Monday, July 16, 2012

 ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများ ပွင့်လင်းမြင်သာမှုရှိရန် စွမ်းအင်ဝန်ကြီးဌာနမှ ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာ၊ ရတနာနှင့် ရဲတံခွန်မှ ရရှိသောဝင်ငွေ၏ ၆၇ရာခိုင်နှုန်းခန့် နိုင်ငံတော်မှ ရရှိနေကြောင်းသိရ


မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများ လုပ်ဆောင်မှုနှင့် ပတ်သက်၍ အများပြည်သူ သိရှိစေရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန် စွမ်းအင်ဝန်ကြီးဌာနမှ ပထမဆုံးအကြိမ် ထုတ်ပြန် ကြေညာခဲ့ပြီး ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချနေသည့် ရတနာနှင့် ရဲတံခွန်မှ ရရှိသောဝင်ငွေ၏ ၆၇ရာခိုင်နှုန်းကို နိုင်ငံတော်မှ ရရှိနေကြောင်း သိရပါသည်။
မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ နိုင်ငံအနေဖြင့် ခိုင်ကြေး (Royalty)၊ အစုရှယ်ယာ၊ ဓာတ်ငွေ့ သယ်ဆောင်ခ ရငွေ၊ ပိုက်လိုင်းဖြတ်သန်းခငွေနှင့် ၀င်ငွေခွန်များ ရရှိမည်ဖြစ်ပြီး လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေသည့် ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ၂၀၀၆-၀၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်အထိ အမေရိကန် ဒေါ်လာ ၁၆ ဘီလျံကျော် မြန်မာနိုင်ငံဘက်မှ ၀င်ငွေရရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဆောင်ရွက်နေသော သဘာဝ ဓာတ်ငွေ့စီမံကိန်းများကို ကြည့်ပါက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)မှ အစုရှယ်ယာ ၁၅ နှင့် ၂၀ ရာခိုင်နှုန်းခန့်သာ  အကျိုးအမြတ် ခံစားခွင့်ရှိသကဲ့သို့ အများပြည်သူ ထင်မြင်နိုင်ကြောင်း၊ ယင်းစီမံကိန်းများမှ မြန်မာနိုင်ငံအနေဖြင့် ခိုင်ကြေး (Royalty)၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရရှိသည့် ရပိုင်ခွင့်၊ အစုရှယ်ယာ ရာခိုင်နှုန်းအတွက် ရငွေ၊ ဓာတ်ငွေ့သယ်ဆောင်ခ ရငွေ၊ ပိုက်လိုင်းဖြတ်သန်းခ ရငွေ၊ လေ့ကျင့်ပညာ သင်ကြားရေး ရန်ပုံငွေနှင့် ၀င်ငွေခွန်များကိုလည်း ရရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုနောက်ပိုင်းတွေ့ရှိသမျှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်းသုံးစွဲရန် ဦးစားပေးသွားမည် ဖြစ်ခြင်းကြောင့် ပြည်ပသို့ ရောင်းချတော့မည် မဟုတ်ကြောင်းနှင့် ထွက်ရှိသည့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့များ ပြည်တွင်းသုံးစွဲရန် ဖူလုံပြည်စုံနေပါက တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း  . . .


မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အကြီးတန်း ဘူမိဗေဒ အရာရှိ တစ်ဦးက ''အခုလက်ရှိ  တင်ပို့ရောင်းချနေတဲ့ ရတနာနဲ့ ရဲတံခွန်စီမံကိန်းတွေကနေ ရတဲ့ဝင်ငွေမှာ နှစ်ပိုင်းရှိတယ်။ အရင်း မကြေမီကာလနဲ့ အရင်းကြေပြီး ကာလပါ။ အရင်းမကြေမီကာလမှာ မြန်မာဘက်က စုစုပေါင်း ၄၀နဲ့ ၅၀ရာခိုင်နှုန်း ကြားရတယ်။ အရင်းကြေပြီး ကာလမှာတော့ ၆၇ရာခိုင်နှုန်း ၀န်းကျင် ရနေပါတယ်''ဟု ပြောကြားပါသည်။
ရတနာနှင့် ရဲတံခွန်သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ သဘာဝဓာတ်ငွေ့များကို ၁၉၉၈ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်တို့တွင် စတင်ထုတ်လုပ်ရောင်းချခဲ့ရာ ရတနာစီမံကိန်းမှာ ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးနှစ်နှင့် ရဲတံခွန်စီမံကိန်းမှာ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ် အသီးသီးတွင် အရင်းကြေခဲ့ပြီး အမြတ်များ ရရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။
ရတနာနှင့် ရဲတံခွန်သဘာဝ ဓာတ်ငွေ့ စီမံကိန်းများတွင် မြန်မာနိုင်ငံဘက်မှ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၇၄ ဘီလျံခန့်၊ ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၄၄၈ ဘီလျံခန့်၊ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၄၃ ဘီလျံခန့်၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၆၀၃ ဘီလျံခန့်၊ ၂၀၁၀-၂၀၁၁ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၉၃၄ ဘီလျံခန့်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၁၁ ဘီလျံခန့် ရရှိခဲ့ပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၆ ဘီလျံကျော် ရရှိခဲ့ပြီးဖြစ်ကြောင်းသိရှိရပါသည်။
ထို့အတူ လာမည့် ၂၀၁၃ခုနှစ်တွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချမည့် ရွှေနှင့် ဇောတိက ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ၆၀ရာခိုင်နှုန်းခန့်ကို နိုင်ငံတော်မှ ရရှိမည်ဖြစ်ကြောင်း သိရပါသည်။
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွင်လည်း မြန်မာနိုင်ငံကို ပိုက်လိုင်းဖြတ်သန်း သွယ်တန်းရသည့်အတွက် ပိုက်လိုင်းလမ်းကြောင်း ဖြတ်သန်းခ (Right of Way)အဖြစ် တစ်နှစ်လျင် အမေရိကန် ဒေါ်လာ ၆ဒသမ၉၀၅သန်း ရရှိမည် ဖြစ်ပြီး မြန်မာနိုင်ငံကို ဖြတ်သန်းပို့ဆောင်ရသည့် အတွက်(Transit Fee) အဖြစ် ရေနံပမာဏ တစ်တန်လျင် အမေရိကန်တစ်ဒေါ်လာ ရရှိမည်ဖြစ်ကာ ပြည်တွင်းသုံးရန်အတွက် သဘာဝဓာတ်ငွေ့နှင့် ရေနံပမာဏ အချိုးအစားတစ်ရပ်ကိုလည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာ့သယဇာတဖြစ်သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကို ပြည်ပတင်ပို့ရောင်းချမှုနှင့် ပတ်သက်၍ ယခင်က ပြည်တွင်းသဘာဝ ဓာတ်ငွေ့လိုအပ်ချက်မရှိခဲ့ခြင်းနှင့် နိုင်ငံနှင့် ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် အခြေခံအ ဆောက်အဦများ တည်ဆောက်ရန် နိုင်ငံခြားငွေ လိုအပ်ခြင်းများကြောင့် ရောင်းချခဲ့ရခြင်းဖြစ်ကြောင်း၊ ယခု နောက်ပိုင်းတွေ့ရှိသမျှ ရေနံနှင့်သဘာဝ ဓာတ်ငွေ့များကို ပြည်တွင်းသုံးစွဲရန် ဦးစားပေး သွားမည်ဖြစ်ခြင်းကြောင့် ပြည်ပသို့ ရောင်းချတော့ မည်မဟုတ်ကြောင်းနှင့် ထွက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပြည်တွင်းသုံးစွဲရန် ဖူလုံပြည်စုံနေပါက တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် ကုမ္ပဏီများအလိုက် အစုရှယ်ယာပါဝင်မှု

TOTAL - ၃၁.၂၄%
UNOCAL - ၂၈.၂၆%
PTTEP - ၂၅.၅၀%MOGE - ၁၅.၀၀%
MOGE- ၂၀.၄၅%


ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် ကုမ္ပဏီများအလိုက် အစုရှယ်ယာပါဝင်မှု

PETRONAS- ၄၀.၇၅%
MOGE- ၂၀.၄၅%
NIPPON - ၁၉.၄၀%
PTTEP - ၁၉.၄၀%
ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် ကုမ္ပဏီများအလိုက် အစုရှယ်ယာပါဝင်မှု
DAEWOO-၈၅.၀%
OVL-၁၇.၀%
MOGE- ၁၅.၀%
GAIL - ၈.၅%
KOGAS - ၈.၅%

ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းတွင် ကုမ္ပဏီများ အလိုက် အစုရှယ်ယာပါဝင်မှု

PTTEPI - ၈၅.၀%
MOGE - ၁၅.၀%