Wednesday, July 11, 2012

 မြန်မာကို ကမ္ဘာကကြည့်တဲ့နေ့ Written by အောင်မျိုး

ဥရောပကောင်းကင်ယံ မြေပြင် အထက်ပေပေါင်း သုံးသောင်းကျော်မှ ပျံသန်းနေသော လေယာဉ်ကြီးသည် တဖြည်းဖြည်း နိမ့်ဆင်းလာနေသည် ကို သိလိုက်ရသည့်အတွက် ပြတင်းပေါက်နေကာကို အသာဖွင့်ကြည့်လိုက်တော့ တောတောင်စိမ်းစိမ်းတွေကို တစ်မျှော်တစ်ခေါ်ကြီး စတင်မြင်ရလေပြီ။ ဒါဆိုလျှင် နော်ဝေကို ချည်းကပ်လာပြီဟု တွေးမိလိုက်ပြီး ရှေ့မှာရှိသော LCD TV မှ တစ်ဆင့် ပျံသန်းမှု အချက်အလက်များကို ကြည့်လိုက်ရာ အော်စလိုလေဆိပ်ရောက်ဖို့ နောက်ထပ်ကီလိုမီတာ ၄၀ လောက်သာ လိုတော့သည်ကို အတိအကျသိလိုက်ရသည်။

ဘန်ကောက်လေဆိပ်မှ အော်စလို လေဆိပ်အထိ ကီလိုမီတာ ၉၈၉၁ ကိုပျံသန်းချိန် ၁၂ နာရီနီးပါး မရပ်မနား စီးနင်းခဲ့ရသည့်ခရီးသည်များ လှုပ်လှုပ်ရွရွ ဖြစ်နေကြလေပြီ။ လေယာဉ်တွင်း စပီကာများမှ တစ်ဆင့် မကြာခင် လေယာဉ်ဆင်း သက်တော့မည့် အကြောင်းကိုလည်း ကြေညာနေလေပြီ။ ပြတင်းပေါက်နေကာများကို ဖွင့်လိုက်သည်နှင့် သစ်ပင်များ ထူထူထပ်ထပ်ကြားမှာ တည်ရှိနေသော အော်စလိုလေဆိပ်ကို မြင်လိုက်ရတော့သည်။



နော်ဝေနိုင်ငံ၏ နွေရာသီဟု ဆိုပေမယ့် မြန်မာနိုင်ငံသား ကျွန်တော့် အတွက်တော့ ရှမ်းပြည်ကို ဆောင်းတွင်းရောက်ရသလို ခံစားနေရသည်။ နွေရာသီမို့ လေဆိပ်အဆောက်အအုံ ထဲမှာ အနွေးဓာတ်ပေးထားခြင်း မရှိတော့သည့်အတွက် ချမ်းချမ်းအေးအေးရှိနေပေမယ့် ပြုံးရွှင်လန်းစွာ လုပ်ကိုင်နေကြသော နော်ဝေလေဆိပ်အမှုထမ်းများ၏ မျက်နှာများက နွေးထွေးသလို ခံစားရသည်။ အော်စလိုလေ ဆိပ်မှဝင်ရောက်လာသည့် ခရီးသည်များသည် arrival card ခေါ် ဆိုက်ရောက်ပုံစံကတ်ပြားပင် ဖြည့်စရာမလိုတော့ဘဲ ၀င်ခွင့်ပေးရာ မြန်မာတွေ ပြည်ပခရီးမှ ပြန်ရောက်တိုင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အ၀င်မှာ အမြဲတမ်းဖြည့်နေရသည့် arrival card ကို ပြေးသတိရမိသည်။ လေဆိပ်အ၀င်မှ ပထမဦးဆုံး စတင်ကြုံတွေ့ရသည့် လူဝင်မှုကြီးကြပ်ရေးတာဝန်ခံက ကျွန်တော့် နိုင်ငံကူးလက်မှတ်ကို ကြည့်ရင်း ‘MYANMAR’ ဟု ရေရွတ်ကာပြုံးပြသည်။ ပြီးတော့ ‘အောင်ဆန်းစု ကြည်လည်း လာလိမ့်မယ်’ ဟူ၍ပင် လှမ်းပြောလိုက်တော့ တို့မြန်မာတွေကို ဂရုတစိုက်ရှိနေပါလား ဆိုသည့် အသိကို စတင်ခံစားလိုက်ရပါသည်။

____________________________________________________________________________
တော်တန်ရုံ စွန့်လွှတ်ကြိုးစားမှုဖြင့် အနားပင်မကပ်နိုင်သော ငြိမ်းချမ်းရေးနိုဘယ်လ်ဆု၏ မြင့်မြတ်မှုကို ကမ္ဘာက လေးစားအသိအမှတ်ပြု ခဲ့ကြသလို နိုဘယ်လ်ဆုရှင်တိုင်း နှိုင်းဆရန်ခက်ခဲသည့် စိတ်ဓာတ်ကိုလည်း ကမ္ဘာက လေးစားအားကျ နေလေသည်။ မြန်မာလူမျိုးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုဘယ်လ်ဆု အခမ်းအနားကို အနီးကပ်ကြုံတွေ့ ခံစားလိုက်ရသည့် ကျွန်တော့်အဖို့ မြန်မာဖြစ်ရခြင်းအတွက် ထိုနေ့လောက် ဂုဏ်ယူစရာကောင်းသည့်နေ့ မရှိဘူးဟုပင် ဆိုရပါမည်
___________________________________________________________________________



လေဆိပ်ကြီးကရှည်လျားစွာ သွယ်တန်းတည်ဆောက်ထားသည့် အတွက် တစ်ညလုံးမက လေယာဉ်ပေါ်မှာ အညောင်းမိလာသည့် ခရီးသည်များအတွက် အညောင်းပြေရုံ မက တော်တော်ကလေးပင် ဟိုက်အောင်လျှောက်ကြပြီးမှ ပစ္စည်းရွေးတဲ့နေရာကို ရောက်သည်။ အကောက်ခွန်ကလည်း ပြုံးပြနှုတ်ဆက်ရုံသာ။ လေဆိပ်မှ အထူးရထားဖြင့် အော်စလိုမြို့သို့ ခရီးဆက်ခဲ့ရာ မြန်မာပြည်ရန်ကုန်မှ ထွက်ခဲ့ပြီးနာရီပေါင်း ၂၀နီးပါး ကြာသောအခါ အင်မတန်ရောက်ချင်လှသော နော်ဝေနိုင်ငံ အော်စလိုမြို့ သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပါတော့သည်။ အော်စလိုဘူတာကြီးမှ တည်းခိုမည့်ဟိုတယ်သို့ မြေအောက် ရထားနှင့် ခရီးဆက်ခဲ့ရာတွင် မြေအောက်ဘူတာ ၀င်ထွက်ပေါက်များရှိ ကြော်ငြာ ဆိုင်းဘုတ်နေရာများတွင် နော်ဝေ နိုင်ငံထုတ် မဂ္ဂဇင်းတစ်ခုက ဒေါ်အောင်ဆန်းစုကြည်၏ ပန်းချီနှင့်မျက်နှာဖုံး လုပ်ထားတာကို တွေ့လိုက်ရသည်။
Ref:EMG