Wednesday, August 22, 2012

"ပြည်တွင်းကုမ္ပဏီအများစု၏ ပိုင်ဆိုင်ငွေ မပွင့်မလင်း စာရင်းမရှိခြင်းသည် ပြည်ပနှင့် လက်တွဲရန် အဓိကအဟန့်အတားဖြစ်"



ပြည်တွင်းကုမ္ပဏီ အများစု၏ ပိုင်ဆိုင်မှုကို နိုင်ငံတကာအဆင့်မီ စာရင်း စစ်ဆေးအတည်ပြုထားခြင်း မရှိသလို ပွင့်လင်းမြင်သာမှုလည်း မရှိခြင်းသည် ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်လုပ်ကိုင်ရန်အတွက် အဓိက အဟန့် အတားဖြစ်သည်

ဟု စီးပွားရေးရပ်ဝန်းမှ သိရသည်။
''ပူးပေါင်းရမယ့် ကုမ္ပဏီ တွေက ငွေကြေးထုတ်ပြန်ထား မှု မရှိဘူး။ ငွေစာရင်းရေးဆွဲမှု လည်း မရှိဘူး။ နိုင်ငံတကာ အဆင့်မီ ငွေစာရင်းစစ်တွေနဲ့ စစ်ဆေးထားတာမျိုးလည်း မရှိ ဘူး။ အဲ့ဒီလို ငွေကြေးအခြေအနေတွေ ကြောင့် ဖက်စပ် မလုပ်နိုင်တာတွေ ရှိနေတယ်'' ဟု ဝါးခယ်မ ဆန်စပါးရောင်း ဝယ်ရေးကုမ္ပဏီမှ ဒါရိုက်တာ ဒေါက်တာစိုးထွန်းက ပြောသည်။
မြန်မာနိုင်ငံတွင် လုပ်ကိုင် နေကြသော ကုမ္ပဏီအများစုမှာ နိုင်ငံတကာ ငွေ စာရင်းစစ်များနှင့် စစ်ဆေးမှုမရှိသကဲ့သို့ ပြည်တွင်း ငွေစာရင်းစစ်များမှာ လည်း နိုင်ငံ တကာအဆင့်မီသည့် အခြေအနေတွင် မရှိကြောင်း၊ ကမ္ဘောဇဘဏ်မှ ဒုဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။
အများပိုင် ကုမ္ပဏီများမှာ ငွေစာရင်း ထုတ်ပြန်ရမည်ဖြစ်ပြီး ငွေ ကြေးလည် ပတ်မှု အခြေအနေ၊ ပိုင်ဆိုင်မှု ပမာဏ၊ အမြတ်ငွေကြေးများကို ပွင့်လင်းမြင် သာစွာ လုပ် ကိုင်ရန် လိုအပ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
''ဒီမှာ အများပိုင်ကုမ္ပဏီတွေ က ပွင့်လင်းမှု မရှိကြဘူး။ အများ ပိုင်ကုမ္ပဏီဆိုတာ ပွင့်လင်းမြင်သာ ရမယ်။ ဖက်စပ်လုပ်မယ်ဆိုတာ ပွင့် လင်းမှု ရှိမှပဲ လုပ်ချင်မှာပေါ့'' ဟု ၄င်းက ပြောသည်။
နိုင်ငံတကာ ကုမ္ပဏီများ၌ ငွေ ကြေးပိုင်ဆိုင်မှုကို ထုတ်ပြန်ကြေ ညာရပြီး ငွေစာရင်းစစ်ဆေးမှုကို လည်း နိုင်ငံတကာ အဆင့်မီ ငွေ စာရင်းစစ်များနှင့် စစ်ဆေးလုပ်ကိုင် ရကြောင်း၊ ၄င်းတို့ကဲ့သို့ တရားဝင် ပိုင်ဆိုင်မှု မည်မျှရှိသည် ကို ထုတ်ပြန်သည့် ပြည်တွင်းကုမ္ပဏီများနှင့်သာ ဖက်စပ်လုပ်ကိုင်လိုကြောင်း သိရသည်။
အစိုးရပိုင်းအနေဖြင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းအား တိုင်းရင်းသား ပိုင် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ ပြည်တွင်းကုမ္ပဏီ များနှင့် ဖက်စပ်လုပ်ကိုင်ရန် အခွင့်အလမ်းများ ပေးထားသော်လည်း လုပ် ကိုင်နိုင်မှု မရှိ ဖြစ်နေရကြောင်း စီးပွားရေး လုပ်ငန်းရှင်များထံမှ သိရသည်။
ဖက်စပ်လုပ်ကိုင်နိုင်ရန် အများပိုင်ကုမ္ပဏီ များစွာလိုအပ်ပြီး အများပိုင် ကုမ္ပဏီများ ထူထောင်ရာတွင်လည်း နိုင်ငံတကာ၌ ပြုလုပ်နေကြသော အများပိုင် ကုမ္ပဏီများကဲ့သို့ လုပ်ကိုင်ကြ ရန် လိုအပ်ကြောင်း သိရသည်။
လက်ရှိတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း များ၌ လုပ်ကိုင်မည့် နိုင်ငံခြား ကုမ္ပဏီများအား ပြည်တွင်း ကုမ္ပဏီများမှ အစုရှယ်ယာ တစ်စု ထည့်ဝင်လုပ်ကိုင်စေပြီး ဘဏ်လုပ်ငန်းများတွင်လည်း ပြည်ပဘဏ်များမှ လာရောက် ဖွင့်လှစ်ခွင့်တွင် ပြည်တွင်းဘဏ် များနှင့် ဖက်စပ်လုပ်ကိုင်ခွင့် ပြုရန်ရှိကြောင်း သိရသည်။

ဝေယံမိုးမြင့်(Ref:Popular Myanmar News)