Monday, August 20, 2012

. . . . . . ပြောပြချင်ပါတယ် (၆) Written by သန်းထွဋ်အောင်

၁၄-၉-၁၉၈၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ သတင်းဖော်ပြချက်
 (၁) 
ကျွန်တော်တို့ ငယ်ငယ်က ကျွန်တော့်မိဘတွေက အမြဲဆုံးမတာ ရှိပါတယ်။ ''မင်းစခဲ့တဲ့အလုပ် မင်းပြီးအောင်လုပ်ရမယ်'' တဲ့။ ''You  have to finish what you start.'' ကိုယ်စခဲ့တဲ့ အလုပ်ကိုတောင် ကိုယ်ပြီးအောင် မလုပ်နိုင်တဲ့သူဆိုတာ လူပျော့ လူညံ့၊ တန်ဖိုးရှိတဲ့လူမဟုတ်ဘူးလို့ အမြဲ ဆုံးမပါတယ်။
(၂)
၈ ရက် ၈ လဆိုတဲ့ရက်ရောက်တိုင်း ကျွန်တော်အမြဲ ဒီစကားလုံးကို သတိရပါတယ်။ ကျွန်တော်တို့ အထူးသဖြင့် ကျွန်တော်တို့နဲ့ ရွယ်တူ အသက် ၂၀-၂၅ ရှိတဲ့ ကျောင်းသားလူငယ်တွေဟာ ဒီ ၁၃၅၀ ပြည့် အရေးတော်ပုံကြီးမှာ ဦးဆောင်မှုအ ခန်းကဏ္ဍက ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။
၂၆ နှစ်တာကာလအတွင်း အရှေ့တောင်အာရှမှာ ထွန်းသစ်စ နိုင်ငံတစ်ခုကို ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖြစ်အောင် လုပ်ခဲ့ခြင်း၊ မိမိနဲ့ သဘောထားကွဲသူတွေကို (အထူးသဖြင့် ကျောင်းသားတွေကို) ရက်ရက်စက်စက် ဖိနှိပ်ခြင်း၊ အခွင့်ထူးခံ လူတန်းစားနဲ့ ဖိနှိပ် ခံလူတန်းစားတွေကြား လူတန်းစား ကွာဟမှုကြီးမားခြင်း၊ လူငယ်တွေရဲ့ ထွက်ပေါက်ပိတ်ခြင်းတို့က ဒီလူထု အုံကြွမှုကြီးကို ဖြစ်ပေါ်စေခဲ့တာပဲ ဖြစ်ပါတယ်။ ဒီ ၈၈ အပြောင်းအလဲကြီးကြောင့် အသက်ခန္ဓာ စတေးခဲ့ရသူတွေ၊ ဘ၀တွေ စတေးခဲ့ရသူတွေ၊ ရည်မှန်းချက်တွေ စွန့်လွှတ် အနစ်နာခံခဲ့ရသူတွေ၊ ဘ၀အကွေ့အချိုးတွေ ပြောင်းခဲ့ရသူတွေ သိန်း၊ သန်းချီ ရှိခဲ့ရပေမယ့် ကျွန်တော်တို့ မျှော်မှန်းခဲ့တဲ့နိုင်ငံ၊ ကျွန်တော်တို့ရည်စူးခဲ့တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းကတော့ ဖြစ်ပေါ်မလာခဲ့ပါဘူး။
ကျွန်တော်တို့နဲ့တန်းတူ ဒီမိုကရေစီတောင်းဆိုခဲ့တဲ့ အရှေ့ဥရောပနိုင်ငံတွေကို မော့မကြည့်ပါနဲ့။ ကိုယ့်နောက်က ဘင်္ဂလားဒေ့ရှ်၊ စစ်ဒဏ်ခံရတဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုတို့တောင် ကျော်တက်ပြီး အာရှတိုက်ရဲ့ အဆင်းရဲ၊ အနိမ့်ကျဆုံး နိုင်ငံ ဖြစ်ခဲ့ရတယ်။ အဖိနှိပ်ခံလူတန်းစားတွေ ပိုဖိနှိပ်ခံရတယ်။ လူငယ်၊ လူရွယ်တွေ မျှော်လင့်ချက် လုံးဝမရှိတဲ့ဘ၀ အာရှတိုက်နိုင်ငံအနှံ့အပြားမှာ ကျွန်သာသာအလုပ်တွေ ထွက်လုပ်ကြရတယ်။ လူတွေရဲ့ စိတ်ဓာတ်တွေ၊ အကျင့်စာရိတ္တတွေ နိမ့်ကျ ပျက်စီးလာခဲ့ရတယ်။ ကျွန်တော်တို့ မျှော်မှန်းခဲ့တဲ့နိုင်ငံ၊ ကျွန်တော်တို့ ဖြစ်ချင်ခဲ့တဲ့ လူ့အဖွဲ့အစည်း . . . . .  ကျွန်တော်တို့မျိုးဆက် ညံ့ခဲ့ကြတယ်။ ကျွန်တော်တို့ ညံ့လို့ ကျွန်တော်တို့ရဲ့ နောက်  မျိုးဆက်တွေ ခံစားနေရဆဲပဲလေ။


နိုင်ငံသားအဖြစ်ကို လွယ်လွယ်ပေးလို့ မရတာ ကျွန်တော်တို့နိုင်ငံရဲ့ ပထ၀ီ အနေအထားကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကို သဘောမတူလို့ OIC လို နိုင်ငံတွေနဲ့ မွတ်ဆလင်အစွန်းရောက်တွေရဲ့ ရန်ပြုခြင်းကို ခံရမယ်ဆိုရင်လည်း  ကျွန်တော်တို့ဟာ အစ္စရေးနိုင်ငံလိုပဲ ပြုမူ ကျင့်ကြံ နေထိုင်ရမှာ ဖြစ်ပါတယ်  . . .


ကျွန်တော်တို့ ဘာတွေမှားလို့၊ ဘာတွေဖြစ်ခဲ့ရသလဲ။ နိုင်ငံရေး အပြောင်းအလဲတွေမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးမှာပဲဖြစ်ဖြစ် အရေးကြီးဆုံးက ရဲရင့်ခြင်းသတ္တိ (courage) ဒီမှာ မညံ့ခဲ့ဘူး၊ တွေးခေါ်မြော်မြင်မှု (Ideology) ဒီမှာ မညံ့ပါဘူး။ ဒါပေမဲ့ မျှခြေကို ဖန်တီးနိုင်စွမ်း (Balancing Act) မှာတော့ ကျွန်တော်တို့ ညံ့ခဲ့ကြတယ်။ ကျွန်တော်တို့ဟာ ၈၈ ကို Revolution(တော်လှန်ရေး) လို့ ယူဆခဲ့ကြတယ်။ လက်နက်မဲ့တော်လှန်ရေးဟာ Evolution တရွေ့ရွေ့ဖြစ်စဉ်ကိုလည်း မျှော်လင့်ရမယ်ဆိုတာ မေ့လျော့ခဲ့တယ်။ ဒါကြောင့် အစွန်းရောက်မှုတွေ၊ ခေါင်းဆောင်မှု မညီညွတ်မှုတွေရဲ့ကြားမှာ အာဏာရှင်စနစ်က ပန်းပန်သွားခဲ့တယ်။ ကျွန်တော်တို့ မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီနိုင်ငံ၊ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုစစ်စစ် ဘာမှဖြစ်မလာခဲ့ဘူး။
(၃)
အယူဝါဒကွဲတွေ၊ လူမျိုးကွဲတွေ၊ ရှုပ်ထွေးတဲ့ သမိုင်းစဉ်တွေရဲ့ကြားမှာ ကြီးပြင်းခဲ့ရတဲ့ ကျွန်တော်တို့နိုင်ငံမှာ ဘာပဲလုပ်လုပ် ကျွန်တော်တို့အတွက် မျှခြေကို ဖန်တီးနိုင်မှုစွမ်းရည် (Balancing Act) ကတော့ အရေးကြီးပါတယ်။

အရင်ရေးခဲ့တဲ့အထဲမှာ ဒီမိုကရေစီကို နောက်ပြန်သွားနိုင်တဲ့ အချက် သုံးချက်ရှိပါတယ်။
(၁) တိုင်းရင်းသားများအရေးနဲ့ ပြည်ထောင်စုစစ်စစ် ဖော်ဆောင်ရေး ပြဿနာ၊
(၂) တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်ခြင်းနှင့် တရားဥပဒေစိုးမိုးမှု ပြဿနာ၊
(၃) အဂတိတရားလိုက်စားမှုနှင့် စီးပွားရေး တိုးတက်မှုနှောင့်နှေးခြင်း ပြဿနာ။
အဲဒီထဲမှာ အရေးကြီးဆုံးဖြစ်တဲ့ (၁) တိုင်းရင်းသားများအရေးနဲ့ ပြည်ထောင်စုစစ်စစ် ဖော်ဆောင်ရေး ပြဿနာဟာ အရေးကြီးဆုံးနဲ့ အထိခိုက် အရှအလွယ်ဆုံး ပြဿနာ ဖြစ်ပါတယ်။ အခု ဒီပြဿနာထဲက တစ်ခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများနဲ့ ဘင်္ဂါလီလူမျိုးများရဲ့ ပြဿနာမှာ အခုဆိုရင် UN အပါအ၀င် နိုင်ငံတကာ မွတ်ဆလင်နိုင်ငံများရဲ့ ပုံကြီးချဲ့မှုကြောင့် ပြဿနာဟာ ထိခိုက်အရှအလွယ်ဆုံး ပြဿနာဖြစ်သလို ဒီပြဿနာကိုသာ ပါးနပ်လိမ္မာစွာ မကိုင်တွယ်ဘူးဆိုရင် နိုင်ငံရဲ့အနာဂတ် ဒီမိုကရေစီ အပြောင်းလဲကိုသာမက ပြည်ထောင်စုစစ်စစ် မျှော်မှန်းချက်တွေကိုပါ ထိခိုက်သွားနိုင်ပါတယ်။ ကျွန်တော်တို့ ပါးနပ်ရပါမယ်။ ဒီနေရာမှာ အရေးကြီးဆုံးကလည်း Balancing Act(မျှခြေကို ဖန်တီးနိုင်တဲ့လုပ်ဆောင်မှု)ပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော်ဆွေးနွေးချင်တာက စစ်အုပ်ချုပ်ရေး ခေတ်လွန် မြန်မာနိုင်ငံမှာ နိုင်ငံ့လုံခြုံရေးနဲ့ နိုင်ငံတကာဆက်ဆံရေး မဟာဗျူဟာပါပဲ။ ကျွန်တော်တို့ဟာ ဒီရိုဟင်ဂျာပြဿနာကို လူမျိုးရေး၊ ဘာသာရေးရှု ထောင့်ထက် ဒီရှုထောင့်ကပဲ အဓိကထား စဉ်းစားသင့်တယ်ထင်ပါတယ်။ (က) ဇယားပါ လူနေသိပ်သည်းမှု နှုန်းအရဆိုရင် မြန်မာနိုင်ငံဟာ အာရှတိုက်မှာ လူနေသိပ်သည်းမှု အနည်းဆုံး၊ ရာသီဥတုမျှတယ်၊ သယံဇာတ ကြွယ်ဝတယ်၊ မဟာဗျူဟာ အချက် အခြာကျတယ်။ နှစ်ပေါင်း ၅၀ အာဏာရှင်စနစ်အောက်မှာနေရပြီး လူ့အခွင့်အရေးမရှိ၊ အာရှအဆင်းရဲဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်နေတာတောင် မြန်မာနိုင်ငံမှာ လာရောက်အခြေချသူ၊ တရားမ၀င် ၀င်ရောက်သူ သန်းနဲ့ချီ ရှိတယ်။ နောက် ၁၀ နှစ်၊ အနှစ် ၂၀ ဗီယက်နမ်ကိုမီ၊ ထိုင်းနိုင်ငံနီးပါး ဖြစ်လာခဲ့မယ်ဆိုရင် မြန်မာနိုင်ငံမှာ လူမျိုးပျောက်ကွယ်သွားနိုင်တဲ့တရားမ၀င် ၀င်ရောက်သူ သန်းဆယ်ဂဏန်း ရှိနိုင်ပြီး အဲဒီကမှပေါက်ဖွားသူ ဘယ်လောက်ရှိမလဲဆိုတာ တွက်ဆကြည့်နိုင်ပါတယ်။



အစိုးရအနေနဲ့ ဒီပြဿနာဖြေရှင်းရာမှာ အရေးကြီးဆုံးက တိုင်းရင်းသားရခိုင်လူမျိုးတွေရဲ့ အကျိုးစီးပွားကို ရှေ့ရှုဖို့ ဖြစ်ပါတယ်။ အကောင်းဆုံး ဖြေရှင်းနည်းကတော့ ရခိုင်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ပဲ ဖြစ်ပါတယ်  . . .


ဒါပေမဲ့ နှစ်ပေါင်းများစွာ အခြေချ နေထိုင်ခွင့် ရရှိထားတဲ့ ဘင်္ဂါလီလူမျိုးတွေကိုတော့ စိစစ်ပြီး ဧည့်နိုင်ငံသား၊ နိုင်ငံသား အခွင့်အရေးကို လူ့အခွင့်အရေး ရှုထောင့်က ပေးရမှာဖြစ်သလို၊ နိုင်ငံသားဖြစ်ပြီဆိုရင်လည်း အခြားမြန်မာမွတ်ဆလင်တွေလိုပဲ အ ခွင့်အရေး ပေးသင့်ပါတယ်။ စိစစ်ပြီး တစ်နိုင်ငံလုံး လွတ်လပ်စွာ သွားလာနေထိုင်ခွင့် ပြုသင့်ပါတယ်။ ဒါပေမဲ့ သက်သေခံ အထောက်အထားမရှိရင်တော့ လူဝင်မှုကြီးကြပ်ရေးဥပဒေအတိုင်း စီစဉ်ဆောင်ရွက်သင့်ပါတယ်။
(၄)
အစ္စရေးနိုင်ငံလို ဖြစ်လာခဲ့ရင်တော့ ကျွန်တော်တို့ရဲ့ နိုင်ငံတကာ ဆက်ဆံရေး မဟာဗျူဟာက ပြန်လည်သုံးသပ်ရမှာဖြစ်တယ်။ လွတ်လပ်ပြီး တက်ကြွသော နိုင်ငံခြားရေးမူဝါဒကတော့ ခေတ်မမီတော့ပါဘူး။ အမေရိကန်အပါအ၀င် အနောက်အုပ်စုနဲ့ ပိုပြီးရင်းနှီးအောင် ဆက်ဆံရမယ်။ တစ်ဖက်မှာလည်း မြစ်ဆုံဆည်ကြောင့် သွေးအေးသွားတဲ့ တရုတ်နဲ့ဆက်ဆံရေးကို ပုံမှန်ဖြစ်အောင် လုပ်ဆောင်ရပါမယ်။ မြစ်ဆုံဆည်ကတော့ ပြန်လည်တည်ဆောက်ဖြစ်မှာ မဟုတ်တဲ့အကြောင်း တိတိကျကျ ရှင်းလင်းဖို့ လိုမှာဖြစ်သလို အနောက်အုပ်စုတွေနဲ့ ဆက်ဆံရေးဟာ တရုတ်နဲ့ ဆက်ဆံရေးအတွက် အနှောင့်အယှက်မဖြစ်ကြောင်း ရှင်းပြသင့်ပါတယ်။ မျှတပြီး ကျင့်ဝတ်နဲ့ညီတဲ့ တရုတ်ရင်းနှီးမြှုပ်နှံသူ(ပုဂ္ဂလိကပိုင်)တွေ အများကြီးရှိပါတယ်။ သူတို့ကတစ်ဆင့် နှစ်နိုင်ငံ ပြည်သူများအကြား ဆက်ဆံရေး နွေးထွေးအောင် တည်ဆောက်ရပါမယ်။
အနောက်အုပ်စုနဲ့ ဆက်ဆံရေး လတ်တလော ကောင်းမွန်ရေးအတွက် အရေးကြီးဆုံးသုံးခုကတော့ -
(၁) လက်ကျန် နိုင်ငံရေးအကျဉ်းသားများ အလျင်အမြန် လွှတ်ပေးရေး၊
(၂) ကချင်နှင့် စစ်ပွဲအမြန်ဆုံး ရပ်စဲရေး၊
(၃) ရခိုင်ဒေသ၌ ယုံကြည်နိုင်သော နိုင်ငံတကာ စုံစမ်းလေ့လာရေးအဖွဲ့ လာရောက်ခွင့်ပြုရေး (ဒါကတော့ အာဆီယံနိုင်ငံတွေကို အကူအညီတောင်းပြီး ယခုလက်ရှိ စုံစမ်းရေးကော်မရှင်နဲ့ ပူးတွဲလုပ်ဆောင်စေခြင်း) ဖြစ်ပါတယ်။
စစ်ပွဲတစ်ပွဲတိုက်ရာမှာ Soft War မှာပါတဲ့ Media War ကတော့ ရှုံးသွားပါပြီ။ နောက်ထပ် Diplomatic War မရှုံးဖို့တော့ နှစ်လလောက် အချိန်ရပါတယ်။
အခု ပြည်ပရိုဟင်ဂျာ အဖွဲ့အစည်းတွေရဲ့ အဆိုအရ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းရှိပြီး တစ်ကမ္ဘာလုံးမှာ ၄ သန်းရှိတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ မိခင်နိုင်ငံဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်လို့ ဖော်ပြထားကြပါတယ်။ ဒီကိစ္စကို သေသေ ချာချာ စုံစမ်းပြီး ရှင်းရှင်းလင်းလင်းဖြစ်ဖို့ လိုပါတယ်။ အစိုးရအနေနဲ့ ဒီပြဿနာဖြေရှင်းရာမှာ အရေးကြီးဆုံးက တိုင်းရင်းသား ရခိုင်လူမျိုးတွေရဲ့ အကျိုးစီးပွားကို ရှေ့ရှုဖို့ ဖြစ်ပါတယ်။ အကောင်းဆုံး ဖြေရှင်းနည်းကတော့ ရခိုင်ပြည်နယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ပဲ ဖြစ်ပါတယ်။ ရခိုင်အမျိုးသားတွေကို စုပေါင်းဘဏ် ဖွင့်ခွင့်ပေးတာမျိုးတွေ၊ လျှပ်စစ်မီးအမြန်ရအောင် လုပ်ပေးတာမျိုးတွေ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု (အိန္ဒိယ၊ တရုတ်တို့ရဲ့ FDI) အင်အားကြီးနိုင်ငံတို့ရဲ့ အကျိုးစီးပွားရှိခြင်းဟာ ရခိုင်တည်ငြိမ်ရေးမှာ အရေးပါ ပါတယ်။ ရခိုင်ပြည်နယ်သာ စီးပွားရေးဖွံ့ဖြိုးလာရင် လူမျိုးရေးမုန်းတီးမှုတွေ လျော့လာမယ်။ ပဋိပက္ခတွေ လျော့လာမယ်။ ဒါကတော့ တရားဝင် အခြေချသူတွေနဲ့ ဒေသခံတွေအကြား မျှခြေဖန်တီးမှုအတွက်ပါ။ ရိုဟင်ဂျာ ပြည်နယ်ထူထောင်လိုသူတွေ၊ ထပ်မံစိမ့်ဝင်လာသူတွေအတွက်တော့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ပြတ်သားရပါမယ်။
(၅)
တကယ်ကျတော့ ရိုဟင်ဂျာအရေးတင် မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ(တချို့ကတော့ အပြောင်းအလဲ မလာသေးဘူး။ အမှားပြင်ဆင်ချက်ကာလမှာပဲ ကြာနေတယ်လို့ ဝေဖန်ကြပါတယ်။)မှာလည်း ဒီ Balancing Act က အရေးပါ ပါတယ်။ အစိုးရနဲ့ အတိုက်အခံအကြား အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေး၊ သတင်းမီဒီယာအကြား အပြန်အလှန် ထိန်းကျောင်းရေး၊ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေး၊ ဒီအရာအားလုံးမှာ မျှခြေအဖြစ် ဖန်တီးနိုင်စွမ်းက အရေးပါပါတယ်။ မျှခြေကောင်းရင် အပြောင်းအလဲဟာ မြန်ဆန်မယ်။ မျှခြေတွေ ပျက်ပြီး၊ ပဋိပက္ခတွေ ထိပ်တိုက်ရင်ဆိုင်မှုများရင် အပြောင်းအလဲတွေ နောက်ပြန်သွားနိုင်ပါတယ်။ အလုံးစုံ ညီညွတ်ရေး၊ သဘောထားအားလုံး တူညီလက်ခံရေးဆိုတာ မဖြစ်နိုင်ပါဘူး။ မျှခြေတစ်ခုနဲ့ ကျွန်တော်တို့ လိုချင်တဲ့ခရီးကို ရောက်အောင် သွားရပါမယ်။
(၆)
ကျွန်တော်တို့နိုင်ငံဟာ ဒေသတွင်း ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာဖို့၊ တိုင်းရင်းသားတွေ တန်းတူအခွင့်အရေးရတဲ့ ပြည်ထောင်စုဖြစ်ပေါ်ဖို့ဟာ ကျွန်တော်တို့ရဲ့ လွန်ခဲ့တဲ့ ၂၄ နှစ်က မျှော်မှန်းခဲ့တဲ့ အိပ်မက်တွေပါ။ ဒီအိပ်မက်တွေ ကျွန်တော်တို့ အနီးဆုံးမှာ ရောက်လာပါပြီ။ ကျွန်တော်တို့မှာ လုံလောက်တဲ့ ယုံကြည်မှုသတ္တိတွေ၊ လုံလောက်တဲ့ အတွေးအခေါ်တွေ၊ မျှခြေဖန်တီးနိုင်တဲ့ ပါးနပ်လိမ္မာမှုတွေ ရှိရပါမယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ စခဲ့တာတွေကိုတော့ ကျွန်တော်တို့ အဆုံးသတ်နိုင်ရမယ်လေ။