Monday, June 18, 2012

စစ်တွေ အမှတ်(၁) ရဲစခန်းရှေ့တွင် ဆူပူခဲ့သူများနှင့် သံသယရှိသူများအား စတင်စစ်ဆေး

စစ်တွေ အမှတ်(၁) ရဲစခန်းရှေ့တွင် ဆူပူခဲ့သူများနှင့် သံသယရှိသူများအား စတင်စစ်ဆေး

ဥက္ကာကိုကို၊ ဖိုးသီဟ
(Ref:7Day News Journal)
ရန်ကုန်၊ ဇွန်-၁၈
စစ်တွေမြို့ အမှတ်(၁) ရဲစခန်းရှေ့တွင် ဇွန် ၃ ရက်က ဖြစ်ပွားခဲ့သည့် ဆူပူဆန္ဒပြမှုတွင် ပါဝင်ပတ်သက်ခဲ့မှုနှင့် ပါဝင်ပတ်သက်မှုရှိသည်ဟု သံသယရှိသူများအား အမှတ်(၁)ရဲစခန်းက ဇွန် ၁၆ ရက်မှ စတင်ခေါ်ယူစစ်ဆေးဖမ်းဆီးလျက်ရှိကြောင်း ခေါ်ယူစစ်ဆေးဖမ်းဆီးသွား
သူများ၏ မိသားစုဝင်များက ပြောသည်။

 


ယနေ့ ဇွန် ၁၈ ရက်ထိ ရဲစခန်းမှ ခေါ်ယူစစ်ဆေးဖမ်းဆီးထားသူ ၂၃ ဦးရှိပြီး၊ ၄ ဦးမှာ သေနတ်ဒဏ်ရာ ရရှိထားသူများဖြစ်သည်။ ဇွန် ၃ ရက်က အခင်းဖြစ်ပွားပြီး ချိန်တွင် တရားခံဟုယူဆရသူ ၉ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၎င်းတို့အနက်မှ ပြစ်မှုကျူးလွန်ခြင်းမရှိသူများကို
ပြန်လွှတ်ပေးခဲ့ကြောင်း အမှတ်(၁)ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

“ဖြစ်ပြီးတဲ့အချိန်မှာ အဓိကတရားခံလို့ ယူဆရသူတွေကို ကျွန်တော်တို့ ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ တချို့မှာ အပြစ်မရှိတဲ့အတွက် ပြန်လွှတ်ပေးခဲ့ပါတယ်။ ကျန်တဲ့လူ တွေကိုတော့ ဥပဒေပုဒ်မ (၆/၁)နဲ့ တရားစွဲဆိုသွားမှာပါ” ဟု အဆိုပါရဲအရာရှိက 7Day News သို့ပြောသည်။ စစ်တွေမြို့မဈေးနှင့် နာဇီဈေးတို့တွင် ဈေးလေလံ ကိစ္စနှင့်ပတ်သက်၍ မကျေနပ်မှုဖြစ်ပွားရာမှ အမှတ်(၁) ရဲစခန်းရှေ့တွင် စတင်ခဲ့သော အဆိုပါ ဆူပူဆန္ဒပြမှုကြောင့် ရဲတပ်ဖွဲ့ဝင်များပစ်ခတ်ရာ လူ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။