Thursday, August 30, 2012

The Myanmar Media မြန်မာမီဒီယာ 'ငါမကောင်းရင် ငါ့အကြောင်းရေးပေါ့' Written by ဒေါက်တာခင်မောင်ညို

Photo:nationmultimedia.com


''ကိုဘသစ်၊ တနင်္လာနေ့က သတင်းထုတ်ပြန်တယ်။ မီဒီယာတွေကို သတင်းလွတ်လပ်ခွင့် ပေးလိုက်ပြီတဲ့။ ဆင်ဆာပြုလုပ်မှုတွေ အားလုံး ရပ်လိုက်သတဲ့''
''ဟုတ်ကဲ့ ကျွန်တော်လည်း ကြားလိုက်တယ်။ ခင်ဗျားက စာရေးနေတယ်ဆိုတော့ မီဒီယာအကြောင်းလေးကို မေးချင်တယ်။ ပထမကတော့ မီဒီယာဆိုတာ ဘာတွေလဲ၊ ဘယ်နှစ်မျိုးရှိလဲ''
''ခင်ဗျားမေးတာကောင်းပါတယ်။ Media ဆိုတာ ဗဟုဝုစ်ကိန်း။ အများပေါ့။ ဧက၀ုစ်ကိန်း medium ကလာတာ။ ကြားခံနယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဥပမာ ပန်းချီဆွဲတဲ့အခါ မီဒီယမ်က ရေ သို့မဟုတ် ဆီ ဆိုတာရှိတာမျိုးပေါ့။ သတင်းမီဒီယာဆိုတာလည်း သုံးမျိုးလို့ သတ်မှတ်နိုင်တယ်။ ပုံနှိပ် (print media) ၊ အသံ(ရုပ်သံ)လွှင့် (broadcast) နဲ့ အွန်လိုင်း(online media) တို့ပဲ ဖြစ်တယ်''
''ဒါက လွတ်လပ်စွာ ပြောဆိုခွင့် ပုံနှိပ်ခွင့် (freedom of speech and the press) တို့ ဆိုတဲ့အခြေခံဥပဒေထဲမှာ ပါတယ်မဟုတ်လား''
''ပါပါတယ်။ မြန်မာပြည်မှာ ရှိခဲ့တဲ့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေ၊ ၁၉၇၄ ခုနှစ် အခြေခံဥပဒေနဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွေထဲ အားလုံးပါတယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ်လောက်ကတည်းက ဒီလိုစာပေစိစစ်ရေး စည်းမျဉ်း (censorship and regulation)  ကို ထုတ်ပြန်သတ်မှတ်ခဲ့တယ်''
''ဒီအရင်ကရော သတ်မှတ်ချက် တွေရှိလား''
''အင်း Media law တွေကတော့ ၁၉၃၃ ခုနှစ်ကတည်းက ရှိခဲ့တယ်။ ဗြိတိသျှ ကိုလိုနီလက်ထက်ကတည်းကပါ။ မြန်မာ့ကြိုးမဲ့ ကြေးနန်းဥပဒေ (The Burma Wireless TelegraphyAct 1933) ဆိုတာ ရှိခဲ့တယ်။ ဥပဒေထဲမှာတော့ ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ ကြိုးမဲ့ကြေးနန်းကိရိယာ တစ်စုံတစ်ခုကို ပိုင်ဆိုင်ခြင်းဟာ ဥပဒေချိုးဖောက်တယ်လို့ ဆိုတယ်။ ဒီဥပဒေကိုပဲ ၁၉၉၅-၉၆ မှာ ပြင်ဆင်ခဲ့တယ်။ အဲဒီထဲမှာ ဖက်စ်နဲ့ ကွန်ပျူတာကို ထပ်ထည့်တာပါပဲ''
''၁၉၆၂ ခုနှစ် ဥပဒေကရော''

''Printers and Publishers Registration law 1962 ဆိုတာ ရှိတယ်။ ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်ရေး ဥပဒေလို့ ဆိုရမယ်။ စာအုပ် မထုတ်မီ စာပေစိစစ်ရေးအဖွဲ့ကို တင်ပြရတာမျိုးပါ။ စာပေစိစစ်ရေးကို Press Scrutiny Boards လို့ ခေါ်တယ်''
''ဒီအတိုင်း ခုအချိန်ထိ ရှိခဲ့တာလား''
''၁၉၈၉ ခုနှစ် ညမထွက်ရအမိန့် ထုတ်တဲ့အချိန်မှာ ပုံနှိပ်ဥပဒေကိုလည်း ပြဋ္ဌာန်းထားတာရှိသေးတယ်။ Martial Law Order 3/89 (1989) ပါပဲ။ ပြည်ထဲရေးကခွင့်ပြုမှ ပုံနှိပ်ထုတ်ဝေခွင့်ရမယ်လို့ ကြေညာတာပါ''
''ဟုတ်ကဲ့ ကွန်ပျူတာ အင်တာနက်တွေနဲ့ ပတ်သက်လို့ကော''
''၁၉၉၅ ခုနှစ်မှာ ရုပ်မြင်သံကြားနဲ့ ဗီဒီယိုဥပဒေ The Television and Video Act (1995)၊ ၁၉၉၆ မှာ ရုပ်ရှင်ထုတ်လုပ်ခွင့်ဥပဒေ The Motion Picture Law (1996) ၊ ၁၉၉၆ ခုနှစ်မှာ ကွန်ပျူတာဥပဒေ The Computer Science Development Law (1996) ၊ ၂၀၀၀ ပြည့်နှစ်မှာ အင်တာနက်ဥပဒေ Internet Law (2000) ဆိုပြီး အသီးသီး ထွက်ခဲ့တယ်''

''ပါတယ်လေ Electronic Transactions Law (2004)ဆိုပြီး အင်တာနက်ကို ဆက်လက်ထိန်းချုပ်တာတွေ ရှိခဲ့တယ်။ ဒီ Electronic Transactions (2004)ကို ချိုးဖောက်ရင် ထောင် ၁၅ နှစ်ကျနိုင်တယ်''
''ဟုတ်ကဲ့ ဒီဥပဒေနဲ့ ကျခဲ့လူတွေ အများကြီးရှိခဲ့တယ်''
''ကျတာပေါ့။ ဒီဥပဒေနဲ့ အင်တာနက်ကြည့်သူ၊ အီးမေးလ်ပို့သူတိုင်းကို အပြစ်ရှိတယ်လို့ စွဲလို့ရတယ်။ လုံခြုံရေးကိုထိပါးသူ၊ နိုင်ငံတော် ပြိုကွဲအောင်လုပ်သူ၊ သတင်းဖြန့်သူတွေလို့ အင်တာနက်ကြည့်သူတွေကို စွပ်စွဲလို့ရတယ်။ ဒီလိုလူတွေ အားလုံးကို အပြစ်ပေးနိုင်တဲ့ ဥပဒေ ဖြစ်နေတယ်''

ဗြိတိသျှဆီကနေ လွတ်လပ်ရေးရတော့ ၁၉၄၈ ခုနှစ်ပေါ့လေ။ ၁၉၆၂ ခုနှစ်အတွင်း ယာယီဒီမိုကရေစီရတဲ့ ၁၄ နှစ်တာ ကာလကိုကြည့်ရင် မြန်မာပြည်ဟာ အရှေ့တောင်အာရှမှာ သတင်းစာလွတ်လပ်ခွင့် အရှိဆုံးသော နိုင်ငံဖြစ်ခဲ့ပါတယ် . . . 

''အင်း တကယ်စိတ်မချရတဲ့ အခြေအနေတွေ မဟုတ်ပေမယ့် စိုးရိမ်စိတ်တွေက ရှိနေတယ်။ ဒါကြောင့် တော်ရုံတန်ရုံ အမှားကလေးကို လုပ်ရင်တောင် အမှားကြီးလိုမျိုး အပြစ်ပေးခံရတာပါ''
''အင်း သမိုင်းအစက ဗြိတိသျှတွေ စခဲ့တာပဲ။ ဒါကြောင့် သမိုင်းမလှတာ''
''ဒီလိုမဟုတ်ဘူးဗျ။ ဗြိတိသျှတွေ ကိုလိုနီမပြုခင်က မြန်မာမီဒီယာတွေဟာ အတော်လေး သွက်လက်တဲ့ Active Media တစ်ခုဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံမှာ ပထမဦးဆုံးသတင်းစာက မော်လမြိုင်ခရော်နီကယ် (The Maulmain Chronicle) ဖြစ်တယ်။ ၁၈၃၆ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တယ်။ မင်းတုန်းမင်းကြီးဟာလည်း စာပေလွတ်လပ်ခွင့်ကို လေးစားသူတစ်ဦးဖြစ်တယ်။ ရတနာပုံနေပြည်တော် သတင်းစာကို မြန်မာလို ပုံနှိပ်ရေးအတွက် အကူအညီတွေ ပေးခဲ့တယ်။
''ငါမကောင်းရင် ငါ့အကြောင်းရေး။ ငါ့မိဖုရားတွေမကောင်းရင် မိဖုရားတွေ မကောင်းကြောင်းရေးဆိုပြီး ခွင့်ပြုကာ အားပေးအားမြှောက်ပြုခဲ့တယ်''
''မင်းတုန်းမင်းကြီးဟာ တကယ့် မီဒီယာကို သဘောကျတာပေါ့''
''သဘောကျတာထက် သဘောပေါက်တယ်လို့ ဆိုနိုင်တယ်။ မီဒီယာဟာ ကိုလိုနီစနစ်ကိုခုခံဖို့ အသုံးဝင်မယ်လို့ ယူဆခဲ့တယ်။ နိုင်ငံတော်ရဲ့ ပထမဦးဆုံး လွတ်လပ်စွာ ပုံနှိပ်ထုတ်ဖော်ရေးသားခွင့် တိုင်းရင်းသားပုံနှိပ်ဥပဒေ (၁၇) ခု (The country's first indigenous press law, the Seventeen Articles) ကို ထုတ်ပြန်ခဲ့တယ်''
''သူက မြန်မာတစ်ဘာသာကိုပဲ ထုတ်ဝေခွင့်ပြုတာလား''
''မဟုတ်ဘူး။ တရုတ်၊ အင်္ဂလိပ်၊ မြန်မာဘာသာအားလုံးကို အသုံးပြု ထုတ်ဝေခွင့်ပြုတယ်။ ပြည်တွင်း ပြည်ပသတင်းတွေအားလုံး ပုံနှိပ်ထုတ်ဝေခွင့်ပြုတယ်''
''နိုင်ငံရေးအင်တာဗျူးတွေ ကောပါလား''
''ပါတယ်လို့ ပြောတယ်။ နိုင်ငံရေးသမားတွေရဲ့ အင်တာဗျူးတွေပါတယ်။ နိုင်ငံခြား သတင်းထောက်တွေအနေနဲ့ အရှေ့တောင်အာရှမှာ ဒီလိုမျိုး လွတ်လပ်ခွင့်တွေ မရှိသလောက် ရှားတယ်လို့ဆိုတယ်''
''ကိုလိုနီခေတ်ကိုပြောပြပါဦး''
''ကိုလိုနီခေတ်မှာ စာစောင်တွေရဲ့ အရေအတွက်တွေ တဖြည်းဖြည်းနဲ့ များလာတယ်။ ၁၉၁၁ ခုနှစ်မှာ သတင်းစာနဲ့ အခြားစာစောင် ၄၄ မျိုးကို ထုတ်ဝေနေတယ်''
''ဟာ အများကြီးပဲ''
''ဒါတင်ဘယ်ကမလဲ ၁၉၂၁ ခု နှစ်မှာ စာစောင် ၁၀၃ မျိုးဖြစ်နေပြီ။ ၁၉၃၀ ခုနှစ်တွေကဆိုရင် သတင်းစာဂျာနယ် စာစောင်အမျိုးအစားပေါင်း ၂၀၀ ဖြစ်နေသတဲ့''
''အင်း  ၁၉၂၁ ခုနှစ်က တစ်ရာကျော်နေတယ်။ နောက် ၁၀ နှစ်ကြာတော့ နှစ်ဆဖြစ်လာတယ်။ ဒါဟာ တကယ့်ကို ကြောက်ခမန်းလိလိ တိုးတက်တာပဲမဟုတ်လား''
''ဟုတ်တယ် ဗြိတိသျှဆီကနေ လွတ်လပ်ရေးရတော့ ၁၉၄၈ ခုနှစ်ပေါ့လေ။ ၁၉၆၂ ခုနှစ်အတွင်း ယာယီဒီမိုကရေစီရတဲ့ ၁၄ နှစ်တာကာလကိုကြည့်ရင် မြန်မာပြည်ဟာ အရှေ့တောင်အာရှမှာ သတင်းစာ လွတ်လပ်ခွင့်အရှိဆုံးသော နိုင်ငံဖြစ်ခဲ့ပါတယ်''
''တယ် ဟုတ်ပါလား''
''၁၉၄၇ ခုနှစ် အခြေခံဥပဒေကလည်း လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့် freedom of the press ကို အသေအချာ အာမခံခဲ့တယ်။ အဲဒီကာလက မြန်မာနိုင်ငံဟာ အာရှတိုက်မှာ သတင်းစာလွတ်လပ်ခွင့်အရှိဆုံး နိုင်ငံတစ်နိုင်ငံလို့ သတင်းစာဆရာကြီး ကြေးမုံဦးသောင်းက ပြောခဲ့တယ်။ ၁၉၆ရ ခုနှစ်က သူ့ရဲ့နေ့စဉ်သတင်းစာဖြစ်တဲ့ ကြေးမုံဟာ စောင်ရေကိုးသောင်း  ပုံနှိပ်ခဲ့ရတယ်။ အဲဒီအချိန်က မြန်မာ့လူဦးရေ ၁၇ သန်းသာ ရှိပါသေးတယ်''
''၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက်ကော''
''ဂျာနယ်လစ်တွေဟာ ချက်ချင်းလိုလိုပဲ တုံ့ပြန်ခဲ့တယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ စာနယ်ဇင်းများအတွက် တိုက်ပွဲဝင်ဖို့ မြန်မာစာနယ်ဇင်းကောင်စီ (Burma Press Council) ကို ဖွဲ့ခဲ့ကြတယ်''
''အဆင်ပြေသလား''
''ဂျာနယ်လစ်အများအပြား ထောင်ထဲရောက်ကုန်တယ်။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေစာစောင် အများအပြား ရပ်သွားတယ်။ ၁၉၈၈ ခုနှစ်ရောက်တော့  စာစောင်အရေအတွက်ဟာ ၃၀ ကနေရှစ်စောင်ပဲ ကျန်တော့တာကို တွေ့ရတယ်''
''သူတို့ရော လွတ်လွတ်လပ် လပ်လုပ်လို့ ရရဲ့လား''
''မရဘူး။ အစိုးရက ချုပ်ကိုင်ထားတဲ့ မီဒီယာတွေဖြစ်တယ်။ ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာတွေ အားလုံးဟာ အစိုးရက ကြီးကြပ်ဆောင်ရွက်တယ်''
''ဘယ်လိုမှ မလွတ်လပ်တော့ဘူးပေါ့ ဟုတ်လား။ ဂျာနယ်လစ်တွေကော''
''အစိုးရကချုပ်ကိုင်ထားလေတော့ ဂျာနယ်လစ်တွေဟာလည်း အမြဲလိုလို စစ်ဆေးမေးမြန်းခြင်းခံရတယ်။ အစိုးရကို ထိခိုက်တဲ့သတင်း မျိုးရေးမိရင်ထောင်ထဲရောက်တဲ့အထိ  ဖမ်းခံထိတာတွေ အများကြီးပေါ့''
''သတင်းစာတွေက ဘာတွေရေးလဲ''
''၀ါဒဖြန့်တာတွေပေါ့၊ အတိုက်အခံတွေကို စော်ကားတယ်၊ မတရားပြောတာတွေကို ရေးတာပါပဲ။ အစိုးရ ပြောချင်တာတွေကို မီဒီယာတွေကို သုံးတာပေါ့''
''လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဒါမျိုးတွေကိုတော့ သတိရမိပါတယ်''
''မကြာသေးခင်အချိန်ထိ နိုင်ငံခြားမီဒီယာတွေ၊ ဘီဘီစီ၊ အာအက်ဖ်အေ၊ ဒီဗွီဘီ၊ ဗွီအိုအေတို့ကို အပြစ်တင်တဲ့စာတွေကို သတင်းစာတွေမှာ ရေးနေတာပဲလေ''
''အချို့ဆောင်းပါးတွေ မထည့်မနေရထည့်ရတယ် မဟုတ်လား''
''ဟုတ်တယ်လေ။ စာလုံးသေးရင်တောင် ခေါ်ပြီးသတိပေးတယ်။ ပြည်ထောင်စုပြိုကွဲအောင် ရေးသားတယ်ဆိုပြီး စာစောင်တွေ ပိတ်ခံထိတာတွေလည်း ရှိတယ်''
''ဟုတ်တယ်ဗျ။ ကျွန်တော်က ဂျာနယ်တိုက်တစ်ခုမှာ အယ်ဒီတာ လုပ်ဖူးသေးတယ်။ အဲဒီမှာ စာနဲ့မဟုတ်ပေမယ့် သိထားသင့်တဲ့အချက်တွေကို တေးမှတ်ထားရတယ်''
''ဘာတွေများလဲ''
''ဒီမိုကရေစီအကြောင်းမဆွေး နွေးရ၊ မရေးရဘူး''
''နောက်''
''စစ်အာဏာသိမ်းတာ မတရားတဲ့အကြောင်း ဆွေးနွေးရေးသားခွင့် မရှိဘူး။ အကျင့်ပျက် လာဘ်စားတာတွေကိုလည်း ရေးလို့မရဘူး။ နောက်ထူး ဆန်းတာရှိသေးတယ်''
''ဘာတွေများလဲ''
''ရေကြီးတာမျိုးတွေ HIV/AIDS ဖြစ်တာမျိုးတွေ၊ မီးလောင်တာမျိုးတွေ မရေးရဘူး။ မြန်မာအသင်း ဘောပွဲရှုံးတာလည်း မရေးရဘူး''
''အတော်ဆိုးတယ်ပြောမလား၊ ရယ်ရတယ်ပြောမလားပဲ၊ ဒေါ်စုအကြောင်းကော''
''ဒေါ်အောင်ဆန်းစုကြည် အကြောင်းမရေးရသလို ကုလသမဂ္ဂလုပ်  ဆောင်ချက်တွေကိုလည်း ရေးလို့မရဘူး''
''မကောင်းတာတွေကိုရော''
''အစိုးရမီဒီယာတွေထဲမှာ အမေရိကန်အစိုးရ မကောင်းတာတို့၊ ဗြိတိန်အစိုးရ အကျင့်ပျက်တာတွေတို့၊ ဥရောပသမဂ္ဂ ဆိုးရွားတာတို့ကို ရေးတယ်။ နိုင်ငံခြားသတင်းမီဒီယာတွေ အေဂျင်စီတွေကို ပိတ်တယ်။ ဒီကောင်တွေ လိမ်နေတာပဲလို့ ပြောဆိုသံတွေ ကြားဖူးတယ်''
''၂၀၀၅ ခုနှစ်မှာ အစိုးရက ၇၅ ရာခိုင်နှုန်းပါတဲ့ သတင်းမီဒီယာတွေကိုတော့ ခွင့်ပြုလိုက်ပါတယ်။ ပြည်တွင်းသတင်းဂျာနယ် အတော်များများကိုလည်း ခွင့်ပြုလာတယ်။ ap, afp, Reuters, Xinhua, Asahi Shin bon စတဲ့ သတင်းအေဂျင်စီ ၁၀ ခုကို ခွင့်ပြုလာတယ်''
''ခုတော့ မဇ္ဈိမတို့၊ ဒီဗွီဘီတို့၊ ဗီအိုအေတို့ပါ ပြည်တွင်းသတင်းအေဂျင်စီ ထောင်နေကြတယ် ကြားတယ်''
''မှန်တယ်၊ ဒီအတွက် မီဒီယာဥပဒေအသစ်၊ စာနယ်ဇင်းကောင်စီအသစ် လိုတယ်လို့ ဆိုတယ်''
''ဒါဆိုရင် ဘယ်လိုဖြစ်ဖြစ် ၂၀၁၂ ခုနှစ်သြဂုတ်လ ၂၀ ရက်နေ့ကိုတော့ မှတ်တမ်းတင်ထားရမှာပဲ။ အခြေခံဥပဒေနဲ့ ကိုက်ညီတဲ့ လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ရေးသားခွင့်ကို တရားဝင်ကြေညာတဲ့နေ့လို့ ဆိုရမယ်''  ''မှန်ပါတယ်။ အခြေခံဥပဒေနဲ့ ကိုက်ညီတယ်ဆိုရင် အကောင်းဆုံးပေါ့လေ''
''မင်းတုန်းမင်းကြီးသာရှိရင် ဘယ်လောက်ဝမ်းသာမလဲ။ သူမျော်လင့်တဲ့ နိုင်ငံဖြစ်ပေါ်လာပြီလို့ ကြွေးကြော်မှာ အသေအချာပဲ''
''ရေးတဲ့သူတွေမှာ တာဝန်ရှိပါတယ်''
''ငါမကောင်းရင် ငါ့အကြောင်း ရေးပေါ့''

Ref:EMG