Thursday, August 23, 2012

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ အားကစားကလောင်ရှင်များအဖွဲ့ချုပ်တို့က ပူးပေါင်းချီးမြှင့်သည့် ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများ


မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ အားကစားကလောင်ရှင်များအဖွဲ့ချုပ်တို့က ပူးပေါင်းချီးမြှင့်သည့် ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများကို ချီးမြင့်ရာ အကောင်းဆုံး(အမျိုးသား)အားကစားသမားဆုကို ၀င်းထိုက် (လက်ရွေးစင်လှေလှော်ကစားသမား)၊
အကောင်းဆုံး(အမျိုးသမီး)အားကစားသမားဆုကို မအောင်ငှိမ်း(မြားပစ်အားကစားသမ)၊ အထူးဂုဏ်ပြုအားကစားသမားဆုကို ထွန်းမင်း (ကာယဗလ)နှင့်
အအောင်မြင်ဆုံးအားကစားနည်းအဖြစ် လှေလှော်အားကစားအဖွဲ့ချုပ်တို့က အသီးသီးဆွတ်ခူးသွားသည်။
ဝင်းထိုက်သည် ပြီးခဲ့သည့် ၂၀၁၁ အင်ဒိုနီးရှားဆီးဂိမ်းတွင် ကနူးလှေပြိုင်ပွဲမှ ငွေတံဆိပ် ၃ခု ၊ကြေးတံဆိပ် ၁ခု နိုင်ငံအတွက်ရယူပေးနိုင်ခဲ့ပြီး၊ မအောင်ဌိမ်းသည် မြားပစ်အားကစားနည်းမှ ရွှေတံဆိပ် သုံးခု ဆွတ်ခူးပေးနိုင်ခဲ့သည်။ အထူးဆုချီးမြှင့်ခံရသည့် ထွန်းမင်းသည် အာရှတံခွန်စိုက်ကာယဗလပြိုင်ပွဲ ကီလို ၆၀ တန်းတွင် ငွေတံဆိပ် နှင့် ကမ္ဘာ့တံခွန်စိုက်ကာယဗလပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိခဲ့သူဖြစ်သည်။
အင်ဒိုနီးရှားဆီးဂိမ်းတွင် နိုင်ငံအတွက် ရွှေတံဆိပ် ၁၀ ခု၊ငွေ ၆ခု ၊ကြေး ၃ခု ရရှိခဲ့သည့် မြန်မာလှေလှော်အားကစားအဖွဲ့ချုပ်သည် ၂၀၁၁ ခုနှစ် အတွက် အအောင်မြင်ဆုံးအားကစားနည်းအဖြစ် ဂုဏ်ပြုချီးမြှင့်ခံရခြင်းဖြစ်သည်။
ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၃ ရက်၊ည ၇ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ် ၌ ကျင်းပမည်ဖြစ်သည်။ အကောင်းဆုံးအားသမားဆုရရှိသူအား ငွေကျပ်သိန်း ၂၀ ၊အထူးဆုရရှိသူအား ငွေကျပ် ၆ သိန်း၊အအောင်မြင်ဆုံး အားကစားနည်းအား ဆုတံဆိပ်များချီးမြင့်မည်ဖြစ်သည်။ အဆိုပါဆုချီးမြှင့်ခြင်းအခမ်းအနားကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစားကလောင်ရှင်များအဖွဲ့ချုပ်တို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။