နာမည်ကျော် အမေရိကန်အချိုရည် အမှတ်တံဆိပ်တစ်ခု ဖြစ်သော ပက်စီအချိုရည်နှင့်
မြန်မာကုမ္ပဏီ တစ်ခုဖြစ်သော ဒိုင်းမွန်းစတား ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း
ဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်း
အတွင်းက တရားဝင်ထုတ်ပြန်ခဲ့သော ကြေညာချက်အရ ပက်စီအချိုရည် အနေဖြင့်
မြန်မာနိုင်ငံအတွင်း Pepsi-cola ၊ 7-up နှင့် Mirinda အမှတ်တံဆိပ်သုံးခုကို
ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပက်စီကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး
တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာ ပရောဂျက်များတွင် ရင်းနှီးမြှုပ်နှံနိုင်မည့်
အခွင့်အလမ်းများ ရရှိရန်အတွက် လည်း လေ့လာဆောင်ရွက်လျက်ရှိကြောင်း
သိရှိရသည်။
ပက်စီကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ
လာရောက်လုပ်ကိုင်ဖူးပြီး ၁၅ နှစ်ခန့်ကြာပြီးနောက်တွင် ယခုကဲ့သို့ ပြန်လည်၍
ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်
ပြန်လည်ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး ပက်စီကုမ္ပဏီ၏ ဥက္ကဋ္ဌ ဖြစ်သူ
Indra Nooyi က “ကျွန်မတို့ရဲ့ စားသောက်ကုန်ပစ္စည်းတွေ ကုမ္ပဏီရဲ့
အမှတ်တံဆိပ်တွေကို စားသုံးသူတွေရဲ့လက်ထဲ ပိုမိုရောက်ရှိစေဖို့
လုပ်ဆောင်သွားပါမယ်။ ဒါ့အပြင် ကျွန်မတို့အနေနဲ့ အခွင့်အရေးသစ်တွေကို
လက်လွတ်မခံဘဲ ခိုင်မာအောင် ကြိုးစားလုပ်ဆောင်သွားပါမယ်။ ကျွန်မနေနဲ့
မြန်မာပြည်ရဲ့ ဈေးကွက် အခြေအနေက စိတ်ဝင်စားစရာကောင်းပြီး
အလားအလာကောင်းတယ်လို့ မြင်ပါတယ်။ ကျွန်မတို့ အနေနဲ့ မြန်မာပြည်မှာ
ခိုင်မာတဲ့ ဈေးကွက်တစ်ခုကို ပိုင်ဆိုင်အောင် တည်ဆောက်နိုင်လိမ့်မယ်လို့
ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။
ဒိုင်းမွန်းစတားကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးကိုကိုကြီးကလည်း
ယခုကဲ့သို့ ပက်စီကုမ္ပဏီ နှင့် ပူးပေါင်းဆောင်ရွက်ခွင့်ရရှိခဲ့သည့်အတွက်
အထူးပင်ဝမ်းသာ ဂုဏ်ယူမိသည်ဟု ပြောဆိုခဲ့ကြောင်း သြဂုတ်လ ၉ ရက်နေ့က ထုတ်ပြန်
ကြေညာခဲ့သော ပက်စီကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ပက်စီကုမ္ပဏီမှာ အမေရိကန် စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင်
ရင်းနှီးမြှုပ်နှံခွင့် ပိတ်ပင်ထားမှုကို အမေရိကန်သမ္မတ အိုဘားမားက
လျော့ပေါ့ပေးခဲ့ပြီးနောက်တွင် အလျင်မြန်ဆုံး လာရောက်ရင်းနှီးမြှုပ်နှံ
လိုသည့် အမေရိကန်ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။ ထို့အပြင် အခြား အမေရိကန်
နာမည်ကျော် အချိုရည် တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၌ ၁၉၂၇ ခုနှစ်မှ ၁၉၄၀
ခုနှစ်ကျော်အထိ ရင်းနှီးမြှုပ်နှံခဲ့ဖူးသောကိုကာကိုလာ ကုမ္ပဏီမှာလည်း
မြန်မာနိုင်ငံတွင် ပြန်လည်ဝင်ရောက် လုပ်ကိုင်ရန် စီစဉ်နေကြောင်း သိရသည်။
ပက်စီအချိုရည်နှင့် ပူးပေါင်း လုပ်ကိုင်မည့် ဒိုင်းမွန်းစတားကုမ္ပဏီသည်
ဒိုင်းမွန်းစတားဂျုံမှုန့်၊ အာမို ဓာတ်မြေသြဇာ၊ Capital Hyper market ၊
ပရီမီယာကော်ဖီ အမျိုးမျိုးကို အဓိကထုတ်လုပ်ဖြန့်ဖြူးရောင်း ချနေပြီး
မြန်မာနိုင်ငံ၏ပို့ကုန်သွင်း ကုန်တင်သွင်းမှု အများဆုံး ထိပ်တန်း စာရင်းတွင်
နှစ်စဉ်ပါဝင်သော လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရှိရပါ သည်။Ref:EMG
Monday, August 20, 2012
အမေရိကန်အခြေစိုက် ပက်စီအချိုရည် ကုမ္ပဏီက မြန်မာနိုင်ငံတွင် Pepsi-cola ၊ 7-up နှင့် Mirinda အမှတ်တံဆိပ်သုံးခု ဖြန့်ချိမည်
1:22 PM
စီးပွားရေး