Saturday, August 25, 2012

ကားဈေးကွက်ကစားလို၍ ထွက်ပေါ်ခဲ့သည့် သတင်းမှားကြောင့် ကားအရောင်းအဝယ်ယာယီမြင့်တက်


မော်တော်ယာဉ်ပါမစ်ထုတ်ပေးမှု ရပ်ဆိုင်းလိုက်သည်ဆိုသောကောလဟာလသတင်းအမှားများကြောင့် တစ်ပတ်အတွင်း ကားအရောင်း ပြခန်းများနှင့်ပြင်ပကားပွဲစားတန်းများတွင် ကားဝယ်ယူမှု သိသိသာသာမြင့်တက်ခဲ့ကြောင်းသိရသည်။

'' ဒီသတင်းဘယ်က ထွက်လာလဲဆိုတာတော့ မသိဘူး။ ဒါပေမယ့် ကောလဟာလထွက်တဲ့တစ်ပတ်အတွင်းလောက်မှာ ကားတွေ တော်တော် ရောင်းထွက်သွားတယ်။အများဆုံးရောင်းရတာတော့ ၁၃၅ဝစီစီ ကားတွေပဲ။ တစ်ပတ်အတွင်း ၁၅စီးလောက်ကိုထွက်သွားတယ်။ အခုတော့ ပြန်ငြိမ်သွားပါပြီ'' ဟု Myo Motor Services co.ltdပိုင်ရှင် ဦးအောင်မျိုးဝင်းကပြောသည်။

ပါမစ်ထုတ်ပေးမှုရပ်ဆိုင်းလိုက်သည်ဆိုသောသတင်းမှာမှန်ကန်မှုမရှိကြောင်းကိုလည်းစီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ငြင်းဆိုထားသည်။

'ဒီကောလဟာလက မဟုတ်ပါဘူး။ ကျွန်တော်တိုလဲခဏခဏ ဖုန်းဆက်ပြီးမေးနေကြပါတယ်။ဒီသတင်းမဟုတ်ကြောင်းကိုလဲ ကျွန်တော်တို့ စီးပွားကူးသန်းဝက်ဘ်ဆိုဒ်မှာတင်ထားပါတယ်'ဟုစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုကဲ့သို့ သတင်းအမှားမှာ စီးပွားရေးလုပ်ငန်းရှင်ကြီးများမှကားဈေးကွက်ကို ကစားလို၍ ယခုကဲ့သို့ ကောလဟာလ သတင်းများထုတ်လိုက်သည်ဟုထင်မြင်ကြောင်း ဝါရင့်ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးကျော်က သုံးသပ်သည်။

'ဘာကို ရည်၇ွယ်ပြီးအခုလို သတင်းထုတ်လဲတော့ မသိဘူး။ ဒါပေမယ့်ဒီလိုကြီးကြီးမားမားမျိုးကို ပိုက်ဆံရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေလောက်ပဲ တတ်နိုင်တာ။ ဆယ်စီးလောက်ထိ ဆက်တိုက်ရောင်းရတယ်။ အမြတ်ရတယ်ဆိုပေမယ့် သူတို့လောက်တော့ မရပါဘူး။ ကျွန်တော်တို့လုပ်ငန်းက သေးတာကိုး'ဟု ဦးကျော်က ပြောသည်။

မော်တော်ယာဉ်ပါမစ်ထုတ်ပေးခြင်းကို မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်ရေးမှူးကော်မတီ၏ကြီးကြပ်မှုဖြင့် နေ့ခြင်းပြီး (One StopServices)အဖွဲ့မှ ယာဉ်အို/ဟောင်းအပ်နှံ၍ အစားထိုးပါမစ်ထုတ်ပေးမှုကို ၂ဝ၁၁ခုနှစ် စက်တင်ဘာလ(၁၉)ရက်နေ့ မှ စတင်ဆောင်ရွက်ပေးခဲ့သည်။

ပို့ကုန်သွင်းကုန်ကုမ္ပဏီများ၊ သင်္ဘောသာများ၊ဟိုတယ်ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ၊ နိုင်ငံခြားရေးဝန်ထမ်းများ၊ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူများ စသည့်သူများအားပါမစ်ထုတ်ပေးခြင်းကို ၂ဝ၁၁ခုနှစ် နိုဝင်ဘာလ (၃ဝ)ရက်နေ့တွင်စတင်ဆောင်ရွက်ပေးခဲ့ကြောင်းကိုလည်း သိရသည်။

နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသောနိုင်ငံသားတိုင်းအားအထူးပါမစ်ထုတ်ပေးခြင်းကို ၂ဝ၁၂ခုနှစ် မေလ(၇)ရက်နေ့မှစတင် ဆောင်ရွက်ပေးခဲ့ပြီး ၂ဝ၁၂ခုနှစ် ဇူလှိုင်လကုန်ထိ စာရင်းများအရမော်တော်ယာဉ်အစီးရေ (၈၈၆၆)စီးနှင့် မော်တော်ယာဉ် အရောင်းစင်တာများမှဝယ်ယူခွင့်ပါမစ် (၈၂၃၂)ခု တို့အားအသီးသီထုတ်ပေးခဲ့ပြီးပုဂ္ဂလိကလုပ်ငန်းရှင် ကုမ္ပဏီများအား အငှားယာဉ် တက္ကစီ(၈၃၈)စီးထုတ်ပေးခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ချက်များအရ သိရသည်။
သတင်း-ကျော်ဇင်မန်း(မြစ်မခ),ဓာတ်ပုံ-အရည်ကြို