MNL
Myanmar 2012 ပွဲစဉ်(၂၄)အဖြစ် ကမ္ဘောဇအသင်းသည် မကွေးအက်ဖ်စီအသင်းအား
အိမ်ကွင်း၌ ဧည့်ခံကစားခဲ့ရာ ၀ါရင့်ကွင်းလယ်ကစားသမား မင်းမင်းထွန်း၏
တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အိမ်ရှင်အသင်းအတွက်
အနိုင်ဂိုးကို ၀ါရင့်ကွင်းလယ်လူ မင်းမင်းထွန်းက ပွဲချိန်(၄၈)မိနစ်၌
သွင်းယူခဲ့ခြင်းဖြစ်သည်။
![]() |
အသင်းဟောင်းဘက်သို့ သိန်းသန်းဝင်း ထိုးဖောက်နေစဉ် |
အမှတ်ပေးချန်ပီယံဆုအတွက်
အရေးပါသည့် အချိန်ကာလအတွင်း ခြေစွမ်းထက်မြက်သည့် မကွေးအက်ဖ်စီအသင်းအား
ရင်ဆိုင်ကစားရန် ကမ္ဘောဇအသင်းနည်းပြဆီဗာဂျီသည် ၄-၃-၁-၂ ကစားကွက်ဖြင့်
ဂိုးသမား ကျော်ဇင်ထက်၊ နောက်တန်းကစားသမားများအဖြစ် ဟန်ဝင်းအောင်၊
ဝင်းမင်းထွဋ်၊ ဟန်ဆန်နှင့် ဥာဏလွင်တို့ကို ပွဲထွက်စေခဲ့ကာ နူးနက်စ်မပါသည့်
ကွင်းလယ်တွင် သိန်းသန်းဝင်း၊ နေ၀င်းအောင်နှင့် မင်းမင်းထွန်းတို့ကို
နေရာချခဲ့ပြီး၊ ကျော်ဇေယျာဝင်းအား တိုက်စစ်မှူး(၂)ဦးဖြစ်သည့်
ချားစ်အိုဘီနှင့် စိုးမင်းဦးတို့နောက်မှ ပံ့ပိုးကစားစေခဲ့သည်။
မကွေးအက်ဖ်စီအသင်းကလည်း
ဂိုးသမားကျော်ဇင်ဖြိုး၊ ဇော်မင်းထွန်း၊ လင်းလင်းထွေး၊ မျိုးဇော်ဦး၊
မောင်မောင်စိုး အစရှိသော အားထားရသည့် ပြည်တွင်းကစားသမားများကို ကိုနေး၊
ရိုဒရီဂူ၊ အဘိုလာဂျီတို့နှင့် တွဲဖက်စေကာ တောင့်တင်းသောလူစာရင်းဖြင့်
ခင်းကျင်းလာခဲ့သည်။
ချန်ပီယံပြေးလမ်းပေါ်တွင်
အရေးပါသည့် ပွဲဖြစ်သည်နှင့်အညီ ကမ္ဘောဇအသင်းက ပွဲအစကတည်းကပင် ကစားအားတင်၌
တိုက်စစ်ဆင်ကစားကာ ဘောလုံးဆုံးသည်နှင့် ပြိုင်ဘက်အပေါ်ဖိအားပေးကစားခဲ့ရာ
ပွဲချိန်(၁၀)မိနစ်ခန့်မှ စတင်၍ မကွေးအသင်းအပေါ် အသာစီးယူနိုင်ခဲ့သည်။
အိမ်ရှင်အသင်း၏ ကွင်းလယ်တွင် ပွဲပယ်ခံထားရသည့် နူးနက်စ်နေရာ၌
ကျော်ဇေယျာဝင်းက အံဝင်အောင်ကစားနိုင်ခဲ့ပြီး၊ သိန်းသန်းဝင်းနှင့်
မင်းမင်းထွန်းတို့ကလည်း မကွေးအသင်း၏ တောင်ပံခံစစ်ကြောင်းများကို
ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့သည်။ အထူးသဖြင့် ပွဲချိန်
ပထမပိုင်းအတွင်း မင်းမင်းထွန်း၏ညာ တောင်ပံမှ ဖြတ်တင်ပေးပို့မှုများမှာ
တိကျသေသပ်မှုရှိခဲ့သည်။ တိုက်စစ်မှူးများဖြစ်ကြသည့် စိုးမင်းဦးနှင့်
ချာစ်အိုဘီတို့ အသုံးမချနိုင်ခဲ့၍သာ အိမ်ရှင်အသင်း စောစီးစွာ
ဂိုးမရခဲ့ခြင်းဖြစ်သည်။
ပွဲချိန်
ပထမပိုင်းတွင် ကမ္ဘောဇအသင်းက ပြိုင်ဘက်ဂိုးသမား ကျော်ဇင်ဖြိုး၏
ဂိုးပေါက်သို့(၉)ကြိမ် ခြိမ်းခြောက်ခဲ့သည့်အနက် (၃)ကြိမ်မှာ
အပိုင်အခွင့်အရေးများဖြစ်သည်။ မကွေးအသင်းမှာမူ ပထမပိုင်းတွင်
အိမ်ရှင်အသင်းဂိုးပေါက်အား(၁)ကြိမ်သာ ကန်ခွင့်ရပြီး၊
ဂိုးပေါက်လွဲချော်ခဲ့သည်။
ဒုတိယပိုင်းအစတွင်
ကမ္ဘောဇအသင်း ကစားအားတင်ကစားနေစဉ် ပွဲချိန်(၄၈)မိနစ်၌
ဦးဆောင်ဂိုးရရှိခဲ့သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်း၏ ၀ါရင့်တောင်ပံကစားသမား
မင်းမင်းထွန်းက ဂိုးသမား၏ ညာဘက်ထောင့်ထဲသို့
လှလှပပကန်သွင်းခဲ့ခြင်းဖြစ်သည်။ ထိုဂိုးသည် မင်းမင်းထွန်း၏ MNL
ကစားသမားဘ၀တစ်လျှောက် ဒုတိယမြောက်ဂိုးဖြစ်လာခဲ့သည်။
ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်
ဧည့်သည်အသင်းက ချေပဂိုးရရှိရန် ဖိအားပေးကစားလာခဲ့ပြီး၊ ကမ္ဘောဇအသင်းကလည်း
ခံစစ်ကို ဦးစားပေးလာခဲ့သဖြင့် ပွဲချိန်မိနစ်(၅၀)နောက်ပိုင်း
ဟန်ဆန်ဦးဆောင်သော ကမ္ဘောဇအသင်းခံစစ်ကြောင်းနှင့် ဂိုးသမားကျော်ဇင်ထက်တို့
အလုပ်များလာခဲ့သည်။ သို့တိုင်အောင် ကိုနေး၊ ရိုဒရီဂူနှင့် မျိုးဇော်ဦးတို့၏
မကွေးတိုက်စစ်အင်အားစုသည် ကမ္ဘောဇအသင်း၏ ဂိုးပေါက်သို့ ထိရောက်စွာ
ခြိမ်းခြောက်နိုင်ခြင်းမရှိခဲ့ပေ။ တစ်ဖက်တွင် အိမ်ရှင်အသင်းက
တန်ပြန်တိုက်စစ်များမှ အပိုင်အခွင့်အရေးများစွာ ရရှိခဲ့သော်လည်း
ချားစ်အိုဘီ ဖြုန်းတီးနေခဲ့သည်။
ဆီဗာဂျီသည်
နောက်ပိုင်းပွဲချိန်များတွင် မကွေးအသင်း၏ တိုက်စစ်ကို ထိန်းချုပ်ရန်
မင်းမင်းထွန်းအစား မိုင်းအိုက်နိုင်၊ ချားစ်အိုဘီအစား လှအေးထွေး၊
သိန်းသန်းဝင်းစား အောင်မြတ်မင်းတို့ကို ထည့်သွင်း၍ အနိုင်(၃)မှတ်ကို
ရယူခဲ့သည်။
ကမ္ဘောဇအသင်းအနေဖြင့်
ပွဲချိန်ဒုတိယပိုင်း၌ ပြိုင်ဘက်အသင်းဂိုးပေါက်သို့
အပိုင်ကန်သွင်းခွင့်(၄)ကြိမ်တိုင်တိုင်ရရှိခဲ့ပြီး၊
အဆိုပါအခွင့်အရေးများအားလုံးကို ချားစ်အိုဘီ(၁)ယောက်တည်းက
ဖြုန်းတီးခဲ့ခြင်းဖြစ်သည်။