ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄/၅၆ ရှိ
နေအိမ်နှင့်ခြံဝန်းနှင့်ပတ်သက်၍ အမွေပိုင်ဆိုင်မှု ဆုံးဖြတ်ချက်အပေါ်
ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ဆက်လက်
အယူခံဝင်သွားမည်ဖြစ်ကြောင်း ရှေ့နေဦးဉာဏ် ၀င်းက ဇွန်လ ၂၅ ရက်နေ့က
ပြောပါသည်။
ဦးအောင်ဆန်းဦး၏ နေအိမ်နှင့်ခြံဝင်းကို ခွဲဝေပေးစေလိုမှု
တရားရုံးသို့ ဦးတိုက်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး
အနောက်ပိုင်းခရိုင် တရားရုံးက ဇွန်လ ၂၂ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ပြီး
ဥပဒေအရ သက်ဆိုင်သည်ကို မိမိတို့လက်ခံသော်လည်း ဦးအောင်ဆန်း ဦးမှာ
နိုင်ငံခြားသားတစ်ဦး ဖြစ်သောကြောင့် ပိုင်ဆိုင်မှုခွဲဝေပေးရန်အတွက်
သီးခြားအမိန့်တစ်ခု ချမှတ်ပေးရန် အယူခံဝင်ရခြင်းဖြစ်ကြောင်း
ဆက်လက်ပြောပါသည်။
''ဥပဒေအရ နိုင်ငံခြားသားကို မြေ အိမ် ပေးလို့
မရဘူး။ ပိုင်ဆိုင်ခွင့် မရှိဘူး။ သီးခြားအမိန့်တစ်ခု ချရမယ်။
မြေယာစီရင်ထုံးတွေ ရှိတယ်။ နိုင်ငံခြားသားပါနေတဲ့ အမှုအခင်းတွေမှာ
နိုင်ငံခြားသားရဲ့ ဝေစုကို ချန်ထားရမယ်။ ပေးလို့မရဘူး။ အခု သူက
ပေးလို့ရတယ်ဆိုတဲ့သဘော နှစ်ယောက် သက်ဆိုင်တယ်လို့ ရေးထားတယ်။
နည်းနည်းလွဲနေတယ်''ဟု ဦးဉာဏ်ဝင်းက ပြောပါသည်။
ထို့အပြင် ၁၉၈၉ ခုနှစ်ဝန်းကျင်တွင် ဦးအောင်ဆန်းဦးနှင့်
ဒေါ်အောင်ဆန်းစုကြည်တို့အကြား အိမ်ခြံမြေနှင့်ပတ်သက်၍ နှစ်ဦးသဘောတူ
စာချုပ်တစ်ခုကို သက်သေများနှင့်အတူ ချုပ်ဆိုထားသော်လည်း ဦးအောင်ဆန်းဦးက
တရားရုံးသို့ ဦးတိုက်လျှောက်ထားခြင်းဖြစ်ကြောင်းနှင့် တရားရုံးဘက်မှလည်း
အဆိုပါစာချုပ်ကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိကြောင်းလည်း
ဆက်လက်ပြောပါသည်။
''စာချုပ်အရ ဒေါ်အောင်ဆန်းစုကြည် ဒီအိမ်မှာ
နေချင်သလောက်နေ။ ရောင်းရင် ဦးအောင်ဆန်းဦးကို တစ်ဝက်ပေးရမယ်''ဟု ဦးဉာဏ်ဝင်းက
ဖြည့်စွက်ပြောကြားပါသည်။
၂၀၁၀ ပြည့်နှစ်တွင်လည်း ဦးအောင်ဆန်းဦးက ယခုကဲ့သို့
နေအိမ်နှင့်ခြံဝင်းကို ခွဲဝေပေးစေလိုမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်
တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ဖူးပြီး နိုင်ငံခြားသားတစ်ဦးအနေဖြင့်
နေအိမ်နှင့်ခြံဝင်းကို ပိုင်ဆိုင်ခွင့်မရှိကြောင်း အမိန့် ချမှတ်ခဲ့သည်။
ဦးအောင်ဆန်းဦးသည် လက်ရှိတွင် အမေရိကန်နိုင်ငံတွင် နေထိုင်သူဖြစ်ပြီး အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
Ref:EMG
Tuesday, June 26, 2012
နေအိမ်နှင့်ခြံ အမွေပိုင်ဆိုင်မှု တရားရုံး ဆုံးဖြတ်ချက်အမိန့်ကို ဒေါ်အောင်ဆန်းစုကြည်ဘက်မှ အယူခံဝင်မည်
9:00 AM
သတင်းဓာတ်ပုံများ