လွှတ်တော်အပေါ်တွင် လွှမ်းမိုးသော အဖွဲ့အစည်း(သို့မဟုတ်)
လူပုဂ္ဂိုလ်တစ်ဦးမျှမရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးနှင့်
ပတ်သက်၍ အမျိုးသားလွှတ်တော်မှ စတင်ဆောင်ရွက်မည်ဖြစ်သဖြင့် မိမိတို့
လွှတ်တော်၏ အခန်းကဏ္ဍ ရောက်ရှိလာသည့် အခါတွင် ဆောင်ရွက်ဖွယ်ရာများ
ဆောင်ရွက်နိုင်အောင် သည်းခံစောင့်ဆိုင်းပေးပါရန် ပြည်သူ့လွှတ်တော်ဥက္ကဌ
သူရဦးရွှေမန်းက သြဂုတ်လ ၂၄ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့
လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
သာပေါင်းမဲဆန္ဒနယ်မှ
ဦးဝင်းသန်း တင်သွင်းသည့် "ပြည်သူ့ လွှတ်တော်ဥက္ကဌ၏ ၁၄.၈.၂၀၁၂ ရက်စွဲပါ
သ၀ဏ်လွှာနှင့် နိုင်ငံတော် သမ္မတက ပြန်လည်ပေးပို့သော သ၀ဏ်လွှာများနှင့်
စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ မှန်ကန်သော ဆန္ဒကို မည်သို့
သဘောထားသည်ကို ရှင်းရှင်းလင်းလင်း သိခွင့်ရရှိသင့်ပါကြောင်း" အ
ရေးကြီးအဆိုကိုတင်သွင်းခဲ့သည့် အတွက် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက
ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဦးဝင်းသန်းက အဆိုတင်
သွင်းရာတွင် "နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏
နိုင်ငံတော်သမ္မတက တင်သွင်းခဲ့သည့် လွှတ်တော်၊ကော်မတီ၊
ကော်မရှင်နှင့်အဖွဲ့တို့၏ ပြည်ထောင်စု အဆင့်ဟူသည့် အနက်အဓိပ္ပါယ်
ဖွင့်ဆိုခြင်းနှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်အပေါ် နိုင်ငံတော်ဖွဲ့စည်းပုံ
အခြေခံဥပဒေဆိုင်ရာခုံရုံးအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃၄အရ
စွပ်စွဲပြစ်တင်ရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်ဥက္ကဋ္ဌထံ
တင်ပြခဲ့ ကြပါတယ်။ အဆိုပြတင်ပြချက်အရ လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော် သမ္မတထံသို့
၁၄.၈.၂၀၁၂ ရက်စွဲဖြင့် သ၀ဏ်လွှာပေးပို့ခဲ့ပြီး နိုင်ငံတော်သမ္မတထံမှလည်း
၂၀.၈.၂၀၁၂ရက်စွဲဖြင့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌထံသို့ သ၀ဏ် လွှာတစ်စောင်
ပြန်ပို့ခဲ့ကြောင်း သိရှိပြီးဖြစ်ပါသည်။ လွှတ်တော် ဥက္ကဋ္ဌက အထက်ပါသ၀ဏ်လွှာကို
ပေးပို့ခြင်းမပြုမီတွင် ပြည်သူ့ကိုယ်စားလှယ်များ၏ ဆန္ဒကို ဥပဒေနှင့် အညီ
ဆောင်ရွက်ပေးရမည်ဟု ၀န်ခံပြောဆိုသွားသည့်အတွက် ထိုသို့ဝန်ခံပြောဆိုမှုကို
ကျွန်တော်တို့ ပြည်သူ့ကိုယ်စားလှယ်များက
ယုံကြည်သည့်အတွက်ကြောင့်လည်းကောင်း၊ နိုင်ငံတော်သမ္မတထံမှ ပြန်ကြားရမည့်
ရလဒ်အပေါ်မူတည်လျှက် ဆက်လက်လုပ်ဆောင်ရန် ခဏသည်းခံပါဟု လွှတ်တော်ဥက္ကဋ္ဌ၏
သဘောထားကြီးမှုကို အလေးထား လေးစားသောအားဖြင့်လည်းကောင်း ကျွန်တော်တို့
သည်းခံစောင့်ဆိုင်းခဲ့ကြပါတယ်။ နိုင်ငံတော် သမ္မတထံမှ သ၀ဏ်လွှာပေးပို့
ရောက်ရှိလာသည့်အခါတွင် နောက်ဆုံးအပိုင်း၌ ဤအဖွဲ့အစည်း နှစ်ခုသည်
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေးအပ်ထားသည့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းများ
ဖြစ်ပါသဖြင့် မိမိတို့ အဆန္ဒအရ ကြိုက်နှစ်သက်သော နိုင်ငံရေးလမ်းကြောင်းကို
ရွေးချယ်နိုင်ခွင့်ရှိပါကြောင်းဟု ကြားသိရပြီး ၂၁.၈.၂၀၁၂ရက်အထိ၊ လွှတ်တော်
ဥက္ကဋ္ဌက မည်သို့ဆောင်ရွက်ပေးမည်ကို ဆက်လက် သည်းခံစောင့်ဆိုင်းခဲ့ကြပါသည်။
သို့ရာတွင် သြဂုတ်လ ၂၁ ရက် နောက်ပိုင်းလည်း ဘာမျှ ဆက်လက်ဆောင်ရွက်ပေးခြင်း
ထူးခြားမှုမရှိသည့်အတွက် ကျွန်တော်တို့အားလုံး၏ တင်ပြချက်ကို
လွှတ်တော်ဥက္ကဋ္ဌကြီးမှ လစ်လျူရှုထားပါပြီလား သို့တည်းမဟုတ် ကျွန်တော်တို့၏
လွှတ်တော်အပေါ်တွင် လွှမ်းမိုးထားသော အဖွဲ့အစည်း (သို့မဟုတ်)
လူပုဂ္ဂိုလ်တစ်ဦးဦးရှိနေပါပြီလားဟု ထင်မြင်ယူဆမိကြပါသည်။
ဤထင်မြင်ယူဆချက်နှင့် လက်ရှိဖြစ်စဉ်များ အတိုင်းသာဆက် လက်လုပ်ဆောင်ရမည်
ဆိုပါက ကျွန်တော်တို့ ပြည်သူ့ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူ့အကျိုးကို
မည်သို့မျှ ဆက်လက်ဆောင်ရွက်နိုင်မည့် အနေအထားမရှိတော့ပါ။
လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်ထောင်စု အဆင့်အတန်းနှင့် ပတ်သက်၍
အနက်အဓိပ္ပါယ်ဖွင့်ဆိုရာတွင် ၁၉၇၃ ခုနှစ် စကားရပ်များ အနက်
အဓိပ္ပါယ်ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၃(ခ) အရ ဥပဒေ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်၏
အနက်အဓိပ္ပါယ်ကို ယင်းဥပေဒပြုသည့် အာဏာပိုင်အဖွဲ့အစည်း၏ ရည်ရွယ်ချက်နှင့်
ကိုက်ညီအောင်ဖွင့်ဆိုရမည်ဟု လမ်းညွှန်ချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ
၄၄၃ ပြဋ္ဌာန်းချက်အရ ထင်ရှားနေပါလျှက် ခုံရုံး၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ
ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း ဆုံးဖြတ်ချက်မှာ
ဖွဲ့စည်းပုံအခြေခံဥပဒေကို မျက်ကွယ်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အထက်ပါ
ပုဒ်မ ၄၄၃ ကို ဖောက် ဖျက်ရာရောက်ကြောင်း ထင်ရှားနေပါသည်။ ယမန်နေ့ ၂၃.၈.၂၀၁၂
ရက်နေ့ကလည်း ပြည်သူ့လွှတ် တော်အစည်းအဝေးစတင်ရန် နံနက် ၁၀နာရီတွင်
စီစဉ်ထားသော်လည်း၊ အစည်းအဝေး မကျင်းပဖြစ်သောကြောင့် တက်ရောက်ရန်
စောင့်ဆိုင်း နေကြသော လွှတ်တော်ကိုယ်စားလှယ်များမှာ အချိန်ကုန်
လူပန်းဖြစ်ကြရပြီး ပြည်သူ့ကိုယ်စားလှယ်များကို အလေးမထားရာ ရောက်ခဲ့ပါသည်။
သို့ဖြစ်ပါသောကြောင့် ကျွန်တော် တင်သွင်းလိုသည့် အဆိုမှာ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ၁၄.၈.၂၀၁၂ရက်စွဲပါ သ၀ဏ်လွှာများနှင့် စပ်လျဉ်း၍
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၏ မှန်ကန်သောဆန္ဒကို ဥက္ကဋ္ဌကြီးက
မည်သို့သဘောထားသည်ကို ရှင်းရှင်းလင်းလင်း သိခွင့်ရရှိသင့်ပါ ကြောင်း
အဆိုအားတင်သွင်းလိုပါကြောင်း တင်ပြအပ်ပါတယ်" ဟု ပြောကြားခဲ့သည်။
ထို့နောက်အဆိုကို
ကမာရွတ် မဲဆန္ဒနယ်မှ ဒေါက်တာစိုးရင်က ထောက်ခံဆွေးနွေးခဲ့ပြီးနောက်
ပြည်သူ့လွှတ်တော် ဥက္ကဌက ပြန်လည်ဖြေကြားရာတွင် "သာပေါင်းမဲ ဆန္ဒနယ်မှ
ဦးဝင်းသန်းတင်သွင်းတဲ့ မေးခွန်းဆန်တဲ့ အဆိုဟာ မေးသင့် မေးထိုက်တဲ့
ကိစ္စဖြစ်ပါတယ်။ ဒီလို မေးမြန်းတဲ့အတွက် ကျွန်တော့်အနေနဲ့
စိတ်မကောင်းမရှိပါဘူး။ လွှတ်တော်ကို အလေးမထားရာ ရောက်သည်ဆိုသော မေးမြန်းမှု
အပေါ် မိမိ လွှတ်တော်ဥက္ကဋ္ဌက ဦးစွာတင်ပြလိုပါတယ်။ မိမိ လွှတ်တော်ဥက္ကဌသည်
လွှတ်တော်ကို အလေးထားပါတယ်။ လွှတ်တော်၏ ဂုဏ်သိက္ခာ၊ လွှတ်တော်ရဲ့
အဆင့်အတန်းကိုလည်း အမြဲကာကွယ် ထိန်းသိမ်းလျက်ရှိပါတယ်။ ယမန်နေ့ ၂၃
-၈-၂၀၁၂ရက်နေ့တွင် နိုင်ငံတော် သမ္မတမှ ဖွဲ့စည်းပုံ
အခြေခံဥပဒေခုံရုံးကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးလိုကြောင်း
ဖိတ်ခေါ်ခဲ့၍ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် မိမိနှင့်
တာဝန်ရှိသူများသည် ယမန်နေ့ ၉ နာရီချိန်မှစတင်၍ ဆွေးနွေးညှိနှိုင်းမှုများ
ပြုလုပ်ခဲ့ပါတယ်။ လွှတ်တော်အစည်းအဝေးကို ဒါ့ကြောင့်လည်း
အချိန်မီမရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ နောင်တွင် မိမိ အနေဖြင့် လွှတ်တော်၊
လွှတ်တော် ကိုယ်စားလှယ်များကို အလေးထား လေးစားသလို လွှတ်တော်၏ ဂုဏ်သိက္ခာ
မြင့်မားရေးနှင့် လွှတ်တော်၏ တာဝန်နှင့် လုပ်ပိုင်ခွင့် မှန်ကန်စွာရရှိရေး
ဆောင်ရွက်ရာတွင် လွှတ်တော်နှင့် လွှတ်တော် ကိုယ်စားလှယ်များကို စော်ကားရာ
အဖြစ်မျိုးမရောက်အောင် အချိန်ကို တွက်ချက်၍ လေးစားလိုက်နာ ဆောင်ရွက်သွားမည်
ဖြစ်ပါကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြအပ် ပါတယ်။ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်များ ခင်ဗျာ။ ပြည်သူ့ကိုယ်စားလှယ်များ၏ တရားနည်းလမ်းကျစွာနှင့်
စုပေါင်းလက်မှတ် ရေးထိုးတင်ပြချက်၊ တာဝန်ပေးချက်ကို လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်
အနေဖြင့် မည်သို့မျှ ပြစ်ပယ်နိုင်ခြင်း၊ လစ်လျူပြုခြင်း မပြုနိုင်ပါဘူး။
ဒါကို ကျွန်တော် နားလည်လက်ခံပါတယ်။ ကျွန်တော်အနေနဲ့ ကြီးသည့်အမှု ငယ်စေ၊
ငယ်သည့်အမှု ပပျောက်စေပြီး နိုင်ငံတော်အတွက် ဥပဒေပြု လွှတ်တော်နှင့်
ကိုယ်စားလှယ်များ အတွက် အုပ်ချုပ်ရေးအဖွဲ့၊ တရား စီရင်ရေးအဖွဲ့များ အတွက်
အဆင် ပြေချောမွေ့စေပြီး ဂုဏ်သိက္ခာအတွက်လည်းကောင်း၊ ထိခိုက်နစ်နာမှု
အနည်းဆုံးအတွက်သာ စဉ်းစား တွေးတော ကြိုးစားဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။
ဦးဝင်းသန်းနဲ့ လွှတ်တော် ကိုယ်စားလှယ်များ ထင်မြင်ယူဆစရာ အကြောင်းဖြစ်သော
လွှတ်တော်အပေါ်တွင် လွှမ်းမိုးသော အဖွဲ့အစည်းသို့မဟုတ်
လူပုဂ္ဂိုလ်တစ်ဦးမျှမရှိပါကြောင်းကိုလည်း လွှတ်တော်သို့ အသိပေးတင်
ပြပါတယ်။လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် ပြည်သူ့အကျိုးအတွက်
မှန်ကန်မျှတစွာနှင့် ဂုဏ်သိက္ခာရှိရှိ ဆောင်ရွက်နေနိုင်ရန်
ယခုရက်ပိုင်းအတွင်း အမျိုးသား လွှတ်တော်မှ ဖွဲ့စည်းပုံအခြေခံဥဒေခုံရုံးနှင့်
ပတ်သက်၍ စတင် ဆောင်ရွက်မယ် ဆိုတာလည်း ကြား သိထားရပါတယ်။ မိမိတို့လွှတ်တော်
ကိုယ်စားလှယ်များအနေနဲ့ မိမိတို့လွှတ်တော် အခန်းကဏ္ဍရောက်လာတဲ့အခါမှာ
ဆောင်ရွက်ဖွယ်ရာ ဆောင်ရွက်နိုင်အောင် သည်းခံ စောင့်ဆိုင်းပေးပါရန်
မေတ္တာရပ်ခံပါတယ်"ဟု ပြောကြားခဲ့သည်။
သြဂုတ်လ ၂၄ရက်နေ့တွင် အမျိုးသားလွှတ်တော်၌ ခုံရုံးအား စွပ်စွဲပြစ်တင်မှုအဆိုကို တင်သွင်းလိုက်ပြီဖြစ်သည်။
Ref:EMG
Saturday, August 25, 2012
လွှတ်တော်အပေါ်တွင် လွှမ်းမိုးသော အဖွဲ့အစည်း (သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦးမျှ မရှိကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်မှ စတင်ဆောင်ရွက်မည်ဖြစ်သဖြင့် သည်းခံစောင့် ဆိုင်းပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဌပြောကြား
12:11 PM
လွှတ်တော်သတင်းများ