ရန်ကုန်၊ သြဂုတ် - ၂၄
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်းဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုများကြောင့် မြန်မာနိုင်ငံအပေါ်ထားရှိသော အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူမှုလျှော့ချပေးရေးဆိုင်ရာမူဝါဒအပေါ် ထိခိုက်နစ်နာမှုမရှိကြောင်း မြန်မာဆိုင်ရာအမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က ပြောကြားကြောင်း The Wall Street Journal က သြဂုတ်လ ၂၄ ရက်နေ့တွင် ရေးသား ဖော်ပြသည်။
"ဆူပူ အကြမ်းဖက်မှုတွေ အင်မတန် လျင်မြန်စွာဖြစ်ပေါ်သွားတယ်၊ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကူးစက်ပျံ့နှံ့တယ် ဆိုတဲ့ ကိစ္စတွေက ကျွန်တော်တို့ကို အံ့အားသင့် လောက်အောင်ဖြစ်စေခဲ့တယ် ဆိုတာကိုတော့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စက ပိတ်ဆို့ အရေးယူမှု အပေါ်ထားရှိတဲ့ ကျွန်တော်တို့ရဲ့ သဘောထားကို ထိခိုက်မှုရှိမယ်လို့ မထင်မိပါဘူး။ ကျွန်တော်တို့ အတွက် မြန်မာနိုင်ငံမှာ ပိုပြီး ရှုပ်ထွေးတဲ့ စိန်ခေါ်မှုတွေ ရှေ့မှာရှိနေပြီဆိုတဲ့ သဘောမျှသာ ဖြစ်ပါတယ်" ဟု နှစ်ပေါင်း ၂၂ နှစ် တာ ကာလအတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဖြစ်လာသူ ဒဲရစ်မစ်ချဲကဆိုသည်။
ရိုဟင်ဂျာ ပဋိပက္ခ အများစုမှာ ၎င်းတို့အား နိုင်ငံတွင်း နေထိုင်ခွင့်ပြုရန် ငြင်းဆန်ကြသူ မြန်မာနိုင်ငံသားများ ထံမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။ "နိုင်ငံသားတွေအကြား သည်းညဉ်းမခံနိုင်မှုနဲ့ ခွဲခြားဆက်ဆံမှုသဘောထားကို အနက်ရှိုင်းဆုံးအနေအထားနဲ့ တွေ့မြင်ရတာဟာ ကြမ္မာငင်မှုတစ်ခုပါ" ဟု ၎င်းကဆက်လက် ပြောဆိုသည်။
ဆူပူ အုံကြွမှုများသည် လူ့အဖွဲ့အစည်းတွင်း နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် သည်းညဉ်း မခံတတ်သော သဘောတရားများနှင့် အတူ ထွက်ပေါ်လာကြောင်း၊ အဆိုပါ သည်းညဉ်း မခံတတ်သည့် သဘောတရားမှာလည်း လူ့အဖွဲ့အစည်းအတွင်း ကြီးမားထင်ရှားသော သာဓကတစ်ခု သဖွယ်ရှိနေပုံရကြောင်း ၎င်းကပြောကြားသည်။
ထို့ပြင် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က ရခိုင်ပြည်နယ်တွင်းရှိ ဗုဒ္ဓဘာသာဝင်များ အကြားဖြစ်ပေါ်နေသည့် စိတ်ခံစားချက်ကို အမေရိကန်ပြည်ထောင်စုက နားလည်ပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်း များက ရိုဟင်ဂျာ အရေးကိစ္စ အပေါ် အလွန်အမင်း အသားပေး ပြောဆိုခဲ့သည် ဟူသော အချက်ကိုလည်း မိမိတို့က သိရှိ နားလည် ထားပါကြောင်း ပြောကြားသည်။
Ref:The Voice
Friday, August 24, 2012
ရခိုင်ပြည်နယ် ကိစ္စကြောင့် ဝါရှင်တန်၏ မြန်မာ့ရေးရာ မူဝါဒ အပေါ် ထိခိုက်မှု မရှိဟု သံအမတ်ကြီးပြောကြား
10:29 PM
ရခိုင်ပြည်နယ်နောက်ဆုံးသတင်းများ