Showing posts with label ဆောင်းပါးနှင့်အထွေထွေ. Show all posts
Showing posts with label ဆောင်းပါးနှင့်အထွေထွေ. Show all posts

Saturday, July 14, 2012

ဒီ...ရာဇ၀င် အရိုင်းကိုဖြင့် (မင်းကိုနိုင်)

ယနေ့ စာနယ်ဇင်းများ၏ တာထွက်ခရီးမှာ အကျည်းတန်ခဲ့ပါသည်။ မိမိ ရေးသား ဖော်ပြလိုသည်များကို ဖြတ်တောက် ဖြုတ်ပယ်သည့် စိစစ်ရေးဒဏ် ခံရသလို မိမိ မယုံကြည်၊ လက်မခံနိုင်သည့် အယူအဆ၊ လမ်းစဉ်များ အပါအ၀င် ပုဂ်္ဂိုလ်ရေး အသားလွတ် တိုက်ခိုက်သည့် မိုးကျရွှေကိုယ် ဆောင်းပါးများကိုလည်း မဖြစ်မနေ ဖော်ပြခဲ့ကြရပါသည်။ 

ထိုသို့ အနိုင်ကျင့်ခံရစဉ် အယ်ဒီတာ (ခေါ်) စာတည်းတို့ မည်မျှ နာကျင်ခဲ့မည် နည်း။
          ရာဇ၀င်ရိုင်းသည် ဆိုတာ ဒါမျိုး ဖြစ်ပါလိမ့်မည်။
....
ထိုမှသည် စာနယ်ဇင်းတို့ (ဒီဘက်ခေတ်) သမိုင်းမှာ ပွဲတော်ကြီးလည်း တွေ့ခဲ့ပါ သေးသည်။
          ပွဲတော်ကြီး ဆိုသည့်အတိုင်း ရုံသွင်း လက်ဝှေ့စိန်ခေါ်ပွဲများနှယ် ကလောင်ချင်း ထိုးသတ်သည့် ပွဲများကို စာမျက်နှာများ ပေါ်၌ စီစဉ် ရုံသွင်းသူက သွင်း၍ ထိုးသူတွေကထိုး ဗိန်းမောင်းသံတွေ ညံခဲ့ပါတယ်။
          ပြီးတော့ ခေတ်စီးကြောင်းဟု ခေါ်ကြသည့် မြောင်းထဲ မျောလာသည့် ဖက်ရှင်ဒီဇိုင်းများ ပြိုင်ဆိုင်ကြရင်း အစွမ်းကုန် တိုပြတ်လာပုံများ၊
          မှုခင်း ပြစ်မှုဆိုင်ရာများ၌လည်း မည်သည့်အမှုအကြောင်း ခေါင်းစဉ်ပြာ များဖြင့် ရေပန်းစားခဲ့သည်ကို စာဖတ် သူများ အသိခဲ့ဆုံး ဖြစ်ပါလိမ့်မည်။ ငွေကြယ်ပွင့်တို့ အတွင်းရေးကိုမှ မုဆိုး သားကောင်လိုက်သလို တောနင်းရှာခဲ့ ကြသည့် ကျွန်တော်တို့ သတင်းထောက် အယ်ဒီတာများ ရွှေသမင်လိုက်ခန်းတွေ လည်း မှော်ရုံတောမှာ ရှိခဲ့ပါပြီ။
          ချုပ်ပြောရလျှင်တော့ အဲဒီကာလ စကားအတိုင်း “နိုင်ငံရေးမပါလျှင် ပြီးရော” ကျင့်စဉ်ပဲ ဖြစ်ပါသည်။
          ထိုသို့ စာပေ သရောကြီး ခိုင်းမှုကို အတွေးအခေါ်အရ ကြံ့ကြံ့ခိုင် ခုခံခဲ့ကြ သော ကလောင်များကိုတော့ ရာဇ၀င်ထဲ က သူရဲကောင်းများ အဖြစ် မှတ်တမ်း တင်ကြပါလိမ့်မည်။
.....
မကြာမြင့်မီကာလမှာတော့ စာနယ်ဇင်း၏ ရာဇ၀င်အရိုင်းကို ပြင်ခွင့် ကြိုးပမ်းလာကြ ပါသည်။
          ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းသို့ဟု ကျွန်တော်တို့ ကြွေးကြော် ချိန်၊ စာနယ်ဇင်းများကလည်း စာပေ လွတ်လပ်ခွင့်ကို သံကုန်ဟစ်ကြပြီ။
          ပွင့်လင်း လူ့အဖွဲ့အစည်းဆိုသည်မှာ အမှောင်ပိတ်ခေတ်လို ပြစ်ဒဏ်တွေ ပေးလိုက်မည်ဟု ခြိမ်းခြောက်ခံမည် မဟုတ်။ အခွင့်အရေးကိုလည်း သိ၊ တာဝန်ယူမှုလည်း ရှိရမည်။
          စာနယ်ဇင်းတွင်လည်း လွတ်လပ်ခွင့် နှင့် တွဲလျက် ကျင့်ဝတ်ဆိုတာ ယှဉ်လျက် ထင်ရှား လာသည်။
          စကားလုံးတွေ ကွဲသည့်တိုင်၊ သဘောချင်းတော့ တူသည်ပင်။
          စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် အတူ ပရိသတ်၏ အာရုံဩတ်မှုလည်း ပြောင်း လှည့်လာသည်။ ယခင်က လေသံဟခွင့် မရခဲ့သော နိုင်ငံရေးဆိုသည့် စကားလုံး နှင့် ဒီမိုကရေစီ သဘောတရားများ ဟောခွင့် နာခွင့်လည်း ရလာသည်တွင် မူလ လက်ဟောင်း နိုင်ငံရေးသမား ဒီမိုကရေစီ ဘက်တော်သားများသာမက ခါတော်မီ ဂုရုကြီးတွေပါ ထွန်းပခဲ့ပါသည်။
          ဈေးကွက်သဘော နောကျေသည့် ထုတ်ဝေသူများကလည်း မူရင်း အပျော် ဖတ်၊ အပေါ့စား (အပေါစားဟု မဆိုရက်ပါ) အလှအပရေးရာနှင့် ဈေးဝယ်စာစောင်များ မကျန် နိုင်ငံရေးဆိုင်ရာ သတင်း၊ တွေ့ဆုံ မေးမြန်းခန်းတွေ အလုအယက် ထည့်ကြ ရသည့် ကာလတစ်ခုကို ဖြတ်သန်း ရတော့သည်။
          နဂို နိုင်ငံရေး အခြေခံ စာစောင်တွေ ကတော့ ရှင်းပါသည်။ မိမိတို့ လုပ်နိုင် ရေးနိုင်စွမ်းတွေကို ထပ်ချဲ့သည်။ တွေ့ဆုံ မေးမြန်းခန်းတွေမှာ ၀မ်းစာကောင်းသော အမေးအဖြေတွေ ဖတ်ရသည်။ နိုင်ငံရေး တစ်ခေတ်ဆန်းပြီပေါ့။
          ထိုအခြေမှ ပိုအားရစရာကောင်း လာသည်ကတော့ ယခင် အသံလွှင့်ဌာန များမှသာ ထုတ်လွှင့်လေ့ရှိသည့် တိုင်ကြားချက်များ ပြည်သူ့နစ်နာချက်များ မတရားမှုများအကြောင်း စာနယ်ဇင်းတို့ အပြိုင် ဖော်ပြလာခြင်းပင်။ (အမှိုက်ပုံ ရွှေ့ပေးပါ၊ ညှော်နံ့နံတယ် စသည်လောက် ဖော်ပြပေးခဲ့သော တိုင်ကြားချက်မျိုးကို မဆိုလိုပါ)
          သည်တွင် သတိပြုစရာကောင်းသော အချက်ကို တွေ့ရပါသည်။ ဤသည်မှာ (ဌာနဆိုင်ရာများ အပါအ၀င်) မတရား ပြုနေသူတို့သည် အမှောင်ထဲ အသံတိတ် ဒုစရိုက်ပြုနေသူများနှင့် တူလှသည်။
          စာနယ်ဇင်း အပါအ၀င် သတင်း ဌာနတွေမှ မီးမောင်းထိုးလိုက်သည်နှင့် တစ်ပြိုင်နက် အမှောင်ကြိုက် မသမာ သူတို့ လက်တွန့် လက်ရုပ်သွားကြရသည်။ သတင်း မီဒီယာတွေမှ အသံကုန် ဟစ်လိုက်သည်နှင့် မသူတော်တို့ ကိုယ်ရှိန်သတ် သွားရသည်။ စာနယ်ဇင်း အပါအ၀င် မီဒီယာတွေ၏ စွမ်းအားမှာ အပြစ်ရှိသူကို အပြစ်ဒဏ်မပေးနိုင်သည့် တိုင် အထက်က ဆိုခဲ့သလောက် (ကိုယ်ရှိန်သတ်၊ နောက်ဆုတ်သွားအောင်) တော့ စွမ်းဆောင်နိုင်ကြပါသည်။
          အချို့ မတရားမှုများအတွက် ပွင့်လင်း လူ့အဖွဲ့အစည်းသို့ လာရောက် တိုင်ကြား ရာ၌ တရားစွဲခိုင်းသော်လည်း တိုင်ကြား သူတို့ကပြောတာ စဉ်းစားဖွယ် ကောင်းလှ သည်။
          “တရားရုံးက ကြာဦးမှာ၊ မီဒီယာမှာ ပါသွားရင် သူတို့ ပျာယာခတ်ပြီး လာညှိ ကြတာ များတယ်” ဟူ၏။
          ကျွန်တော်တို့ စဉ်းစားသင့်လှသည် ထင်ပါသည်။
          တရားစီရင်ရေး အာဏာကို ပြည်သူ တွေ မယုံကြည်ကြတာ ကောင်းသော အလားအလာ မဟုတ်ပါ။ အန္တရာယ် အလွန်ကြီးပါ သ ည်။ ထိုမျှမကသေးပါ။
          မဟုတ်မတရား လုပ်နေသူတွေ ကိုယ်တိုင်လည်း တရားရုံးများကို မကြောက်ကြတာ လွန်စွာ စိုးရိမ်ဖွယ် ဖြစ်ပါသည်။
          တရားစွဲခံရမည် ဆိုတာ သိလျက် ဆက်လက်၍ ဗြောင်ကျကျ မတရား လုပ်ဝံ့သူတွေ တစ်နေ့တခြား ပွားလာ နေခြင်းမှာ တရားစီရင်ရေးကို သူတို့ ချယ်လှယ်နိုင်သည်ဟု ယုံကြည်နေ၍ ဖြစ်ပါသည်။ အဆိုးဆုံးကတော့ အုပ်ချုပ်ရေးအာဏာက တရားစီရင်ရေး အာဏာကို လွှမ်းမိုး ထားနိုင်သည်ဟု အများစုက ယုံကြည်ဆဲ ရှိနေခြင်းပင်။
          တရားမစွဲဘူး အလကားပဲ၊ မီဒီယာက အော်လိုက်မှ အထက်ကသိပြီး အရေးယူ ခံရမှာကြောက်လို့ မတရားမှုတွေ ဇက်ပုပြီး  ရုပ်သိမ်းသွားမည်ဟု အားလုံးနီးပါး ယူဆ မြဲ။ ဒီအချက်က ကျွန်တော်တို့ လူ့အဖွဲ့ အစည်းအတွက် အ်္တရာယ်ကြီးလှပါသည်။
          သို့သော် မတရားလုပ်သူတို့ မီဒီယာ တွေကို ကြောက်တာတော့ တော်သေးရဲ့ ဟု ဖြေသာရမလို ဖြစ်နေသည်။
          စာနယ်ဇင်း အပါအ၀င် မီဒီယာတွေ တန်ခိုး ထွားလာတာ တရားမျှတမှု ဓားထက် လာတာကို ကြိုဆိုပါသည်။ ပွင့်လင်း လူ့အဖွဲ့အစည်းက မတရားမှု တွေကို ဖော်ထုတ် မီဒီယာတွေက မီးမောင်းထိုး အသံချဲ့စက်တပ် ဟစ်အော်၊ လက်တွဲညီ ဆောင်ရွက်နိုင်ကြတာ တစ်မျိုးတော့ ကောင်းပါသည်။
          သို့သော် သတင်းသမားတွေအနေနှင့် ဖြစ်စဉ်တစ်ခုကို ရေဆုံးရေဖျား လိုက်ဖို့ တော့ လိုပါသည်။ မတရားမှုဖြစ်စဉ်ကို မစို့မပို့လေး တို့ထိပြီး ပစ်ထားမိလျှင် ဆေးယဉ်သွားမှာ ကြောက်ရပါသည်။
          တရားမျှတမှုဘက်မှ ရပ်ခံသူတွေနှင့် သတင်းဌာနတွေ လက်တွဲ ဖော်ထုတ်ခဲ့၍ အကြိမ်ကြိမ် အားပြိုင်ပြီးမှ အမှန်တရား ဘက်က အောင်ပွဲခံခဲ့သည့် သာဓကများ ယခုအခါများမှာ ရှိနေပြီ ဖြစ်ပါသည်။ (ဥပမာ ၀န်ထမ်း လစာထဲမှ အရစ်ကျ ပေးဝယ်ထားသည့် မြေများကို သိမ်းယူမှု၊ မီးသင့်ဈေး ဆိုင်ခန်းများ ပြန်လည် နေရာချထားရာ နစ်နာမှုများကို ဖြေရှင်း ပေးနိုင်ခဲ့ခြင်း အပါအ၀င် များစွာသော ဖြစ်စဉ်များ)
          မကြာမီ စာပေ စိစစ်ရေး ပြုတ်၍ စာနယ်ဇင်းကောင်စီ ကျန်ခဲ့မည်။ ကျန်ခဲ့ သည့် ကောင်စီမှာလည်း ဒိုင်းဝန်းထက် ကဲသည့် မောင်ပုလဲ မဖြစ်ဖို့ အရေးကြီးသည်။
          စာနယ်ဇင်း လောကသားတစ်ယောက်က ဆိုပါသတဲ့၊ စိစစ်ရေး ရှိတာကမှ တော်သေးတယ်၊ ကိုယ့်ဟာ ကိုယ် တာဝန်ခံထုတ်၊ ဖြစ်လာရင် တရားစွဲမယ်ဆိုတော့ ငါ့ထုတ်ဝေခွင့်လေး အသိမ်းခံရမှ ဒုက္ခ ...၊
          အတော် လက်မခံစရာကောင်းသည့် အပြုခံ စိတ်ဓာတ်ဟု မြင်ပါသည်။ ခုချိန်တွင် စာနယ်ဇင်း အချို့ကို ၀န်ကြီး ဌာနအချို့က တရားစွဲဆိုချိန် ဘ၀တူချင်း ကျောချင်းကပ်ကြတာကိုလည်း သိမှတ် ပြုရပါသည်။
          နောက်ဆုံး ပြောခွင့်ပြုစေချင်သည် ကတော့ လူ့အဖွဲ့အစည်းရဲ့ တစ်ထောင့် တစ်နေရာက ကယ်ပါ ယူပါ အသံများ၊ မတရားမှုကို သံကုန်ဟစ် အော်သံများ၊ အမှန်တရား၏ အောင်ပွဲခံသံများ အားလုံး လေထုထဲ ပဲ့တင် မပျောက်ခင် အမိအရ ဖမ်းယူလျက် သမိုင်းနှင့်အတူ ပြေးလွှား ရင်း မှတ်တမ်းတင်ရာတွင်

          ကျယ်ပြန့်လှသော ဖြစ်စဉ်တိုင်းကို စာတစ်မျက်နှာ နေရာကျဉ်းကျဉ်း ကျားကုတ်ကျားခဲ ရေးထွင်း ကမ္ပည်း တင်ရသည့် စာနယ်ဇင်းသမား မှန်သမျှ သည် သမိုင်းမူကြမ်း ရေးရသည့် လက်များ ပီပီ ရာဇ၀င်အရိုင်းကိုဖြင့် ကျက်သရေ ရှိသော သမိုင်းအဖြစ် ရေးထွင်းနိုင်ကြစေ လိုခြင်း ဖြစ်ပါသည်။ ၊၊

မင်းကိုနိုင်
 ၂၃ ဇွန် ၂၀၁၂
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၁၀၀၊ ၂၀၁၂ ခုနှစ်၊ဇွန် ၂၈)

Wednesday, July 11, 2012

လူငယ်များ ဆေးသောက်မှားခြင်း ----ကင်ဆာဝေဒနာရှင်များ အကိုက်အခဲပျောက်ရန် သောက်သောဆေးကို လူငယ်များက ဖျတ်လတ်တက်ကြွ စည်းစိမ်ခံရန် သောက်သုံးကြသောအခါ... ရေးသားသူ-မိုးညို

လူငယ်များ ဆေးသောက်မှားခြင်း
----ကင်ဆာဝေဒနာရှင်များ အကိုက်အခဲပျောက်ရန် သောက်သောဆေးကို လူငယ်များက ဖျတ်လတ်တက်ကြွ စည်းစိမ်ခံရန် သောက်သုံးကြသောအခါ...
ရေးသားသူ-မိုးညို(7Days News Journal)

နေ၀င်ချိန် ဖျာပုံမြစ်ကမ်းဘေး ကျိုက်လတ်မြို့ ကမ်းနဖူးပေါ်မှ ဂ၀ံမြေပေါ်တွင် သစ်သားထိုင်ခုံပုလေးများဖြင့် အစီအရီခင်းထားသည့် လက်ဖက်ရည်ဆိုင်လေးအတွင်း လူစည်းကားစပြုလာသည်။

ယင်းဆိုင်အတွင်း အသက် ၂၀ ၀န်းကျင်အရွယ်ရှိ လူငယ်လေးယောက်အနက် တီရှပ်အမည်းရောင်ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက ကော်ပြားအပြာထဲမှ ဆေးလုံးအဖြူဆယ်လုံးခန့်ကို မကြာသေးမီကမှ ငှဲ့ထားသည့် အကြမ်းပန်းကန်လုံးမှ ရေနွေးကြမ်းနှင့်အတူ ဟန်ပါပါမော့သောက်လိုက်သည်။ ယင်းလူငယ်နည်းတူ ကျန်လူငယ်သုံးဦးလည်း မရှေးမနှောင်းပင် ယင်းပုံစံအတိုင်း လိုက်လံဆောင်ရွက်နေကြပြီး ရောက်တတ်ရာရာစကားတို့ဖြင့် တီးတိုးစွာဖောင်ဖွဲ့လျက်ရှိသည်။ ကျိုက်လတ်မြို့ ကမ်းနားလမ်းမပေါ်က ပုံမှန်မြင်တွေ့နေကျ မြင်ကွင်းတစ်ခုပင် ဖြစ်သည်။

အထက်ပါလူငယ်တို့ သောက်သုံးနေသည့် အဖြူရောင်ဆေးလုံးများမှာ ထမရောဆေးပြားဖြစ်သည်။ ဆေးဆိုင်တွင် ၀ယ်ယူလျှင်ပင် ဆရာဝန်၏ အထောက်အထားခိုင်လုံမှသာ ၀ယ်ယူနိုင်သော ဆေးများဖြစ်သော်လည်း ကျိုက်လတ်ကဲ့သို့ မြို့နယ်များတွင်တော့ လမ်းဘေးကွမ်းယာဆိုင်မှာပင် အလွယ်တကူ ၀ယ်ယူရရှိနိုင်ပြီလည်းဖြစ်သည်။ “တကယ်တော့ ဒီထမရောဆေးက တရုတ်ဘက် က ၀င်တာများတယ်။ ကင်ဆာရောဂါသမားတွေ သုံးတဲ့ဆေးပါ။ ဘာရောဂါမှမရှိတဲ့သူ သောက်မယ်ဆိုရင်တော့ ကျောက်ကပ်ပျက်စီးနိုင်တယ်”ဟု ကျိုက်လတ်မြို့မှ ဆရာဝန်တစ်ဦးကပြောသည်။

သုံးစွဲသူများက တက်ကြွလန်းဆန်းနေစေရန် ဇိမ်နှင့်မှေးနေလိုသူများအတွက်လည်း ဇိမ်ခံကောင်းရန် သောက်သုံးကြခြင်းဖြစ်သည်။ လွန်ခဲ့သော သုံးလေးလခန့်မှစတင်ကာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ အစရှိသောမြို့များသို့ ကုန်းလမ်းမှသော်လည်းကောင်း ရေလမ်းမှသော်လည်းကောင်း ထမရောခေါ်သော ဆေးပြားများမှာ ဈေးကွက်နယ်ပယ်သစ်အဖြစ် ခရီးဆန့်လာခဲ့ကြကြောင်း ကျိုက်လတ်မြို့မှ ဒေသခံတို့ကဆိုသည်။

ယင်းထမရောဆေးပြားများမှာ အဆိုပါမြို့နယ်များတွင်ရှိသော စီးပွားရေးသမားများအတွက် ကုန်စည်အမယ်သစ်အဖြစ် စတင်စမ်းသပ်ရောင်းချကြရာမှ ကျိုက်လတ်နှင့် ဖျာပုံမြို့တို့တွင် ယခုသုံးလေးလအတွင်း ပေါ်ပင်စီးပွားရေးတစ်ခုအဖြစ် ထင်ပေါ်လာခဲ့သည်။

ပထမဆုံး ဈေးကွက်အဖြစ် အသက် ၁၈ နှစ်၊ ၁၉ နှစ်အရွယ်ရှိ ကျောင်းသားလူငယ်တို့ထံ ဦးတည်လာခဲ့ပြီး ယင်းမြို့များတွင် မြို့ခံလူငယ်တို့အတွက် ဖက်ရှင်ဆေးဝါးတစ်မျိုးလားဟုပင် ပြောစမှတ်ပြုလာခဲ့ကြောင်း ဖျာပုံမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။

ယင်းထမရောဆေး၏ အကျိုးသက်ရောက်မှုမှာ ကျိုက်လတ်မြို့မှ လူငယ်အချို့ ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးသို့ သုံးလအတွင်း ခြောက်ဦးထက်မနည်း ရောက်ခဲ့ပြီလည်းဖြစ်သည်။ “ဆေးက ဒီအတိုင်း ဖြတ်လို့မရဘူး။ ဆေးပြတ်သွားပြီဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် သတ်သေရမှာတောင် ၀န်မလေးဘူး”ဟု ရန်ကုန်မြို့တွင် တက်ရောက်ဆေးဖြတ်နေသည့် လူငယ်တစ်ဦး၏ ဖခင်ကပြောသည်။

“ထမရောဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောလို့မရဘူး။ ဒီဆေးက မူးယစ်ဆေးဝါးအနွယ်ထဲမှာ အမျိုးအစားဝင်မ၀င်ဆိုတာ မသိပါဘူး။ ထမရောသုံးပြီးလာတဲ့ လူနာလို့ဆိုပြီး ဆေးရုံအနေနဲ့ ပြောခွင့်မရှိပါဘူး။ တရားရုံးကနေ လွှဲပေးတဲ့လူနာတွေရှိသလို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကုသတဲ့ လူနာတွေလည်းရှိတယ်။ သူတို့က ဘာကြောင့် လာရောက်ကုသရပါတယ်ဆိုတာကို ပြောခွင့်မရှိပါဘူး”ဟု ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စိုးက ပြောသည်။

အဆိုပါ ထမရောဆေးကို မူးယစ်ဆေးဝါးစာရင်းတွင် ထည့်သွင်းထားခြင်း မရှိသော်လည်း ယခင်နှစ်များက ဆေးကြောင့် အသက်ဆုံးရှုံးဖူးသည့်ဖြစ်စဉ်မျိုး နယ်မြို့တစ်ခုတွင် ဖြစ်ပွားဖူးကြောင်း ဆေးစွမ်းပြလာချိန်တွင် အရိုးအတွင်းမှ နာကျင်မှုကို မခံမရပ်နိုင်ဖြစ်ခြင်း၊ ညောင်းညာကိုက်ခဲခြင်းတို့ ဖြစ်ပေါ်လာပြီး ဆေးပြတ်ပြီး လူတစ်ဦးသည်ပင် ပြန်လည်သောက်သုံးမိပါက ထပ်ဖြတ်ရန် အလွန်ခက်ခဲပြီး အသက်အန္တရာယ်ဆုံးရှုံးနိုင်သည့် အခြေအနေမျိုးပင်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆေးနှင့်ပတ်သက်၍ အကျိုးအာနိသင်ကို ရှင်းပြသည်။ “ပုံမှန်ဆေးသုံးနေတဲ့သူက မဖြတ်ရင်ဘာမှမဖြစ်ဘူး။ အပြင်လူအနေနဲ့ကြည့်ရင် မသိသာဘူး။ သုံးတဲ့လူက လန်းဆန်းပြီး သာမန်ထက်ထူးကဲတဲ့ အမူအရာမျိုးတွေ ပြလာတယ်”ဟု အထက်ပါပုဂ္ဂိုလ်ကပင် ပြောသည်။

ကျိုက်လတ်၊ ဖျာပုံအပါအ၀င် မြစ်ဝကျွန်းပေါ်ရှိ မြို့အချို့၌ အဆိုပါဆေးကို လွယ်ကူစွာဝယ်ယူနိုင်နေသော်လည်း သက်ဆိုင်ရာက ဖမ်းဆီးအရေးယူမှု ပြုလုပ်သည်ကိုမူ ဇူလိုင်လဆန်းအထိ မရှိသေးပေ။

“ရဲက စီမံချက်အနေနဲ့ ဆောင်ရွက်နေတယ်လို့ ပြောတယ်။ လောလောဆယ် ရှေ့ပိုင်းကာလတွေကတည်းက လက်ရဖမ်းဆီးမှုတွေ မပြုလုပ်နိုင်သေးတော့ အခုလိုပျံ့နှံ့မှု အားကောင်းလာခဲ့တာပေါ့”ဟု ကျိုက်လတ်မြို့မှ ဒေသခံတစ်ဦးကဆိုသည်။

“လစဉ် ဆေးရုံက၀န်ထမ်းတွေရယ်၊ စည်ပင်ရယ်၊ ရဲရယ် ပူးပေါင်းပြီးတော့ ဆေးဆိုင်တွေကို တစ်လတစ်ခါ စစ်ဆေးဆောင်ရွက်မှုတွေကို ပုံမှန်ပြုလုပ်နေပါတယ်။ သတင်းရလို့ စောင့်ကြည့်တာမျိုးတွေလည်း ရှိတယ်။ ထမရောဆိုတဲ့ ဆေးကိုတော့ လောလောဆယ်မှာ ဖမ်းဆီးရရှိမှုတော့ မရှိသေးပါဘူး”ဟု ကျိုက်လတ်မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းထမရောဆေး၏ ပျံ့နှံ့မှုက လူကြီးလူငယ် ကျားမမရွေး အရွယ်စုံအကြိုက် တွေ့နေဆဲပင်ဖြစ်ပြီး လန်းဆန်းတက်ကြွမှု အမြင့်ဆုံးအနေအထားအဖြစ် စွမ်းဆောင်ရည် မြင့်မားလာဆဲပင်ဖြစ်သည်။ “ညဘက်စာကျက်ရရင် ဒီဆေးသောက်ထားလို့ကတော့ မအိပ်ချင်ဘူး။ လန်းနေတာပဲ။ ဆေးကသုံးနေရင် ဘာမှမဖြစ်ဘူး။ ဖြတ်လိုက်မှ သိသာလာတာ။ စာကျက်လို့ ကောင်းတယ်ဆိုပြီး
ကျောင်းသားတွေအတွက် အကြောင်းပြချက်တစ်ခုပဲပေါ့”ဟု ကျိုက်လတ်ဒေသခံတစ်ဦးက ဆေး၏အာနိသင်ကို ပြောပြသည်။

အဆိုးနှင့်အကောင်း အကျိုးနှင့်အပြစ် ဒွန်တွဲနေသော ထမရောဆေးပြားမှာ ဆေးတစ်ကတ်လျှင် ၁၀ လုံးပါဝင်ပြီး ငွေ ၁၅၀၀ ကျပ်နှင့် လွယ်လင့်တကူ ၀ယ်ယူရရှိနိုင်မှုတို့ကြောင့် ကျိုက်လတ်နှင့် ဖျာပုံမြို့တို့တွင် ပျံ့နှံ့မှုအားကောင်းဆဲပင်ဖြစ်သည်။ ထမရော၏ အကျိုးကျေးဇူးကြောင့် ကျိုက်လတ်နှင့် ဖျာပုံတွင် အသက် ၂၀ ၀န်းကျင်အရွယ်ရှိ လူငယ် ၃ ပုံ ၂ ပုံမှာ ထမရော၏ ကျေးကျွန်အဖြစ် ရောက်ရှိနေပြီလည်းဖြစ်သည်။ ထမရောကြောင့် ရန်ကုန်မြို့ရှိ စိတ္တဇဆေးရုံသို့ ထပ်မံ၍အစဉ်ဆက်တိုက်ပုံစံဖြင့် ၀င်ရောက်လာမည့် လူငယ်ထုအတွက် များစွာရင်လေးစရာ။

ဖျာပုံမြစ်ကမ်းနဘေး ကျိုက်လတ်မြို့ ကမ်းနားလမ်းမှ နေလုံးကြီးက လုံးဝပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ညနေပိုင်းက အသက်ဝင်လှုပ်ရှားခဲ့သော ကမ်းနဖူးပေါ်က လက်ဖက်ရည်ဆိုင်လေးမှာ အချိန်နှင့်အမျှ ပို၍ပို၍ပင် စည်ကားလာပြီဖြစ်သည်။

အာဇာနည် ဗိမာန်တည်ဆောက်ခဲ့သော ဗိသုကာအဖွဲ့မှ ၀မ်းနည်းခြင်းအာရုံ ပေါ်လွင်စေရန် ဗိမာန်အား ပြန်လည် မွမ်းမံလို

အာဇာနည် ဗိမာန်တည်ဆောက်ခဲ့သော ဗိသုကာအဖွဲ့မှ  ၀မ်းနည်းခြင်းအာရုံ ပေါ်လွင်စေရန် ဗိမာန်အား ပြန်လည် မွမ်းမံလို

အာဇာနည် ဗိမာန်ဒီဇိုင်းပုံစံငယ်

BY သူသူထက်လွင်(Yangon Media Group)

အာဇာနည် ဗိမာန်တည်ဆောက် ခဲ့သောဗိသုကာအဖွဲ့မှဝမ်းနည်းခြင်းအာရုံ ပေါ်လွင်စေရန်ဗိမာန် အား ပြန်လည်  မွမ်းမံလိုကြောင်း သိရသည်။

သို့ဖြစ်၍ အာဇာနည်ဗိမာန်နှင့် ပက်သက်၍  တည်ဆောက်ခဲ့သူ  ဗိသုကာဦး ဆန်းဦး  နှင့်အဖွဲ့မှ ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။    ''ကျွန်တော်တို့ကိုလွန်ခဲ့တဲ့၂၈ နှစ် ကမူလ  အာဇာနည်ဗိမာန်ဟောင်း ကိုဖျက်ပြီး အသစ်ဆောက်ဖို့ ဒီဇိုင်း ဖိတ်ခေါ် ရွေးချယ်ကြတယ်၊၊ ကျွန်တော်တို့ အရွေးခံရပြီးမှအာဇာ နည်ကုန်း မှာ ဗုံးပေါက်  သွားတယ်။အဲဒါနဲ့သူ တို့ကဗိမာန် အသစ်ဆောက်  တဲ့နေရာမှာ ခေါင်မိုးမပါစေ နဲ့ဆိုပြီး အမြန်တည်ဆောက် ခိုင်းတယ်။ခွင့်ပြုမယ်ဆိုရင်မူလဒီဇိုင်းကိုပဲ ဝမ်းနည်း မှုခံစား ချက်တွေ အာရုံမှာ ပေါ်လာအောင် ဗိုလ်ချုပ်နှင့် ပက်သက်တဲ့ရုပ်ကြွတွေ ၊မိန့်ခွန်းတွေကိုထပ်မံဖြည့်ဆွက်ချင်ပါ တယ်'' ဟု ဗိသုကာ ဦးဆန်းဦးကပြောသည်။
အာဇာနည်ဗိမာန်အားမွမ်းမံနိုင် ရန်ပိုင်ရှင်ယဉ်ကျေးမှုဝန်ကြီးဌာနအနုပညာ ဦးစီးဌာနမှခွင့်ပြုချက်ရှိမှ သာဆောင် ရွက်နိုင် မည်ဖြစ်ကြောင်း သိရသည်။
''ဒီအဆောက် အဦးကြီးကိုမွမ်းမံ  ဖို့ကျွန်တော်တို့အနေနဲ့ဆောင်ရွက်လို့မရ သေးပါဘူး။ ပိုင်ရှင်ဖြစ်တဲ့ ယဉ်ကျေး မှုဝန်ကြီး ဌာန၊အနုပညာ ဦးစီးဌာနက  ချဉ်းကပ်သဘော တူလာရင်တော့ ပိုကောင်းပါလိမ့်မယ်။ ခုချိန် မှာဒီဇိုင်းနဲ့ပက်သက်လို့စဉ်းစားတာတွေ ကွာလာ တယ်။နည်းပညာတွေလည်းမြင့်မား လာတယ်။ ဒါပေမယ့် ပြန်ပြင်တာ ထက်ဖြည့် စွက်စရာတွေကိုဖြည့်ချင်တာပါ။ဗိုလ်ချုပ်ရဲ့ ဝိညဉ်တွေ  သက်ဝင် ဖို့ရုပ်ပုံတွေ၊  ရုပ်ကြွတွေ၊ မိန့်ခွန်းတွေကိုလည်းထည့်သွင်းချင်ပါ   တယ်''ဟုယင်းမှဆက်လက်ပြောသည်။
ဗိမာန်တည်ဆောက်မှု ပိုင်းတွင် ဗိသုကာပညာရှင် ၁၂ဦးပါဝင်ပြီးဗိသုကာ ပညာရှင်များ ဖြစ်စေချင်သော ဆန္ဒ၏၁၀% နှုန်းပဲတူညီမှုရှိကြောင်း သိရသည်။
''ဆွဲထားတဲ့ဒီဇိုင်းနဲ့ဖြစ်လာတာနဲ့ လွဲချော်မှု တွေရှိပါ တယ်။ဗိမာန်ရဲ့နံရံတွေကို ကျွန်တော်တို့ ကကျောက်သား ထုနှင့်တည် ဆောက်ချင်တယ်။ သင်္ဘောဆေး တွေလည်း မသုတ်ချင်ဘူး။ အခုသင်္ဘောဆေး အနီရောင် တွေသုတ်ထားတယ်။ ကြယ်က လည်း ဖြစ်စေ ချင်သလို မဖြစ်လာပါဘူး။ဗိသုကာတွေ အတွေ့အကြုံအရ ကိုယ်ဆွဲထား တာဖြစ်စေချင် တာနဲ့ လက်တွေ့ မှာ ၁၀%ပဲရမယ်။  ၂၀% တူရင်ကံကောင်း လှပြီ'' ဟုဗိသုကာ ပညာရှင် တစ်ဦးကပြောသည်။
အာဇာနည်  ဗိမာန်ကို လုံခြုံရေး အတွက်ဦးစားပေး တည်ဆောက်ခဲ့ကြောင်း သိရသည်။ ''တောင်ကိုရီး ယားသမ္မတလာ တုန်းကလုံခြုံရေး ကိုအထူး ဆောင်ရွက်ကြတယ်။ အကုန်ရှာတယ်။ ဒါပေမယ့် သူတို့တွေ ကမထင်မှတ်ဘဲ ခေါင်မိုးမှာ ဗုံးလာထောင်သွားတယ်။ ဒါကြောင့် အာဇာနည်ဗိမာန်  သစ်မှာ ခေါင်မိုး မပါအောင်  ဆောက်လုပ်ခိုင်းတာ ဖြစ်မယ်''ဟုအင်ဂျင်နီယာ  တစ်ဦးမှမှတ်ချက် ချသည်။  

အာဇာနည်ဗိမာန် ဒီဇိုင်းရေးဆွဲသူ၏ အိုင်ဒီယာနှင့် လက်တွေ့ တည်ဆောက်ခဲ့သည့် ဒီဇိုင်း ကွာခြားမှုရှိဟုဆိုကောင်းမြတ်ကျော် (Yangon Media Group)
အာဇာနည်ဗိမာန် တည်ဆောက်ရန်နိုင်ရန် ဒီဇိုင်းရေးဆွဲပေးခဲ့ မှုနှင့် လက်တွေ့တည်ဆောက်ခဲ့မှုတွင် အနည်း ငယ်မျှကွာခြား မှုများ ရှိခဲ့သဖြင့်  ပြန်လည်မွမ်းမံခွင့်ရခဲ့လျှင်လိုအပ်သည် များကိုထပ်မံဖြည့်စွက် လိုကြောင်း ယင်း ဗိမာန်အား ဒီဇိုင်းရေးပေးဆွဲခဲ့သည့် ဒီဇိုင်းနှင့်ဗိသုကာအဖွဲ့ခေါင်းဆောင် ဦးဆန်းဦး မှပြောကြား ခဲ့သည်။
ဇူလိုင်လ(၇)ရက်နေ့ မြန်မာနိုင်ငံ အင်ဂျင်နီယာ  အသင်းချုပ်ခန်းမတွင် ကျင်းပသည့် အာဇာနည်ဗိမာန် ဒီဇိုင်း ရှင်းလင်းပွဲတွင် ယင်းကဲ့ သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
ယင်းနှင့်ပက်သက်၍  ဦးဆန်းဦးက ပြောရာတွင်'' အမှန်အတိုင်းပြောရရင် အဲဒီအချိန်က ကျွန်တော်တို့ စိတ်လွတ် လက်လွတ် မလုပ်ခဲ့ရဘူး။ကျွန်တော် တို့ဗိမာန်မှာဝိဉာည် ထပ်ထည့်ဖို့ လိုတယ်။ သဘောက အဲဒီမှာအထိမ်း အမှတ်ပြတိုက်လိုတယ်။ ပြတိုက်မှာ သူတို့ရဲ့လက်ရေး မူတွေ၊ မိန့်ခွန်း တွေလိုတယ်။ လာရောက် ဂါဝရလာ ပြုသူတွေက အာဇာနည်ကြီးတွေ နဲ့ပြန်တွေ့နေရသလို ခံစားမှုမျိုး ဖြစ်အောင် လုပ်ဖို့ လိုအပ်တယ်။''  ဟု ၎င်းတို့ကြုံတွေ့ခဲ့ရပုံနှင့်ယှဉ်၍ပြန်ပြောင်း ပြောသည်။
ယင်းမှ ဆက်လက်၍ ထိုအချိန်က  ဆောင်ရွက်ခဲ့ရမှုတွင် ယင်းအချိန်က အစိုးရ၏ စိတ်ကြိုက် အဆင်ပြေပြီး   ညှိုညင်မှု  မရှိနိုင်သော ပုံစံမျိုး  နှင့်လက်တွေ့အခြေအနေဖြင့်  ကိုက်ညီသည့်ဒီဇိုင်း ကိုသာ လုပ်ပေး  ခဲ့ရခြင်းဖြစ်  ကာအနည်း ငယ်ကွဲလွဲမှုများလည်းရှိခဲ့ကြောင်းလည်း ယင်းက ဆိုသည်။
ဦးဆန်းဦးက ဆက်လက်၍ '' ဥပမာပြောရရင် ကျွန်တော်တို့ဒီဇိုင်း ဆွဲခဲ့တုန်းက နိုင်ငံတော်အလံက ဗိမာန် ရဲ့ အစွန်မှာ ထည့်ဆွဲခဲ့တာ ဒါပေမဲ့ ဆောက်လုပ်ရေးက ဆောက်တဲ့အခါ ကျတော့ လူကြီးက အလံက ဘာလို့ အစွန်ရောက် နေတာလဲ မကောင်းဘူး အလယ်ပြောင်းလုပ်ဆိုတာနဲ့ အလံက အလယ် ရောက် သွားရော။ အဲလိုကွဲလွဲ ချက်လေးတွေရှိခဲ့တယ်။''ဟု ဆိုသည်။
အာဇာနည် ဗိမာန်ဒီဇိုင်းတွင်ရေးဆွဲ ခဲ့သည့်အထဲတွင်တစ်ခုဖြစ်သည့် ဗိမာန် နံရံရှိ ကြယ်တစ်လုံး နှင့် ပက်သက်၍  ရေးဆွဲခဲ့ချိန်ကကြယ်ကို အပေါက်ပုံစံ ဖောက်၍တပ်ဆင်အသုံးပြု ရန်ရေးဆွဲခဲ့ သော်လည်း လက်တွေ့ ဆောက်လုပ် ခဲ့ရာတွင် အပေါက်ပုံစံမဟုတ်ပဲ ကြယ်ဖြူကြီး  တစ်လုံးကိုသာ ထည့်သွင်း ဆောက်လုပ်ခဲ့ကြောင်း ယင်းမှဆက် လက်ဆိုသည်။
ယင်းနှင့်ပက်သက်၍ ဗိမာန်တည် ဆောက်ရာတွင် ပါဝင်ခဲ့သည့် အဖွဲ့ဝင် ဒီဇိုင်းပညာရှင်တစ်ဦးဖြစ်သည့် ဒေါ်စန်းစန်းအေးက '' အဲဒီတုန်းက ကိုဆန်းဦး  စီစဉ်ရေးဆွဲခဲ့တာက ဒီကြယ် လေးကို အပေါက်ပုံနဲ့ ဆွဲခဲ့တယ်။ ပြီး ရင်အဲဒီကြယ်လေးက ကြွေပြီးအောက် ကပလင်လေးထက်မှာ တည်နေမယ်။ ဒီလို စိတ်ကူး ပြီးလုပ်ခဲ့တယ်။ တကယ်တမ်း  ဆောက်တဲ့  အချိန်မှာတော့  အဲလိုမဖြစ်ခဲ့ဘူး။''ဟု ၎င်း တို့လုပ်ငန်း စဉ်ပြု  လုပ်ခဲ့ချိန်က ဆောင်ရွက်ခဲ့သည် နှင့်ပက်သက်၍ပြောပြသည်။
ယင်းဒီဇိုင်းရှင်းလင်းပွဲနှင့်ပက်သက် ၍ယခုအချိန်သည် အာဇာနည်နေ့နီး ကပ်လာသည့် အချိန်နှင့် တိုက်ဆိုင်နေ ခြင်း၊ အရင်အချိန်များနှင့်ယှဉ်လျှင်ယခု လိုပြောင်းလဲနေသည့်  ခေတ်စနစ်နှင့်အညီ ရှေးသမိုင်း ကြောင်းများကို ပြည်သူများ ပြန်လည် သတိရစေနိုင်ရန်အချိန်ဖြစ် ခြင်းတို့ကြောင့် ယခု အချိန် ကိုရွေးချယ် ရခြင်းဖြစ်ကြောင်း ဦးဆန်းဦးက ပြောသည်။
ယင်းက'' ဒီအချိန်က အစိုးရအပြောင်း  အလဲကြောင့်လည်း  ပါတယ်။ခု အချိန်မှာဒါတွေက ပြန်ပြော လို့ရပြီ။ အစိုးရ  ကလည်း လူထုစကားကိုနား ထောင်နေပြီ။''ဟု ဆိုသည်။
၎င်းရှင်းလင်း ပြောကြားခဲ့သည်  အကြောင်း အရာများသည် အကြောင်းအရာတစ် မျိုးမျိုးနှင့် ညှိစွန်း နေခြင်း မျိုးမရှိပဲဖြစ် ပေါ်ခဲ့သည့်  သမိုင်းများ အားပြောပြခြင်းဖြင့် ရှေ့ဆက် လုပ်ဆောင်သွား နိုင်ဖို့ ရည်ရွယ် ကြောင်းလည်း သိရသည်။
ယင်းဗိမာန်ကြီးအား လူအများအချိန် အခါမလပ်လာ ရောက်နိုင်ရန်ဖွင့်လှစ်သွား နိုင်ရန်တိုက်တွန်း ပါကြောင်း ယင်းက ဆက်လက် ဆိုသည်။ ဦးဆန်းဦးက'' အာဇာနည်   ဗိမာန်ကို အချိန်တိုင်း လာရောက် ဂါရဝပြုနိုင် ရင် ကျွန်တော် အရမ်းဝမ်းသာ မှာပါ။''ဟု ဆိုသည်။
မူလပထမ အာဇာနည်ဗိမာန် သည်ရွှေတိဂုံဘုရား၏ခြေရင်း၊ သွေးဆေးကန်၏ အနောက်ဖက်တွင် တည်ရှိ ပြီး  (၁၉၈၂)ခုနှစ် ဩဂုတ်လတွင် နိုင်ငံ တော်အစိုးရမှ ယင်းဗိမာန်အား ခမ်းနား စွာပြန်လည် တည်ဆောက်  ရန် တစ်နိုင် ငံလုံးရှိ ဆောက်လုပ်ရေး  ကော်ပရေး ရှင်း၊ ပန်းချီပန်းပုကော်စီ အစရှိသည့် သက်ဆိုင် သည့်အဖွဲ့အစည်း များသို့ ဒီဇိုင်းများကိုတင်သွင်းစေခဲ့ပြီး ယင်းအဖွဲ့များတွင် ရန်ကုန်စက်မှု တက္ကသိုလ် အား ပါဝင်ရန်ဖိတ်ခေါ်ခဲ့ကြောင်း၊
ယင်းမှ တဆင့်ဒီဇိုင်းများပုံစံများကို အဆင့်ဆင့်ရွေးချယ်ခဲ့ရာရန်ကုန်စက်မှု တက္ကသိုလ်၏ဒီဇိုင်းအား ရွေးချယ်တာ ဝန်ပေးခဲ့၍ ယင်းရွေးချယ်ခံ ဒီဇိုင်းအား  (၉)လအတွင်းရေးဆွဲစေခဲ့ပြီး ဒီဇိုင်းပုံ များအား (၂)လ အကြာ(၁၉၈၃) စက်တင်ဘာလတွင်နိုင်ငံတော်ပေးအပ် နိုင်ခဲ့ကြောင်း၊ (၁၉၈၃) အောက်တိုဘာ လတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ဒီဇိုင်းကိုပြန်လည်ရေးဆွဲခဲ့ရပြီး (၁၉၈၄)  ဧပြီလတွင်ပြန် လည်ခွင့်ပြုခဲ့ ကြောင်း၊ (၁၉၈၄)အောက်တိုဘာတွင်စတင် တည်ဆောက်ခဲ့ရာ (၁၉၈၅)ခုနှစ် ဂျူလိုင်လတွင် ဂုဏ်ပြု အခမ်း အနားကို  အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ဦးဆန်းဦး၏ ပြောပြချက်များအရ သိရသည်။
အာဇာနည်ဗိမာန်သစ်၏ထူးခြား ချက်များမှာ ခေါင်မိုးမပါခြင်း၊မြန်မာလူမျိုး   တို့အစဉ်အလာ အရ အုတ်ဂူများ ကိုနေရာမ ရွေ့မပြောင်း  ပဲငုံ၍ တည်ဆောက်ခြင်း ၊ခြေရင်း ဘက်မှအလေး ပြုနိုင်ခြင်း၊ ဦးညွှတ် နေသော ဝင်ပေါက်ဒီဇိုင်းပါရှိခြင်းတို့ဖြစ်ကြောင်းသိရ သည်။  မူလ အာဇာနည်  ဗိမာန်မှာ၁၉၈၃ ခုနှစ်အောက်တိုဘာ၂၃တွင်ဗုံးကွဲပျက်ဆီး ခဲ့ရပြီး အာဇာနည် ဗိမာန် အသစ် အား၁၉၈၄ ခုနှစ်တွင်စတင် တည်ဆောက်  ခဲ့ကာ တည် ဆောက်ချိန်ကာလ ၉လကြာမြင့်ခဲ့ ကြောင်း သိရ သည်။

Ref:Yangon Media

ဂျာနယ်လစ်နဲ့ကျင့်ဝတ်(၅)၊ သတင်းဓာတ်ပုံဆိုင်ရာကျင့်ဝတ် Written by ဇေ၀င်းနောင်

၁၉၇၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့က လေကြောင်းမှ napalm သုံးတိုက်ခိုက်မှုကြောင့် ပြေးလွှားနေကြသည့် ဗီယက်နမ် ကလေးငယ်များ၊ အ၀တ်မပါ ဗလာထီးပြေးလွှားနေသည့် ကလေးငယ်မှာ ကိုးနှစ်အရွယ် Kim Phuc ဖြစ်သည်။ ဓာတ်ပုံကို အေပီဓာတ်ပုံဆရာ Nick Ut က ရိုက်ကူးခဲ့ပြီး နယူးယောက်တိုင်းမ်က မျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။

ဓာတ်ပုံတစ်ပုံဟာ စကားလုံးတစ်ထောင်နဲ့ ညီတယ်လို့ ဆိုကြတယ်။ ပုံရိပ်တွေ၊ ဓာတ်ပုံတွေဟာ အားကောင်းတဲ့ ဆက်သွယ်မှု ပုံစံတစ်ခုပါ။ အထူးသဖြင့် ဂျာနယ်လစ်ဇင်မှာပေါ့။ ဓာတ်ပုံတစ်ပုံဟာ ဖြစ်စဉ်တစ်ခု၊ လူတစ်ယောက် ဘာလဲ၊ ဘယ်လိုလဲဆိုတာကို အကျဉ်းချုံး ပြောနိုင်သလို  စာနဲ့ပြောတာထက် ပိုထိရောက်တဲ့ သတင်းစကားကိုလည်း ပေးနိုင်ပါတယ်။ ဂျာနယ်လစ်ဇင် ဓာတ်ပုံပညာဟာ ယဉ်ကျေးမှုနဲ့ ဘာသာစကား မတူမှုဆိုတဲ့ အတားအဆီးတွေကို ဖြတ်ကျော်ပြီး ဘ၀ဖြစ်စဉ်တွေကို မှတ်တမ်းတင် သက်သေခံတဲ့အတတ်ပညာလို့ ဆိုကြပါတယ်။

တိုင်းမ်မဂ္ဂဇင်းက ၂၀၁၀ ပြည့်နှစ် သြဂုတ်လအတွင်းက မျက်နှာဖုံးတင်ခဲ့သည့် တာလီဘန်တို့က နှာခေါင်းနှင့် နားရွက်များ ဖျက်ဆီးပစ်ခဲ့သည့် အာဖဂန်မိန်းကလေးပုံဖြစ်သည်
သတင်းဓာတ်ပုံနဲ့ ပတ်သက်လို့ ကျင့်ဝတ်ပိုင်းအရ ပြောစရာ အချက်က သုံးချက်ရှိပါတယ်။ ပထမဆုံးအချက်က ဓာတ်ပုံတွေကို ပြင်ဆင်၊ ပြုပြင်ဖော်ပြမှုပါ။ ဒုတိယအချက်က တစ်ပါးသူရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို ခြိုးဖောက်ရာ ရောက်၊ မရောက် ဆိုတာဖြစ်ပြီး တတိယအချက်က တော့ ဓာတ်ပုံတွေဟာ ရုန့်ရင်း ကြမ်းတမ်းမှုရှိ၊ မရှိ၊ ဖော်ပြရန် သင့်၊ မသင့် ဆိုတာပါ။

ဓာတ်ပုံများကို ပြင်ဆင်၊ ပြုပြင်ဖော်ပြမှု
ပုံ အရည်အသွေးကောင်းအောင် အလင်းအမှောင်ကို ရိုက်ကူးစဉ်က အပြင်မှာ ရှိနေခဲ့တဲ့ ပကတိ အနေအထားအတိုင်းဖြစ်အောင် အလင်းအမှောင် ချိန်ပြင်ဆင်မှုကတော့ လက်ခံနိုင် ဖွယ်အနေအထားပါ။ ပုံကိုလိုတဲ့အပိုင်းကို ဖြတ်သုံးတာ။ အဲဒီမှာ နှစ်ချက်ရှိပါတယ်။ ဓာတ်ပုံရိုက်လာတုန်းက တိုက်ငါးလုံးပါတယ်။ ကိုယ်ပြချင်တာက ဒီဖက်က နှစ်တိုက်ပါ။ ဒါဆိုရင် အဲဒီနှစ်တိုက်ပါတဲ့အထိပဲ ထောင့်မှန်ကျ ဖြတ်ပြီးဖော်ပြတာမျိုးကတော့ ပြဿနာမရှိပါဘူး။ လူ ၁၀ ယောက်မှာ ကိုယ်က ဒီသုံးယောက်ပုံ ပုံသုံးချင်တယ်၊ ဒီသုံးယောက်ပုံအထိပဲ ထောင့် မှန်ကျ ဖြတ်(crop)လုပ်ပြီးထည့်တာ ဆိုရင်ရော။ အဲဒီမှာ ရှိတဲ့ပြဿနာက သဘောရိုး၊ မရိုးပါ။ ဟိုလူတွေဖြင့်မပါဘဲ ဒီလူတွေဘဲ ပါတယ်ဆိုတာမျိုးပြချင်တဲ့ သဘောဆိုရင်တော့ ကျင့်ဝတ်နဲ့ မညီပါဘူး။ ဒါပေမဲ့ အရေးကြီးတဲ့ ဒီလူသုံးယောက်ပုံပဲ ထည့်တာကတော့ ပြဿနာမရှိပါဘူး။ ဒီလူတစ်ယောက်နဲ့ပဲဆိုင်တဲ့ သတင်းမို့လို့ ဒီလူ့ပုံကိုပဲလှီးသုံးတာဆိုရင်လည်း ဒီလူကို နုသွားအောင်၊ ရင့်သွားအောင် တမင်သက်သက် မပြင်ဆင်ရင် ပြဿနာမရှိပါဘူး။

နောက်တစ်ချက်က ဓာတ်ပုံ တွေရောပြီး၊ ပေါင်းပြီး ဖော်ပြတာပါ။ အဲဒီမှာလည်း လူ ၁၀ ယောက်အကြောင်း (ဥပမာ၊အချမ်းသာဆုံး ပုဂ္ဂိုလ်၁၀ ဦး) ရေးလို့ ဒီလူ ၁၀ ယောက်ပုံ ပေါင်းထားတယ်၊ ပေါင်းထားတယ်ဆိုတဲ့အချက်လည်း ပေါ်လွင်တယ်၊ တခြားထွေထွေရာရာ သဘောလည်း မရှိဘူးဆိုရင်တော့ ပြဿနာမရှိပါဘူး။ ပေါင်းစပ်ပြီး Graphic အသွင်လုပ်ထားတယ်ဆိုရင်လည်း အဲဒါပေါ်လွင်ရပါမယ်။
ပြင်ဆင်ပြုပြင်မှုအပိုင်းနဲ့ ပတ်သက်ပြီး လက်မခံကြတဲ့ ကျင့်ဝတ်နဲ့ မညီဘူးလို့ ယူဆကြတဲ့ကိစ္စတွေ ရှိပါတယ်။  ဓာတ်ပုံတွေကို ပေါင်းပြီး ဓာတ်ပုံတစ်ခု၊ မြင်ကွင်းတစ်ခုတည်းလို့ထင်ရအောင် ပေါင်းစပ်ပြီး ဖော်ပြတာဟာ ဘယ်လိုရည်ရွယ်မှုပဲဖြစ်ဖြစ် ကျင့်ဝတ်နဲ့ မညီပါဘူး။
၂၀၁၀ ပြည့်နှစ်အတွင်းက ရိုက်တာသတင်းဌာနက တင်ခဲ့သည့် ဓာတ်ပုံဖြစ်သည်။ မူလတင်ခဲ့သည့် ဓာတ်ပုံ(၀ဲ)ပုံတွင် နောက်ပိုင်းတွင် တောင်းပန်ပြီးနောက် ပြန်တင်ပေးသည့် ပုံ(ယာပုံ)တွင်ပါရှိသော လက်ယာကဘက်ထောင့်တွင် ထွက်နေသည့် ဓားနှင့် သွေးကွက်ကို ဖယ်ရှားထားသည်ကို တွေ့နိုင်သည် (သွေးကွက်မှာ အဖြူအမည်းတွင် ပေါ်ရန်ခဲယဉ်းသောကြောင့် ၀ိုင်းပြထားသည်)
ဓာတ်ပုံမှာ မပါတဲ့အချက်တွေ ဖန်တီးယူ ထည့်ပေါင်းတာဟာလည်း လုံးဝ မလုပ်သင့်တဲ့ကိစ္စပါ။ အနီးစပ်ဆုံးဖြစ်စဉ်အနေနဲ့ ၂၀၀၆ ခုနှစ်မှာ အစ္စရေးက လက်ဘနွန် ဘေရွတ်မြို့ကို ၀င်တိုက်တဲ့ဓာတ်ပုံပါ။ ဘေရွတ်မြို့ကောင်းကင်ယံက မီးခိုးလုံးတွေ ရှိတာထက်များအောင် ဓာတ်ပုံသတင်း ထောက်က ပွားထားတဲ့အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပြီး အဲဒီပုံနေရာမှာ မူရင်းပုံအမှန်ကို အစားထိုး ပြန်လည်ဖော်ပြပြီး တောင်းပန်ခဲ့ရပါတယ်။

ဓာတ်ပုံထဲမှာပါတဲ့ ပုံရိပ်အချို့ကို ဖယ်ရှားဖြတ်တောက်တဲ့ ကိစ္စဟာလည်း အငြင်းပွားကြတဲ့ ကိစ္စပါ။ ဓာတ်ပုံမှာ မဆိုင်တဲ့ လက်တစ်ဖက်က ပါနေမယ်၊ ကြိုးတန်းတစ်ခုက ရှုပ်နေမယ်ဆိုရင် ဖယ်ထုတ်ပြီး ပြင်ပစ်တယ်ဆိုတာမျိုးက လုပ်မိတတ်ကြပါတယ်။ တခြားရည်ရွယ်ချက် မရှိခဲ့ဘူးဆိုရင်တောင်မှာ ဒီကိစ္စကလည်း ကျင့်ဝတ်နဲ့ညီတယ်လို့ မပြောနိုင်တာ သေချာပါတယ်။ အဲဒီလို ဖယ်ရှားဖြတ်တောက်မှုကြောင့် ပြဿနာတွေ ဖြစ်ဖူးလို့ပါ။ အနီးစပ်ဆုံး ဥပမာကတော့ အစ္စရေးက ဂါဇာကမ်းမြောင်ကို ပိတ်ဆို့ထားစဉ်မှာ တူရကီအခြေစိုက် အဖွဲ့တစ်ဖွဲ့ရဲ့ သင်္ဘောအုပ်စုက ပိတ်ဆို့မှုကို ကျော်လွှားပြီး ၀င်ရောက်ဖို့ ကြိုးစားစဉ်က ဖြစ်ခဲ့တာပါ။ ၂၀၁၀ တုန်းကဖြစ်ခဲ့တဲ့ ဒီဖြစ်စဉ်မှာ အစ္စရေး ကွန်မန်ဒိုတွေက အဲဒီသင်္ဘောတွေကို ၀င်စီးခဲ့ပြီး လူကိုးဦး သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကို ရိုက်တာ သတင်းထောက်က ရိုက်ကူးခဲ့တဲ့ဓာတ်ပုံမှာ  အစ္စရေးကွန်မန်ဒိုတစ်ယောက် သင်္ဘောကြမ်းပြင်မှာ လဲနေတယ်၊ ဘေးမှာဝင်ရောက်ဖို့ ကြိုးစားတဲ့အဖွဲ့ထဲကသူတွေက ၀ိုင်းနေတဲ့ပုံပါ။ အဲဒီပုံမှာ ဘေးက လက်တစ်ဖက်နဲ့ အဲဒီလက်မှာ ကိုင်ထားတဲ့ဓားကို ဖျက်ထားတယ်၊ သွေးစ သွေးနတွေကို ဖျောက်ထားတယ်ဆိုတာကို အမေရိကန် ဘလော့ဂါတစ်ဦးက ထောက်ပြခဲ့ပါတယ်။ ဒီအတွက်လည်း ရိုက်တာက တောင်းပန်ခဲ့ရပြီး နိုင်ငံရေး ရည်ရွယ်ချက်မရှိကြောင်းပါ ရှင်းလင်းခဲ့ရပါတယ်။
နောက်တစ်ချက်က ဓာတ်ပုံမှာ ဖုံးကွယ်ပေးထားတာပါ။ မှုခင်းသတင်းတွေမှာ အဓိကကျပါတယ်။ ကျူးလွန်သူနဲ့ ကျူးလွန်ခံရသူရဲ့ မျက်နှာကို အများအားဖြင့် ဖုံးကွယ်ပေးထားမှုပါ။ ကျူးလွန်ခံရသူအတွက်က ပိုအရေးပါပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေး တစ်ဦးဆိုရင် သူ့မျက်နှာသာမက သူ့ကိုယ်ရေးအချက်အလက်ပါ အတတ်နိုင်ဆုံး ဖုံးကွယ်ပေးရပါတယ်။

_______________________________________________________________________
ရည်ရွယ်ချက်ကောင်းနဲ့ အများကို မထိခိုက်စေဘဲ အကောင်းဘက်ကို ရောက်စေချင်တဲ့ ဆန္ဒကဲတဲ့ ဖော်ပြမှုမျိုးဟာ ကျင့်ဝတ်ပိုင်းအရ အပြစ်လို့ ပြောလို့မရဘူးဆိုတာပါပဲ။ ဒါပေမဲ့ မလိုအပ်ဘဲ ပြူးတူးပြဲတဲ အထိတ်တလန့် ဖြစ်စေတဲ့ ဖော်ပြမှုမျိုးကိုတော့ ကျင့်ဝတ်နဲ့ညီတယ်လို့ ဆိုလို့မရပါဘူး။
________________________________________________________________________

တစ်ပါးသူ၏ ကိုယ်ရေးလုံခြုံမှုကို ချိုးဖောက်ရာ ရောက်၊မရောက်
အဝေးကြီးထိ ဆွဲနိုင်တဲ့ မှန်ဘီးလူတွေ ပေါ်လာတာရယ်၊ လူစိတ်ဝင်စားစေတဲ့ ပုံတွေအပေါ် တောင်းဆိုမှုက မြင့်လာတာရယ်က ကိုယ်ရေး လုံခြုံမှု ချိုးဖောက်ရာရောက်၊ မရောက် ဆိုတဲ့ကိစ္စကို အဓိက ကျင့်ဝတ်ဆိုင်ရာ ပြဿနာဖြစ်လာစေတာပါ။ လူတွေကို သူတို့ရဲ့ ကိုယ်ပိုင်ကိုယ်ရေး ကိုယ်တာအချိန်မှာ အသိမပေးဘဲ ဓာတ်ပုံရိုက်ယူတာဟာ ကျင့်ဝတ်နဲ့ ညီသလား၊ နိုင်ငံရေးသမားတွေ၊ သရုပ်ဆောင်တွေ၊ ထင်ရှားကျော်ကြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ဆိုင်တာတွေကို ဓာတ်ပုံရိုက်ယူသင့်သလား။ ဘယ်လို အချိန်မျိုး၊ ဘယ်လိုကိစ္စမျိုးဆိုရင် ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို ချိုးဖောက် နှောင့်ယှက်ရာ ရောက်သလဲဆိုတဲ့ မေးခွန်းတွေက စိန်ခေါ်နေပါတယ်။
ဒါက လူ့အဖွဲ့အစည်း တစ်ခုချင်းဆီနဲ့ပါ ဆိုင်သွားပါတယ်။ ဒီလူ့အဖွဲ့အစည်းမှာ ဒီအဆင့်အတန်းတော့ အနည်းဆုံးရှိရမယ်လို့ သတ်မှတ်ခံထားရတဲ့သူတစ်ဦး၊ တစ်ဖွဲ့ရဲ့ ကိုယ်ရေးကိုယ်တာ လုပ်ဆောင်မှုတစ်ခုဟာ အများပြည်သူသိသင့်တဲ့ အနေအထားမှာရှိတယ်လို့ ယူဆရတဲ့ အနေအထားရှိမှသာ ပင်မ ဂျာနယ်လစ်ဇင် ရေစီးကြောင်းထဲက ဂျာနယ်လစ်တွေက သတင်းဓာတ်ပုံနဲ့ သတင်းရယူကြပါတယ်။ ပုံမှန်အားဖြင့်တော့ မလုပ်ကြပါဘူး။
ဓာတ်ပုံများသည် ရုန့်ရင်း ကြမ်းတမ်းမှုရှိ၊မရှိ၊ ဖော်ပြရန်သင့်၊ မသင့်
ကလေးကနေ အဘိုးအဘွားအထိ လူတကာရဲ့ လက်တစ်ကမ်းမှာ ရှိနေတတ်တဲ့ သတင်းစာတွေမှာ ရုန့်ရင်းကြမ်းတမ်းတဲ့ ပုံတွေ၊ အရမ်းကို ရုပ်ပျက်ဆင်းပျက်ဖြစ်တဲ့ပုံတွေကို ဖော်ပြဖို့ မသင့်ဘူးလို့ ယေဘုယျ သတ်မှတ်ကြပါတယ်။ အထွေထွေ စာဖတ်ပရိသတ်အတွက် ရည်ရွယ်တဲ့ သတင်းစာများဟာ လိင်ပိုင်းဆိုင်ရာအရ ပေါ်လွင်လွန်း၊ ပွင့်လင်းလွန်းတဲ့ပုံတွေကိုပါ ရှောင်ရှားကြပါတယ်။ သူတို့ဆီမှာ အရွယ်ရောက်ပြီးသူများအတွက် ရည်ရွယ်တဲ့ သတင်းစာ၊ မဂ္ဂဇင်းများကတော့ သီးခြားရှိပါတယ်။
ရုန့်ရင်းကြမ်းတမ်းမှု ရှိ၊ မရှိဆိုတာ ပထမဆုံးဖြတ်ရတဲ့ အချက်ပါ။  ပြီးရင်ဆုံးဖြတ်ရမှာက ဖော်ပြဖို့ သင့်၊ မသင့်ဆိုတာပါ။ ဒီအခါမှာထည့်သွင်းဖော်ပြမှုရဲ့ သဘောရင်းခံဟာ အရေးကြီးပါတယ်။
ဗီယက်နမ်စစ်ပွဲ ကာလတုန်းက ပူလစ်ဇာဆုရပုံ တစ်ပုံ ရှိပါတယ်။ Nick Ut ရဲ့ Napalm Girl ဆိုတဲ့ ပုံပါ။ (ဒီဆောင်းပါးမှာ အဲဒီပုံကို ကျွန်တော်တို့ ယဉ်ကျေးမှုစံနှုန်းအရ မသင့်တော်ဘူးလို့ ယူဆလို့ အောက်ပိုင်းကို အုပ်ပြီးဖော်ပြပါတယ်)။ Napalm ဆိုတာက ရေနံဆီ (ဒါမ မဟုတ်)အလားတူ လောင်စာနဲ့ ရောထားတဲ့ ကော်ရည်လိုချွဲပစ်တဲ့ အဆီတစ်ခုဖြစ်ပြီး တိုက်ပွဲမှာသုံးတဲ့ လက်နက်တစ်ခုပါ။ ဒီလက်နက်နဲ့ တိုက်ခိုက်မှုကြောင့် ကိုယ်မှာ အ၀တ်မကပ်တော့တဲ့ မိန်းကလေးငယ်တစ်ယောက် အပါအ၀င် ကလေးငယ်တွေ ပြေးလွှားနေတဲ့ပုံကို နယူးယောက်တိုင်းမ် သတင်းစာက မျက်နှာဖုံးတင်ခဲ့တာပါ။ ဒါဟာ ကျင့်ဝတ်ပိုင်းအရ ခက်ခဲတဲ့ ဆုံးဖြတ်ချက် ပါ။ အရွယ်မရောက်သေးသူ(minor) ရဲ့ လုံးတီးပုံ (Nudity) လည်းဖြစ်သလို ဖတ်ရှုတဲ့ စာဖတ်ပရိသတ်အတွက်လည်း အထိတ်တလန့် ဖြစ်စရာပါ။ ဒီအချိန်မှာ ခွင့်ပြုချက် သွားယူလို့မရတော့ ကလေး ငယ်ရဲ့ ကိုယ်ရေးလုံခြုံမှုကိုလည်း ချိုးဖောက်တဲ့သဘော ဖြစ်နေပါတယ်။
ဒါပေမဲ့ ဒီပုံဟာ ပူလစ်ဇာဆု ရခဲ့ပါတယ်။ ဗီယက်နမ်စစ်ပွဲရဲ့ ဆိုးရွားမှုကို အပီပြင်ဆုံး ဖော်ကျူးနိုင်ခဲ့တဲ့ သတင်းဓာတ်ပုံလည်းဖြစ်ခဲ့သလို ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ရေး နယ်ပယ်အသီးသီးက ၀ိုင်းဝန်းတောင်းဆိုကြဖို့လည်း လှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။ အများပြည်သူ အကျိုးစီးပွား အတွက် တကယ်ဖြစ်နေတဲ့ အခြေအနေမှန်၊ စစ်ပွဲရဲ့ အနိဋ္ဌာရုံကို ဖော်ပြဖို့ ပုံမှန်ကန့်သတ်မှုတွေကို ချိုးဖျက်ခဲ့ရတာကိုတော့ ကျင့်ဝတ်နဲ့မညီဘူး၊ မလုပ်သင့်ဘူးလို့ ပြောလို့မရဘူးဆိုတာကို ဒီပုံက သက်သေပြနေပါတယ်။

လတ်တလောဖြစ်စဉ်အရ ပြောရရင်တော့ ၂၀၁၀ ပြည့်နှစ်အတွင်းက တိုင်းမ်မဂ္ဂဇင်းက ဖော်ပြခဲ့တဲ့ နှိပ်စက်ခံရလို့ ယောက်ျားဘက် ဆွေမျိုးတွေဆီကနေ ထွက်ပြေးခဲ့တဲ့ အာဖဂန်မိန်းကလေးကို တာလီဘန် ခေါင်းဆောင်တစ်ဦးက နှာခေါင်းနဲ့ နာရွက်တွေဖြတ်လိုက်လို့ ရုပ်ပျက် ဆင်းပျက် ဖြစ်နေတဲ့ပုံပါ။ ဒီပုံကြီးကို တိုင်းမ်မဂ္ဂဇင်းက မျက်နှာဖုံးတင်ခဲ့ တာပါ။ တာလီဘန်တွေလက်အောက်မှာ အမျိုးသမီးတွေ ဘယ်လိုနေ နေရတယ်ဆိုတာကို ဖော်ပြဖို့အတွက် ရုန့်ရင်းကြမ်းတမ်းတယ်လို့ ယူဆရတဲ့ပုံကို ဖော်ပြခဲ့တာပါ။ ဒီပုံကြောင့် တာလီဘန်တွေလက်အောက်မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရတဲ့ အမျိုးသမီးတွေ ပြန်လည်ခွဲစိတ်ပြုပြင်ဖို့ ရန်ပုံငွေထူထောင်တာတွေ၊ ဒီလိုအဖြစ်မျိုးတွေကမ္ဘာမှာ ရှိနေသေးပါလား၊ မရှိသင့်တော့တဲ့ကိစ္စ၊ တိုက်ဖျက်သင့်တဲ့ကိစ္စပါလားဆိုတဲ့ အသိအမြင် ပျံ့နှံ့မှုတွေ ဖြစ်စေခဲ့ပါတယ်။
ခြုံပြောရရင်တော့ ရည်ရွယ်ချက်ကောင်းနဲ့ အများကို မထိခိုက်စေဘဲ အကောင်းဘက်ကို ရောက်စေချင်တဲ့ ဆန္ဒကဲတဲ့ ဖော်ပြမှုမျိုးဟာ ကျင့်ဝတ်ပိုင်းအရ အပြစ်လို့ပြောလို့ မရဘူးဆိုတာပါပဲ။ ဒါပေမဲ့ မလိုအပ်ဘဲ ပြူးတူးပြဲတဲ အထိတ်တလန့် ဖြစ်စေတဲ့ ဖော်ပြမှုမျိုးကိုတော့ ကျင့်ဝတ်နဲ့ ညီတယ်လို့ဆိုလို့ မရပါဘူး။
အဓိကကျတာကတော့ သတင်းဓာတ်ပုံတွေကို ဖော်ပြရာမှာ ဂျာနယ်လစ်ဇင်ရဲ့ အခြေခံမူတွေဖြစ်တဲ့ အမှန်ကို ထုတ်ဖော်ခြင်း၊ အများပြည်သူ အကျိုးစီးပွားအတွက် ရည်ရွယ်ဆောင်ရွက်ခြင်း၊ ယုံကြည်စိတ်ချနိုင်လောက်တဲ့ ဖော်ပြမှုမျိုးနဲ့ တာဝန်ယူမှုရှိစွာ လုပ်ဆောင်ခြင်းဆိုတဲ့ အချက် တွေနဲ့ ဆုံးဖြတ်ဖော်ပြဖို့ပါပဲ။

သတင်းဓာတ်ပုံဆိုင်ရာ ကျင့်ဝတ်ပိုင်းဖော်ပြမှုများ ကောက်နှုတ်ချက်
  • ဓာတ်ပုံဂျာနယ်လစ်များသည် ၎င်းတို့၏ ဓာတ်ပုံများနှင့်ပတ်သက်ပြီး ရိုးသားဖြောင့်မတ်မှုရှိရမည်။ အများပြည်သူကို လမ်းလွဲစေနိုင်သော ဓာတ်ပုံပြင်ဆင်ဖော်ပြမှုမျိုး လုပ်မည်မဟုတ်။
  • ဓာတ်ပုံကို မွမ်းမံထားမှုရှိပါက ပုံစာတွင် ထည့်သွင်း ရှင်းလင်းပါမည်။
  • ပြင်ဆင်ထားသည့် ပုံဖြစ်ပါက ပြင်ဆင်ဖန်တီးထားခြင်းဖြစ်ကြောင်း ရှင်းလင်းဖော်ပြပါမည်။ 
  • Canadian Association of Journalists Ethic Guideline
  • ဂျာနယ်လစ်များသည် မည်သို့သောအခါတွင်မှ ဓာတ်ပုံ၊ ဗီဒီယိုပါ အကြောင်းအရာကို ပုံဖျက်ဖော်ပြခြင်း မပြုလုပ်သင့်။ နည်းပညာပိုင်းအရ သန့်စင်ကြည်လင်အောင်လုပ်မှုမှာမူ ခွင့်ပြုရမည်ဖြစ်သည်။ ပေါင်းစပ်ထားသော၊ ဖန်တီးထားသော ပုံများကို (ယင်းသို့ ပေါင်းစပ်ဖန်တီးထားကြောင်း) ဖော်ပြပေးရမည်။
  • Society of Professional Journalists Code of Ethics
  • တိကျပြီးပါဝင်သင့်သည်တို့ အပြည့်အ၀ စုံလင်စွာ ပါဝင်ရမည်။
  • ဓာတ်ပုံကို မွမ်းမံခွင့်အား အလွဲသုံးပြီး လိုသလိုပြင်ဆင်ခြင်း မပြုရ။
  • တစ်စုံတစ်ဦး(သို့မဟုတ်)အစုအဖွဲ့အလိုက်(များစေရန်)ပွားယူခြင်း မပြုရ။
  • မှတ်တမ်းတင်သည့် အရာအားလုံးကို လေးစားသမှုရှိရမည်။ ရာဇ၀တ်မှု (သို့မဟုတ်)အနိဋ္ဌာရုံတွင် ခံစားရသူများအပေါ် ကရုဏာထားပြီး ထိခိုက်နစ်နာနိုင်သော အရာများအတွက် အထူးစဉ်းစားပေးရမည်။
  • တစ်ဖက်သားမနှစ်သက်သော ကိုယ်ရေးကိုယ်တာ အခြေအနေများကို အများပြည်သူက မြင်တွေ့သိရှိ ရန်လိုအပ်လွန်းသော အခြေအနေမျိုးမှ တစ်ပါးချိုးဖောက်မှတ်တမ်းတင်ခြင်း မပြုရ။
  • ဓာတ်ပုံရိုက်ကူးစဉ်တွင်ပင် ဖြစ်စဉ်ကို လွှမ်းမိုးလိုသော၊ ပြင်ဆင်လိုသော ရည်ရွယ်ချက်ဖြင့် ၀င်ရောက် ပတ်သက်ခြင်းမပြုရ။
  • တည်းဖြတ်ရာတွင် ဓာတ်ပုံ၏ ပါဝင်သောအကြောင်းအရာနှင့် သတင်းစကား၏ ၀ိသေသလက္ခဏာကို (မပျက်စီးစေရန်)ထိန်းသိမ်းရမည်။ ကြည့်ရှုသူကို အလွဲမြင်စေရန်၊ ရိုက်ကူးသည့်အရာကို အလွဲဖြစ်စေရန် မည်သည့် နည်းလမ်းဖြင့် မှ မသမာသောရည်ရွယ်မှုဖြင့် ပေါင်းထည့်၊ ပြင်ဆင်ခြင်း မပြုရ။
  • ဓာတ်ပုံရိုက်ကူးသည့် အခိုက်ကာလ၏ ၀ိသေသလက္ခဏာကို လေးစားရမည်။
  • National Press Photographers Association(US) Code of Conduct

    Ref;
    (1) Ethics for Journalists By Richard Keeble
    (2) Photojournalism  By Carolynne Burkholder
    (3) Ethics in Photojournalism: Past, Present, and Future By Daniel R. Bersak
    (4) Photojournalism :An Ethical Approach By Paul Martin Lester

    Ref:EMG

ဂျာနယ်လစ်နဲ့ကျင့်ဝတ်(၅)၊ သတင်းဓာတ်ပုံဆိုင်ရာကျင့်ဝတ် PDF Print Written by ဇေ၀င်းနောင် ဂျာနယ်လစ်နဲ့ကျင့်ဝတ်(၅)၊ သတင်းဓာတ်ပုံဆိုင်ရာကျင့်ဝတ် Written by ဇေ၀င်းနောင်

 မြန်မာကို ကမ္ဘာကကြည့်တဲ့နေ့ Written by အောင်မျိုး

ဥရောပကောင်းကင်ယံ မြေပြင် အထက်ပေပေါင်း သုံးသောင်းကျော်မှ ပျံသန်းနေသော လေယာဉ်ကြီးသည် တဖြည်းဖြည်း နိမ့်ဆင်းလာနေသည် ကို သိလိုက်ရသည့်အတွက် ပြတင်းပေါက်နေကာကို အသာဖွင့်ကြည့်လိုက်တော့ တောတောင်စိမ်းစိမ်းတွေကို တစ်မျှော်တစ်ခေါ်ကြီး စတင်မြင်ရလေပြီ။ ဒါဆိုလျှင် နော်ဝေကို ချည်းကပ်လာပြီဟု တွေးမိလိုက်ပြီး ရှေ့မှာရှိသော LCD TV မှ တစ်ဆင့် ပျံသန်းမှု အချက်အလက်များကို ကြည့်လိုက်ရာ အော်စလိုလေဆိပ်ရောက်ဖို့ နောက်ထပ်ကီလိုမီတာ ၄၀ လောက်သာ လိုတော့သည်ကို အတိအကျသိလိုက်ရသည်။

ဘန်ကောက်လေဆိပ်မှ အော်စလို လေဆိပ်အထိ ကီလိုမီတာ ၉၈၉၁ ကိုပျံသန်းချိန် ၁၂ နာရီနီးပါး မရပ်မနား စီးနင်းခဲ့ရသည့်ခရီးသည်များ လှုပ်လှုပ်ရွရွ ဖြစ်နေကြလေပြီ။ လေယာဉ်တွင်း စပီကာများမှ တစ်ဆင့် မကြာခင် လေယာဉ်ဆင်း သက်တော့မည့် အကြောင်းကိုလည်း ကြေညာနေလေပြီ။ ပြတင်းပေါက်နေကာများကို ဖွင့်လိုက်သည်နှင့် သစ်ပင်များ ထူထူထပ်ထပ်ကြားမှာ တည်ရှိနေသော အော်စလိုလေဆိပ်ကို မြင်လိုက်ရတော့သည်။

နော်ဝေနိုင်ငံ၏ နွေရာသီဟု ဆိုပေမယ့် မြန်မာနိုင်ငံသား ကျွန်တော့် အတွက်တော့ ရှမ်းပြည်ကို ဆောင်းတွင်းရောက်ရသလို ခံစားနေရသည်။ နွေရာသီမို့ လေဆိပ်အဆောက်အအုံ ထဲမှာ အနွေးဓာတ်ပေးထားခြင်း မရှိတော့သည့်အတွက် ချမ်းချမ်းအေးအေးရှိနေပေမယ့် ပြုံးရွှင်လန်းစွာ လုပ်ကိုင်နေကြသော နော်ဝေလေဆိပ်အမှုထမ်းများ၏ မျက်နှာများက နွေးထွေးသလို ခံစားရသည်။ အော်စလိုလေ ဆိပ်မှဝင်ရောက်လာသည့် ခရီးသည်များသည် arrival card ခေါ် ဆိုက်ရောက်ပုံစံကတ်ပြားပင် ဖြည့်စရာမလိုတော့ဘဲ ၀င်ခွင့်ပေးရာ မြန်မာတွေ ပြည်ပခရီးမှ ပြန်ရောက်တိုင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အ၀င်မှာ အမြဲတမ်းဖြည့်နေရသည့် arrival card ကို ပြေးသတိရမိသည်။ လေဆိပ်အ၀င်မှ ပထမဦးဆုံး စတင်ကြုံတွေ့ရသည့် လူဝင်မှုကြီးကြပ်ရေးတာဝန်ခံက ကျွန်တော့် နိုင်ငံကူးလက်မှတ်ကို ကြည့်ရင်း ‘MYANMAR’ ဟု ရေရွတ်ကာပြုံးပြသည်။ ပြီးတော့ ‘အောင်ဆန်းစု ကြည်လည်း လာလိမ့်မယ်’ ဟူ၍ပင် လှမ်းပြောလိုက်တော့ တို့မြန်မာတွေကို ဂရုတစိုက်ရှိနေပါလား ဆိုသည့် အသိကို စတင်ခံစားလိုက်ရပါသည်။

____________________________________________________________________________
တော်တန်ရုံ စွန့်လွှတ်ကြိုးစားမှုဖြင့် အနားပင်မကပ်နိုင်သော ငြိမ်းချမ်းရေးနိုဘယ်လ်ဆု၏ မြင့်မြတ်မှုကို ကမ္ဘာက လေးစားအသိအမှတ်ပြု ခဲ့ကြသလို နိုဘယ်လ်ဆုရှင်တိုင်း နှိုင်းဆရန်ခက်ခဲသည့် စိတ်ဓာတ်ကိုလည်း ကမ္ဘာက လေးစားအားကျ နေလေသည်။ မြန်မာလူမျိုးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုဘယ်လ်ဆု အခမ်းအနားကို အနီးကပ်ကြုံတွေ့ ခံစားလိုက်ရသည့် ကျွန်တော့်အဖို့ မြန်မာဖြစ်ရခြင်းအတွက် ထိုနေ့လောက် ဂုဏ်ယူစရာကောင်းသည့်နေ့ မရှိဘူးဟုပင် ဆိုရပါမည်
___________________________________________________________________________

လေဆိပ်ကြီးကရှည်လျားစွာ သွယ်တန်းတည်ဆောက်ထားသည့် အတွက် တစ်ညလုံးမက လေယာဉ်ပေါ်မှာ အညောင်းမိလာသည့် ခရီးသည်များအတွက် အညောင်းပြေရုံ မက တော်တော်ကလေးပင် ဟိုက်အောင်လျှောက်ကြပြီးမှ ပစ္စည်းရွေးတဲ့နေရာကို ရောက်သည်။ အကောက်ခွန်ကလည်း ပြုံးပြနှုတ်ဆက်ရုံသာ။ လေဆိပ်မှ အထူးရထားဖြင့် အော်စလိုမြို့သို့ ခရီးဆက်ခဲ့ရာ မြန်မာပြည်ရန်ကုန်မှ ထွက်ခဲ့ပြီးနာရီပေါင်း ၂၀နီးပါး ကြာသောအခါ အင်မတန်ရောက်ချင်လှသော နော်ဝေနိုင်ငံ အော်စလိုမြို့ သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပါတော့သည်။ အော်စလိုဘူတာကြီးမှ တည်းခိုမည့်ဟိုတယ်သို့ မြေအောက် ရထားနှင့် ခရီးဆက်ခဲ့ရာတွင် မြေအောက်ဘူတာ ၀င်ထွက်ပေါက်များရှိ ကြော်ငြာ ဆိုင်းဘုတ်နေရာများတွင် နော်ဝေ နိုင်ငံထုတ် မဂ္ဂဇင်းတစ်ခုက ဒေါ်အောင်ဆန်းစုကြည်၏ ပန်းချီနှင့်မျက်နှာဖုံး လုပ်ထားတာကို တွေ့လိုက်ရသည်။
Ref:EMG

 မြန်မာကို ကမ္ဘာကကြည့်တဲ့နေ့ PDF Print Written by အောင်မျိုး

Sunday, July 8, 2012

ပညာလိုပါသလား(ဒေါက်တာ ခင်မောင်ညို)[ဆောင်းပါး]

မြ၀တီမြို့ သောင်ရင်းမြစ်တစ်ဖက်ကမ်းရှိ ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသော ရွှေ့ပြောင်းလုပ်သားများ

ကိုဘသစ်တစ်ယောက် ရွာပြန်သွားတော့ ၀မ်းသာစရာတွေ မြင်တွေ့ရသလို စိတ်မကောင်းစရာတွေလည်း အများကြီးပါပဲ။ ရွာထဲမှာသွပ်မိုး ပျဉ်ထောင်တွေ များလာသည်။ သို့သော် စာကြည့်တိုက်ကတော့ ဖတ်သူ အင်မတန်နည်းသည်။ ရွာထဲ အလုပ်လုပ်နေသော အရွယ်ပေါ့လေ။ လူငယ်လူရွယ်တွေ အင်မတန်နည်းသည်။
''ကျောင်းသွားတဲ့ကလေးတွေတော့ အများကြီးပါပဲလား''
''လူငယ်တွေ ဘယ်ရောက်သွားကြလဲ'' မောင်ဘသစ် မေးခွန်းတွေ ထုတ်နေမိသည်။ ''သူတို့တစ်ဖက်နိုင်ငံ သွားအလုပ်လုပ်ကြတယ်''
''အင်း''
''ဒီလိုဖြစ် နေကြတာတော့ ကြာပြီပဲ''
''အင်း''
ရွာက ရော်ဘာခြစ်သူတွေ ဆေးလိပ်လိပ်သူတွေ မလေးရှားသွားကြသည်။ ငါးလှေလိုက်သူတွေနဲ့ ခြံစိုက်သူတွေက ထိုင်းကိုသွားကြသတဲ့။ အလုပ်သွားလုပ်သူတွေရဲ့ အလုပ်တွေက အမျိုးမျိုးဆိုပေမယ့် တူညီတာကတော့ အားလုံးဟာ အောက်ခြေအလုပ်တွေကိုသာ လုပ်ရသည်။
3D ဟုခေါ်သည့် Danger, Dirty Esifh Difficult  ဖြစ်သည့် အလုပ်တွေကိုသာ လုပ်ရသည်။ သူတို့ရသော လုပ်ခဟာလည်း အနှိမ်ခံ လုပ်ခပါ။ တရားမ၀င် လုပ်ရတာတွေ များသည်။ ပြန်ရောက်သူတွေကို ကိုဘသစ်မေးကြည့်တယ်။
''ခင်ဗျားတို့ ဟိုကစကားကိုတတ်လား ''
''ထမင်းစားရေသောက်တော့ တတ်တယ်''
''လူရာဝင်အောင်တော့ မတတ်ဘူးဆိုပါတော့''
''တတ်စရာ ဘာလိုလဲဗျာ၊ ကျုပ်တို့က မြန်မာတွေနဲ့ပဲနေကြတာ''
''ဒါဆိုစာတော့ ဝေလာဝေးပေါ့''
''စာတော့မတတ်ဘူး''
စကားမတတ်၊ စာမတတ်၊ အရည်အသွေး(Skill) မရှိတော့လည်း သူခိုင်းတာကို လုပ်ရသည်ပဲပေါ့။ သူတို့အောက်ခြေအလုပ်များကို လုပ်ပြီးရသည့်ငွေကို မိဘတွေဆီ ပို့ကြသည်။ သူတို့သားသမီးတွေကို အဘိုးအဘွားများနှင့် အပ်ထားလေ့ရှိကြပြီး မြန်မာပြည်မှာပင် ကျောင်းထားကြသည်။
''ရတဲ့ငွေတွေနဲ့ ၀ါးတဲတွေကနေ သွပ်မိုးပျဉ်ထောင်ကို ဆောက်လာနိုင်တာပေါ့ဗျာ'' သူကြီး နိုင်ငွေစိုးက ကိုဘသစ်သူငယ်ချင်း ဖြစ်သည်။ နိုင်ငွေစိုးကသူ့ကို ထမင်းစားဖိတ်ကျွေးပါသည်။

_____________________________________________________________________________

တစ်ဖက်နိုင်ငံသွားကာ အလုပ်လုပ်ကြသည်။ ပညာမတတ်၊ စာမတတ်၊ စကားမတတ်။ ဒီတော့ အဖိနှိပ်ခံဖြစ်နေတာပဲပေါ့။ ပညာတတ်အောင် သင်ဖို့လိုသည်။ နောက်တစ်ဖက်နိုင်ငံက စာတွေကို ဒီမှာသင်လို့ မရဘူးလား။ ပညာပြည့်ဝပြီး စကားလောက်တတ်ရင် အနည်းဆုံး အလုပ်သမားခေါင်းလောက်တော့ ဖြစ်နိုင်ပါသည်။
______________________________________________________________________________

''ချမ်းသာ လာသူတွေရှိသလို ရောဂါဖိစီးပြန်လာလို့ ဆေးကုရတာတွေလည်း ရှိတယ်ကွ''
''ဟုတ်ကဲ့''
''မမာဘူး''
''လူပဲဗျာ''
'' အနာတွေပေါက်ပြီး သေတယ်''
''ဒါတွေဟာ AIDS လို့ခေါ်တဲ့ လေးလုံးရောဂါတွေပေါ့။ လူတိုင်းသိကြပါတယ်။ ဒါပေမယ့် အားလုံးကတော့ မသိချင်ယောင် ဆောင်နေကြတယ်'' ကိုဘသစ်စိတ် မကောင်းဖြစ်သွားတယ်။ ဒီရောဂါက ကမ္ဘာ့ကပ်နာပဲ။
''မောင်ညိုလည်း နေမကောင်းဘူး၊ မင်းသွားကြည့်လိုက်ပါဦး'' မောင်ဘသစ်၏ သူငယ်ချင်းမောင်ညို ဘာကြောင့်နေမကောင်း ဖြစ်တာလဲ။
''ဒီကောင်ဘယ်သွား သေးလဲ''
''တောင်အရှေ့ဖက်ကို သွားတယ်''
''ထိုင်းကိုလား''
''အင်း တောင်အရှေ့ဖက်ကို သွားတယ်။ သူ့သားနှစ်ယောက်လည်း နေသိပ်မကောင်းဘူးတဲ့။ ကိုဘသစ်လည်း 'ဒုက္ခပါပဲ'ဟု ညည်းတွားကာ သူငယ်ချင်းအိမ် လိုက်သွားသည်။
'မင်း လေးလုံး ရောဂါရလာတာလား' မောင်ညို ခေါင်းခါသည်။
''ငါတို့က အဲဒီရောဂါကင်းတယ်၊ ဒါပေမဲ့ အလုပ်ပိတာကွ''
''ဘယ်လို ပိတာလဲ''
''တို့ခြံရှင်က တို့သောက်ဖို့ ရေတွေ ကိုဇလုံကြီးနဲ့ ဖျော်ဖျော်ထားပေးတယ်၊ အားဆေး၊ အမောခံတယ်တဲ့။ ငါတို့လည်း သောက်တာပေါ့၊ သူပြောတဲ့အတိုင်း အမောခံနိုင်တယ်။ နေပူမရှောင် မိုးရွာမရှောင် အလုပ်လုပ်နိုင်တယ်''
''တယ်ဟုတ်ပါလား၊ ဘာအားဆေးလဲ''
''နောက်မှသိတယ်၊ အားဆေး မဟုတ်ဘူးတဲ့၊ အဲဒါမူးယစ်ဆေးဝါး၊ အက်ဖာတမင်း''
''ဟေ'' သူတို့ကို မက်တာအက် ဖာတမင်း မူးယစ်ဆေးတွေ တိုက်ပြီး ခိုင်းတာကိုး။
'' မြန်မာတွေပဲ သောက်တာလား''
'' ထိုင်းတွေတော့ မသောက်တာများတယ်ကွ၊ တို့လည်း နောက်မှသိတယ်။ သိတော့ ကျန်းမာ ရေးအတော်ချို့ယွင်းနေပြီ''
'' ဒါနဲ့ ပြန်ခဲ့တာလား ''
'' ဟုတ်တယ်ကွ၊ ငါးလှေတွေနဲ့ လိုက်သွားတဲ့လူတွေဆိုရင် မူးယစ်ဆေးတွေစွဲပြီး၊ နောက်ဆုံးလှေပေါ်ကနေ ကန်ချခံရတယ်''
'' ကမ်းမှာလား''
''ပင်လယ်ထဲကို'' ကြောက်စရာကောင်းလှပါသည်။ ပင်လယ်ဆိုသည်မှာ ဥပဒေစိုးမိုးသည့်ဒေသ မဟုတ်ပါ။ ဘယ်လိုသက်တွေ အထောက်ထားတွေမှ မရှိဘဲ။
''ကိုယ့်မိသားစုနဲ့ကိုယ် အေးအေးဆေးဆေးလုပ်စားပြီး ပြန်လာသူတွေတော့ရှိတယ်''
''ဟုတ်လား''
''ရှိတော့ရှိတယ် ရှားတယ်''
ဆင်းရဲတဲ့ဒဏ်လား၊ ချမ်းသာလိုတဲ့ လောဘကြောင့်လား။ ကိုဘသစ် စဉ်စားသည်။ လူတွေကတော့ စွန့်စားကြသည်။ No Man is an island တဲ့။ ဘယ်သူမှ ကျွန်း မဟုတ်ဘူး။ ဘယ်သူမှ ငုတ်တုတ်မခံ ပါဘူး။ စပါးစိုက်သည်။ တောင်သူ လုပ်သည်။ လောက်လောက်ငင မရှိကြပါ။ ပထမ ဖဆပလ အစိုးရ လက်ထက်က SAMB ဆိုသော အဖွဲ့က ကိုဘသစ်တို့ဆီက စပါးဝယ်သည်။ ထိုအချိန်ကလည်း ဈေးနှိမ် ၀ယ်သည်။ နောက်တော့ မဆလ လက်ထက်။ စပါးတွေကို ၀မ်းစာချန် ကျန်တာအကုန်အစိုးရကို ရောင်း ရသည်။ သတ်မှတ်ဈေး။ သတ်မှတ် ထားသော ပမာဏကိုရောင်းရသည်။ တကယ်လို့ မရောင်းနိုင်ရင် ဖမ်းချုပ်သည်။ (အချုပ်တွင် ထမင်းတော့မကျွေးပါ။ အိမ်က ထမင်းပို့ရသည်။) နောက်ဆုံး တာဝန်ကျေအောင် ၀ယ်သွင်းရသည်။
အ၀ယ်ဒိုင်များက ကတ္တားခိုး၊ အလေးခိုးသည်။ စိုထိုင်းဆများသည်ဟု ဈေးလျော့ပြန်သည်။ လယ်သမားတွေ ဖွတ်သထက် ညစ်တော့သည်။ ထို့ကြောင့် အများစုသည် လယ်မလုပ်တော့။ ကိုဘသစ်တို့လည်း ဒီပုတ်ထဲက ဒီပဲမဟုတ်ပါလား။ ဖခင်ကြီး၏ လယ် ၆၄ ဧကကို စွန့်ကာ မြို့တက်သည်။ လခစား လုပ်သည်။ လယ်တွေကို အစိုးရက တဖြည်းဖြည်း သိမ်းသွားသည်။ အချို့လယ်မလုပ် ယာမလုပ် ရရာလုပ်။ အရက်သမားဖြစ်ကာ သေသွားသော ကိုဘသစ်သူငယ်ချင်းတွေ အများကြီးပါပဲ။ ခုတော့ သူငယ်ချင်းများ၏ သားသမီးတွေပေါ့။ သူတို့ကတော့ တစ်ဖက်နိုင်ငံသွားကာ အလုပ်လုပ်ကြသည်။ ပညာမတတ်၊ စာမတတ်၊ စကားမတတ်။ ဒီတော့ အဖိနှိပ်ခံဖြစ်နေတာပဲပေါ့။ ပညာတတ်အောင် သင်ဖို့လိုသည်။ နောက်တစ် ဖက်နိုင်ငံက စာတွေ စကားတွေကို ဒီမှာသင်လို့ မရဘူးလား။ ပညာပြည့်ဝပြီး စကားလောက်တတ်ရင် အနည်းဆုံး အလုပ်သမားခေါင်းလောက်တော့ ဖြစ်နိုင်ပါသည်။ ကိုဘသစ် ဘာလုပ်ရမလဲ။ ခုလွှတ်တော်အသစ်ကိုပဲ တင်ပြရမှာလား။ သူတို့က ကျွန်စော်နံတဲ့သူလို့ ပြောမှာလား။ ဒါမှမဟုတ် ငုတ်တုတ်လေးပဲ နင်းပြားအဖြစ် နေကြမှာလား။ ပွင့်လာတဲ့အစိုးရကို ပွင့်ပွင့်လင်းလင်းမေးလိုတဲ့ ကိုဘ သစ် မပွင့်နိုင်သေးပါလား။

PDF Print
Written by ဒေါက်တာခင်မောင်ညို   

 လွှတ်တော်ကိုယ်စားလှယ်များ၏ ဒုတိယသမ္မတ ရွေးချယ်မှုအပေါ် အမြင်နှင့် ခန့်မှန်းချက်များ

နိုင်ငံတော် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေး အခြေအနေအရ ဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်သွားပြီးဖြစ်ရာ လစ်လပ်သွားသည့် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၏ နေရာအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထား၍ ရွေးချယ်တင်မြှောက်ပြီး ပြည်ထောင်စုလွှတ်တော်နာယကထံ အမည်စာရင်း တင်သွင်း ရမည်ဖြစ်သည်။ ထို့ကြောင့် လွှတ်တော်အသီးသီးရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များ၏ ဒုတိယသမ္မတ ရွေးချယ်မှုအပေါ် အမြင်နှင့် ခန့်မှန်းချက်များကို ဖော်ပြလိုက်ပါသည်။

ဒေါက်တာအေးမောင်(အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)
''ကျွန်တော်တို့ကတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးကို ဖြစ်စေချင်တာပေါ့။ အဲဒီလိုဖြစ်သွားပြီဆိုရင် သမ္မတကြီးနဲ့အတူ လက်တွဲပြီးလုပ်လို့ ရပြီလေ။ ဒုတိယသမ္မတအဖြစ် သူရဦးရွှေမန်းကို ရွေးမယ်ဆိုရင် အမှန်ကန်ဆုံး ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ အဲဒီလို ဖြစ်လာမယ်ဆိုရင် ပြည်သူ့လွှတ်တော်ရဲ့ လစ်လပ်တဲ့ ဥက္ကဋ္ဌ နေရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တင်မြှောက်လိုက်မယ်ဆိုရင် ကျွန်တော်တို့မျှော်လင့်ထားတဲ့ လွှတ်တော်လမ်းကြောင်းဟာလည်း ပုံမှန်အတိုင်း တည်တည်ငြိမ်ငြိမ် ဖြစ်မယ်။ နောက်ပြီး အများ ကလည်း လက်ခံမယ်။ ကမ္ဘာကလည်း ကျွန်တော်တို့သွားမယ့် လွှတ်တော်နဲ့ အစိုးရအဖွဲ့ဟာ ညီမျှမယ်လို့ သုံးသပ်ကြမယ်။ ပထမဆုံး ဖြစ်စေချင်တာကတော့ သူရဦးရွှေမန်းပေါ့။ သူဖြစ်ခဲ့မယ်ဆိုရင် သမ္မတကြီး ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့မှာ ဒုတိယခေါင်းဆောင်အဖြစ် ပါသွားမှာကို အင်မတန် လိုလားပါတယ်။ တကယ်လို့များ မဖြစ်ခဲ့ဘူးဆိုရင်တော့ ဒုတိယအနေနဲ့တော့ စက်မှုဝန်ကြီး ဦးစိုးသိန်းကို ဖြစ်စေချင်ပါတယ်။ သမ္မတကြီးသွားနေတဲ့ လမ်းကြောင်းမှာ စိတ်တူကိုယ်တူ သွားမယ့်သူမျိုးဖြစ်မှ ဖြစ်မယ်။ ပြည်သူလူထုကရော၊ နိုင်ငံရေး ပါတီတွေကရော ထောက်ခံတဲ့သူ ဖြစ်ရမယ်။ သမ္မတကြီးနဲ့ ရေရှည် လက်တွဲနိုင်တဲ့သူဖြစ်ဖို့ လိုတယ်။ တတိယအနေနဲ့ကတော့ ဟိုတုန်းက န.ယ.ကအဖွဲ့ရဲ့ နောက်ဆုံးတာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဦးတင်အေးကို ဖြစ်စေချင်ပါတယ်။
ဦးဌေးဦး(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
''အင်တာနက်မှာတော့ သူတို့ထင်မြင်ယူဆတဲ့အတိုင်း ပြောကြတာပါပဲ။ တကယ့်ဥစ္စာက နိုင်ငံတော်သမ္မတကြီးဆီက ပြည်ထောင်စု လွှတ်တော်ကို သ၀ဏ်လွှာ ပို့တယ်။ သ၀ဏ်လွှာပို့ပြီး သက်ဆိုင်ရာ အစုအဖွဲ့က တင်ပါဆိုတော့ အဲဒီမှာ တင်ကြလိမ့်မယ်။ တင်တဲ့လူတွေအားလုံး ကလည်းပဲ တကယ့်ကို နိုင်ငံအကျိုးရှိအောင် လုပ်နိုင်မယ့်လူ ရွေးနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီကနေ ရွေးလာတဲ့အပေါ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက အတည်ပြုရမှာပေါ့ဗျာ။ ကျွန်တော်ကတော့ အပြင်မှာ ထွက်နေတဲ့ သတင်းတွေ အပေါ်ဘယ်လိုမှ သဘောမထားပါဘူး ဗျာ။ ကိုယ့်နေရာ ကိုယ်ပျော်ပါတယ်။
ဦးအောင်သောင်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
''ကျွန်တော်ထင်တာက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့အဖွဲ့က တိုင်ပင်ပြီး ရွေးလိမ့်မယ်ထင်တယ်။ ကျွန်တော်ထင်တာကတော့ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်ထဲက မဟုတ်ဘဲ အပြင်လူလည်း ဖြစ်နိုင်ပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရွေးပိုင်ခွင့် ရှိတယ်။ တပ်မတော်အစုအဖွဲ့က ရွေးချယ်နိုင်ခွင့် ရှိတယ်ဆိုတာက ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဆန္ဒနဲ့သဘောထားကို ရယူပြီး သူကရွေးရမှာ။ အဲဒီတော့ သူရွေးတဲ့သူပဲ ဖြစ်မှာပေါ့။ သူရွေးတဲ့သူကိုပဲ လွှတ်တော်က သဘောတူလား မတူလား အတည်ပြုပေးရမှာ။ တကယ်တန်းကျတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးချယ်ခွင့်၊ လုပ်ပိုင်ခွင့်၊ စဉ်းစားခွင့်က သူ့ကိုပဲ ပေးထားတာ။ ကျွန်တော်ထင်တာတော့ တပ်မတော်ထဲမှာလည်းပဲ လက်ရှိမှာ မကြာမီ နှစ်ပိုင်းအတွင်း အငြိမ်းစားယူခါနီး ဗိုလ်ချုပ်ကြီးတွေ ရှိတယ်။ သူ့ဘက်ကလည်း တပ်မတော်အတွက် သူပြန်ကြည့်ဖို့ လိုသေး တယ်လေ။ သူကနေပြီး အရပ်ဘက်ကို သွားပြီးသား လူတစ်ယောက်ကိုပေးမယ့်အစား မကြာမီသွားတော့မယ့် လူတစ်ယောက်ကို ပေးလိုက်ရင် တပ်မတော်အတွက် ပိုမကောင်းဘူးလား။ ဒါတွေလည်း စဉ်းစားစရာတွေပါ။ စဉ်းစားကြည့်တဲ့သဘောပါ။
ဦးအေးမောက်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
''ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မတော်အစုအဖွဲ့ကနေ ရွေးရမှာဖြစ်တဲ့အတွက် ကာကွယ်ရေးဦးစီးချုပ်ကတော့ Nomination လုပ်ပေးမှာပေါ့လေ။ ဒါပေမယ့်လည်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ကနေ ညှိနှိုင်းမယ်လို့တော့ ထင်တယ်။ အဲဒီလို ညှိနှိုင်းပြီး လုပ်ပေးတာကို တပ်မတော်သားတွေကလည်း သဘောတူကြမှာပဲ။ အရပ်ဘက်ကဆိုရင်တော့ ကျွန်တော့်အနေနဲ့ ဦးတင်အေးဆိုရင် သဘောကျတယ်။ တပ်မတော်ဘက်ကဆိုရင် ကာချုပ် (ရေ) တို့၊ ကာချုပ်(လေ)တို့လည်း ဖြစ်နိုင်တာပဲ။ အသေအချာတော့ ခန့်မှန်းလို့ မရသေးပါဘူး။
သူရဦးအောင်ကို(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
''သူက မှန်းရခက်တယ်။ (၁) က အသက် ၅၀ ကျော်လူငယ်ပိုင်းက ဖြစ်လိမ့်မယ်။ သွက်သွက် လက်လက် လုပ်နိုင်တဲ့သူပေါ့။ ပြီးရင် တပ်မတော်ကအငြိမ်းစား ဗိုလ်ချုပ် (သို့မဟုတ်) ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဒါမှမဟုတ်ရင် လက်ရှိထမ်းဆောင်နေဆဲ ဗိုလ်ချုပ်(သို့မဟုတ်) ဒုတိယဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်ဖို့များတယ်။ ကျန်းမာပြီးတော့ လူလတ်ပိုင်းထဲက သွက်သွက်လက်လက်လုပ်နိုင်တဲ့လူ ဖြစ်ဖို့များတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနေရာက အလုပ်တော်တော်များများ လုပ်ရမယ့်နေရာ ဖြစ်ပါတယ်။ လွှတ်တော်တို့၊ ပြည်ထောင်စုလွှတ်တော်တို့နဲ့ ချိတ်ဆက်ပြီး လုပ်ရမယ့် နေရာဖြစ်တဲ့အတွက် ဒုတိယသမ္မတက ကျန်းမာကြံ့ခိုင်တဲ့ လုပ်နိုင်တဲ့သူ ဖြစ်ရပါမယ်။

Ref:EMG

Monday, July 2, 2012

 ‘အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲလာမယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်’၊ မြန်မာနိုင်ငံတွင်း အလုပ်အကိုင် ရှာဖွေရေး ၀က်ဘ်ဆိုက်၏ အာရှဆိုင်ရာစီအီးအို Ciaran Lally နှင့် တွေ့ဆုံခြင်း

အလုပ်အကိုင်ရှာဖွေသူနှင့် ကျွမ်းကျင်လုပ်သား ရယူလိုသည့် လုပ်ငန်းရှင်များကြား ချိတ်ဆက်ပေးသည့် အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းကို အွန်လိုင်းဝက်ဘ်ဆိုက်များ တည်ထောင်၍ လုပ်ကိုင်နေသည့် လုပ်ငန်းများ နိုင်ငံတကာတွင် ခေတ်စားနေရာ မြန်မာနိုင်ငံတွင်လည်း အဆိုပါ အလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုက်များ ဆယ်ဂဏန်းကျော် ရှိနေခဲ့ရာမှ ယခုအခါတွင် နိုင်ငံတကာ အတွေ့အကြုံရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း ဆောင်ရွက်နေသူများက အကောင်အထည်ဖော်နေသည့် http://myjobs.com.mm ၀က်ဘ်ဆိုက်လည်း အပါအ၀င်ဖြစ်လာပြီ ဖြစ်သည်။ ထို့ကြောင့် http://myjobs.com.mm ၏ အာရှဆိုင်ရာ စီအီးအို Ciaran Lally နှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်များမှ အချို့ကိုကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး - မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံ မှာ အလုပ်အကိုင် ရှာဖွေရေးဝက်ဘ် ဆိုက်တစ်ခု အကောင်အထည်ဖော် လုပ်ကိုင်လာအောင် ဘယ်အရာတွေကများ စေ့ဆော် တိုက်တွန်းခဲ့ပါသလဲ။
ဖြေ - မြန်မာနိုင်ငံဈေးကွက်ကို ကျွန်တော်တို့ လေ့လာကြည့်လိုက်တဲ့ အခါမှာ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက် လာတာကို တွေ့ရပါတယ်။ ဒါဟာ တိုင်းပြည် အနာဂတ်အတွက် ကောင်းတဲ့လက္ခဏာပါ။ ဒါပေမယ့်လို့ အွန်လိုင်းဈေးကွက် နေရာနဲ့ ပတ်သက်လို့ရှိရင် မဖွံ့ဖြိုးသေးတာကို တွေ့ရပါတယ်။ လူတွေက အင်တာနက်ကို ထိထိရောက်ရောက် အသုံးမချသေးတာကို တွေ့ရပါတယ်။ ဒါပေမယ့်လို့ ဒါတွေဟာ အချိန်ကြာလာတာနဲ့ အမျှ ပြောင်းလဲလာမယ်ဆိုတာကို ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့ ဒီအပြောင်းအလဲမှာ တစ်တပ်တစ်အား ပါဝင်လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှာဖွေရေးဝက်ဘ်ဆိုက်ကို အရင်ဆုံးစလုပ်တာပါ။ ဒါကတော့ အလုပ်အကိုင် ရှာဖွေလိုသူတွေအနေနဲ့ အင်တာနက်ကို အသုံးပြုပြီး အလုပ် အကိုင်ရှာဖွေတာကို အားပေးဖို့နဲ့ ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ အလုပ်အကိုင်တွေကို အင်တာနက်မှာ ကြော်ငြာစေဖို့ပါပဲ။ ကျွန်တော်တို့အနေနဲ့  ဒီအွန်လိုင်းကနေ အလုပ်အကိုင် ရှာဖွေတဲ့လုပ်ငန်းကို ကမ္ဘာ့တိုက်ကြီး လေးတိုက်မှာ လုပ်နေပါတယ်။

မြန်မာနိုင်ငံမှာ အွန်လိုင်းစီးပွားရေး လုပ်ဖို့ဆိုတာ စောသေးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ်လို့ ဒါဟာ ပြောင်းလဲလာမှာပါ။ ကျွန်တော့် အမြင်အရ ဆိုလို့ရှိရင် သုံးနှစ်၊ ငါးနှစ်အတွင်းမှာပဲ ဈေးကွက်က အွန်လိုင်းပေါ်ရွေ့လာမယ်လို့ ယူဆရတယ်။ ဒါပေမယ်လို့ ကျွန်တော်တို့ အနေနဲ့ စောင့်လို့ မရပါဘူး  .  .  . 

မေး - မြန်မာနိုင်ငံမှာလူတွေက အင်တာနက်ကို ထိထိရောက်ရောက် အသုံးမချနိုင်သေးတော့ သူတို့အနေနဲ့ အင်တာနက်အသုံးပြုပြီး အလုပ်အကိုင် ရှာဖွေဖို့အတွက် ဘယ်လိုများ ဆောင်ရွက်ဖို့ စီစဉ်ထားပါသလဲ။
ဖြေ - မြန်မာနိုင်ငံမှာ အွန်လိုင်းစီးပွားရေး လုပ်ဖို့ဆိုတာ စောသေးတယ် ဆိုတာမှန်ပါတယ်။ ဒါပေမယ်လို့ ဒါဟာ ပြောင်းလဲလာမှာပါ။ ကျွန်တော့် အမြင်အရဆိုလို့ရှိရင် သုံးနှစ်၊ ငါး နှစ်အတွင်းမှာပဲ ဈေးကွက်က အွန်လိုင်းပေါ် ရွေ့လာမယ်လို့ ယူဆရတယ်။ ဒါပေမယ်လို့ ကျွန်တော်တို့ အနေနဲ့ စောင့်လို့မရပါဘူး။ အလုပ်အကိုင် ရှာဖွေသူတွေကို အင်တာနက် က အလုပ်အကိုင်ရှာဖွေတဲ့နေရာမှာ ဘယ်လိုအသုံးဝင်တယ် အစရှိသဖြင့် ပြသ၊ ရှင်းလင်း၊ သင်ပြဖို့လိုပါတယ်။ အင်တာနက်က အလုပ်အကိုင်ရှာဖွေတဲ့ နေရာမှာ အလွယ်ကူ ဆုံးနည်းလမ်းတစ်ခု ဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာတော့ ပထမဆုံးအနေနဲ့ အလုပ်ရှာသူတွေနဲ့ စကားပြောမယ်။ အင်တာနက်က သူတို့အတွက် ဘယ်လို အသုံးဝင်တယ်ဆိုတာကို သင်ပြပေးမယ်။ ကျွန်တော်တို့အနေနဲ့ တစ်နေရာထဲမှာ အလုပ်အကိုင်အများကြီးကို လျှောက်ထားနိုင်တဲ့ job fair လိုပွဲမျိုးတွေလုပ်မယ်။ အလုပ်သမား လိုအပ်တဲ့ ကုမ္ပဏီတွေက HR မန်နေဂျာတွေနဲ့ အလုပ်ရှာသူတွေကို ဖိတ်ခေါ်ပြီး အင်တာနက်ကနေ အလုပ်အကိုင် ဘယ်လိုရှာလို့ရတယ် ဆိုတာကို ပြသမယ်။ နောက်ပြီး အင်တာနက်ဆိုင်တွေကနေ တစ်ဆင့် သူတို့ရဲ့ကိုယ်ရေးရာဇ၀င် အကျဉ်းကို  ၀က်ဘ်ဆိုက်မှာ မှတ်ပုံတင်ပြီး အလုပ်ရှာဖွေလို့ ရတယ်ဆိုတာကို ပြသမယ်။ ကြော်ငြာဆိုင်းဘုတ်တွေ၊ သတင်းစာကြော်ငြာတွေက တစ်ဆင့် ဒီဝက်ဘ်ဆိုက်ကို ဘယ်လိုအသုံးချလို့ ရသလဲဆိုတာကို လူတွေကို အသိပေးသွားပါမယ်။
မေး - မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှာဖွေရေး ၀က်ဘ်ဆိုက်တွေလည်း ရှိနေတော့ ဒါကို ဘယ်လိုယှဉ်ပြိုင်သွားဖို့ ရှိပါသလဲ။
ဖြေ - ပြောရရင် ကျွန်တော့်မှာ ဒါနဲ့ ပတ်သက်လို့ တရုတ်ပြည်မှာ ပြိုင်ဖက် ငါးထောင်ခန့်ရှိပါတယ်။ ကျွန်တော်တို့က ဈေးကွက်ထဲမှာ နံပါတ် (သုံး)ပါ။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ပြိုင်ဖက်တွေကို မကြောက်ပါဘူး။ ကျွန်တော့်အမြင်မှာတော့ ပြိုင်ဆိုင်ခြင်းဟာ အပြုသဘောဆောင် တဲ့ အရာတစ်ခုလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ အွန်လိုင်းပေါ်မှာ ကုမ္ပဏီတွေ အများကြီးလိုအပ်လို့ပါ။ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး နည်းပညာရှိတယ်လို့ ယုံကြည်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံက ၀န်ထမ်းတွေကို နိုင်ငံတကာအဆင့်မီ ကျွမ်းကျင်မှုတွေ ပို့ချပြီး လုပ်ဆောင်စေမှာ ဖြစ်ပါတယ်။
မေး - လူကြီးမင်းရဲ့ ၀က်ဘ်ဆိုက်က နေ အလုပ်အကိုင် ရှာဖွေတဲ့အခါမှာ အလုပ်လျှောက်သူ အနေနဲ့ အလုပ်ရတဲ့ အခါမှာ ငွေကြေးတစ်စုံတစ်ရာပေး ရမှာပါလား။
ဖြေ - မြန်မာနိုင်ငံမှာ အလုပ်လုပ်တော့မယ်လို့ စဉ်းစားတဲ့အခါမှာ ရေရှည်လုပ်ဖို့ ကျွန်တော်တို့ စဉ်းစား ထားပါတယ်။ အလုပ်ရှာသူအနေနဲ့ သူ့ရဲ့ကိုယ်ရေးရာဇ၀င် အကျဉ်းကို ကျွန်တော်တို့ ၀က်ဘ်ဆိုက်ကနေ တစ်ဆင့်တင်ပြီး အလုပ်လျှောက်၊ အလုပ်ရသွားတဲ့အခါမှာ ကျွန်တော်တို့ကို တစ်ပြားသားမှ ပေးစရာမလိုပါဘူး။ ၁၀၀ ရာခိုင်နှုန်း အလကားပါ။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ဝက်ဘ် ဆိုက်ကနေ လိုအပ်တဲ့ရာထူးတွေ အတွက် ကြော်ငြာပြီး ကိုယ်ရေးရာဇ၀င် အကျဉ်းတွေကို download ဆွဲချတဲ့ HR မန်နေဂျာတွေကနေ အဖိုးအခ တောင်းခံသွားမှာပါ။
မေး - ကဏ္ဍအသီးသီးမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေပေမယ့်လို့ အများပြည်သူအနေနဲ့ သိသိသာသာ မခံစားရသေးတာတွေ ရှိနေပါသေးတယ်။ နောက်ပြီး အလုပ်အကိုင် အများအပြား ဖန်တီးပေးနိုင်မယ့် လုပ်ငန်းတွေလည်း အများကြီးမရှိသေးတဲ့ ဒီလိုအခြေအနေမျိုးမှာ အလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုက်တစ်ခုကို အကောင်အထည်ဖော်ပြီး စီးပွားရေး လုပ်လာတယ်ဆိုတော့ . . .။
ဖြေ - တိုးတက်မှုတွေ ဖြစ်လာ၊ မလာဆိုတာနဲ့ ပတ်သက်လို့ ကျွန်တော့် အနေနဲ့ ထင်မြင်ချက်မပေးလိုပါဘူး။ ဒါပေမယ်လို့ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံဟာ တိုးတက်လာမယ် ဆိုတာကိုတော့ ယုံကြည်ထားသင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလည်း လုပ်ငန်းတွေ ဆောင်ရွက်နေတာဆိုတော့ ရေရှည်ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တာ၊ ရေရှည်မျှော်တွေးပြီး လုပ်တာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အနေနဲ့ အသားကျ ကျေနပ်ပြီးသားပါ။
မေး - ဒါဆိုရင် အခု မြန်မာနိုင်ငံမှာ စီးပွားရေးကို စွန့်စားပြီး လုပ်နေတယ် ဆိုတဲ့သဘောများဖြစ်နေမလား။
ဖြေ - ၁၀၀ ရာခိုင်နှုန်းပါပဲ။ လုံးဝ ဟုတ်ပါတယ်။ စွန့်စားတယ်လို့တော့ ကျွန်တော်မမြင်ပါဘူး။ ရေရှည် ရင်းနှီးမြှုပ်နှံတယ်လို့ပဲ ရှုမြင်ပါတယ်။      

REF:EMG

Thursday, June 28, 2012

မြန်မာအမျိုးသမီးများအတွက် စဉ်းစားရမယ့်အချိန် (7Day News Journal-ဆောင်းပါး)

မြန်မာအမျိုးသမီးများအတွက် စဉ်းစားရမယ့်အချိန်

ရေးသားသူ- နေလင်းထွန်း

လူတစ်ရပ်ကျော်မြင့်သော ဆိုင်းဘုတ်ကြီးတွင် စည်းကမ်းချက် ၁၅ ချက်ကိုတရုတ်-မြန်မာနှစ်ဘာသာဖြင့် ရေးသားထားသည်။
 စည်းကမ်းချက်၊ နံပါတ်၁၂ တွင် “အရပ်သားနှင့် ချစ်ရေး ကြိုက်ရေးပြုခြင်း၊ အတူနေထိုင်ခြင်း၊ လက်ထပ်ခြင်းမပြုရ”ဟူသောသတ်မှတ်ချက်ပါဝင်သည်။ ရခိုင်ပြည်နယ်၊
ကျောက်ဖြူမြို့နယ်ရှိ မြဒေးကျွန်း၌ အခြေစိုက်ဆောင်ရွက်လျက်ရှိသောကျောက်ဖြူရေနက်ဆိပ်ကမ်းတွင် မြန်မာ-တရုတ်ရေ နံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းခွင်မှ တရုတ်ဝန်ထမ်းများ လိုက်နာရန် ချမှတ်ထားသော စည်းကမ်းချက်ဖြစ်သည်။

အထူးစီးပွားရေးဇုန်များ၊ ရေနက်ဆိပ်ကမ်းများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြည်တွင်းသို့ ၀င် ရောက်လာတော့မည် အချိန်တွင် နိုင်ငံခြားသား၊ လူမျိုးခြားများလည်း အလုံးအရင်းဖြင့်ရောက် ရှိလာတော့မည်ဖြစ်သည်။ မြန်မာ နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပွင့် လန်းလာမည်ဖြစ်သလို လူမှုရေးဆိုင်ရာ ကူးလူးဆက်ဆံမှုများလည်း ကြုံတွေ့လာတော့မည် ဖြစ်သည်။

အထူးသဖြင့် ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေးများအနေဖြင့် နိုင်ငံခြားသား၊ လူမျိုးခြားများနှင့် လုပ်ငန်းသဘောအရသော်လည်း ကောင်း၊ လူမှုရေးအရသော် လည်းကောင်း ထိတွေ့ဆက်ဆံရာမှ ချစ်ကြိုက်ခြင်း၊ အတူနေထိုင်ခြင်း၊ လက်ထပ်ထိမ်းမြားခြင်း အခြေအနေသို့ ရောက်ရှိသွားပါက ဥပဒေအကြောင်းအရ ကာကွယ်ပိုင်ခွင့်၊ ရပိုင်ခွင့်များကို လေ့လာသိရှိထားသင့်ကြောင်း ဥပဒေ ပညာရှင်အချို့က ဆိုသည်။

၁၉၅၄ ခုနှစ် “ဗုဒ္ဓဘာသာ ၀င် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေအရ” နိုင်ငံခြားသား၊ လူမျိုးခြားနှင့် လက်ထပ်မည့် မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်များအတွက် အခွင့်အရေးနှင့် ရပိုင်ခွင့်များကို သတ် မှတ်ပြဋ္ဌာန်းပေးထားသည်။

ထို ဥပဒေနောက်ပိုင်း ယင်းနှင့်ပတ်သက်၍ ဥပဒေထပ်မံ ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်းပြုလုပ်ခြင်း မရှိပေ။ ထိုဥပဒေတွင် “တရား ဥပဒေကဲ့သို့ အာဏာရှိသော ဘာ သာရေးဓလေ့ထုံးစံ တစ်ခုခုကဖြစ်စေ၊ ထိုသို့သော ဘာသာရေး ဓလေ့ထုံးစံကို အကျိုးသက် ရောက်စေသည့် တရားဥပဒေတစ် ခုခုကဖြစ်စေ၊ ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ယောက်ျားတစ်ဦးအား ဗုဒ္ဓဘာသာဝင် မိန်းမတစ်ဦးနှင့် လင်မယားအဖြစ် ပေါင်းဖက်နေခြင်းကို ခွင့်မပြုသည့်အကြောင်းကြောင့် ထိုယောက်ျားက ထိုမိန်းမကို ကွာရှင်းလိုလျှင် ကွာ ရှင်းနိုင်သည်။

ထိုအကြောင်းကြောင့် ထို ယောက်ျားက ထိုမိန်းမကို ကွာရှင်းလျှင် သို့တည်းမဟုတ် စွန့်ခွာ လျှင် သို့တည်းမဟုတ် ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်ရာ ရောက်သည်ဖြစ်စေ၊ မရောက် သည်ဖြစ်စေ၊ ရက်စက်သည့် အပြု အမူအားဖြင့် စိတ်ဆင်းရဲအောင် ပြုလျှင် အဆိုပါ ဓလေ့ထုံးစံက သို့ တည်းမဟုတ် တရားဥပဒေက မည်သို့ပင်ဆိုစေကာမူ (က)ထို ယောက်ျားသည် နှစ်ဦးပိုင်ပစ္စည်းများမှ မိမိရထိုက်သော အစု
ကို စွန့်လွှတ်ရမည်အပြင် ဗုဒ္ဓဘာသာဝင် မိန်းမအား လျော်ကြေးပေးရ
မည်။
(ခ)ဗုဒ္ဓဘာသာဝင် မိန်းမသည် သားသမီးအားလုံး ထိန်း သိမ်းခွင့်ကို ရရှိရမည်။ (ဂ)ထို့ပြင် ထိုသူသည် အရွယ်မရောက်သေးသည့် သားသမီးများအတွက် ကလေးစရိတ်ပေးရမည်”ဟု ပြဋ္ဌာန်းထားသည်။

“မြန်မာနိုင်ငံမှာ ဒီနေ့ဖြစ် နေတာက ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာ သာဝင် မိန်းမများ ထိမ်းမြားမှု ဥပဒေအရ နိုင်ငံခြားသားနဲ့ လက်ထပ်ရင် မနစ်နာအောင်လို့ ဥပဒေ ပြဋ္ဌာန်းပြီးပြီ။ စီရင်ထုံးတွေလည်း ထွက်ထားပြီ။ ဒါပေမဲ့ နောက်ပိုင်း မှာကျတော့ သက်ဆိုင်ရာလူကြီးတွေက ဒီဥပဒေထုတ်ပြန်ထားတာရှိရဲ့သားနဲ့ ဒီဥပဒေကို မဖျက် သိမ်း၊ မပယ်ဖျက်ဘဲနဲ့ ညွှန်ကြားချက်တွေနဲ့ လက်မထပ်ရဘူးလို့ တားမြစ်ထားတယ်။ ဥပဒေအရ လက်ထပ်လို့ရတယ်။ လက်ထပ်ရင် ဒါတွေဆောင်ရွက်ဖို့ ပြဋ္ဌာန်း ထားတယ်။ နောက်တစ်ခါ ညွှန်ကြားချက်က ဥပဒေကို လွှမ်းမိုးနေတယ်။ ဒါတော့ မဖြစ်သင့်ဘူး။ ညွှန်ကြားချက်ကြီးကို ဖျက်သိမ်း
သင့်ပါပြီ။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးဆိုပြီး ဒါကြီးက ရှိနေတယ်။ မြန်မာမိန်းကလေးတွေအတွက် နစ်နာနေတယ်။ လက်ထပ်လို့ မရတဲ့အတွက် အလွယ်လိုက်သွားကြတယ်။ ကိုယ့်ဘာသာကို စွန့်လွှတ်သွားကြတယ်။ တခြားဘာသာကို ကူးပြောင်းသွား ကြတယ်။ နိုင်ငံခြား သားနဲ့ လက်မထပ်
ရဘူးဆိုတဲ့ ညွှန်ကြားချက်ကြောင့် ခိုးကြောင် ခိုးဝှက်နဲ့ ဖြစ်သွားကြ တယ်။ မိန်းကလေးတွေရဲ့ အခွင့်အ
လမ်းဆုံးရှုံးသလို လူမျိုးရေးပါ နစ်နာနေတယ်” ဟု စာရေးဆရာရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)က ပြော သည်။

၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာ ၀င် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေအရ မြန်မာနိုင်ငံသားအမျိုးသမီးများကို နိုင်ငံခြားသားနှင့် ထိမ်း မြားလက်ထပ်သည့် ဥပဒေပြဋ္ဌာန်းထားသော်လည်း မြန်မာနိုင်ငံတော်တရားရုံးချုပ်၏ ၁၉၉၈ ခုနှစ် ဇူလိုင် ၁ ရက် နေ့စွဲပါ ညွှန်ကြား ချက်အမှတ် ၂/၉၈ နှင့် ပြည် ထောင်စုမြန်မာနိုင်ငံတော် ရှေ့နေချုပ်ရုံး ၁၉၉၈ ခုနှစ် ဇူလိုင် ၂ ရက် နေ့စွဲပါ စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားလွှာအမှတ် ၁/၉၈ တို့ဖြင့် မြန်မာနိုင်ငံသား အမျိုးသမီးများကို မည်သည့်နိုင်ငံခြားသား နှင့် မျှ ထိမ်းမြားလက်ထပ်ပေးခြင်း မပြုလုပ်ရန် ဥပဒေအရာရှိ အဆင့်ဆင့်တို့ကို ညွှန်ကြားချက်များ ထုတ်
ပြန်ထားခြင်းဖြစ်သည်။

“ဒီညွှန်ကြားချက်တွေ ဖျက်သိမ်းသင့်တယ်။ ညွှန်ကြားချက်ကို တည်စေချင်ရင် ဥပဒေကို ဖျက်သိမ်းပြီး အသစ်ပြဋ္ဌာန်းပါ။ မြန်မာမိန်းကလေးတွေ မထိခိုက်၊ မနစ်နာ မဆုံးရှုံးရအောင် ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေပြဋ္ဌာန်းသင့်တယ်”ဟု ဦးခင်ဇော်က ဆို သည်။

ညွှန်ကြားချက်အရ မြန်မာမိန်းကလေးများသည် နိုင်ငံခြားသား၊ လူမျိုးခြားနှင့် တရားဝင် ထိမ်းမြားလက်ထပ်ခွင့် မရှိသော ကြောင့် အိမ်ထောင်ဖက် အမျိုး သမီးတစ်ဦးအနေဖြင့် ရပိုင်ခွင့်၊ ခံစားပိုင်ခွင့်များ ဆုံးရှုံးနေမှုများရှိ နေသည်။ နိုင်ငံခြားသား၊ လူမျိုးခြားနှင့် လက်ထပ်ထိမ်းမြား အတူ နေထိုင်ပြီးနောက် လူမှုရေးပြဿ နာတစ်စုံတစ်ရာ ပေါ်ပေါက်၍ အိမ်ထောင်ဖက်အဖြစ်မှ စွန့်ခွာရန် စီစဉ်လာချိန်တွင် မြန်မာမိန်း ကလေးများ ထိခိုက်နစ်နာသော အခြေအနေများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ထို့ကြောင့် ငွေကြေးအထောက်အပံ့ရရှိလိုသော ရည်ရွယ်ချက်ဖြင့်သော်လည်းကောင်း ချစ်ကြိုက်စုံမက်၍ သော်လည်းကောင်း၊ နိုင်ငံခြားသား၊ လူမျိုးခြားနှင့်ထိမ်းမြားလက်ထပ်ရန် ရည်မှန်းထားသော မိန်းကလေးများအနေ ဖြင့် မိမိအခွင့်အရေး ဆုံးရှုံးမှုများကိုသတိပြုသင့်ကြောင်း ကချင်ပြည်နယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်ဒွဲဘူကဆိုသည်။

“သူတို့နိုင်ငံသားတွေက ဒီမှာခဏတဖြုတ် အလုပ်လာလုပ်တာလေ။ တချို့လည်းပါသွားတာ တွေ ရှိတာပေါ့။ အခုလည်း တရား ရုံးတွေမှာ နိုင်ငံခြားသားနဲ့လက် ထပ်ဖို့ ကန့်သတ်ထားတယ်ပေါ့ နော်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေက လည်း ဒီကိစ္စတွေကို လွှမ်းမိုးမှာမဟုတ်ဘူး။ မြန်မာအမျိုးသမီးတွေ နိုင်ငံခြားသားနဲ့လက်ထပ်ပြီး ဒုက္ခရောက်သွားကြတာတွေ ရှိ တယ်။ အဲ့ဒါကြောင့် ကာကွယ်ဖို့ လုပ်ထားတာပါ။ အမျိုးသမီးတွေ အနေနဲ့ ငွေကြောင့်သော်လည်း ကောင်း၊ ချစ်ကြိုက်လို့သော်လည်းကောင်း၊ ယူမိရင်လည်း တရားဝင်မှာ မဟုတ်ဘူး။ အဲ့ဒီလိုတရားမ၀င် ဘဲနဲ့ သွားပြီးပတ်သက်တယ်ဆိုရင် သူတို့ရဲ့ အခွင့်အရေးတွေ အကုန်ဆုံးရှုံးမှာပဲ။ ဘာပဲပြောပြော အမျိုးသမီးတွေဘက်က သတိထား ရှောင်ရှားသင့်တယ်”ဟု ၎င်းက ပြောသည်။

ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသားများအနေဖြင့် နိုင်ငံ ခြားသူနှင့် တရားဝင်လက်ထပ်ထိမ်းမြားခွင့် ရှိပြီး သီးခြားဥပဒေနှင့် ညွှန်ကြားချက်များ ထုတ်ပြန်ထားခြင်း မရှိပါ။လက်ရှိချိန်တွင် ကြုံတွေ့နေရသော အခြေအနေမှာ နိုင်ငံခြားသား၊ လူမျိုးခြားအချို့သည် မြန်မာ မိန်းကလေးများကို ထိမ်းမြားလက်ထပ်၍ ပြည်တွင်းရှိ စီးပွားရေးရင်း နှီးမြှုပ်နှံမှုလုပ်ငန်းများတွင် အမည် ခံလုပ်ငန်း လုပ်ကိုင်စေခြင်းများရှိ နေခြင်းဖြစ်သည်။ မြန်မာမိန်းက လေးများကို ငွေကြေးနှင့် အခြား ထောက်ပံ့မှုများပေးကာ အယုံ သွင်း၍ နာမည်ခံစီးပွားရေးများ လုပ်ကိုင်စေပြီး ၎င်းတို့က နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေခြင်း ဖြစ်သည်။

အတူ နေထိုင်ပေါင်းသင်းကာ စီးပွားရေးလုပ်ငန်းများကို နာမည်ခံလုပ်ကိုင်စေပြီးနောက် ၎င်းတို့လိုအပ်မှု မရှိတော့ချိန်တွင် မြန်မာမိန်းကလေးများကို နစ်နာကြေးပေး၍ စွန့်ခွာမှုများကို နိုင်ငံခြားသားများက ပြုလုပ်လေ့ရှိ ကြောင်း လူမှုရေးပြဿနာများကို တိုင်ပင်ဆွေးနွေးနေသော ဒေါက် တာယတြာဒေ၀ီကဆိုသည်။

“အစ်မဆီကို လာတဲ့တစ်ယောက်ဆိုရင် ကုမ္ပဏီတစ်ခုမှာ စကားပြန်အနေနဲ့လုပ်ရင်း သူ ဌေးနဲ့ပတ်သက်လိုက်တယ်။ သူ့ကို FMI မှာ အိမ်ငှားထားတယ်။ ဒါပေမဲ့ သူကငှားထားတာကို မသိ ဘူး။ ၀ယ်ပေးထားတယ်ထင်နေ တယ်။ စီးပွားရေးလာလုပ်တာပြန်ရင် အကုန်လုံးပေးထားခဲ့မှာပေါ့။ နောက်ပြန်သွားပြီး မဆက်သွယ် တော့ဘူး။ ဟိုမှာကလည်း မယားကြီးရှိနေတယ်။ နောက်တော့ သူ က မလာဘဲ သူ့ညီကနေတစ်ဆင့် ကွာရှင်း စာချုပ်ရယ်၊ နစ်နာကြေး ကျပ်သိန်း ၇၀ ပေးတယ်။ လက် ထပ်စာချုပ် ချုပ်ထားပြီး အမည်ခံလုပ်ငန်းတွေ အများကြီးလုပ် ထားတာကိုး။ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပြီး ပစ္စည်းတွေနဲ့ ဘာ မှမဆိုင်ဘူးဆိုတာ လက်မှတ်ထိုး ရင် သိန်း ၇၀ ပေးမယ်ပေါ့။ သူ ကိုယ်တိုင်မလာဘူးနော်။ သူ့ညီနဲ့ ရှေ့နေကို လွှတ်လိုက်တာ။ အစ်မ ဆီကို ရောက်လာတဲ့အချိန်မှာ သူ ကဘာပြောလဲဆိုတော့ ကျွန်မ လက်မှတ်ထိုးပေးလိုက်ရတယ်တဲ့။ သူပြန်သွားပြီး ခြောက်လကြာတဲ့ အချိန်မှာ တစ်ပြားတစ်ချပ်မှ မ ပေးတဲ့အတွက် အိမ်ငှားကလည်း ဆင်းရတော့မယ်။ အိမ်ထပ်ငှားဖို့လည်း ပိုက်ဆံမရှိဘူး။ အကျပ် ရိုက်အောင် လုပ်ထားတာပေါ့။ အချိန်တန် သူတို့ပြန်တဲ့အခါထားသွားကြတာပဲ။ သူတို့နဲ့ မပတ်သက်တော့တဲ့ အချိန်ကျရင်တော့ ဘာမှတာဝန်မယူတော့ဘူး”ဟု ၎င်းကပြောသည်။ ထိုသို့ထားခဲ့သော လုပ်ငန်းရှင်မှာ တရုတ်နိုင်ငံသားဖြစ်သည်။

နိုင်ငံရပ်ခြားနှင့် သွားလာ ဆက်ဆံရမှုမြင့်တက်လာခြင်းနှင့် အတူ ယဉ်ကျေးမှုများ ကူးလူးဆက်နွှယ်မှု ကြီးထွားလာခြင်းတို့ သည် ဗုဒ္ဓဘာသာဝင် မြန်မာမိန်း ကလေးများ၏ အိမ်ထောင်ဖက်ရွေးချယ်မှုကို သက်ရောက်မှုများ ဖြစ်ပေါ်နေသည်။ နိုင်ငံခြားသား၊ လူမျိုးခြားနှင့် လက်ထပ်မည့် မိန်း ကလေးများအနေဖြင့် ခေတ်စနစ် ဖြစ်ပေါ်နေမှု၊ ဥပဒေကြောင်း ဖြစ်တည်မှုတို့ကို သိရှိနေရမည်ဖြစ် သလို ယင်းမိန်းကလေးများအ တွက် နိုင်ငံတော်မှ ဥပဒေကြောင်း အရ ကာကွယ်ပေးထားခြင်း၊ မိဘအုပ်ထိန်းသူများ၏ ထိန်းသိမ်း စောင့်ရှောက်မှုနှင့် လူမှုအသိုင်းအ၀ိုင်း၏ ဂရုပြုစောင့်ကြည့်မှုများလည်း လိုအပ်နေသည်။

“နိုင်ငံခြားသားနဲ့ လက်ထပ်ပေါင်းသင်းခြင်းအကြောင်းကို ပြောကြမယ်ဆိုရင် နိုင်ငံခြားသားဆိုတဲ့အနက် အဓိပ္ပာယ်ကို ဖွင့်ရမယ်။ ပြီးရင် လက်ထပ်ပေါင်းသင်းခြင်းကို ဖြစ်စေတဲ့ နောက်ကွယ်က အကြောင်းရင်းကို ခွဲခြမ်းစိတ် ဖြာရပါမယ်။ နိုင်ငံခြားသားဆိုရင် အများက မျက်နှာဖြူနဲ့ ခေါင်းရှည်ကိုပဲ မြင်ပါလိမ့်မယ်။ တကယ် တော့ နိုင်ငံခြားသားဆိုတာ ကိုယ့်မြန်မာနိုင်ငံသား မဟုတ်သူအားလုံးက နိုင်ငံခြားသားဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဘယ်လိုနိုင်ငံခြားသားက ပိုများပြီး ထပ်လာဖို့ရှိတဲ့ သူတွေထဲမှာလည်း ဘယ်လိုနိုင်ငံ ခြားသားက ပိုများနိုင်တယ်ဆိုတာ လူတိုင်းခန့်မှန်းနိုင်ပါတယ်။ အိမ် ထောင်တစ်ခုကို တည်ဆောက်တဲ့ အခါမှာ Motive (အကြောင်းရင်း) နှစ်မျိုးတော့ အနည်းဆုံးရှိမှာပေါ့။ တစ်မျိုးက ချစ်ခင်စုံမက်လို့ ဘ၀ချင်းပေါင်းစပ်ဖို့ ရည်ရွယ်ချက်နဲ့၊ နောက်တစ်မျိုးက စီးပွားရေးကြောင့် အားကိုးရှာတဲ့အနေနဲ့ ကိုယ့်ကို ထောက်ပံ့နိုင်တဲ့သူကို လက်ထပ်တာရှိနိုင်ပါတယ်။ အန်တီ့အနေနဲ့ကတော့ မြန်မာအမျိုး သမီးတွေ နိုင်ငံခြားသားနဲ့ လက်
ထပ်ထိမ်းမြားမယ်ဆိုရင် မေတ္တာနဲ့အရင်းခံတာလား၊ တစ်ဘ၀လုံး အတွက် ပျော်ရွှင်မှုပေးနိုင်မလား ဆိုတာကို ထည့်သွင်းစဉ်းစားပြီးမှ ဆုံးဖြတ်ပါလို့ အကြံပေးချင်ပါတယ်” ဟု အငြိမ်းစားပါမောက္ခ တစ်ဦးဖြစ်သော ဒေါ်ရှယ်လီနန်းဟွမ်လိတ်ကဆိုသည်။