လုံခြုံရေး အခြေအနေကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့
တောင်မြို့အတွင်းရှိ စာသင်ကျောင်း များအနက် သုံးပုံတစ်ပုံသာ
ဖွင့်လှစ်နိုင်ပြီး ကျန်စာသင်ကျောင်းများမှာ ဖွင့်လှစ်နိုင်ခြင်း
မရှိသေးကြောင်း ရခိုင်အမျိုးသားကွန်ရက်မှ သိရသည်။
ရခိုင်ပြည်နယ် ပညာရေးဌာနမှ ၎င်းတို့ရရှိခဲ့သော စာရင်းများအရ
မောင်တောမြို့နယ်တွင် စာသင်ကျောင်း ၁၅၉ ကျောင်းရှိပြီး ၁၅၉ ကျောင်းလုံး
ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း၊ ဘူးသီးတောင်မြို့နယ်ရှိ ၁၅၉ ကျောင်း
အနက် ၁၄၉ ကျောင်း မဖွင့်လှစ်နိုင်ကြောင်းနှင့် ရသေ့တောင် မြို့နယ်ရှိ ၁၆၇
ကျောင်းအနက် ၁၃ ကျောင်းမဖွင့်လှစ်နိုင်သေးကြောင်း သိရသည်။
“အဓိကကတော့ လုံခြုံရေး စိတ်မချရသေးဘူး။ မိဘတွေကလည်း ဒုက္ခသည်စခန်းမှာပဲ
နေရတာဆိုတော့ ဘယ်မိဘကမှ ကလေးတွေကို စိတ်ချလက်ချကျောင်းလွှတ်မှာ မဟုတ်ဘူး။
နောက်လိုအပ်ချက်တွေကလည်း အများကြီးရှိသေးတယ်။ မီးရှို့ခံရလို့
ပျက်စီးသွားတဲ့ ကျောင်းဆောင်တွေ ကလည်း မပြင်ရသေးတာတွေ ရှိတယ်။ နောက်ပြီး
သင်ထောက်ကူပစ္စည်း လို အပ်ချက်တွေအပြင် လုံခြုံရေးအခြေ အနေကြောင့် နေရပ်ကို
ပြန်သွားတဲ့ ဆရာ၊ ဆရာမတွေလည်းရှိတယ်။ အခုလောလောဆယ်တော့ ဒုက္ခသည် စခန်းတွေမှာ
ကလေးတွေကို စာသင် တတ်တဲ့လူတွေက နည်းနည်းပါးပါး သင်ပေးနေတာမျိုးတွေတော့
ရှိတယ်” ဟု ရခိုင်အမျိုးသားကွန်ရက်မှ ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောပြခဲ့ပါ
သည်။
ထိုသို့ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့်အတွက်
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တစ်မြို့နယ်တည်းတွင် ကျောင်းသား ၇၈၃၀၄
ဦးခန့်နှင့် ဘူးသီးတောင်နှင့် ရသေ့တောင်တို့တွင်မူ ကျောင်းသား ၂၈၁၀
ဦးခန့် စုစုပေါင်းကျောင်းသား ရှစ်သောင်းကျော်ခန့် ပညာသင်ယူခွင့်
ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
“လက်ရှိမှာတော့ လုံခြုံရေးရဖို့ ကြိုးစားနေတယ်။ တပ်မြေထဲမှာ
ရှိတဲ့ကျောင်းတွေ၊ လုံထိန်းတွေရှိတဲ့ ကျောင်းတွေတော့ ဖွင့်နိုင်ပေမယ့်
တချို့ဝေးလံပြီး လုံထိန်းမရောက်နိုင်တဲ့ ကျောင်းတွေ လောလောဆယ်
မဖွင့်နိုင်သေးဘူး။ နောက်ပြီးဘင်္ဂါလီ အများစုတက်တဲ့ ကျောင်းတွေလည်း
ဆရာမတွေမလာရဲလို့ မဖွင့်နိုင်သေးဘူး။ ပထမအဆင့်အနေနဲ့ လုံခြုံရေး
ရှိတဲ့ကျောင်းတွေကို အရင်ဖွင့်သွားမယ်”ဟု ရခိုင်ပြည်နယ်ရှိ ပြည်နယ်
ပညာရေးမှူးစစ်ဆေးရေး ဦးလှစိန်ထွန်းက ပြောပါသည်။
ရခိုင်ပြည်နယ်တွင် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့်
ထိုသို့စာသင်ကျောင်းများ ပိတ်ထားရခြင်းဖြစ်ပြီး ယခုအခါ နှစ်လခန့်
ကြာမြင့်ပြီနေပြီဖြစ်သော်လည်း စာသင်ကျောင်းအားလုံး ပြန်လည်
ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
Ref:EMG