Sunday, August 26, 2012

ရခိုင်ပြည်နယ် ပဋိပက္ခများနှင့် ပတ်သက်၍ သတင်း အချက်အလက်များ ပေးပို့နိုင်ဟုဆို


ရခိုင်ပြည်နယ်တွင် မေလ နှင့် ဇွန်လ အတွင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ အဖြစ်မှန် ပေါ်ပေါက်စေရေး အတွက် သတင်း အချက်အလက်များကို rcic.information@gmail.com သို့ အီမေးဖြင့် ပေးပို့နိုင်ကြောင်း နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်က ပထမဆုံးအကြိမ် သတင်းထုတ်ပြန်လိုက်သည်။
သြဂုတ်လ ၁၇ ရက်နေ့က စတင်ဖွဲ့စည်းပေးခဲ့သည့် အဆိုပါ သီးခြားလွတ်လပ်သော စုံစမ်းရေး ကော်မရှင်၏ လုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အဖွဲ့ဝင် (၁၀) ဦးပါဝင်သည့် စီမံ ခန့်ခွဲရေး ကော်မတီကို ယမန်နေ့က ဖွဲ့စည်းခဲ့ပြီး ပြောရေး ဆိုခွင့်ရှိသူအဖြစ် ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်က ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စာတိုက်မှ တစ်ဆင့် ဖြစ်စေ လူကိုယ်တိုင် ဖြစ်စေ ပေးပို့လိုသူများအတွက် လိပ်စာကို ထပ်မံ ကြေငြာသွားမည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လာမည့် ရက်အနည်းငယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားရာ ဒေသများသို့ သွားရောက်၍ ကနဦး လေ့လာမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး အစီရင်ခံစာအတွက် လိုအပ်သော သတင်းအချက်အလက်များကို စနစ်တစ်ကျ ကောက်ယူရန်အတွက် လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်သော ပညာရှင်များပါဝင်သည့် သုတေသန အဖွဲ့ ဖွဲ့စည်းသွားမည်ဟု ယင်းထုတ်ပြန်ချက်အရ သိရသည်။
သြဂုတ်လ ၈ ရက်နေ့အထိ နောက်ဆုံးရရှိသော စာရင်းများအရ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ များကြောင့် သေဆုံးသူ ၈၇ ဦး ၊ ထိခိုက် ဒါဏ်ရာရရှိသူ ၁၂၀၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း နှင့် အိမ်ခြေ ၅၃၀၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရ က တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
Ref:The Voice