Thursday, August 23, 2012

 ပွဲမလန့်ခင် ဖျာခင်း Written by နီမင်းဆွေ


ငယ်စဉ်ကလေးဘ၀တုန်းက ဇာတိချက် မြှုပ်ရွာလေးကနေ မြို့တက် ဈေးဝယ်မယ့် ကြီးဒေါ်နဲ့အတူ လိုက်သွားခဲ့ရတာလေးကို ပြန်သတိရနေမိတယ်။ ပထမတော့ အမေက အသက် ၉ နှစ်ပဲရှိသေးတဲ့ ကိုယ့်ကို စိတ်မချလို့ ထည့်မပေးချင်ဘူး။ ဒါပေမဲ့ ကိုယ်က တအားလိုက်ချင် နေတာကတစ်ကြောင်း ကိုယ့်ကိုခေါ်သွားမယ့်သူက အမေ့အစ်မကြီးကိုယ်တိုင် ဖြစ်နေတာကတစ်ကြောင်းမို့ အမေက စိတ်မပါ့တပါနဲ့ ထည့်လိုက်ပါတယ်။ ဒါပေမဲ့ ရွာကထွက်ကာ နီးမှာ အမေကကိုယ့်ကို စကားတစ်ခွန်းတော့မှာ လိုက်ပါတယ်။ 'သားမြို့ဆိုတာ ရှုပ်ရှုပ်ယှက်ယှက်နဲ့ မသွား ချင်ပါနဲ့ သားရယ်၊ ကိုယ့်ရွာမှာ ကိုယ်နေတာပဲ နားအေးပါတယ်။ အခုသား လိုက်ချင်လွန်းလို့သာ ထည့်ပေးလိုက်ရတာ အမေက စိတ်ချတာ မဟုတ်ဘူး၊ နောက်ပြီးမြို့က ဈေးထဲရောက်ရင်လည်း ဟိုငေးဒီငေး ငေးတာကတော့ ငေး၊ ဒါပေမဲ့ အောက်ကိုတော့ ကြည့်လျှောက်၊ တော်ကြာ ငှက်ပျော သီးခွံဖရဲသီးခွံတွေ တက်နင်းပြီး ချော်လဲနေဦးမယ်'လို့ ဖြစ်ပါတယ်။ ကိုယ်လည်း မြို့ကဈေးထဲ ရောက်တယ်ဆိုရင်ပဲ အမေမှာတဲ့အတိုင်း ဖရဲခွံငှက်ပျောခွံတွေကို တက်မနင်းမိအောင် သတိထားလျှောက်ရပါတယ်။ ဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် မြို့ကိုရောက်ဖူးတာမို့ ကြည့် စရာငေးစရာတွေကလည်း အများသားကလား။

အဲဒါက ကလေးဘ၀ကဖြစ်ခဲ့တဲ့ အကြောင်းလေးပါ။ လွန်ခဲ့တဲ့ ၁၆ နှစ်လောက်တုန်းကတော့ ၀န်ထမ်းဘ၀နဲ့ ထိုင်းနိုင်ငံဘန်ကောက်ကို သွားရပါတယ်။ အပြည်ပြည်ဆိုင်ရာ နိုင်ငံတွေတော်တော်များများနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့ကြီးတစ်ဖွဲ့ရဲ့ အာရှနဲ့ ပစိဖိတ်ဒေသ ဌာနချုပ် ရုံးစိုက်ရာ ဘန်ကောက်မှာ အစည်းအဝေး သွားတက်ရတာ ဖြစ်ပါတယ်။ ဘ၀မှာ ပထမဆုံးအကြိမ် နိုင်ငံခြား ရောက်ဖူးခြင်းပါပဲ။ တက်နင်းမိစရာ အောက်မှာ ငှက်ပျောခွံ ဖရဲခွံမရှိပေမယ့် ကြည့်မောစရာတွေကတော့ တစ်ပုံတစ်ပင်ပါပဲ။ အဲဒီအစည်းအဝေးပြီးတဲ့အခါမှာတော့ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံက အစည်းအဝေးလာတက်တဲ့ ကိုယ်စားလှယ်တွေကို ညစာကို ဘူဖေးစနစ်နဲ့ ကျွေးပါတယ်။ အဲဒီဘူဖေးဟာ ကိုယ့်ကိုသာမဟုတ်၊ အစည်းအဝေး လာတက်တဲ့ သူအားလုံးကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့တာပါပဲ။ ပေ ၅၀ ပတ်လည်လောက်ကျယ်တဲ့ ခန်းမကြီးထဲမှာ ကြော်မယ့် လှော်မယ့် ကင်မယ့် ပြုတ်မယ့် ဂျပန်စားတော်ကဲတွေက နံရံတွေကို ကျောပေးပြီး လေးဘက်လေးတန်မှာ နေရာယူထားလိုက်ကြပါတယ်။ ဧည့်သည်တွေမို့ သူတို့ရှေ့မှာ လာမရပ်လိုက်နဲ့ လာရပ်လိုက်ရင် ၀မ်းသာအားရနဲ့ စားစရာတွေကို ပျာပျာသလဲ လုပ်ပေးကြတယ်။ ပူပူနွေးနွေးစားရအောင် ကြော်လှော်ပြီး တစ်ခါတည်းပန်းကန်ထဲ ထည့်ပေးလိုက်ကြတာပါ။  စားစရာတွေကများလွန်းလို့ ဘယ်နှစ်မျိုးလဲဆိုတာ ရေတောင်မရေနိုင်ဘူးလို့ တင်စားပြောရမတတ်ပါပဲ။ အဖျော်ယမကာ ဘန်းတွေကိုင်ထားတဲ့ စားပွဲထိုး တွေကလည်း အစစအရာရာဘာမှ မလစ်ဟင်းရအောင် ဧည့်ဝတ်ကျေပွန်ကြပါတယ်။ အဲဒီတုန်းကတော့ ဒီဘူဖေးညစာ စားပွဲကြီးကိုကြည့်ပြီး ဒါဟာ မလိုအပ်လှပါဘူး၊ သင့်တော်သလောက် ကျွေးရင်ရနေတာပဲ။ ဒါတွေဟာ အလကားအပိုတွေပါလို့ ထင်ခဲ့မိတာ အမှန်ပါပဲ။


နောက်နေ့ လေယာဉ်ချိန်က ညနေပိုင်းမှမို့ နေ့လယ်ပိုင်းမှာ အဲဒီအဖွဲ့ကြီးမှာ အမြဲတမ်းတာဝန်ထမ်း ဆောင်နေကြတဲ့ ကိုယ့်နိုင်ငံကအရာရှိ ကြီးသုံးလေးယောက်က နေ့လယ်စာ ကျွေးပါတယ်။ ကိုယ်နဲ့အတူအစည်း အဝေးလာတက်တဲ့ ကိုယ်တို့တစ်ဖွဲ့လုံးကို ကျွေးတာဖြစ်ပြီး အိမ်ရှင် အရာရှိကြီးတွေ အားလုံးလည်းလာပြီး ဧည့်ခံစကားပြောရင်း နေ့လယ်စာ အတူသုံးဆောင်ကြပါတယ်။ သူတို့က နေ့လယ်စာကျွေးချင်တာ ထက်ကိုယ်တို့အဖွဲ့ကို အမှာစကား တစ်ခွန်းပြောလိုက်ချင်တာက အဓိက ဖြစ်နေတယ်ဆိုတာကို စားပွဲမှာ စထိုင်ပြီး မကြာခင်မှာပဲ သိလိုက်ရ ပါတယ်။
သူတို့ပြောတာက ဒီနိုင်ငံတွေ အများကြီး ပါဝင်တဲ့အဖွဲ့ကြီးကို စတင်ရုံးစိုက်ဖို့ နေရာရွေးတုန်းက ပထမဆုံးရန်ကုန်ကို  ရွေးချယ်ခဲ့ကြတာဖြစ်တဲ့အကြောင်း၊ ဒါပေမဲ့ ကိုယ်တို့နိုင်ငံက သဘောမတူခဲ့လို့ အဲဒီအဖွဲ့ကြီးရဲ့ ရုံးချုပ်ဟာ ဘန်ကောက်ကို ရောက်လာခဲ့ရတာ ဖြစ်ကြောင်း၊ တကယ်တန်းကျတော့  ဒီလိုရုံးချုပ်ကြီးမျိုး ကိုယ့်နိုင်ငံမှာ ရှိနေမယ်ဆိုရင် တစ်ကမ္ဘာလုံးနဲ့ အဆက်အသွယ်ကောင်းပြီး လူငယ်တွေ အသိဉာဏ် ပွင့်လင်းလာကြမယ့် အပြင်အလုပ်အကိုင်တွေလည်း ရလာမှာဖြစ်တဲ့အကြောင်းတွေကို စပြောကြပါတယ်။ အခုတော့ ဒီအဖွဲ့ကြီးထဲမှာ မြန်မာနိုင်ငံက သူတို့အဖွဲ့ သုံးလေးယောက်အပြင် တခြားဘယ် သူမှမရှိတော့ဘဲ နောင်လေးငါးနှစ်ကြာလို့ သူတို့တစ်တွေ ပင်စင်ယူသွားကြတဲ့အခါ ဒီအဖွဲ့ထဲမှာ ကိုယ်တို့နိုင်ငံက မျိုးဆက်ပြတ်သွားပြီး ဘယ်သူမှရှိမှာ မဟုတ်တော့မယ့်အကြောင်း ဆက်ပြောကြပါတယ်။ ပြီးမှ ဒီအဖွဲ့ကြီးထဲမှာ ဘယ်သူတွေနေရာ အများဆုံးယူထားသလဲဆိုတာ ခင်ဗျားတို့ မြင်တဲ့အတိုင်းပါပဲလို့ ဆိုကြပါတယ်။ အဲဒီအခါကျမှ အဲဒီအဖွဲ့ကြီးထဲက ၀န်ထမ်းတွေအကြောင်း ပြန်စဉ်းစားမိပြီး လူငယ်ဝန်ထမ်း အားလုံးလိုလိုဟာ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံထဲ ကလူတွေ အများဆုံးဖြစ်နေတယ်ဆိုတာကို ပြန်သတိထားမိပါတယ်။ အာဖဂန်နစ္စတန်လို နိုင်ငံမျိုးက တောင်တစ်ယောက်လောက်တော့ ပါနေသေးတာကို တွေ့ရပါတယ်။ လူငယ်ပိုင်းက တစ်ယောက်မှမပါတာဆိုလို့ ကိုယ်တို့နိုင်ငံ တစ်နိုင်ငံပဲရှိတယ်။ ကိုယ့်မိတ်ဆွေ အရာရှိကြီးတွေ အဲဒီလိုပြောပြကြတာကို နားထောင်ပြီး ကိုယ်တို့တစ်တွေ တော်တော်စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။
အဲဒီဘန်ကောက် အစည်းအဝေးက ပြန်လာပြီး နှစ်အတော် အတန်ကြာတဲ့အခါ အဲဒီခုနက ပြောခဲ့တဲ့ အဖွဲ့ကြီးထဲကပဲ မြန်မာနိုင်ငံအတွက် အလုပ်ခန့်အပ်ခြင်းခံရတဲ့ နိုင်ငံခြားသား ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို ရန်ကုန်မှာ တွေ့ရပါတယ်။ သူကတော့ ကိုယ့်သူငယ်ချင်းတစ်ယောက် အလုပ်လုပ်တဲ့ဌာနနဲ့ လုပ်ငန်းချင်း ဆက်စပ်နေသူပါ။ သူဟာ ဥရောပနွယ်ဖွားဖြစ်ပြီး အသက်ကတော့ ၆၀ နီးပါးရှိပါပြီ။ ဒီအလုပ်ကို ခန့်အပ်ခံ ရတဲ့သူဟာ ဇနီးသည်အဖွားကြီးကို ပါရန်ကုန်ခေါ်လာပြီး အိမ်ငှားနေပါ တယ်။ သူအဓိကတာဝန်ကျရာ ဒေသကတော့ မြန်မာပြည်ရဲ့ နယ်စပ်ဒေသ တစ်နေရာမှာပါ။ ဒါပေမဲ့ သူဟာ တာဝန်ကျရာအရပ်ကို နှစ်လလောက်နေမှ တစ်ခေါက်လောက်ပဲသွားပြီး ကျန်တဲ့ရက်တွေ ရန်ကုန်မှာနေတာ များပါတယ်။ ညနေပိုင်းတွေမှာ ရန်ကုန်မြို့က နာမည်ကြီးစားသောက်ဆိုင်တွေမှာ အဲဒီဇနီးမောင်နှံကို ညစဉ်လိုလို တွေ့နေရကြောင်း သူငယ်ချင်းက ပြောပြပါတယ်။ ဒီ့နောက်တစ်ခါမှာတော့ ကိုယ့်သူငယ်ချင်းနဲ့အတူ သူတို့တာဝန်ကျရာ နယ်စပ်ဒေသကို သွားကြပါတယ်။ တာဝန်အရ အလုပ်တွေ လုပ်ကြတယ်။ အဲဒီမှာတစ်ညအိပ်ပြီးရော အဲဒီပုဂ္ဂိုလ်ကြီးက ရန်ကုန်ပြန်မယ် ပြောတော့တာပါပဲ။ သူငယ်ချင်းနဲ့ တခြားအရာရှိတွေက ဟာ..ဒီမှာ အလုပ်တွေ အများကြီးလုပ်ဖို့ ကျန်နေသေးတာ တစ်ရက်လောက် ဆက်နေပေးပါဦးလို့ ပြောကြတယ်။ အဲဒါပြောမရဘူး၊ ပြန်မယ်တကဲကဲ လုပ်နေလို့ ကြာတော့ အချေအတင် ဖြစ်လာတယ်။ နောက်ဆုံးမတော့ အဲဒီပုဂ္ဂိုလ်ကြီးက ဒီလိုအဖွဲ့ကြီးထဲက ဒီလိုအရာရှိကြီးတစ်ယောက်ရဲ့ ခရီးသွားလာခွင့်ကို ခုလို ပိတ်ပင်ချင်တယ်ဆိုရင် တရားဝင် စာရေးပြီးလက်မှတ်ထိုးပါလို့ ပြောတယ်။ ဒါနဲ့ပဲ လက်လျော့ပြီး ပြန်လွှတ်ပေးလိုက်ရတယ်လို့ သူငယ်ချင်းက ဆိုပါတယ်။

ကိုယ်တို့နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ ငါးနိုင်ငံထဲကလေးနိုင်ငံဟာ သူ့နည်းသူ့ဟန်နဲ့ သူပုံသဏ္ဍန်တစ်မျိုးစီနဲ့ အင်အားကြီးနေကြလို့ပါပဲ။ ဒီလေးနိုင်ငံထက် အခြေအနေ ပိုမြင့်မားမလာတောင်မှ အချိန်မရွေး ပခုံးချင်း ယှဉ်နေနိုင်ဖို့ လိုပါတယ်။ အဲဒီလိုဖြစ်လာအောင် လုပ်ဖို့ဆိုတဲ့နေရာမှာ လူဦးရေများဖို့ မလိုပါဘူး။ နိုင်ငံကြွယ်ဝချမ်းသာနေဖို့နဲ့ အသိပညာ၊ အတတ်ပညာအရာမှာ တစ်ဖက်ကမ်းခတ်အောင် တတ်မြောက်နေဖို့သာ လိုတာပါ . . .


ကိုယ့်သူငယ်ချင်းပြောတာက 'စဉ်းစားကြည့်ပေါ့ကွာ သူ့လခက ကိုယ်တို့ငွေနဲ့ တစ်လကို သိန်း ၁၃၀၊ ဒါဟာနယ်စပ်ဒေသမှာ အလုပ်လုပ်နေတဲ့ အလုပ်သမား ၈၆၅ ယောက်ရဲ့ လစာနဲ့သွားညီတဲ့ ငွေပမာဏဖြစ်တယ်။ ဒါတောင်မှ ဒါဟာ သပိတ်ဝင် အိတ်ဝင်လစာနော် သူ့အိမ်ငှားစရိတ်၊ ခရီးသွားစရိတ်၊ ခရီးသွားရင်ရတဲ့ နေ့တွက်စရိတ်တွေ မပါသေးဘူး'လို့ ဆိုတယ်။ အဲဒီကိုယ့်သူငယ်ချင်းရဲ့ ညည်းတွားသံကို နားထောင်ရင်းရ လိုက်တဲ့အတွေးတစ်ခုကတော့ ကိုယ့် လူမျိုးတွေ အဲဒီလိုနေရာမျိုးတွေမှာ ဖျာခင်းနိုင်အောင် ရှေးတုန်းက ဘာဖြစ်လို့ မကြိုးစားခဲ့ကြတာလဲလို့ ဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာတော့ အဲဒီအတွေးမျိုးတွေ ဆက်တွေးဖြစ်စရာ အကြောင်းတွေ ကိုယ့်မျက်စိရှေ့မှာ ဆက်တိုက်ဆိုသလို ဖန်လာကြပါတယ်။ ဒီအဖြစ်တွေကို မြင်သာ အောင်ပြောရမယ်ဆိုရင်တော့ ဘောလုံးပွဲမှာ လူလည်း အချခံရသေး၊ အနီကတ်လည်း အပြခံရသေး၊ ဘော လုံးပွဲလည်း ရှုံးသေး၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပွဲကြည့်ပရိသတ်တွေရဲ့ အထင်မြင်လွဲမှားမှုကိုလည်း ခံရသေးဆိုတဲ့ အဖြစ်မျိုးနဲ့ ဥပမာနှိုင်းပြီး ပြောရမယ်ထင်ပါတယ်။ ဒါတွေဟာ သေသေချာချာတွေးကြည့်လေ ယူကျုံးမရစရာ ကောင်းလေပါပဲ။
အဓိကကတော့ အပြည်ပြည်ဆိုင်ရာမှာ ကိုယ့်နိုင်ငံကလူတွေ ဖျာမခင်းနိုင်ခဲ့လို့ အခုလိုဖြစ်ရတာပါပဲ။ ငှက်ပျောသီးခွံဖရဲသီးခွံ တက်နင်းမိမှာစိုးလို့ အပြင်ထွက်လေ့လာဖို့ ၀န်လေးခဲ့တဲ့ အတွေးအခေါ်တွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံစားနေရတာဆိုရင်လည်း မမှားပါဘူး။ ဒီလိုအရေးကြီးတဲ့ နေရာမျိုးတွေမှာ ကိုယ့်လူမျိုးတွေဟာ နေရာအနှံ့ ဖျာခင်းထားနိုင်မှ တော်ကာကျမယ်ဆိုတာကိုယ်လည်း  အခုမှသဘောပေါက်လာတယ်။ ကိုယ့်နိုင်ငံက အမှန်တရားတွေကို ကမ္ဘာသိအောင် ဖော်ထုတ်နိုင်ဖို့ဆိုတာ ကိုယ့်တိုင်း ပြည်ထဲမှာပဲ အသံအကျယ်ကြီးနဲ့ အော်နေလို့မရပါဘူး။ တစ်ကမ္ဘာလုံးကို အပေါ်စီးကရထားတဲ့နေရာမှာ ကျကျနန ဖျာခင်းထားပြီးအော်မှ အားလုံးကြားနိုင်မယ်ဆိုတာကို အခုတော့ သိလိုက်ရပါပြီ။
ဒါ့ကြောင့် ဂျပန်ဘူဖေးကို ဂျပန်ပြည်မှာရှိတဲ့ အတော်ဆုံးစား တော်ကဲတွေကို လေယာဉ်နဲ့ ဘန်ကောက်ကို တစ်ကူးတကစေလွှတ်ပြီး ကြော်လှော် ချက်ပြုတ်ကျွေးခိုင်းတာဟာ ကမ္ဘာ့အရေးကြီးတဲ့နေရာတွေမှာ သူတို့တစ်တွေ နေရာအကျယ်ကြီးယူ ဖျာခင်းထားပြီးဖြစ်တယ်ဆိုတာကို နိုင်ငံတကာက သိစေချင်လို့ တမင်ကျွေးတာပါလားဆိုတာကို အခုမှ သဘောပေါက်လာရတော့တယ်။
ဒါ့ ကြောင့် ကိုယ်တို့တစ်တွေဟာ ပွဲမလန့်ခင်မှာ ဖျာခင်းထားနိုင်အောင် ကြိုးစားကြရပါမယ်။ ပွဲလန့်မှဖျာခင်း ဖို့ကြိုးစားမယ်ဆိုရင်ကတော့ အကင်းမပါးတဲ့ ဘောလုံးသမားလို မိအေး လေးခါနာပြီး ဖျာမခင်းနိုင်တဲ့ အပြင်ပွဲထဲက လူတွေတက်နင်းတာနဲ့ အသက်ထွက်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်တို့ဟာ အဲဒီလို ကမ္ဘာမှာ အရေးပါတဲ့ နေရာတွေမှာ ဖျာခင်းနိုင်မယ့် အခြေအနေရှိသလား၊ ရှိရင်လည်း ဘယ်တော့လောက် ခင်းနိုင်မလဲလို့စဉ်းစားလာရပါတယ်။ ဒီနေရာမှာ သတိရတာလေးတစ်ခု အကြောင်းပြောပြချင်ပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ခါစက ဥရောပမှာ လူမျိုးတစ်မျိုးရှိပါတယ်။ လူသန်းချီပြီး အသတ်ခံရတဲ့ လူမျိုးပါ။ အဲဒီခေတ်အဲဒီအခါက ကမ္ဘာပေါ်မှာ သိမ်သိမ်ငယ်ငယ်နဲ့ အနေရဆုံး လူမျိုးလည်း ဖြစ်ခဲ့ပါတယ်။ အခုတော့ အဲဒီလိုတစ်ချိန်က သိမ်သိမ်ငယ်ငယ်နဲ့ နေခဲ့ရတဲ့ အဲဒီလူမျိုးဟာ နေရာသစ်မှာ နိုင်ငံသစ်တစ်နိုင်ငံ ထူထောင် နိုင်ခဲ့ပါပြီ။ ကမ္ဘာ့အင်အားအကြီးမားဆုံး နိုင်ငံကြီးတစ်နိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးနယ်ပယ်ထဲမှာတောင် ဖျာအကျယ်ကြီး ခင်းထားနိုင်တာကို တွေ့နေရပါတယ်။
ဒီလူမျိုး ဒီလိုဖြစ်ရတာ အကြောင်းမဲ့သက်သက်တော့ မဟုတ်ပါဘူး။
သူတို့လူမျိုးရဲ့ စိတ်ထဲက အတွင်းအားတွေ ပြင်းထန်လွန်းလို့ ဖြစ်ပါတယ်။
ကိုယ့်နိုင်ငံဟာ နိုင်ငံတကာမှာ ဖျာအကျယ်ကြီးခင်းထားနိုင်ဖို့ သူများနိုင်ငံတွေထက် ပိုပြီးအရေးကြီးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကိုယ်တို့နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ ငါးနိုင်ငံထဲကလေးနိုင်ငံဟာ သူ့နည်းသူ့ဟန်နဲ့သူ ပုံသဏ္ဌာန်တစ်မျိုးစီနဲ့ အင်အားကြီးနေကြလို့ပါပဲ။ ဒီလေး နိုင်ငံထက် အခြေအနေ ပိုမြင့်မားမလာတောင်မှ အချိန်မရွေး ပခုံးချင်းယှဉ်နေနိုင်ဖို့ လိုပါတယ်။ အဲဒီလိုဖြစ်လာအောင် လုပ်ဖို့ဆိုတဲ့နေရာမှာ လူဦးရေ များဖို့ မလိုပါဘူး။ နိုင်ငံကြွယ်ဝချမ်းသာနေဖို့နဲ့ အသိပညာ အတတ်ပညာအရာမှာ တစ်ဖက်ကမ်းခတ်အောင် တတ်မြောက်နေဖို့သာလို တာပါ။ နောင်အနှစ်၄၀ လောက်ကြာတဲ့အခါ ကိုယ့်နိုင်ငံဟာ အဲဒီလိုအခြေအနေမျိုးကို ရောက်လာနိုင် မယ့် အရိပ်အယောင်အလားအလာမျိုးကို ခုမြင်တွေ့နေရပြီဆိုရင် အဲဒီဘ၀မျိုးကို ကိုယ်ကိုယ်တိုင်ခံစားနိုင်တော့မှာ မဟုတ်တာ သေချာပေမယ့် သေပျော်ပါပြီ။ ဒီဘ၀မှာ ငါလူဖြစ်ရ ကျိုးနပ်ခဲ့ပါလားဆိုတဲ့ မုဒိတာအပြုံး ကလေးနဲ့ သေနိုင်ပါလိမ့်မယ်။
ကိုယ့်သဘောကို ပြောရမယ်ဆိုရင်တော့ ကိုယ်တို့နိုင်ငံဟာ ကိုယ်တို့မျှော်မှန်းထားသလို ဖြစ်လာနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကိုယ်တို့တတွေမှာ ငုပ်လျိုးနေတဲ့ အားတစ်မျိုး ရှိနေလို့ပါပဲ။ ဒီလို အားမျိုးကို သိပ္ပံနည်းပညာနဲ့ခေါ်တဲ့ အခေါ်တစ်မျိုးလည်း ရှိပါတယ်။ အဲဒီငုပ်နေတဲ့အားကတော့ ကွေးထားတဲ့လေးကိုင်းမှာရှိတဲ့ အားမျိုးဖြစ်တယ်။ သာမန်အားဖြင့် ထောင်ထားတဲ့ လေးကိုင်းတစ်ကိုင်းထဲမှာ ဘာအားမှ မရှိနိုင်ပါဘူး။ ဒါပေမယ့် ကွေးထားတဲ့လေးကိုင်းထဲမှာတော့ ငုပ်လျိုးနေပြီး ကြောက်ခမန်းလိလိ ခွန်အားကြီးတဲ့ အားတွေရှိနေတတ်ပါ တယ်။ လွှတ်လိုက်တာနဲ့ ဒီလေးကိုင်းထဲကထွက်လာတဲ့ အားတွေနဲ့ အရာရာကို ခုန်လွှားကျော်ဖြတ် သွားနိုင်လိမ့်မယ်လို့ ကိုယ်ကတော့ တကယ့်ကို ယုံကြည်နေတာပါ။
ဒါ့ကြောင့် ပွဲမလန့်ခင် ကမ္ဘာ့အရေးကြီးတဲ့ နေရာတိုင်းမှာ တစ်ဆင့်ပြီးတစ်ဆင့်တက်ပြီး ဖျာအကျယ်ကြီး ခင်းထားနိုင်ဖို့ အခုကတည်းက ပြန်ကြိုးစားကြဖို့ လိုပါတယ်။ ခုချိန်မှာ ကိုယ်တို့တတွေ အဲဒီလို ဖျာခင်းဖို့အတွက် အလိုအပ်ဆုံး အချက်နှစ်ချက်ပဲရှိပါတယ်။ အဲဒါကတော့ သံသယတွေ အာဃာတတွေကို ခဏတာလောက်ပဲဖြစ်ဖြစ် ကြိတ်မှိတ်မျိုသိပ်ထားပြီး အချင်းချင်း နားလည်ခွင့်လွှတ် လိုက်လျောပေးနိုင်ဖို့နဲ့ လူတိုင်း အသိဉာဏ် ပွင့်လင်းနေဖို့ပဲ ဖြစ်ပါတယ်။

Ref:EMG