Thursday, August 16, 2012

တိဘက်ဒေသ ငလျင် ဓာတ်ပုံများနှင့် တိဘက်ဘုန်းတော်ကြီးများ ပုံကို နိုင်ငံတကာ မီဒီယာ အချို့ တလွဲ အသုံးပြုမှု CTA သတိပေး


ရန်ကုန်၊ သြဂုတ် - ၁၆

ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပွားခဲ့သော ပဋိပက္ခများကို နိုင်ငံတကာ သတင်းမီဒီယာများနှင့် အင်တာနက် ဝက်ဘ်ဆိုက်များတွင် သတင်းဓာတ်ပုံများ ဖော်ပြရာ၌ တိဘက်ဒေသတွင် လှုပ်ခတ်ခဲ့သည့် မြေငလျင်နှင့် ပတ်သက်သည့် ဓာတ်ပုံများကို လွဲမှားစွာ အသုံးပြုမှုများ ရှိနေခြင်းကြောင့် မလိုလား

အပ်သည့် အရေးကိစ္စများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မိသည်ဟု တိဘက်ဒေသ အုပ်ချုပ်ရေး အဖွဲ့ ဗဟို(Central Tebetan Administration-CTA) က သတိပေး ကြေညာချက်ထုတ်ပြန်လိုက်ကြောင်း The Tiebet Post သတင်းစာက ရေးသားဖော်ပြသည်။

နိုင်ငံတကာနှင့် အခြား ပြည်တွင်းမီဒီယာတို့က မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများအကြောင်း ရေးသား တင်ဆက်ကြရာတွင် တိဘက်ပြည်၌ ပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် မြေငလျင် သတင်း ဓာတ်ပုံများကို လွဲမှားစွာ အသုံးပြုထားသည် ကိုတွေ့ရကြောင်း၊ မြေငလျင် လှုပ်ခတ်ခဲ့သော Kyigudho ပြည်နယ်တစ်ဝိုက် အပျက်အစီးများနှင့် သေဆုံးသူ ရုပ်အလောင်းများအကြား ကယ်ဆယ်ရေး လုပ်ငန်း လုပ်ကိုင်ပေးနေကြသည့် တိဘက် ဘုန်းတော်ကြီးများ ၏ ဓာတ်ပုံများကို အသုံးပြုထားခြင်း ဖြစ်ကြောင်း အဆိုပါ အဖွဲ့၏ သတိပေး ကြေညာချက်တွင် ပါရှိသည်။

'ရခိုင်ပြည်နယ်တွင်း လတ်တလော ဖြစ်ပေါ်နေသော ပဋိပက္ခ အပေါ် မီဒီယာအချို့က သတင်းရေးသား တင်ဆက်ရာ၌ တိဘက်ဒေသမှ ဘုန်းတော်ကြီးများ မြေငလျင် လှုပ်ခတ်မှုတွင် ကယ်ဆယ်ရေး လုပ်ငန်း လုပ်ကိုင်နေကြသည့် ဓာတ်ပုံများကို ထည့်သွင်း ဖော်ပြထား သည်ကို တွေ့ရှိရသောကြောင့် ကျွန်ုပ်တို့ တိဘက် အုပ်ချုပ်ရေး အဖွဲ့ဗဟိုအနေဖြင့် များစွာ စိတ်အနှောက်အယှက် ဖြစ်ရသလို အလွန်အမင်းလည်း စိုးရိမ် ပူပန် မိသည်' ဟု အိန္ဒိယနိုင်ငံ၊ Dharamshala မြို့အခြေစိုက် CTA အဖွဲ့၏ ကြေညာချက်က ဆိုသည်။

'ငလျင်ကြောင့် သေဆုံးခဲ့ရသူများ၏ ရုပ်အလောင်းများ အကြား မတ်တပ် ရပ်နေသည့် တိဘက် ဘုန်းတော်ကြီးများ၏ ဓာတ်ပုံများမှာ ရခိုင်ကိစ္စ ရေးသား ဖော်ပြကြသည့် မွတ်စလင် နိုင်ငံများ၊ အထူးသဖြင့် ပါကစ္စတန် နိုင်ငံမှ သတင်းဝက်ဘ်ဆိုက် များတွင် ဖော်ပြ ပါရှိလာသည် ကိုတွေ့ရသည်' ဟု ယင်းအဖွဲ့က ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူပေါင်း ၈၀ကျော် သေဆုံးခဲ့ကာ ဒုက္ခသည် ခြောက်သောင်းကျော် ရှိကြောင်း၊ဈေးများ၊ စာသင်ကျောင်းများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ၊ ဗလီများလည်း ပျက်စီး ဆုံးရှုံး ခဲ့ကြောင်း တရားဝင် ထုတ်ပြန် ချက်များအရ သိရသည်။

Ref:The Voice