Thursday, August 23, 2012

တရားခွင်အတွင်း အစိုးရ ၀န်ထမ်းတစ်ဦး ဓာတ်ပုံရိုက်



ရန်ကုန်၊သြဂုတ်၂၃

မင်္ဂလာဒုံမြို့နယ်၊ရွှေနံ့သာ လယ်သမားများ အရေး ဆောင်ရွက်နေသူ မတူ ကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဌဖြစ်သူ ဦးနေမျိုးဝေအား ဇေကမ္ဘာ ကုမ္ပဏီက ပုဂ္ဂိုလ်ရေး အရ ပုဒ်မ-၅၀၀ဖြင့် တရားစွဲဆိုသော အမှု၏ ပထမ ရုံးချိန်းအဖြစ် ယနေ့ သြဂုတ်လ၂၃ ရက်နေ့တွင် စတင် စစ်ဆေးခဲ့ရာ တရားခွင် အတွင်း စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့ဝင် တစ်ဦးက ၀င်ရောက်ကာ ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း ယင်းတရားခွင် သို့ရောက်ရှိခဲ့သူ မျက်မြင် သက်သေ ဦးတင်မောင်အေးက The Voice Weekly သို့ အသိပေး ပြောကြားသည်။

ယင်းနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် စတင်သော တရားခွင်တွင် အဆိုပါ ဓာတ်ပုံ ရိုက်သူက တရားသူကြီးနှင့် နှစ်ဖက် ရှေ့နေများ စကားပြောနေစဉ် လက်ယာဘက် ဘေးမှနေ၍ မျက်နှာချင်းဆိုင်ရှိ တရားခွင်အား ဓာတ်ပုံ ရိုက်ယူခဲ့ကြောင်း ၎င်းက မြင်တွေ့ရပုံကို ဖြည့်စွက် ပြောကြားသည်။

အထက်ပါ ကဲ့သို့ တရားခွင် အတွင်း ဓါတ်ပုံ ရိုက်သွားသည်ဟု အတိအကျ ပြောဆိုသော်လည်း မင်္ဂလာဒုံမြို့နယ် တရားရုံးသို့ ဆက်သွယ် မေးမြန်းရာတွင် ဓါတ်ပုံရိုက်ရန် ပြင်ဆင်နေစဉ် တားမြစ် လိုက်သည့်အတွက် ထွက်ခွာသွားကြောင်း ယင်းအမှုစစ် တရားသူကြီးက ဖြေကြားသည်။

တရားရုံး၏ တရားခွင် အတွင်း ဓာတ်ပုံရိုက်ခြင်းကို တရားသူကြီးထံ ခွင့်ပြုချက် တောင်းခံရန် လိုပြီး တရားသူကြီး၏ ခွင့်ပြုချက် မရှိပါက တရားရုံးအပေါ် မထေမဲ့မြင်ပြုမှု အက်ဥပဒေ ပုဒ်မ ၃ ဖြင့် တရားရုံးချုပ်သို့ တင်ပြကာ တရားစွဲဆိုနိုင်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးဝင်းနိုင်က ပြောကြားသည်။

အဆိုပါ တရားခွင်သို့ သွားရောက် သတင်းယူ ခဲ့သည့် သတင်းသမား တစ်ဦးကမူ “တရားရုံးထဲကို ကင်မရာ ၊ အသံဖမ်းစက် ၊ ဖုန်း တစ်ခုမှ ယူလို့မရဘူး” ဟု The Voice Weekly သို့ ပြောကြားသည်။
ယင်းအမှုတွင် တရားစွဲခံရသူ ဘက်မှ အာမခံကြေးငွေ ဆယ်သိန်း တင်ခဲ့ပြီး တရားခွင်ကို နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရုပ်သိမ်းခဲ့သည်။
Ref:The Voice