Monday, May 14, 2012

(REF:THE VOICE WEEKLY)
Channel 7 အခမဲ့ ရုပ်သံလိုင်း စတင်ထုတ်လွှင့်


ရန်ကုန်၊ မေ ၁၂

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးကို လွှမ်းခြုံ၍ MRTV-4 အခမဲ့ ရုပ်သံလိုင်းနှင့် 5 Network အခပေး ရုပ်သံလိုင်းများ ထုတ်လွှင့်နေသော Forever Group Co.ltd က Channel 7 အမည်ရှိ အခမဲ့ ရုပ်သံလိုင်းသစ်ကို မေလ ၁၁ ရက်နေ့က စတင်၍ စမ်းသပ် ထုတ်လွှင့်နေပြီ ဖြစ်ကြောင်း MRTV-4 ရုပ်သံမီဒီယာမှ အယ်ဒီတာချုပ် ဦးထွန်းနေစိုးက ဆိုသည်။

အဆိုပါ Channel 7 ရုပ်သံလိုင်းသစ်ကို လတ်တလော၌ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင်သာ ဖမ်းယူ ကြည့်ရှု နိုင်မည် ဖြစ်ပြီး အသက် ၄၅ နှစ်အောက် လူငယ်၊ လူရွယ် ပရိတ်သတ်များ ကြည့်ရှုနိင်ရန် ရည်ရွယ်ထားကြောင်း၊ MRTV-4 မှ ထုတ်လွှင့်နေသော အစီအစဉ်များနှင့် မတူညီအောင် စီစဉ်တင်ဆက် ထားပြီး အဆိုပါ Channel 7 တွင် မြန်မာစာတမ်းထိုး ကိုရီးယား ဇာတ်လမ်းတွဲများ၊ အနောက်တိုင်း ရုပ်ရှင်ကားများ၊ မြန်မာ နေရှင်နယ်လိဂ် ဘောလုံးပွဲစဉ်များနှင့် အနုပညာ အကြောင်းအရာများကို စီစဉ် တင်ဆက်ထားသည့် Colorful Art ကဲ့သို့ ကိုယ်ပိုင် အစီအစဉ်များ ထုတ်လွှင့်ပေးနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

Forever Group Co.,ltd ကို ၁၉၉၅ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၂၀၀၄ ခုနှစ် မေလတွင် MRTV-4 ရုပ်သံလိုင်းကို ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပူးပေါင်း၍ စတင် ထုတ်လွှင့်ခဲ့ကာ ၂၀၀၅ ခုနှစ်မှ စတင်ကာ ဒစ်ဂျစ်တယ် နည်းပညာဖြင့် အခမဲ့နှင့် အခပေး ရုပ်သံလိုင်းပေါင်း ၅၀ ကျော်ကို ထုတ်လွှင့်လျှက် ရှိသည်။