် Billingစနစ်ကို
မပယ်ဖျက်သင့်ပေ။ အသုံးပြုသူများမှလည်း ကြိုတင်ငွေ ဖြည့်စနစ်ကို ရုံးသွားရမှအလုပ်ရှုပ်တယ်ဆိုသည့် အကြောင်းပြချက် တစ်ခုတည်းနှင့်ပင် မပြောင်းလဲသင့်ပါပေ။လူတစ်ယောက်နှင့် တစ်ယောက် အသုံးပြုပုံ မတူညီပဲ ပုံစံ အမျိုးမျိုး ရှိသည့်အလျောက်ဖုန်းကဒ်အတွက် လိုအပ်သည့် ပေးသွင်းရ မည့် ငွေကြေးကိုလည်း ပုံစံ မျိုးစုံဖြင့်ပေးသွင်းခွင့် ဆက်လက် ရှိသင့်ပေသည်။ ထိုမှသာ ဘယ်အချိန်၊ ဘယ်နေရာ၊ဘာပဲဖြစ်ဖြစ် အရေးပေါ် ဆက် သွယ်နိုင်ဖို့ မိုလ်ဘိုင်းဆိုတဲ့ အဓိပ္ပာယ် အပြည့်အ၀ကို
ခံစားခွင့် ရမည်ဆိုတာကို တင်ပြလိုက်ရပါသည်။

Ref:Myanmar ICT

ထိုသုံးဦး Written by ဇေယျသူ


ထင်ရှားသော ခေါင်းဆောင်မှု သီအိုရ တစ်ရပ်အရ အဖြစ်အပျက် အပြောင်းအလဲ ကြီးကြီးမားမားများနှင့်အတူ ခေါင်းဆောင်များ ပေါ်ထွက် လာတတ်သည့် အတိုင်း မြန်မာ့သမိုင်းတွင် အပြောင်းအလဲ ထူးထူးခြားခြား ဖြစ်ပေါ်နေချိန် ယနေ့အခါ သမယတွင် ခေါင်းဆောင် သုံးဦး ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။ ထိုခေါင်းဆောင်သုံးဦး၏ ဥာဏ် အမြော်အမြင်၊ လုပ်ဆောင်ချက် များနှင့် သူတို့အကြား ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်မှုတို့သည် နိုင်ငံ၏ ပစ္စုပ္ပန် ကိုသာမက မဝေးလှသည့် အနာဂတ်၊ ခပ်ဝေးဝေး အနာဂတ်ကိုပါ ဖော်ဆောင် ပဲ့ကိုင်သွားလိမ့်မည်။

သမ္မတကြီး ဦးသိန်းစိန်


ယခင် အစိုးရလက်ထက်က ၀န်ကြီးချုပ် ဖြစ်ခဲ့သော ဦးသိန်းစိန် သမ္မတအဖြစ် တက်လာစ အချိန်တွင် စောင့်ကြည့်ရဦးမည် ဟူသော ထင်မြင်မှုများ ရှိခဲ့သော်လည်း လပိုင်းအကြာ၌ ရင်သပ် ရှုမောရသော ပြုပြင် ပြောင်းလဲရေးများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး နိုင်ငံတွင်း သာမက တစ်ကမ္ဘာလုံးက အသိအမှတ် ပြုရသော ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် အဖြစ် ပေါ်ထွက် လာခဲ့သည်။
ယိုင်တိုင်တိုင် စီးပွားရေးကို ထောင်မတ်ရန်၊ နိုင်ငံရေး စနစ်ကို ဗဟို ဦးစီးစနစ်မှ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရန်၊ ပြည်တွင်း ငြိမ်းချမ်းရေးမှသည် တစ်နိုင်ငံလုံး စည်းလုံး ညီညွတ်ရန်၊ နိုင်ငံတကာတွင် မြန်မာ့ ဂုဏ်သိက္ခာ တက်အောင် ဆောင်ရွက်ရန် တို့သည် မြန်မာနိုင်ငံကို ဦးသိန်းစိန် တစ်ပြိုင်တည်း ဦးဆောင် ချီတက်ရသည့် အဓိက ပန်းတိုင်များ ဖြစ်ပြီး တစ်ခုချင်းစီပင် ဖြစ်မြောက်အောင် လုပ်ဆောင်ရန် မလွယ်လှသည့် ရည်မှန်းချက် များဖြစ်သည်။
စွမ်းရည်မြင့် လူသား အရင်းအမြစ်များ ရှားပါးမှု၊ ရိုးသားခြင်း ကြိုးစားခြင်းတို့ကို တန်ဖိုး ထားသော်လည်း လက်တွေ့ ကျင့်သုံးမှု အားနည်းသော လူ့အဖွဲ့အစည်း၊ အားနည်းသော ၀န်ထမ်း အဖွဲ့အစည်း၊ ပြောင်းလိုသူနှင့် မပြောင်းလိုသူ၊ ပြောင်းနေမှန်း မသိသူတို့အကြား လွန်ဆွဲပွဲ စသော စိန်ခေါ်မှုကြီးများ ရှိနေသည့်ကြားမှ အထက်ပါ ပန်းတိုင်များသို့ ချီတက် ရသည်မှာ ဧရာမ တာဝန်ပင် ဖြစ်သော် လည်း နိုင်ငံအရွေ့ တစ်ခုသို့ အချိန်တို အတွင်း ရောက်ခဲ့သည်မှာ သမ္မတကြီး ဦးသိန်းစိန်၏ ခေါင်းဆောင်မှုနှင့် ဇွဲနပဲ တို့ကြောင့် ဖြစ်သည်။
ရိုးသားခြင်း၊ အခြားသူတို့ အမြင်ကို နားစိုက် ထောင်ခြင်း၊ ပြုပြင် ပြောင်းလဲရေး သန္နိဋ္ဌာန် မြင့်မားခြင်း တို့မှာ အများ အသိအမှတ် ပြုရသော ဦးသိန်းစိန်၏ ထူးခြားသည့် စရိုက် လက္ခဏာများ ဖြစ်ပြီး ပြည်တွင်းတွင်လည်း ယုံကြည် ကိုးစားခံရမှု အထူးပင် မြင့်တက် နေခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း


ယခင် အစိုးရ လက်ထက်က နံပါတ်သုံး နေရာတွင် ရှိခဲ့သော သူရဦးရွှေမန်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာသောကြောင့် ဘေးသို့ ရောက်သွားသည်ဟု ထင်မြင်သူ အချို့ ရှိခဲ့သော်လည်း ယင်းမှာ စနစ်သစ် တွင် လွှတ်တော်၏ ကြီးမားသော အခန်းကဏ္ဍကို အမှတ်တမဲ့ ဖြစ်နေသောကြောင့် ဖြစ်သည်။
အမေရိကန် ပြည်ထောင်စုတွင်လည်း ကျင့်သုံးသည့် သမ္မတ စနစ် တွင် အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် ဥပဒေပြုရေး မဏ္ဍိုင်တို့ အပြန်အလှန် ထိန်းညှိ ခြင်းဖြင့် ဒီမိုကရေစီကို ထိန်းသိမ်း ထားသလို နိုင်ငံကိုလည်း ချောမွေ့စွာ လည်ပတ်စေသည်။ အထူးသဖြင့် ဗဟို ဦးစီးစနစ်မှ ကူးပြောင်းစ နိုင်ငံတို့တွင် အုပ်ချုပ်ရေး မဏ္ဍိုင်မှာ အားကောင်းမြဲ ဖြစ်သည့်အတွက် လွှတ်တော်ပါ လိုက်ပါ အားကောင်းလာမှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ရည်ရွယ်သည့် အပြန်အလှန်ထိန်းညှိခြင်း ( Checks and Balance) အထ မြောက်မည်။ ထိုသို့ အထမြောက်မှသာ သမ္မတစနစ် အသက်ဝင် ကာ ဒီမိုကရေစီ ခိုင်မာ အားကောင်း လာမည်။
သမ္မတ စနစ်၏ လွှတ်တော်ကဲ့သို့ လွှတ်တော်မျိုး မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးချိန်မှ စကာ မပေါ်ဖူး သေးခြင်း၊ မြန်မာနိုင်ငံ ၏ ဥပဒေ အများအပြားမှာ အိုမင်း ဟောင်းနွမ်း ခေတ်မမီခြင်းကြောင့် ပြင်ဆင် အသစ်ရေးဆွဲရန် လိုခြင်းတို့ကြောင့် လွှတ်တော် အသက်ဝင်ရန် လိုအပ်ခြင်း ဖြစ်သည်။ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ရဲရဲဝံ့ဝံ့ ဆောင်ရွက်ကြရန် အစဉ်တစိုက် ဆော်သြခဲ့ သလို အခြေအနေ ကောင်းများ ဖန်တီးပေးခဲ့သောကြောင့် လွှတ်တော် ကိုယ်စားလှယ် များ တစတစ ပြောရဲဆိုရဲ ရှိလာကာ လွှတ်တော် စတင် အသက်ဝင် လာခဲ့သည်။ ယခုနောက်ပိုင်းလွှတ်တော် အရှိန် ရလာချိန် အရေးပါသော အချိုးအကွေ့များတွင်လည်း ဦးရွှေမန်း၏ ခေါင်းဆောင်မှုမှာ အရာရောက် ခဲ့သောကြောင့် သူသည်လည်း ပြုပြင်ပြောင်းလဲရေး ထိပ်တန်း ခေါင်းဆောင် ( Reformist Figure) အဖြစ် အသိအမှတ် ပြုခံလာရသည်။


ဒေါ်အောင်ဆန်းစုကြည်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား နောက်ပိုင်းတွင် အကျော်ကြားဆုံးသော နိုင်ငံတကာ ခေါင်းဆောင်နေရာကို ရရှိထားခဲ့သည့် ပုဂ္ဂိုလ်ဖြစ်သည်။ မြန်မာ့ အရေးနှင့် ပတ်သက်သည့် သူ၏အမြင်၊ အတွေးတို့သည် နိုင်ငံတကာ အသိုက်အ၀န်း၊ အထူးသဖြင့် စက်မှုအင်အားကြီး နိုင်ငံတို့ကို သြဇာ လွှမ်းမိုးသည်။ ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တစ်နေရာမှ လွဲလျှင် နေရာ အားလုံးရရှိကာ အောင်ပွဲ ခံနိုင်ခဲ့ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏အား အဓိက (Aung San Suu Kyi Factor) ဟု မြန်မာ့နိုင်ငံရေး သုတေသီများက အကဲဖြတ် ခဲ့သည်အထိ ပြည်တွင်း တွင်လည်း ထောက်ခံမှု အားကောင်းခဲ့သည်။
မူလက အလုပ်သဘော နိုင်ငံရေး ဖြစ်စဉ် (Formal Political Process) တွင် မပါဝင်ဘဲ ရှိနေခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် သည် ရွေးကောက်ပွဲ အနိုင်ရကာ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာ ချိန်တွင် ထိုဖြစ်စဉ် ထဲသို့ ၀င်ရောက်လာခဲ့ပြီး ယင်းဖြစ်ရပ်တစ်ခု တည်းကပင် မြန်မာ့နိုင်ငံရေး မျက်နှာစာ၏ အလှည့်အပြောင်း တစ်ရပ် ဖြစ်လာခဲ့သည်။ ရွေးကောက်ပွဲ ရလဒ်အရ လွှတ်တော် အတွင်းတွင် ဒုတိယနေရာ အများဆုံးရ ပါတီ၏ ခေါင်းဆောင် ဖြစ်လာခဲ့သလို လွှတ်တော်ကော်မတီ တစ်ရပ်၏ ဥက္ကဋ္ဌလည်းဖြစ်လာ ခဲ့သည်။ လွှတ်တော်တွင်း ဒေါ်အောင်ဆန်းစုကြည် ၀င်ချိန်မှ စကာ လွှတ်တော်ကို ပြည်သူလူထု စိတ်ဝင်စားခြင်း ပိုမို မြင့်တက်လာပြီး မြန်မာ့လွှတ်တော်သည် ကမ္ဘာ့ လွှတ်တော်များ အနက် နိုင်ငံတကာ စိတ်ဝင်စားခြင်း အခံရဆုံး လွှတ်တော် တစ်ရပ်ဖြစ်လာသည်။

သုံးဦးသုံးဖလှယ်


မြန်မာနိုင်ငံတွင် Democratic Institutions(ဒီမိုကရေစီ အစဉ် အလာ၊ လုပ်ထုံးလုပ်နည်း၊ အဖွဲ့အစည်းများ) ဖြစ်တည်စ ရှိနေသေး သောကြောင့် ပုဂ္ဂိုလ် (Individual ) ကို အခြေပြု နေရသေးပေရာ မြန်မာ့ ပြုပြင် ပြောင်းလဲရေးသည် ခေါင်းဆောင်များ အပေါ်တွင်သာ မူတည်နေ ရဦးမည်။ သက်တမ်းရ လာသည် နှင့်အမျှ Institutions များ ပုံပေါ်လာသည့် အချိန်တွင်မူ မည်သူတက်တက် ထို Institutions များအတိုင်း လိုက်ပါ လုပ်ဆောင်ခြင်းဖြင့် နိုင်ငံကို ရှေ့သို့ တွန်းနိုင်မည်။ ထို့ကြောင့် ခေါင်းဆောင်သုံးဦး တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေးသည် Institutions များ ပုံပေါ်လာရေး၊ ထိုမှတစ်ဆင့် အနာဂတ် နိုင်ငံတော်တို့အတွက် များစွာ အဓိကကျသည်။
သမ္မတကြီး ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦးလုံးသည် သူတို့၏ ဆိုင်ရာ ဆိုင်ရာ အရေးကြီး အခန်းကဏ္ဍ များကို ပါဝင်ထမ်းဆောင်ခြင်းဖြင့် ပြုပြင် ပြောင်းလဲရေးတွင် ရှေ့ဆုံးမှ ပါဝင်နေကြသူများ ဖြစ်သည် (Role Play)။ ယင်းတို့၏ တာဝန်များသည် စနစ်သစ်၏ သဘောအရ အချို့ နေရာများတွင် အပြိုင်အဆိုင် (Competitive) ဖြစ်သကဲ့သို့ မြင်ရသော် လည်း အမှန်တကယ်တွင် စနစ် အောင်မြင်စွာ လည်ပတ်စေရန် အပြန် အလှန် အားဖြည့် ကူညီရေး (Competitive) ပင်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ ပထမဦးဆုံး အကြိမ် တွေ့ဆုံ အပြီးတွင် ပြည်တွင်း ရင်ကြားစေ့ရေး အခန်းသစ် ဖွင့်လှစ်နိုင်ခဲ့ ကာ ပြုပြင် ပြောင်းလဲရေးများ ပို အရှိန်မြန်လာသလို နိုင်ငံတကာ ပံ့ပိုးမှုများ ရောက်ရှိ လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင် နိုင်ခဲ့ခြင်း၊ ၀င်ခဲ့ခြင်း၊ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခြင်း တို့မှာ ယင်းတို့နှစ်ဦး တွေ့ဆုံခြင်းမှ အစပျိုးခဲ့ပြီး တစ်ဦးနှင့် တစ်ဦး အပြန်အလှန် လေးစားမှု ပြသခဲ့သည်။
ကျရာ တာဝန်တို့ကို ထမ်းဆောင်ရာတွင် အပြန်အလှန် ထိန်းညှိ ကြသည့် အုပ်ချုပ်ရေး မဏ္ဍိုင် အစိုးရနှင့် ဥပဒေပြုရေး မဏ္ဍိုင်တို့ကို ကိုယ်စားပြုထားသည့် လွှတ်တော်တို့အကြား ပွတ်တိုက်မှု ရှိမည်မှာ ဓမ္မတာ ဖြစ်သော်လည်း ဓမ္မတာကို ကျော်လွန် မသွားစေရန် မဏ္ဍိုင်နှစ်ရပ် ကိုယ်စားပြု သမ္မတကြီး ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း တို့ကို ယခင် အစိုးရ လက်ထက်က လက်တွဲ လုပ်ကိုင်ခဲ့သည့် ဆက်ဆံရေး က အကူအညီ ပေးသည်။
ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သည်လည်း ယခု လွှတ်တော်တွင်းတွင် လွှတ်တော် ကိုယ်စားလှယ် များအဖြစ် အတူတကွ လက်တွဲ အလုပ်လုပ်နေပြီး ဒေါ်အောင်ဆန်းစုကြည် အားသန်သည့် တရား ဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ နိုင်ရန် ဦးရွှေမန်းက လမ်းခင်း ပေးခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ကလည်း လက်ခံခဲ့သည်။

ကိုယ်တိုင် အသွင်ကူးပြောင်း


နိုင်ငံအသွင် ကူးပြောင်းရေးကို ဦးဆောင် နေသည့် ယင်းတို့ သုံးဦး ကိုယ်တိုင်သည်လည်း အသွင် ကူးပြောင်းရေး ကာလကို ဖြတ်ကျော် နေရ သည်။ ဦးသိန်းစိန်သည် ယခင် အစိုးရ လက်ထက်က ၀န်ကြီးချုပ်ဖြစ် ခဲ့ပြီး ဆုံးဖြတ်ချက်များကို အကောင်အထည် ဖော်သည့် နေရာ (Manager) မှ တာဝန် ယူခဲ့သော်လည်း ယခုအချိန်တွင် သမ္မတ အဖြစ် ပန်းတိုင် အပါအ၀င် အဓိက ဆုံးဖြတ်ချက်များကို ချမှတ်သလို အကောင်အထည် ဖော်သည့်နေရာ (Leader + Manager) ကို ယူနေရသည်။
ဦးရွှေမန်း သည် ယခင် အစိုးရ လက်ထက်က အုပ်ချုပ်ရေးတွင် ထိပ်တန်း နေရာမှ ပါခဲ့ပြီး ယခုအချိန်တွင် အုပ်ချုပ်ရေး မဏ္ဍိုင်ကို ထိန်းညှိမည့် ဥပဒေပြု ရေး မဏ္ဍိုင်ကို ဦးဆောင်နေရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယခင်က မူဝါဒ ချမှတ်ရေး ဖြစ်စဉ်တွင် မပါခဲ့သော်လည်း ယခုအချိန် တွင် လွှတ်တော် ကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ လွှတ်တော်တွင်း ဒုတိယ အင်အား အကြီးဆုံး ပါတီ၏ ခေါင်းဆောင်အဖြစ် လည်းကောင်း မူဝါဒ ချမှတ်ရေး ဖြစ်စဉ်တွင် ပါဝင် ပတ်သက်နေသည်။
စနစ်သစ် တည်ဆောက်စ အရေးကြီး ကာလတွင် ထိုပုဂ္ဂိုလ်ကြီး သုံးဦး၏ အခန်းကဏ္ဍမှာ ယင်းတို့အကြား ပူးပေါင်း ဆောင်ရွက် ခြင်း၊ အပြန်အလှန် ထိန်းညှိခြင်းဖြင့် ယင်းတို့သုံးဦး မျက်နှာလွှဲ သွားချိန်၊ အနားယူသွားချိန်တွင် ဆက်လက် တည်ရှိနေမည့် ကြာရှည်ခံ နိုင်ငံတော်သစ် တည်ဆောက်ရေး၊ ဒီမိုကရေစီ ယဉ်ကျေးမှု တည်ဆောက်ရေး၊ နောင်လာနောက်သားများအား အစဉ်အလာ ကောင်းများ အမွေပေးခဲ့ရေးတို့ ဖြစ်သည်။

Ref:The Voice

Friday, August 24, 2012

ပြည်ထောင်စုလွှတ်တော်၊ နာယကထံသို့ ပေးပို့သော နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာ ဆိုင်ရာ ရှင်းလင်းတင်ပြချက်(သမ္မတရုံးအဆင့်မြင့် အရာရှိတစ်ဦး၏ Facebook စာမျက်နှာမှဖော်ပြထားခြင်းဖြစ်သည်)


၁။       နိုင်ငံတော်သမ္မတကြီး၏ ရပ်တည်ချက်သဘောထားမှာ UNHCR မဟာ မင်းကြီးနှင့် တွေ့ဆုံစဉ် ပြောကြားချက်များတွင် အတိအလင်း ပါဝင်ခဲ့ပြီး ဖြစ်ပါသည်။ ယင်းသဘောထားနှင့်စပ်လျဉ်း၍လည်း မိဘပြည်သူများ အားလုံးက တစ်ခဲနက် ထောက်ခံမှု ပေးထားပြီး ဖြစ်ပါသည်။

၂။        နိုင်ငံတော်သမ္မတကြီး၏ သ၀ဏ်လွှာတွင် (၂)ပိုင်း ပါရှိပါသည်။
အပိုင်း(၁)မှာ နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ရေးသားပေးပို့သော  သ၀ဏ်လွှာ  ဖြစ်ပါသည်။ [ စာပိုဒ်(၁)မှ စာပိုဒ်(၆)အထိ စာမျက်နှာ (၃)မျက်နှာ ပါဝင်ပါသည်။]

၃။       အပိုင်း(၂)မှာ "ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်း" ဖြစ်ပါသည်။ [ ယင်းသတင်းသုံးသပ်ချက်မှတ်တမ်းမှာ ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပသတင်းဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများ စသည်တို့၏ သတင်းများကို စုစည်းထုတ်နှုတ်ထားသည့် နိုင်ငံတော်သမ္မတထံ တင်ပြချက် သာ ဖြစ်ပါသည်။]

၎။      နိုင်ငံတော်သမ္မတ၏ ရည်ရွယ်ချက်မှာ အဆိုပါ ဘက်ပေါင်းစုံ သဘောထား အမြင်များ ကွဲပြားမှုများ ရှိနေပြီး ဆက်စပ်နေသည့် ဌာန၊ အဖွဲ့ အစည်းများ၏ ထင်မြင်ယူဆချက်များ၊ ဖော်ပြနေသော သတင်းများ၊ သုံးသပ်ချက်များမှာ တိကျမှန်ကန်သော ဖြေရှင်းချက် မဟုတ် ဟူ၍ နိုင်ငံတော် သမ္မတကြီးက လက်ခံထားပါသည်။ ယင်းသုံးသပ်ချက်များသည် နိုင်ငံတော်သမ္မတ၏ သုံးသပ်ချက် မဟုတ်ပါ။ တင်ပြလာသော သတင်းများအပေါ် အဖွဲ့အစည်းအမျိုးမျိုး၏ သုံးသပ်တင်ပြချက်များသာ ဖြစ်ပါသည်။ သုံးသပ်ချက်များမှာလည်း ၀ိဝါဒ ကွဲပြားစရာ အငြင်းပွားဖွယ်ရာများ ပါဝင်နေသလို မဆုံးနိုင်သော စွပ်စွဲမှုများ ပါရှိနေပါသည်။

၅။        ထို့ကြောင့်လည်း နိုင်ငံတော်သမ္မတသည် ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ လွတ်လပ်ပြီး တရားမျှတကာ ဘက်လိုက်မှု ကင်းရှင်းသော လေ့လာသုံးသပ်ချက် တစ်ရပ် ထွက်ပေါ် လာစေရန် ရည်ရွယ်၍ (၁၇-၈-၂၀၁၂)ရက်စွဲပါ နိုင်ငံတော်သမ္မတရုံး၏ အမိန့် ကြော်ငြာစာ (အမှတ်၊ ၅၈။၂၀၁၂) ဖြင့် သီးခြားလွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးခြင်း ဖြစ်ပါသည်။ ယင်းကော်မရှင်၏ လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်များကို အခြေပြု၍ လက်တွေ့ကျသော အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ဆောင်ရွက်သွားရန် ဖြစ်ပါသည်။ ဘက်ပေါင်းစုံမှ အမျိုးမျိုး ဖြစ်ပေါ်နေသော အဆိုပါ စွပ်စွဲပြောကြားချက်များသည် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်လာချိန်တွင် ရှင်းလင်းစွာ သိမြင်လာစေမည် ဖြစ်ပါသည်။

၆။     "ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်း"  သည် နိုင်ငံတော်သမ္မတထံ တင်ပြလာသော သတင်းသုံးသပ်ချက်များသာ ဖြစ်ပြီး သ၀ဏ်လွှာ မဟုတ်ပါ။ နိုင်ငံတော်သမ္မတက ပေးပို့သောသ၀ဏ်လွှာမှာ စာပိုဒ်(၁)မှ (၆)အထိ ပါဝင်သော ဖော်ပြချက်များသာ ဖြစ်ပါသည်။

၇။     နိုင်ငံတော်သမ္မတကြီးသည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာ စောင့်သိရိုသေပြီး ပြည်ထောင်စုမပြုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ရန် ကတိသစ္စာ ပြုထားသည်နှင့်အညီ မိမိနိုင်ငံတော်နှင့် မိမိနိုင်ငံသား(အထူးသဖြင့် ဇာတိနိုင်ငံသား)တို့၏ အကျိုးကို သယ်ပိုးဆောင်ရွက်လျက် ရှိပါကြောင်း လေးစားစွာဖြင့် အသိပေး အပ်ပါသည်။

လွှတ်တော်သည် ကိုယ်ပိုင်အကျိုးစီးပွားရှေ့တန်းတင် ပြောရမည့်နေရာမဟုတ်ပါ(Written By ဘိုးလှိုင်)


(ဒီဆောင်းပါးအတွက် Hot News (16-22 Aug 2012) စာမျက်နှာ ၁၆ကို ရည်ညွန်း ပါတယ်။)
လွှတ်တော်ကြီးက “တောင့်တောင့်  ကြီးဖြစ်နေတယ်” ဆိုတဲ့ ပြောသံကို ကျွန်တော်သတိပြုမိလိုက်တယ်။ ကိုယ်တိုင်  လွှတ်တော်အနားမသီဘူးတဲ့အတွက် ကိုယ်တွေ့မျက်မြင်မဟုတ်သော်လည်း၊ ပြောကြဆိုကြတာတွေက သွက်သွက်လက်  လက်ရှိပုံမရ၊ ဒက်ကနဲ၊ ချက်ကနဲ အချက် ကျကျပြောတာရှိမှရှိလေစ။ ကျွန်တော် သံသယဖြစ်မိတယ်။ အထူးသဖြင့် ကိုယ်စားလှယ်တစ်ယောက်ပြောတာသိသိ သာသာလွဲချော်နေပြီ၊ တိုင်းပြည်ရဲ့ အကျိုးစီးပွားနှင့် ဆန့်ကျင်နေပြီဆိုလျှင် တော့ သူပြောနေဆဲမှာပဲ၊ ကြားဖြတ်ပြီး ၀င်ထောက်သင့်တယ်။  Intenrupt လုပ် တယ်လို့ ဗြိတိသျှလွှတ်တော်မှာ သုံးနှုန်း ပါတယ်။
တစ်ယောက်ပြောနေဆဲ အခြား တစ်ယောက်ဝင်ထောက်သင့်ပါသလား။ ယေဘူယျပြောရရင်တော့ရှောင်သွားသင့် တယ်။ သူပြောတာ ဂရုစိုက်နားထောင် သင့်တယ်။ စည်းကမ်းပြည့်ဝသောဒီမိုကရေစီ စနစ်မှာ လွှတ်တော်ကိုယ်စားလှယ်များ စည်းနဲ့ကမ်းနဲ့ ပြောဆိုရမှာပါ။
သို့သော်ပုဂ်္ဂိုလ်တစ်ယောက်ကပြော  တဲ့အခါ နိုင်ငံအကျိုးနှင့် မဆိုင်တာပြော တယ်၊ သူပြောတာအကြောင်းအရာသိပ် လွဲနေတယ်ဆိုလျှင်တော့ စည်းကမ်းဖောက်  နေပြီ။ တစ်ယောက်ယောက်က ၀င်ထောက်  မှတော်ပါလိမ့်မယ်။ တည့်မတ်ပေးဖို့လိုပါ တယ်။ လွှတ်တော်ကိုယ်စားလှယ်များ အချင်းချင်းထိန်းပေးဖို့ (Check and Balance) တာဝန်ရှိပါတယ်။
ခုတော့ လွှတ်တော်နှစ်ရပ်လုံးမှာ မပြောသင့်တာတွေပြောတာကို ဖတ်ရပါ  တယ်။ လွဲချော်နေတဲ့၊ မှားယွင်းနေတဲ့ အချက်အလက်ကိုပြောတာလည်း ဖတ်ရ ပါတယ်။ ပြင်ပေးမယ့်လူ၊ထောက်မယ့် လူရှိပုံ မရဘူးထင်ရပါတယ်။
ပြောစရာဥပမာဟောဒီမှာ
“အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လွှတ်တော်အမတ်များ ငိုက်မနေကြရန် သတိပေး” ခေါင်းစဉ်နဲ့ Hot News စာမျက် နှာ ၁၆ မှာ ပြောတဲ့အတိုင်း (တချို့အပိုင်း) ပြည့်ပြည့်စုံစုံသတင်းပေးထားတာဖတ်ရပါ တယ်။ Hot news  အယ်ဒီတာနှင့် အဖွဲ့  ကို အလွန်ကျေးဇူးတင်ပါတယ်။
အဲဒီသတင်းမှာ ဥက္ကဋ္ဌနှင့် လွှတ်တော်  ကိုယ်စားလှယ်တစ်ဦးအပြန်အလှန်ပြော တဲ့စကားကို ကြားဖြတ်ဝင်ပြော(Intenrput) ပြီး ကန့်ကွက်မည့်သူမပေါ်ခဲ့လို့ ကျွန်တော်အားမလိုအားမရဖြစ်မိတာပါ။ (သတင်းမှာ ကိုယ်စားလှယ်ရဲ့နာမည် ဖော်ပြထားသော်လည်း၊ အများသိပြီးတဲ့ အတွက် ကျွန်တော်နာမည်မထည့်တော့ ပါဘူး။) ဆွေးနွေးတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌခလုတ်နှိပ်မဲခွဲဆုံးဖြတ်  ခိုင်းရာမှာတော့ ဆုံးဖြတ်ချက်က ဖြစ်သင့် တဲ့အတိုင်းဖြစ်သွားတာတွေ့ရလို့ ကိုယ်စား  လှယ်များကို ကျေနပ်ပါတယ်။
ဆွေးနွေးတာက အလုပ်ရှင်အလုပ် သမားဥပဒေနဲ့ ဆိုင်ပါတယ်။တစ်နေရာ မှာ ဥက္ကဋ္ဌမှ ပြောပုံက ဒီလိုပါ
ဥက္ကဋ္ဌ- ပြန်ဖတ်ပြမယ်၊ ပြန်ဖတ်ပြမယ်။ လွှတ်တော်အမတ်တွေ ငိုက်မနေကြပါနဲ့ ငိုက်နေတော့ ဘာမှမသိသလိုဖြစ်နေမယ် အစချီကာပြောလေ ပြောလေ။
လွှတ်တော်ကိုယ်စားလှယ်- ကျွန်တော် တို့က စီးပွားရေးသမားတစ်ယောက်ဆိုတော့။
ဥက္ကဋ္ဌ- ဘယ်လောက်ချသင့်သလဲ။
လွှတ်တော်ကိုယ်စားလှယ်- ငွေဒဏ်ပဲချ သင့်တယ်။
ဥက္ကဋ္ဌ- ထောင်ဒဏ်မပါဘူးပေါ့။
ဆက်လက်ပြောဆိုတာကို Hot News Journal  က ဖော်ပြပါတယ်။ သို့သော် ဒီမျှ နဲ့ပဲ ကျွန်တော်ဆွေးနွေးစရာစကားပါသွား ပါပြီ။
ဝေဖန်ရလျှင်
လွှတ်တော်ကိုယ်စားလှယ်က   ““ကျွန်တော်တို့က စီးပွားရေးသမားဆိုတော့”” ဆိုတဲ့ စကားက အတော်မဆီလျော်ဖြစ် တယ်ခင်ဗျ။ အောက်ခြေလွတ်နေတယ်။ ဘ၀မေ့နေတယ်ဆိုတာ ထင်ရှားပါတယ်။
လွှတ်တော်ထဲမှာ ပြောခွင့်ဆိုခွင့်ရ တာ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ရတဲ့အခွင့်အရေးဖြစ်ပါတယ်။ ပြည်သူ တွေက ရွေးကောက်တင်မြှောက်လို့၊ ပြည်သူကို ကိုယ်စားပြုသော သူပဲဖြစ်ရ ပါမယ်။ ပြည်သူကို ကိုယ်စားပြုပြောဖို့ စေလွှတ်ခံရသူဖြစ်လို့ လွှတ်တော်တွင် ပြောဆိုရန် ကိုယ်စားလှယ်လို့ (ရာထူး) အမည်တပ်ထားတာ ရှင်းပါတယ်။
ယခုပြောတဲ့လွှတ်တော်ကိုယ်စားလှယ် ကြီးက သူဟာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့အကြောင်းမေ့သွားတယ်ဗျ။ ““ကျွန် တော်တို့က စီးပွားရေးသမားတစ်ယောက် ဆိုတော့”” တဲ့။ လွှတ်တော်ထဲမှာ ပြော ဆိုဖို့ ဘယ်စီးပွားရေးသမားကိုမှ အခွင့် ပေးမထားပါဘူးခင်ဗျာ။ လွှတ်တော်ကိုယ် စားလှယ်ဘ၀ကို မေ့တာပေါ်လွင်ပါတယ်။
စည်းကမ်းပျက်တယ်
လွှတ်တော်ကိုယ်စားလှယ်တစ် ယောက်ကိုယ်စားပြုတဲ့ ပြည်သူတွေထဲ မှာ လယ်သမား၊ အလုပ်သမား၊ စီးပွား ရေးသမား၊ ကုန်သည်၊ ပွဲစား၊ ကျောင်း သား၊ ကလေး၊ သက်ကြီးရွယ်အိုစတဲ့ လူ တန်းစားအစုံပါဝင်ပါတယ်။ ကိုယ်စား လှယ်က သူတို့အားလုံးရဲ့ အကျိုးစီးပွား ကို ဦးထိပ်ထားဆွေးနွေးရန် တာဝန်ရှိပါ တယ်။
ယခုေုတာ့ ““ကျွန်တော်တို့က စီးပွား ရေးသမားတစ်ယောက်ဆိုတော့””လို့ စကားခံပြီးပြောတဲ့အတွက် စည်းကမ်း ပျက်တယ်လို့ ကျွန်တော်ယူဆပါတယ်။
ဘာလို့အဲဒီစကားကိုမကန့်ကွက်ကြတာလဲ
လွှတ်တော်ဥက္ကဋ္ဌပြောစကားတွေ ကြည့်ရတာတော့ ပြောသင့်ပြောထိုက် တာတွေပါပါတယ်။ ““ငိုက်မနေကြနဲ့”” စသည်။
““ကျွန်တော်တို့က စီးပွားရေးသမား တစ်ယောက်ဆိုတော့””ဆိုတဲ့ အသံထွက် လာတဲ့အခါမျိုးမှာ ရှေးဒီမိုကရေစီလွှတ် တော် (၁၉၄၈-၆၂)ထဲမှာသာ ဖြစ်ခဲ့လျှင်  တော့ လွှတ်တော်အမတ်တစ်ယောက် ယောက်က ဒီလိုကြားဖြတ်တောက်မှာ သေချာတယ်။
““ဥက္ကဋ္ဌကြီးခင်ဗျာ။ လွှတ်တော် အမတ်မင်းက သူ့ကိုယ်သူဘ၀မေ့ပြီး ကျွန်တော်တို့က စီးပွားရေးသမားတစ် ယောက်ဆိုတော့လို့ ပြောနေပါပြီ။ ဘ၀ မေ့ပြီးပြောနေတာ ဥက္ကဋ္ဌကြီးတားမြစ်ပေး ပါ။””
အခြားသူများကပါ တစ်ယောက် တစ်ပေါက် ၀င်ပြောကြပါလိ့မ်မယ်။ လက်ခုပ်သြဘာသံလည်း ထွက်မှာပဲ။
သောသောညံသွားလျှင်တော့ ဥက္ကဋ္ဌက ငြိမ်ကြပါ(သို့)စည်းကမ်းရှိကြပါ လို့ပြောပြီး ငြိမ်ခိုင်းမယ်။ စည်းကမ်းထိန်း ပေးလိမ့်မယ်။
လွတ်လပ်ရေးခေတ်ဦး လွှတ်တော် မှတ် သားဖွယ်များ
လွတ်လပ်ပြီးစ လွှတ်တော်မှာ အချီ အချ၊ အပြန်အလှန်ပြောစကားတွေရှိပါ တယ်။ အဲဒီခေတ်သတင်းစာတွေက မှတ် တမ်းတင်ထားပါတယ်။ လွှတ်တော်မှတ် တမ်းစာအုပ်ကြီးတွေမှာလည်း အပြည့် အစုံမှတ်တမ်းတင်ထားပါတယ်။ ပြည်သူ လူထုဗဟုသုတအတွက် စာနယ်ဇင်းများ က သုတေသနလုပ်ပြီး တတ်နိုင်သမျှ ဖော်ပြလျှင် သိပ်တန်ဖိုးရှိပါလိမ့်မယ်။
ကျွန်တော်မှတ်မိတာကလေးတစ်ခု ကဒီလိုပါ။
အမတ်တစ်ယောက်က ၀န်ကြီးချုပ် ဦးနုကို အမျိုးမျိုးဝေဖန်စကားပြောပြီး ““၀န်ကြီးချုပ်ပေးတဲ့ ကတိတည်ဖို့လိုပါ တယ်””လို့ ပြောတဲ့အခါမှာ ဦးနုက ““အမတ်မင်းလိုပုဂ်္ဂိုလ်မပြောပါနှင့်၊ ကျွန် တော့်ကို အတိုက်အခံလုပ်နေတဲ့ ထိပ် တန်းခေါင်းဆောင်တွေကတောင် ကျွန် တော်ရဲ့ ကိုယ့်ကျင့်သိက္ခာကို မပုတ်ခတ်ရဲ ပါဘူး။ စံရှားတင်ဘယ်မှာလဲလို့ တစ်ခါ မေးခွန်းထုတ်တာပဲ ခံရဖူးပါတယ်””လို့ ဖြေ တော့ လွှတ်တော်က တ၀ါးဝါးဖြစ်သွားပါ သတဲ့။
အဲဒီခေတ်လွှတ်တော်ထဲမှာ အပြန် အလှန်ဝေဖန်တာ၊ ကြားဖြတ်ဝင်ပြောရာ မှာ နာမည်ရသူတွေ အတော်များများ ရှိပါတယ်။ ဦးသိန်းဖေမြင့်၊ ၀ိဓူရသခင် ချစ်မောင် စသည်တို့ပါပဲ။ ရုပ်ရှင်မင်းသမီး ဒေါ်စံရှားတင်နဲ့ ဦးနုကို သမုတ်ကြတဲ့ စကားကို ရည်ညွှန်းပြီးပြောတာဖြစ်တယ်။ လွှတ်တော်ထဲမှာ ဦးနုက အဲဒီလို ပြော လိုက်တော့ စံရှားတင်က ““ကာယကံရှင် က သူ့သိက္ခာရှင်းလို့ ဒီလိုပြောရဲတာပေါ့”” လို့ မှတ်ချက်ချပါသတဲ့။ အဲဒီခေတ် သတင်းစာမှာ ဖတ်ရပါတယ်။
တစ်ခါမှာတော့
ဗိုလ်ချုပ်နေ၀င်း- အဲဒီအချိန်တုန်း က ကျွန်တော်တို့တောင် ပြန်ပေးဆွဲပြီး အတင်းအာဏာသိမ်းခိုင်းဖို့ စီစဉ်ကြလို့ ကျွန်တော်လုံခြုံရာမှာ ပုန်းနေခဲ့ရတယ်။ အဲဒီထဲ ဦးသိန်းဖေမြင့်ပါပါတယ်။
ဦးသိန်းဖေမြင့်- ကျွန်တော်ယခု လိမ္မာနေ ပါပြီခင်ဗျာ။ (ပြောစကား အတိအကျ မဟုတ်ပါ။ ကျွန်တော်မှတ်သားမိသမျှကို အဓိပ္ပာယ်ပေါ်အောင် ပြန်ရေးတာပါ။
ဗြိတိသျှပါလီမန်မှာ ဒီဘိတ်
ဗြိတိသျှပါလီမန်ကို ကမ္ဘာ့ သက်တမ်းအရင့်ဆုံး ပါလီမန်အဖြစ် အသိအမှတ်ပြုပြီး အခြားနိုင်ငံများက လည်း အတုယူကြပါတယ်။ အပတ်စဉ် ၀န်ကြီးချုပ်ကို အမတ်များက မေးခွန်း ထုတ်တဲ့ Prime Minister’s Question Time မှာဆိုရင် အတိုက်အခံတွေက ပိတ်သာလေးနဲ့ နံဘေးပြန်ထုတာပဲ။
Interruption တွေလုပ်လွန်းလို့ ဆူဆူညံညံဖြစ်တဲ့အခါ ဥက္ကဋ္ဌက Ordre, order လို့ပြောရတယ်။ ဒီနေရာမှာ order  (အော်ဒါ)က အမိန့်မဟုတ်ပါ။ စည်း ကမ်းရှိကြပါလို့ အဓိပ္ပာယ်ရပါတယ်။
သမိုင်းတွင်တဲ့ Interruption
ဒုတိယကမ္ဘာစစ်စောစောပိုင်း (၁၉၄၀ပြည့်နှစ်ထဲ)မှာ ဗြိတိန်စစ်ရေး အခြေအနေဖြစ်နေတယ်။ ဂျာမန်တွေ အောင်ပွဲတွေရ၊ ဥရောပသိမ်းထားတယ်။ ကမ္ဘာမှာ ပြိုင်ဘက်မရှိလို့ ယူဆထားတဲ့ Royal Navy လည်း သိပ်မဟန်လှဘူး။ နော်ဝေးဘက်မှာဖြစ်တဲ့ Narvik battle မှာ အတော်အခြေအနေဆိုးတယ်။ ဒီတော့ စစ်ရေးအခြေအနေကို အောက်လွှတ် တော် (House of Commons) မှာ ၁၉၄၀ ပြည့် မေလ(၇)ရက်မှ (၈)ရက်အထိ အခြေအတင် (debate) ပြောကြတယ်။ ၀န်ကြီးချုပ်ချိန်ဘာလိန်က ဒီဘိတ်ဖွင့် မိန့်ခွန်းပြောပြီး ဝေဖန်ကြတာ တစ် ယောက်တစ်ပေါက်။ ဥက္ကဋ္ဌကြီးက အော် ဒါအော်ဒါနဲ့ ခဏခဏ ငြိမ်ခိုင်းရတယ်။
ပြောကြသူတွေအတော်များပါတယ်။  ရေတပ်ဦးစီးချုပ်(ငြိမ်း)ကလွှတ်တော်အ မတ်ဖြစ်ပြီးစ မကြာသေးဘူး။ Sir Roger Keyes က““နယ်လဆင် ကပြောခဲ့တယ် ခင်ဗျ”” “သတ်္တိအရှိဆုံးခြေလှမ်းဟာ၊အန္တရာယ်အကင်းဆုံးလို့ ကျွန်တော်ထင်တာပဲ”  တဲ့။အဲဒီ စကား ဒီကနေ့အတွက်လည်း မှန်ကန်နေဆဲပါခင်ဗျာ”” လို့ပြောလိုက် တယ်။ တွန့်ဆုတ် တွန့်ဆုတ်မလုပ်နဲ့ ရဲရဲချလို့ အဓိပ္ပာယ်ရတဲ့စကားမို့ လွှတ် တော်က လက်ခုပ်သြဘာပေးတယ်လို့ မှတ်တမ်းရှိပါတယ်။
နောက်ဆုံးမမေ့နိုင်တဲ့ စကားကိုပြော  သူက အတိုက်အခံအမတ်(နောင်အခါ  စစ်ရေး ကက်ဘိနက်ဝန်ကြီးဖြစ်လာသူ)  Leo Amery ဖြစ်ပါတယ်။သူပြောတဲ့ သမိုင်းဝင်စကားက ထိရောက်လွန်းလို့ မူရင်းအတိုင်းရေးလိုက်ပါတယ်။
This is what Cromwell Said,” you have sat too long here for any good you have been doing,Depant,I say, and let us have done with you.  In the name of God, go”
ဘာသာပြန်- ခရွမ်းဝဲက ဒီလိုပြောခဲ့ပါ တယ်။ ““ခင်ဗျားတို့ ဘာမှအသုံးမကျဘဲ ဒီမှာထိုင်နေကြတာကြာလှပြီ။ထွက်ကြ ဗျာ၊ကျုပ်ပြောမယ်၊ခင်ဗျားတို့ကို မလိုချင်  တော့ဘူး။ဘုရားအလိုကျပြောလိုက်မယ်၊ သွားစမ်း။””
In the name of God, go   ကိုလီယို အေမာရီက အော်ထည့်လိုက်ပါသတဲ့။
လီယိုအေမာရီက ဒီစကားပြောတော့ သြဘာသံသောသောညံသွားတယ်။ လွှတ်တော်အမတ်အားလုံးကလည်း စစ် ဖြစ်နေချိန်မှာ ၀န်ကြီးချုပ် ချိန်ဘာလိန် ပျော့ညံ့တယ်။ခေါင်းဆောင်နေရာနဲ့မတန် ဘူးလို့ သဘောတူကြတယ်။နောက်ဆုံး  စကား  ” In the name of God ,go” နဲ့ ပဲ   ချိန်ဘာလိန် ၀န်ကြီးချုပ်ရာထူးမှဆင်းပေး  ရတယ်။နောက်နေ့မှာ ချာချီ ၀န်ကြီးချုပ်  ဖြစ်တယ်။
(ယခုဖော်ပြတဲ့ သမိုင်းမှတ်တမ်းကို Internet မှာ လွယ်လွယ်တွေ့နိုင်ပါတယ်။  Noway debate ရိုက်ထည့်ပြီး ရှာရင်ရ တယ်။  N.Chamberlam ရိုက်ထည့်ပြီး ရှာရင်လည်း ရတယ်။In the name of God, go နဲ့ရှာရင်လည်း ရပါတယ်။ Wikipedia က ညွှန်လိမ့်မယ်။)
ဒါကြောင့် ကျွန်တော်(တစ်ဦးတည်း)  ၏ ကိုယ်ပိုင်သဘောကတော့ လွှတ်တော်  ဆိုတာ တိုင်းရေးပြည်ရေးဆွေးနွေးတဲ့နေ ရာဖြစ်လို့ ထောက်တန်ထောက်၊ကွက် တန်ကွက်၊အော်တန်အော်ရမည့်နေရာလို့  ယူဆပါတယ်။ဒီလိုလုပ်လျှင်ဖြင့် Healthy debate (လျော်ကန်သင့်မြတ်တဲ့အခြေ အတင်စကား) အဖြစ် တိုင်းသူပြည်သား  များက ထောက်ခံကြိုဆိုမှာ မုချပါပဲလို့  ကျွန်တော်၏အမြင်ကို တင်ပြပါတယ်။

Ref:Hot News

Thursday, August 23, 2012

စိနနှင့် မဇ္ဈိမတို့ဆုံရာ အနာဂတ်နဂါးမြို့တော် ရှေ့ပြေးမြို့ ပြစီမံကိန်း Written by The Voice





စိနနှင့် မဇ္ဈိမတို့ ဆုံရာ အနာဂတ်နဂါးမြို့တော်ရှေ့ပြေးမြို့ပြစီမံကိန်း မန္တလေးမြို့တော်သည် ကမ္ဘာ့လူဦးရေ အများဆုံးနှင့် စီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်သော အိန္ဒိယနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ကြားဆုံရာ တံခါး၀၀င်ပေါက်မြို့တော်ဖြစ်ပြီး အခြားအရှေ့တောင်အာရှနိုင်ငံအချို့နှင့်လည်း ချိတ်ဆက်လျက်ရှိခြင်းကြောင့် ပြည်တွင်းနေ တိုင်းရင်းသားများသာမက ပြည်ပနိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းရှင်များပါ မျက်စိကျအကြိုက်တွေ့လျက်ရှိသော မြို့တော်လည်းဖြစ်ကြောင်း ထွန်းသစ္စာအိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းရှင် ဦးတင်မောင်က ပြောကြားသည်။
မြေငလျင်ကြောကြီးပေါ်တွင် တည်ရှိပြီး ဒေသခံမြို့နေလူထု၏ နေထိုင်မှုစရိတ်၊ အကြိုက်တို့ကြောင့် မန္တလေးမြို့တော်သည် အထပ် မြင့်အဆောက်အအုံများတိုးမြှင့်ဆောက်လုပ်၍ လူနေ ထူထပ်လာမှု ပြဿနာများကို ဖြေရှင်းရန် ခက်သည့်အတွက်မြို့သစ် စီမံကိန်းများ ဖော်ဆောင်ကာ မြို့ပြ၏ အိုးအိမ် လိုအပ်ချက်ကို ဖြေရှင်းရန် ကြံဆ လျက်ရှိလာကြသည်ဟု မြို့ခံ လူထုထံမှ စုံစမ်းသိရှိရသည်။
လက်ရှိအဆိုပါ မန္တလေး မြို့တော်၏ အိုးအိမ် လိုအပ်ချက်ကို ဖြည့် ဆည်းနိုင်ရန်အတွက် မန္တလေးမြို့ ၇၃လမ်း၊ သဇင်လမ်းနှင့် ငုဝါလမ်း ကြားတွင် တည်ဆောက်မည့် မန္တလေး မင်္ဂလာမြို့သစ် စီမံကိန်းနှင့် မန္တလေးနိုင်ငံတကာ လေဆိပ်နှင့် ၅ မိုင်အကွာ တံတားဦးမြို့နယ်အတွင်း တည်ဆောက်မည့် မန္တလေးမြို့တော်သစ် စီမံကိန်းနှစ်ခုကို အကောင် အထည် ဖော်ဆောက်လုပ်ရန် လျာထား လျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ (MCDC) ထံမှ စုံစမ်း သိရှိရသည်။
လတ်တလောတွင် မြို့သစ် စီမံကိန်းများနှင့် ပတ်သက်၍ မင်္ဂလာ မန္တလေးမြို့ပြ စီမံကိန်း တစ်ခုသာ စတင် ဆောင်ရွက် လျက်ရှိပြီး ယင်း စီမံကိန်းကို ၂၀၁၂ ခုနှစ် သြဂုတ်လတွင် စတင် အကောင်အထည်ဖော် ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာအတွင်း ငွေကျပ် ၉၁ ဘီလီယံ အကုန်အကျ ခံကာ မြန်မာနိုင်ငံ၌ ကျင်းပမည့် အရှေ့တောင်အာရှအားကစားပွဲတော အမီ အပြီး တည်ဆောက်သွားမည်ဟု အကောင်အထည် ဖော်ဆောက် လုပ်သူ CAD ဆောက်လုပ်ရေး ကုမ္ပဏီက ဆိုသည်။
သို့သော် အမေရိကန် ဒေါ်လာ နှစ်ဘီလီယံ အကုန်အကျ ခံတည် ဆောက်မည့် မန္တလေး မြို့တော်သစ် စီမံကိန်းနှင့် ပတ်သက်၍ ထုတ်ဖော် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း မန္တလေး မြို့တော် စည်ပင်သာယာ ကော်မတီ အဆောက်အအုံနှင့် ကုန်လှောင်ရုံ ဌာနမှူး ဦးမျိုးအောင်က ပြောကြားသည်။
မန္တလေးမြို့တော်သစ်စီမံကိန်းသည် အင်းဝယဉ်ကျေးမှုဇုန်နှင့် လွတ်ကင်းပြီး စိုက်ပျိုးမှုအကျိုးနည်းသည့် မြေနေရာအများစု ပါဝင် ကြောင်း၊ အဆိုပါမြို့သစ်စီမံကိန်းတည်ဆောက်မည့် မြေဧက နှစ် သောင်းကျော်ကို မူလပိုင်ရှင်များနှင့် မြေတန်ဖိုးညှိနှိုင်းမှုများပြုလုပ် ပြီး တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ရရှိပါက ၁၀ နှစ်အတွင်းအပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း ယင်းစီမံကိန်းကို တာဝန်ယူတည် ဆောက်ရန် ပြင်ဆင်လျက်ရှိသော သမ၀ါယမဘဏ်ဥက္ကဋ္ဌ ဦးခင် မောင်အေး၏ ပြောကြားချက်အရ သိရသည်။
လတ်တလောတိုးချဲ့ရန် စီစဉ်လျက်ရှိသော မြို့သစ်စီမံကိန်းသည် လယ်ယာစိုက်ပျိုးမြေများပါဝင်ပြီး မန္တလေးမြို့နေလူဦးရေ ကျပ်တည်း မှုမရှိသေးသည့်အတွက် တိုးချဲ့တည်ဆောက်ရန်မသင့်ကြောင်း စိမ်း ရောင်စို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ကပြောကြားသည်။ စီမံကိန်းမြေနေရာအဖြစ် မသတ်မှတ်မီ ရက်ပိုင်းအလိုကပင် စီမံကိန်းအကြောင်း ကြိုသိသူ စီမံကိန်းတွင် ပါဝင်ပတ်သက်သူအချို့က ထိုမြေများကို ကြိုတင်ဝယ်ယူထားသည်ဟု သတင်းထွက်ပေါ်နေ ခဲ့ကြောင်း ဒေသခံအိမ်၊ ခြံ၊ မြေအသိုင်းအ၀ိုင်းထံမှ သိရသည်။
လက်ရှိမန္တလေးမြို့တော်ဝန်းကျင်၌ တည်ထောင်ထားပြီးဖြစ် သည့် စက်မှုဇုန်များကိုပင် ဖွံ့ဖြိုးမှုမရှိသေးသည့်အတွက် ယင်းစက်မှု ဇုန်များကို ဦးစားပေးလုပ်ကိုင်ရန်လိုအပ်ပြီး မြို့သစ်စီမံကိန်းတည် ဆောက်မည်ဆိုပါက မြို့နေလူဦးရေထူထပ်မှုရှိ၊ မရှိကိုလည်း စစ်တမ်း များကောက်ယူ၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အတိုင်းအတာနှင့် ဖြစ်ပေါ်လာမည့် လူမှုရေးဆိုးကျိုးကောင်းကျိုးများကို နိုင်ငံတကာ စံနှုန်းများနှင့် နှိုင်းယှဉ်တွက်ချက်ပြီးမှသာ တည်ဆောက်သင့်သည်ဟု ယင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က အကြံပြုပြောကြား သည်။
“မြို့ပြစီမံကိန်းတွေဆောက်တာကောင်းပါတယ်။ မန္တလေးက လူဝင်လာတာများတယ်။ လူကျပ်လို့ ဈေးတွေတက်လာတော့ ရောင်း လိုက်ရတဲ့ မြန်မာတွေများတယ်။ အဲဒီလူတွေပြန်ဝယ်ရဖို့အတွက် အသစ်ချဲ့တာကောင်းပေမယ့် သူတို့ရည်ရွယ်ချက်က ဘယ်လိုရှိမလဲ တော့မသိဘူး” ဟု မန္တလေးမြို့တော်ဒေသခံ စီးပွားရေးလုပ်ငန်းရှင် ဦးရဲမြတ်သူက ဆိုသည်။
လက်ရှိမန္တလေးမြို့တော်၌ တည်ဆောက်လျက်ရှိသော မင်္ဂလာ မြို့ပြစီမံကိန်းသည် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ပိုင် မြေဧက ၄၇ ဧကပေါ်တွင် မြို့သစ်စီမံကိန်းမဟုတ်သည့် အနာဂတ် မန္တလေးမြို့တော်ရှေ့ပြေးမြို့ပြစီမံကိန်း တစ်ခုအဖြစ်ဖော်ဆောင်သွား မည်ဖြစ်ပြီး ပြီးစီးသွားလျှင် အရစ်ကျစနစ်ဖြင့် ရောင်းချသွားမည်ဖြစ် ကြောင်း ယင်းမြို့ပြစီမံကိန်းကိုတာဝန်ယူတည်ဆောက်လျက်ရှိသည့် ဆောက်လုပ်ရေးကုမ္ပဏီအချို့အနက် CAD ဆောက်လုပ်ရေးလုပ်ငန်း ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇင်မင်းဆွေက ပြောကြားသည်။
မြို့ပြစီမံကိန်းများရေးဆွဲရာတွင် ရေးဆွဲမည့်မြို့ပြ၏ လက်ရှိ အခြေအနေများကို လေ့လာခြင်း၊ အနာဂတ်အလားအလာများကို ဆန်းစစ်ခန့်မှန်းတွက်ချက်ခြင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် ကာလ ရှည်စီမံကိန်း (Concept Plan) ရေးဆွဲခြင်းနှင့် အသေးစိတ် အကောင် အထည်ဖော်နိုင်မည့် (Master Plan) ရေးဆွဲခြင်းတို့ကို အဆင့်ဆင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီးမြို့ပြနှင့် အိုးအိမ် ဦးစီးဌာန၏ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် မြို့ပြစီမံကိန်း Town Plan ရေးဆွဲရေးရှေ့လုပ်ငန်းစဉ်စာတမ်းတွင် ဖော်ပြပါရှိသည်။
ယင်းသို့စနစ်ကျသော မြို့ပြများဖော်ထုတ်နိုင်ရေးအတွက် မြို့ပြ ဆိုင်ရာ လူမှုစီးပွားရေး အခြေခံအချက်အလက်များ (Secondary Data) ကောက်ယူရေးစီမံချက်ကို မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနနှင့် ဂျာမနီနိုင်ငံ Cologne University တို့ပူးပေါင်း၍ မြန်မာ နိုင်ငံ၏ မြို့ပေါင်း ၅၆ မြို့တွင် စာရင်းကောက်ယူရန် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက နားလည်မှု စာချွန်လွှာရေးထိုးဆောင်ရွက်လျက်ရှိပြီး စာရင်းကောက်ယူမည့်မြို့ကြီးများစာရင်းတွင် မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ မိတ္ထီလာ၊ မြင်းခြံ၊ ပြင်ဦးလွင်၊ မိုးကုတ်နှင့် ညောင်ဦးမြို့ တို့ပါဝင်ကြောင်း ယင်းစာတမ်းတွင်ဖော်ပြထားသည်။
မန္တလေးမြို့တော်တည်ထောင်သည့်အချိန်တွင် မင်းညီမင်းသား များ၊ မင်းဆွေမင်းမျိုးများ၊ မှူးကြီးမတ်ရာများစသည့် အုပ်ချုပ်သူ၏ ရာထူး၊ လုပ်ငန်းတာဝန်များကိုလိုက်၍ နန်းတော်အပြင်ဘက်၌ နေရာချထားပေးခဲ့ရာ ရရှိသည့်နေရာများတွင် ၀င်းဗဟိုနေရာများ၌သာ အိမ်ကြီးအိမ်ကောင်းများဆောက်လုပ်ပြီး ၎င်းင်းတို့နှင့်ပါလာသည့် အခြွေအရံများကို ၀င်း၏ ပတ်လည်တွင် အရံအတားများဆောက်လုပ် နေထိုင်စေခဲ့ကြောင်း၊ ယင်းသို့ဝင်းကို ဗဟိုပြုနေထိုင်ခဲ့သည့်ပုံစံတွင် ကာလကြာလာသည့်အချိန်တွင် မူလပုံစံပျောက်ပျက်၍ နေအိမ်နှင့် တိုးပွားလာသည့် လူဦးရေများအရ ခွဲခြမ်းစိတ်ဖြာခြင်း၊ တိုးချဲ့ခြင်း၊ ရောင်းချခြင်းများကြောင့် ၀င်လမ်းထွက်လမ်းပျောက်ကာ တစ်ဖက် ပိတ်လမ်းများဖြစ်ပေါ်လာသည့်အတွက် မန္တလေးမြို့တော်သည် ကြီးမား သည့် မီးဘေးအန္တရာယ်များနှင့်ရင်ဆိုင်ခဲ့ကြောင်း မန္တလေးမြို့တော် သမိုင်းကို အစဉ်တစိုက်လေ့လာခဲ့သူများထံမှ စုံစမ်းသိရှိရသည်။
ယင်းသို့တစ်ဖက်ပိတ်လမ်းများနှင့် ပုံပျက်လာသော မန္တလေး မြို့တော်သည် ၁၉၈၄ ခုနှစ်တွင် မြို့လုံးကျွတ်မီးလောင်မှုကြီးဖြစ် ပေါ်ခဲ့ပြီးနောက်ပိုင်း မြို့ကွက်များကို အသစ်ရိုက်ကာ နေရာချထား ပေးခဲ့သည်။
မန္တလေးမြို့တော်သည် ကမ္ဘာ့လူဦးရေအများဆုံးနှင့် စီးပွားရေး အင်အားကြီးနိုင်ငံများဖြစ်သော အိန္ဒိယနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့၏ ၀င်ပေါက်မြို့တော်ဖြစ်ပြီး အခြားအရှေ့တောင်အာရှနိုင်ငံ အချို့နှင့်လည်း ချိတ်ဆက်လျက်ရှိကြောင်း ထွန်းသစ္စာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းရှင် ဦးတင်မောင်က ပြောကြားသည်။
ယင်းသို့ လူမျိုးခြားစီးပွားရေးလုပ်ငန်းရှင်များ မျက်စိကျလာ ခြင်းကြောင့် မန္တလေးမြို့တော်တွင် အမှန်တကယ်နေထိုင်သည့် လူဦး ရေ၏ ထက်ဝက်ခန့်သည် အိမ်နီးချင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြောင်းရွှေ့အခြေချလာသူများဖြစ်ကြောင်း ဒေသခံမန္တလေးမြို့တော် သူမြို့တော်သားများက ဆိုသည်။
“တရုတ်ကြိုက်လို့ မြေတွေလိုက်ဝယ်ကြတော့ ကိုယ့်လူတွေ ဘေးရောက်ကုန်တာပေါ့။ အခုလို မြို့သစ်ပေါ်လာရင် ကိုယ့်လူတွေ နေစရာရှိသွားနိုင်တာပေါ့”ဟု မန္တလေးမြို့ဒေသခံ ကွန်ပျူတာလုပ်ငန်း ရှင် ဦးရဲမြတ်သူကဆိုသည်။
ဈေးကွက်စီးပွားရေးစနစ် စတင်ကျင့်သုံးသည့် ၁၉၉၀ ပြည့် နှစ်နောက်ပိုင်း မှောင်ခိုဈေးကွက်ပျောက်၍ တရားဝင်နယ်စပ်ကုန်သွယ် ရေးပေါ်ပေါက်လာချိန်တွင် ယူနန်နွယ်ဖွား တရုတ်လူမျိုးများ သိသိ သာသာ ၀င်ရောက်လာခြင်းဖြစ်ကြောင်း မန္တလေးမြို့တော်အကြောင်း ကို အစဉ်တစိုက်ရေးသားခဲ့သည့် စာရေးဆရာ ဆူးငှက်က ၂၀၁၀ ပြည့် နှစ် ဇန်န၀ါရီလထုတ် Living Color မဂ္ဂဇင်းတွင် ပြောကြားထားသည်။
ဖွံ့ဖြိုးလာသည့်လူနေမှုပုံစံနှင့် မူဝါဒများကြောင့် မန္တလေးမြို့ တော်၏ သမိုင်းကိုဖော်ကျုးသည့်အထင်ကရ နေရာကြီးများဖြစ်သော ဈေးချိုနှင့် နာရီစင်၊ တောင်သမန်အင်း၊ ကျုံးတော်နှင့် အတုမရှိကျောင်း တော်ကြီးတို့သည် ရှေးဟောင်းမူလလက်ရာများ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း ရှေ့ဟောင်းသုတေသနဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
ထို့အတူ မြို့မြေနေရာချဲ့ထွင်မှုများကြောင့်လည်း သမိုင်းဝင် အချက်အလက်အချို့လည်းပျက်စီးခဲ့ရာ ထိုအထဲတွင် ကျောင်းသား ခေါင်းဆောင် ဗိုလ်အောင်ကျော်နှင့် အယုဒ္ဓယမင်းဆက်၏ နောက် ဆုံးဘုရင် ကျောက်ဘွားထောက်ဘုရင်၏ အုတ်ဂူများပါ မြို့ပြတိုးချဲ့ လာမှု၏ခြိမ်းခြောက်မှုဒဏ်ကိုရင်ဆိုင်လာရကြောင်း မန္တလေးမြို့တော် ဒေသခံများက ပြောကြားသည်။
မြို့ပြစီမံကိန်းများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်ပြီး စီမံကိန်းထွက်ပေါ်လာသည့်အခါ ထုံးစံအတိုင်း အိမ်၊ ခြံ၊ မြေဈေးများကို အနည်းနှင့် အများထိခိုက်နိုင်သော်လည်း လတ်တလောတွင် အိမ်၊ ခြံ၊ မြေဈေးကွက်ကို ထိခိုက်မှုမရှိကြောင်း မန္တလေးမြို့တော်အခြေ စိုက် အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းရှင်များ ကပြောကြားသည်။
“စီမံကိန်းတကယ်ရှင်သန်ဦးတော့ ၁၀ နှစ်၊ ၁၅ နှစ် အနည်း ဆုံးကြာနိုင်တယ်။ ရေရှည်အတွက်တော့ ကောင်းပေမယ့် ကာလတို အတွက်တော့ မသေချာဘူး။ စီးပွားရေးသမားတွေကလည်း လူစည် ကားတဲ့မြို့ထဲလိုနေရာကိုပိုကြိုက်ကြတယ်”ဟု မန္တလေးမြို့တော် အခြေစိုက် မန်းမြေရာဇာ အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းရှင် ဦးကျော်ဝင်းက ဆိုသည်။
မြို့သစ်စီမံကိန်းတိုင်းသည် သေချာပေါက်စည်ကားလာနိုင် မည်ဟု မပြောနိုင်ကြောင်း၊ လက်ရှိပြင်ဦးလွင်အနီးတည်ရှိသည့် မန္တလေးမြို့တော်နှင့် ၄၅ မိနစ်ခန့်သာသွားရသည့် ရတနာပုံမြို့သစ် သည် မူလကမျှော်မှန်းခဲ့သလောက် စည်ပင်လာခြင်းမရှိသည်ကိုတွေ့ ရကြောင်း၊ လွန်ခဲ့သည့် ၁၉၈၀ ပြည့်နှစ်ခန့်ကတည်ထောင်ခဲ့သည့် ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်စသည့် ၀န်ထမ်းများ အတွက်ချထားပေးခဲ့သော မြို့သစ်များသည် နှစ်ပေါင်းနှစ်ဆယ်ကျော် မှ စည်ပင်လာသည်ကိုတွေ့ရကြောင်း ၎င်းင်းကပြောကြားသည်။
မန္တလေးမြို့တော်သည် အိန္ဒိယနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကြားတည်ရှိပြီး စီးပွားရေးအချက်အချာကျကာ ဖွံ့ဖြိုးရေးအလား အလာကောင်းများရှိခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုများနှစ်စဉ်တိုးတက် လျက်ရှိသည့်အတွက် အဆိုပါမြို့တော်၏အိမ်၊ ခြံ၊ မြေဈေးနှုန်းများ သည် ၂၀၀၂ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း အိမ်၊ ခြံ၊ မြေတန်ဖိုး ၁၅ ဆမှ အဆ ၂၀ ခန့်အထိမြင့်တက်သွားခဲ့ကြောင်း ထွန်းသစ္စာအိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းရှင် ဦးတင်မောင်က ပြောကြားသည်။
လတ်တလောတွင် မန္တလေးမြို့တော် အိမ်၊ ခြံ၊ မြေဈေးကွက် သည် အခွန်စနစ်သစ်ကိစ္စနှင့် ပမာဏအများဆုံးရင်းနှီးမြှုပ်နှံသည့် ကျောက်မျက်လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများရပ်တန့်ထားခြင်း ကြောင့် ဈေးကွက်အရောင်းအ၀ယ်အေးလျက်ရှိကြောင်း မန္တလေးမြို့ တော် အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
မြန်မာမင်းဆက်၏ နောက်ဆုံးထီးနန်းစိုးစံရာ မင်းနေပြည်တော်၊ မြန်မာနိုင်ငံ၏ အချက်အချာကျရာမြို့ကြီးများသို့ ဖြာထွက်ရာ ဗဟိုမြို့တော်၊ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးနှစ်ခု၏ ကြားခံဝင်ပေါက် မြို့တော်၊ စီးပွားရေးသမားအများစု၏ မျက်စိကျသဘောတွေ့လျက် ရှိသော မြန်မာတို့၏ယဉ်ကျေးမှုများစုစည်းကျန်ရှိရာ မန်းမြို့တော်၏ အနာဂတ်မြို့ပြစီမံကိန်းများသည် မြို့တော်လူထု၊ တိုင်းပြည်အတွက် စံပြမြို့တော်များဖြစ်လာစေရေးကို ဦးတည်သွားနိုင်သော လမ်းပြ ကောင်း ပြယုဂ်တစ်ခုဖြစ်ရေးမှာ အလွန်အရေးကြီးကြောင်း မန္တလေး မြို့တော်သူမြို့တော်သားများက တညီတညွှတ်တည်း ဆန္ဒပြုလျက်ရှိ ကြသည်။
သို့သော် ကျောက်ဖြူ-ကူမင်းဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း၏ သယ်ယူပို့ဆောင်ရေး အချက်အချာဖြစ်လာမည့် မြင်းခြံမြို့နယ် ဆီမီးခုံ စက်မှုဇုန်စီမံကိန်းနှင့် မန္တလေးမြို့တော်တို့နှင့် မလှမ်းမကမ်းတွင် တည်ဆောက်ရန်လျာထားသည့် ဤမြို့ပြစီမံကိန်းနောက်ကွယ်တွင် တရုတ်တို့၏ မမြင်ရသောလက်ပါနေသည်ဆိုပါက နောင်တွင်ဖြေရှင်း ရမည့် အရေးကိစ္စများရှုပ်ထွေးလာနိုင်ကြောင်း လေ့လာသုံးသပ်သူ များက ပြောဆိုကြသည်။

Ref:The Voice

 အားနာမိတယ် Written by ချစ်ဝင်းမောင်


'အားနာတယ်' ဆိုသောဝေါဟာရမှာ ထူးထူးခြားခြား မြန်မာတွေသာ သုံးစွဲတတ်သော အသုံးအနှုန်းတစ်ခုဖြစ်သည်ဟု မှတ်သားဖူးပါသည်။ နိုင်ငံခြားသားတွေမှာ အထူးသဖြင့် ဥရောပသားတွေမှာ 'အားနာတယ်'  ဆိုသော ဝေါဟာရမရှိ။ သည်ဝေါဟာရကို သူတို့တစ်တွေ နားလည်လွယ် အောင်ရှင်းပြရလျှင် 'မိမိကြောင့် တစ်ဖက်သား ၀န်ထုပ်ဝန်ပိုးဖြစ်မှာ မလိုလားခြင်း'၊ 'မိမိ၏ ဧည့်ဝတ် မကျေပွန်မှုကြောင့် တစ်ဖက်သား အနေအထိုင်ခက်မှာကို မလိုလားခြင်း'၊ 'မိမိ၏ မပြည့်စုံ၊ မကုံလုံမှုကြောင့် ဧည့်သည်အပေါ် အပြည့်အ၀၊ မပြုစု၊ မဧည့်ခံနိုင်ခြင်း' စသည်ဖြင့် အဓိပ္ပာယ် ဖွင့်ဆိုနိုင်မည်ထင်သည်။ အလွယ်တကူ နားလည်အောင်ပြောရလျှင်တော့ 'မိမိကြောင့် တစ်ဖက်သူ စိတ်အနှောင့်အယှက် မဖြစ်စေလိုခြင်း' ဖြစ်သည်။

သည်အဓိပ္ပာယ်ကို ကြည့်လျှင် ကျွန်တော်တို့ မြန်မာတွေက တစ်ပါးသူ၊ သူစိမ်းတစ်ရံ၊ ဧည့်သည်များအပေါ် ဘယ်လောက်ကိုယ်ချင်းစာတရား လက်ကိုင်ထားသည်ကို မြင်တွေ့နိုင်မည်ဖြစ်သည်။ ကိုယ်က မြန်မာလူမျိုးတစ်ဦးဖြစ်သောကြောင့် ကိုယ့်ဆီလာလျှင် ဧည့်ဝတ်ကျေချင်သည်။ ဧည့်သည် စိတ်အနှောင့်အယှက်ဖြစ်သွားမှာကို မလိုလား။ ကိုယ်က ဆင်းဆင်းရဲရဲနှင့် ဖြစ်သလိုနေနိုင်ပေမယ့် ဧည့်သည်ကိုတော့ ကိုယ်မပြည့်စုံမှုကြောင့် အနှောင့်အယှက် မဖြစ်စေလို။
မြန်မာနိုင်ငံနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် တစ်ကမ္ဘာလုံးက ကောင်းချီးသြဘာပေးခြင်း ခံနေရသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ကမ္ဘာကြီးတစ်ခုလုံးက ငဲ့စောင်းကြည့်နေကြပြီဖြစ်သည်။ ယခင်က မြန်မာနိုင်ငံကို အကောင်းမမြင်ခဲ့သော နိုင်ငံကြီး၊ နိုင်ငံ ငယ်တွေအားလုံး မြန်မာကို တလေးတစား ပြောဆိုလာကြပြီ။ အဖက်လုပ်လာကြပြီဖြစ်သည်။ ရှင်းရှင်းပြောရလျှင် ယနေ့ကမ္ဘာတွင် မြန်မာ၏ ပုံရိပ် (Myanmar Image)က လုံးဝအကောင်းဘက်သို့ ပြောင်းလဲသွားပြီဟု ဆိုနိုင်သည်။ နိုင်ငံခြားသားတွေနှင့် စကားဆုံမိတိုင်း သူတို့ထံမှ ကြားနေရတတ်သည်မှာ 'Your country is changing' 'Your country is opening up' စသည့် စကားများဖြစ်သည်။ ကျွန်တော်တို့နိုင်ငံက ယခင်ကလိုမဟုတ်တော့ဘဲ ပြောင်းလဲနေပြီဟု သူတို့ချီးမွမ်းထောပနာ စကားပြောကြသည်။ ၀မ်းသာအားရလည်း ဖြစ်ကြသည်။
ယခုအခါ ဥရောပနှင့် အမေရိကန်တို့သည် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူထားမှု အားလုံးနီးပါး ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်သည်။ ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်တို့ တွေ့ဆုံခဲ့ကြပြီး သည့်နောက်ပိုင်း အနောက်နိုင်ငံများနှင့် အမေရိကန်တို့၏ မြန်မာနိုင်ငံ တံခါးကြီးမှာ ပွင့်သွားခဲ့သည်။ ထိုအချိန်မှအစပြု၍ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ နော်ဝေ၊ အီတလီ၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံ၊ ချက်အစရှိသည့် နိုင်ငံများမှ ထိပ်တန်းခေါင်းဆောင်များ မြန်မာနိုင်ငံသို့ အလျှိုလျှိုလာရောက် ခဲ့ကြပြီး မြန်မာနိုင်ငံရေး အခင်းအကျင်းကို လက်တွေ့ လာရောက်ကြည့်ရှုခဲ့ကြသည်။ အလားတူ အာရှထိပ်သီးနိုင်ငံတွေဖြစ်သော ဂျပန်၊ တောင်ကိုရီးယားနိုင်ငံများမှ ခေါင်းဆောင်များ။ သြစတြေးလျ၊ နယူးဇီလန် အစရှိသည့် အရှေ့နိုင်ငံများကလည်း မြန်မာ နိုင်ငံကို လာရောက်ခဲ့ကြသည်။ သည်နိုင်ငံများမှ ခေါင်းဆောင်ကြီးများ ယခုကဲ့သို့ လာရောက်ကြခြင်းမှာ ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်နေသော ယနေ့ မြန်မာနိုင်ငံရေး အခင်းအကျင်း၏ ပကတိအနေအထားများကို မျက်မြင်ကိုယ်တွေ့ သိရှိလိုကြ၍ ဖြစ်သည်။ အားလုံးသောခေါင်း ဆောင်များထံမှ ရရှိခဲ့သော တူညီသည့် အဖြေတစ်ခုမှာ မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးလမ်းမပေါ်သို့ ရောက်ရှိနေပြီဆိုသော စကားဖြစ်ပြီး မြန်မာနိုင်ငံနှင့် အနာဂတ်မှာ လက်တွဲအလုပ်လုပ်ဖို့ ပဏမ သဘောတူညီမှုတွေ ချမှတ်နိုင်ခဲ့သည်။ နှစ်ပေါင်း ၅၀ ကျော် သံတမန်အ ဆက်အသွယ် မရှိခဲ့သော နိုင်ငံများမြန်မာနိုင်ငံနှင့် သံတမန် ဆက်ဆံရေး ထူထောင်ဖို့ စိတ်ဝင်စားလာကြသည်။ သံအမတ်ကြီးအဆင့် အဆက်အဆံ မပြုခဲ့ဘဲ နှစ်ကာလ အတန်ကြာအောင် သွေးအေးနေသည့် မြန်မာ-အမေရိကန် ဆက်ဆံရေးမှာ ယခုတော့ ဒဲရစ် မစ်ချယ်တည်းဟူသော သံအမတ်ကြီးတစ်ဦးရောက်ရှိ တာဝန်ထမ်းဆောင်နေပြီဖြစ်သည်။
ပြီးခဲ့သည့်လအတွင်းက အမေရိကန်စီးပွားရေး ကုမ္ပဏီကြီးအတော်များများသည် မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံဖို့ လာရောက်စနည်းနာ ခဲ့ကြသည်။ ဒီအထဲမှာ 'ခရိုင်စလာ' လို၊ 'မော်တာရိုလာ' လို၊ 'စတန်းဒတ် အင်န်ချာတာ' လို၊ 'ကိုလာကိုလာ' လို၊ 'ဂျီအီး' လို၊ 'အိုင်ဘီအမ်' လို နာမည်ကျော်၊ ကမ္ဘာကျော် ကုမ္ပဏီ အများအပြားလည်း ပါဝင်ခဲ့သည်။ အမေရိကန်လို ကုမ္ပဏီကြီးတွေ ၀င် လာတော့မည်ဆိုတော့အလွန်ဝမ်းသာ စရာ သတင်းစကားဖြစ်ခဲ့သည်။ သို့ သော် သူတို့စနည်းနာရုံ အဆင့်သာ ရှိသေးပြီး တကယ်လာရောက် ရင်း နှီးမြှုပ်နှံဖို့ကျတော့ သည်ဘက်မှာ ဖြစ်ပေါ်နေသော အခြေအနေကြောင့် ၀င်လာဖို့အသင့်မဖြစ်သေးဟုသုံးသပ် ကြသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေကိုခုအချိန်အထိအပြီးသတ်မ ထုတ်ပြန်နိုင်သေးခြင်းကိစ္စအပြင်နှစ် ပေါင်း ၅၀ အတွင်းချွတ်ချုံကျနေသည့် အခြေခံအအောက်အအုံ(Infrastructure)များ အသင့်အနေအထား မရောက်သေးခြင်းကို ထောက်ပြကြသည်။

_______________________________________________________________________
အခြေခံအဆောက်အအုံတွေ မပြည့်စုံဘဲနှင့် ပြည်ပရင်းနှီးမြုပ်နှံမှုတွေ ၀င်လာဖို့ မဖြစ်နိုင်ပါ။ သည်စနစ်တွေ ကောင်းလာဖို့အတွက် အရေးအကြီးဆုံး တစ်ချက်က ပွင့်လင်းမြင်သာမှုရှိသော အုပ်ချုပ်ရေးစနစ် အမှန်တကယ် ဖြစ်ပေါ်လာစေဖို့ပဲဖြစ်ပါသည် . . .
_______________________________________________________________________


နိုင်ငံကြီးတွေက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကို စိတ်ဝင်စားပြီး လာရောက်ရင်းနှီးမြုပ်နှံဖို့ ပြင်ဆင် နေသည့် သတင်းတွေကို ကြားတိုင်း သူတို့ကို အလိုလိုနေရင်း အားနာ စိတ်တွေ ၀င်နေမိခဲ့သည်။ အဟုတ် ကြီးမှတ်လို့ ၀င်လာပြီးကာမှ တခြား နိုင်ငံတွေမှာ မကြုံဖူးသည့် ပြဿနာ မျိုးစုံ အခက်အခဲမျိုးစုံနှင့် ကြုံတွေ့ ရမှာစိုးရိမ်သည်။ ခုချိန်ထိ လျပ်စစ် မီးတွေက မမှန်သေး၊ လမ်းမကြီး တွေက အပေါက်အပြဲဗရပွနှင့်ရှိနေ ဆဲ၊ အင်တာနက်တွေက နှေးနေတုန်း၊ ဆက်သွယ်ရေးစနစ်က ခေတ်နောက် ကျနေတုန်း၊ သယ်ယူပို့ဆောင်ရေး စနစ်ကလည်း ယိုင်နဲ့နေတုန်း၊ မြေ ဈေးတွေက မတန်တဆကြီးနေပြီး ခေတ်မီဘဏ်လုပ်ငန်းစနစ်တွေလည်း မထွန်းကားသေး။ သူတို့ဆီမှာက ပိုက်ဆံအိတ်ကြီးကိုင်ပြီး အလုပ်မ လုပ်ကြတော့ ဘဏ်ကတ်တွေအိတ် ထဲထည့်ပြီး လေထဲမှာ အလုပ်လုပ်နေ ကြတာဖြစ်သည်။
သည်လိုအခြေအ နေတွေကြောင့် သူတို့ကို အားနာမိ သည်။သည်ကြား အုပ်ချုပ်ရေးစနစ် မှာ ခေါက်ရိုးကျိုးနေသည့် အုပ်ချုပ် ရေးဝန်ထမ်းများ၏အပြုအမူတွေ ကြောင့် မမျော်မှန်းနိုင်သည့် အခက် အခဲတွေနှင့်လည်း သူတို့ရင်ဆိုင်ရ နိုင်သည်။ သူတို့က ဘာပဲလုပ်လုပ် စနစ်တကျ လေ့လာ (Survey) ပြီး မှ လုပ်တတ်ကြမျိုးမို့ သည်ကအခြေ အနေမှန်တွေကို သူတို့သိကြသည်။ ဒါကြောင့်လည်း ခုချိန်ထိ သူတို့ တစ်တွ ရဲရဲတင်းတင်း ၀င်မလာကြ သေးတာဖြစ်သည်။
ကိုယ်ကသည်နိုင်ငံမှာနေသူမို့ ကိုယ့်အခြေအနေ၊ ကိုယ့်နိုင်ငံအနေ အထားကို ကောင်းကောင်းသိသည်။ ထို့ကြောင့် 'မင်းတို့နိုင်ငံပြောင်းလဲ နေပြီ' (Your country is changing) ဟုသူတို့ကဆိုတိုင်း အလိုလိုနေရင်း အားနာစိတ်တွေဝင်နေမိသည်။ မြန်မာ ပြည်က အလွန်တရာလှပသော နိုင်ငံအဖြစ်ကျော်ကြားပြီး ရန်ကုန်မြို့သို့ ရောက်ရှိလာသော ဧည့်သည် နိုင်ငံခြားသားသည် မြို့လည်ကောင်မှ ကျိုးပဲ့နေသောပလက် ဖောင်းများ၊ ကွမ်းတံတွေးများ၊ စည်းမဲ့ကမ်းမဲ့ မောင်းနှင်သွားလာနေကြသည့် မော်တော်ယာဉ်များ၊ နွမ်းပါးသည့် ဈေးသည်များ၊ ပေါက်ပြဲနေသော လမ်းများ၊အလင်းရောင်မပြည့်ဝသော လမ်းမီးများစသည်ဖြင့် နိုင်ငံတကာ မြို့ကြီးအတော်များများတွင် မမြင် ရနိုင်သည့်(အလွန်ရှက်ဖွယ်ကောင်း သော)စီးပွားရေးမြို့တော်ကြီးကို မြင် တွေ့သွားမှာ အားနာမိသည်။
အခြေခံအဆောက်အအုံမပြည့်စုံ မှုကို ပြည်ပရင်းနှီးမြုပ်နှံမှုဖြင့် အစား ထိုးအသစ်တည်ဆောက်နိုင်ပါလိမ့် မည်။ သို့သော်အချိန်ကာလတစ်ခုထိ စောင့်ကြရဦးမည်။ လျပ်စစ်ဓာတ် အားမလုံလောက်မှုကို ဖြေရှင်းနိုင် သည်။ လမ်းမကြီးတွေကောင်းဖို့ သယ်ယူပို့ဆောင်ရေးစနစ်တွေ ခေတ် မီလာဖို့၊ အင်တာနက်တယ်လီဖုန်း ဆက်သွယ်ရေးစနစ်တွေ အိမ်နီးနား ချင်းနိုင်ငံများ အဆင့်ရောက်ဖို့ အချိန် တစ်ခုစောင့်ရဦးမည်။ အခြေခံအ ဆောက်အအုံတွေ မပြည့်စုံဘဲနှင့် ပြည်ပရင်းနှီးမြုပ်နှံမှုတွေ ၀င်လာဖို့ မဖြစ်နိုင်ပါ။ သည်စနစ်တွေကောင်း လာဖို့အတွက် အရေးအကြီးဆုံးတစ် ချက်ကပွင့်လင်းမြင်သာမှုရှိသော အုပ်ချုပ်ရေးစနစ်အမှန်တကယ်ဖြစ် ပေါ်လာစေဖို့ပဲဖြစ်သည်။
ကျွန်တော်တို့ Market Economy  ဆိုပြီး ပြီးခဲ့သည့် ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက ကြွေးကြော်ခဲ့ကြသည်။ သို့သော် ပွင့်လင်းမြင်သာမှု မရှိခဲ့သောစနစ်ကြောင့် လိုရင်းမရောက်ဘဲ ချွတ်ခြုံမြဲ၊ ချွတ်ခြုံဆဲ ရှိနေခဲ့သည်။ လူတစ်စုချမ်းသာကြွယ် ၀ပြီး လူများစုဆင်းရဲတွင်းနက်နေ သော လူ့အဖွဲ့အစည်းတစ်ခုအဖြစ် ကျန်ရစ်ခဲ့သည်။

အမိန့်ပေးစနစ်ဆိုဆို၊ အာဏာ ရှင်စနစ် (Dictator) ပဲပြောပြော၊ အုပ် ချုပ်သူသည် အမြော်အမြင် (Vision) ကြီးမားသူဖြစ်ပါက ထိုစနစ်ကို ပြည် သူတွေက လျစ်လျူရှုထားနိုင်သည့် သာဓကတွေအများကြီးရှိခဲ့ပါသည်။ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနိုင်ငံ တွေမှာ စစ်ဗိုလ်ချုပ်ကြီးများအုပ်စိုး ခဲ့သည်ကာလများရှိခဲ့သော်လည်း အမြော်အမြင်ရှိမှုကြောင့် အသွင်ကူး ပြောင်းရေးကာလတွေမှာ လွယ်ကူချော မွေ့မှုရှိခဲ့သည်။ လီကွမ်ယု၊ ဂိုချောက် တောင်၊ လီရှန်လွန်းတို့ ဦးဆောင်ခဲ့ သည့်စင်ကာပူမှာ အုပ်ချုပ်သူအမြော် အမြင်ရှိမှု၊ ပွင့်လင်းမြင်သာမှုကြောင့် ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်နေတာ အားလုံးအသိဖြစ်ပါသည်။
စနစ်ကအဓိကမကျဘဲ ဦးဆောင်သူ၏ အမြော်အမြင်က အဓိကကျသည်ကို ယနေ့ တရုတ်ပြည်ကြီးနှင့် ထွန်းသစ်စ ဗီယက်နမ်တို့ကို ကြည့်လျှင် မြင်တွေ့နိုင်ပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၁၉၉၀ ပြည့်နှစ်များအထိ ပြည်တွင်းစစ်နှင့် နပန်းလုံးနေရဆဲ ဖြစ်ခဲ့သည်။ လာအိုသည်လည်း စစ်အေးဒဏ်ခံ၊ ကုန်းတွင်းပိတ် နိုင်ငံတစ်ခုသာ ဖြစ်ခဲ့ပါသည်။ ယနေ့ သူတို့တစ်တွေ တင့်တောင့်တင့်တယ် ဖြစ်နေကြပြီ။
နိုင်ငံခြားကုမ္ပဏီကြီးတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံကို မျက်စိကျနေကြပြီဖြစ်သည်။ မြန်မာနိုင်ငံသည် မတို့မထိရသေးသော (virgin land) အဖြစ် သူတို့ရှုမြင် သုံးသပ်နေကြသည်။ အရှေ့တောင်အာရှမှာ အလားအလာ အကောင်းဆုံး  နိုင်ငံတစ်ခုအဖြစ် ကြိုတင်သုံးသပ် ခန့်မှန်းမှုတွေလည်း ရှိလာသည်။ တစ်ခါတုန်းက ပုံရိပ် (Image) မကောင်းခဲ့သော နိုင်ငံတစ်ခုကို အလားအလာကောင်းသော (Potential) နိုင်ငံအဖြစ် သတ်မှတ်လာကြသည်။
သည်လိုအခြေအနေမျိုးမှာ သူတို့မျှော်လင့်သလိုမျိုး ကျွန်တော်တို့ဘက်က ပြင်ဆင်ထားဖို့ လိုသည်။ အသင့်အနေအထားရှိနေဖို့ လိုသည်။ အခြေခံအဆောက်အအုံ မပြည့်စုံမှုနှင့် ခြစားမြဲခြစားနေသော လူ့အဖွဲ့အစည်းတစ်ခုအဖြစ် မြင်တွေ့သွားမှာကို ကျွန်တော်တော့ အားနာသည်။ ကုမ္ပဏီကြီးတွေ ရင်းနှီးမြှုပ်နှံဖို့ လာရောက်စုံစမ်းသည့် သတင်းများကို ဖတ်ရတိုင်း ကိုယ့်အခြေအနေကိုယ်သိပြီး သူတို့ကို အားနာနေမိသည်။ မြန်မာနိုင်ငံက virgin land မဟုတ်ဘဲ mess land တစ်ခုအဖြစ်မြင်သွားမှာ ကျွန်တော် အထူးစိုးရိမ်သည်။

Ref:EMG