လျှပ်တစ်ပြက်ဂျာနယ် အတွဲ ၃ အမှတ် ၉၁ စာမျက်နှာ ၈ တွင် ဖော်ပြပါရှိသော
မသီတာထွေး၏ ဓာတ်ပုံနှင့် ပတ်သက်၍ အယ်ဒီတာချုပ် ဦးမြတ်ခိုင်အား
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ)(ဂ)တို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ ကိုယ်စား ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးမှ
ဇွန်လ၂၉ရက်နေ့တွင် ဦးတိုက်လျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။
တရားလို
ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသူရက ''လျှပ်တစ်ပြက်ဂျာနယ်
အတွဲ ၃ အမှတ် ၉၁ စာမျက်နှာ ၈ တွင် ဖော်ပြပါရှိသော အစ္စလာမ်ဘာသာဝင်
ဘင်္ဂလီလူမျိုး တရားခံ ၃ ဦး၏ ဓာတ်ပုံ၏ တစ်ဆက်ထဲအောက်တွင် မသီတာထွေး၏ လုယက်၊
လူသတ်၊ မုဒိန်းကျင့်၊ လည်ပင်းဓာဒဏ်ရာဖြင့် ဒူးပေါ်ပေါင်ပေါ်ဓာတ်ပုံကို
ဖော်ပြရန် မသင့်ဘဲ ဖော်ပြခဲ့ခြင်း၊ ဖြစ်စဉ်ဖြစ်ပွားပြီးနောက်
၁၂ရက်ကြာမြင့်ပြီးမှ ဖော်ပြရန် မသင့်သော ဓာတ်ပုံများဖြင့် မသင့်မလျော်
ထပ်မံဖော်ပြခဲ့သည်ကို တွေ့ရှိရပါသည်။ ထိုသို့ဖော်ပြခြင်းအားဖြင့် အဆိုပါ
ဂျာနယ်ထုတ်ဝေသည့်နေ့မှာပဲ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပျံနှံသွား၍
ဗုဒ္ဓဘာသာဝင်လူထုနှင့် အစ္စလာမ် ဘာသာဝင် လူထုအကြား တင်းမာမှုများ၊
မကျေနပ်မှုများ ကိန်းဝပ်သွားပြီး ဒေသတည်ငြိမ် အေးချမ်းရေးနှင့်
တရားဥပဒေစိုးမိုးရေးကို ထိခိုက်သွားစေပြီး ပြည်သူများအကြား
စိုးရိမ်ထိတ်လန့် ကြောက်ရွံ မှုများကို ဖြစ်ပေါ်စေခဲ့ပါတယ်။
တစ်ဖက်နှင့်တစ်ဖက် ပြစ်မှုကျူးလွန်အောင် တမင်ရည်ရွယ်ချက်ရှိရှိဖြင့်
လှုံ့ဆော်ရာရောက်သော ဖော်ပြချက်များ ဖြစ်နေသဖြင့် တာဝန်ရှိသူ
လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ်အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)
(ဂ)တို့အရ အရေးယူပေးပါရန် ဦးတိုက်လျှောက်ထားပါတယ်''ဟု ပြောကြားခဲ့သည်။
တရားပြိုင်
ဦးမြတ်ခိုင်၏ ရှေ့နေ ဦးသိန်းညွန့်က ''ပုဇွန်တောင်မြို့နယ်
အုပ်ချုပ်ရေးမှူး ဦးမင်းသူရကနေ လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ်
ဦးမြတ်ခိုင်ကို တရားစွဲတာပါ။ သို့သော် ဒီလိုတရားစွဲဖို့ ရန်ကုန်
အရှေ့ပိုင်းခရိုင်ကို ညွန်ကြားတာက ၀န်ကြီးချုပ်ရဲ့ ကိုယ်စားလက်မှတ်ထိုးတဲ့
ဒုတိယညွန်ကြားရေးမှူးတစ်ယောက်က ညွန်ကြားတာပါ။ အဲဒီစာကို ဒီအမှုထဲမှာ သက်သေခံ
မတင်ထားတာကို ထောက်ပြခဲ့ပါတယ်။ ဒီနေ့ တရားလို လျှောက်ထားသူက
ဦးမြတ်ခိုင်ကို ပုဒ်မ ၅၀၅(ခ)(ဂ)နဲ့ သူတို့ ဦးတိုက်လျှောက်လွှာပါ
အချက်တွေနဲ့ စွပ်စွဲတာပါ။ အဲဒါကို ကျွန်တော်ဘက်ကလည်း စွပ်စွဲချက်တွေကို
ပြန်ချေပတယ်။ ဥပဒေအရ စကားပြောရင် ဦးမြတ်ခိုင်ရေးတဲ့ ၈.၆.၂၀၁၂ သတင်းသည်
မြန်မာ့အလင်း၊ ကြေးမုံမှာပါတဲ့ သတင်းစာ အတိုင်း ၏သည် မခြားရေးသားထားခြင်း
ဖြစ်တယ်။ ဓာတ်ပုံများသည်လည်း အင်တာနက်မှာ အများပြည်သူ ကြည့်ရှုပြီးသား
ပုံတွေဖြစ်တယ်။ အဲဒီဟာ ဦးမြတ်ခိုင် သတင်းကြောင့် သူ့ဟာ
သူတရားလိုထွက်ဆိုချက်အတိုင်းပဲ ရခိုင်မှာဖြစ်တာက ဇွန်လ ၃ ရက်နေ့
ဦးမြတ်ခိုင် သတင်းရေးတာက ၈ရက်နေ့ ဦးမြတ်ခိုင် သတင်းရေးသားပြီးတဲ့
နောက်ပိုင်းမှာ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရခိုင်မှာ မူလသူ့ဟာသူ
ဖြစ်နေတဲ့ နေရာကလွဲပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရခြင်း မရှိဘူး။ အရေးပေါ်
အခြေအနေ ထုတ်ပြန်ခဲ့ရခြင်းမရှိဘူး။ အဲဒါကို ကျွန်တော်အဓိက ပြန်ပြီး
တရားလိုကို ပြန်လည် မေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနေ့ သူတို့ အလုပ်က
စွပ်စွဲတယ်။ ကျွန်တော်က ဦးမြတ်ခိုင်ရဲ့ ရှေ့နေအနေနဲ့ ဒီစွပ်စွဲချက်တွေကို
ချေပတယ်။ ဒါပါပဲ။ ဇူလိုင်လ ၁၃ ရက်နေ့မှာ နောက်ထပ် ရုံးချိန်း ရှိပါတယ်''ဟု
ပြောကြားခဲ့သည်။
(သတင်း:EMG)
Saturday, June 30, 2012
လျှပ်တစ်ပြက်ဂျာနယ်တွင် ဖော်ပြပါရှိခဲ့သော မသီတာထွေး ဓာတ်ပုံနှင့် ပတ်သက်၍ အယ်ဒီတာချုပ်ဦးမြတ်ခိုင်အား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(ခ)(ဂ)တို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးမှ ဦးတိုက်လျှောက်ထား
12:08 AM