Saturday, August 25, 2012

စက်တင်ဘာ (၁)ရက်နေ့မှ စတင်၍ ပြည်တွင်းဘဏ် (၁၇)ခုမှ ပူးပေါင်းတည်ထောင်ထားသည့် MPU (Myanmar Payment Union)၏ Debit Card များကို စတင်သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရှိရ

စက်တင်ဘာ (၁)ရက်နေ့မှ စတင်၍ ပြည်တွင်းဘဏ် (၁၇)ခုမှ ပူးပေါင်းတည်ထောင်ထားသည့် MPU (Myanmar Payment Union)Debit Card များကို စတင်သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
   
MPU ကဒ်များကို အသုံးပြုကာ MPU အဖွဲ့ဝင်ဘဏ်များ၏ ATM စက်များတွင် ငွေထုတ်ယူနိုင်ခြင်း၊ MPU ကဒ် လက်ခံသော ဆိုင်များတွင် ဈေးဝယ်နိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း အာရှစိမ်းလန်းမှုဖွံ့ဖြိုး ရေးဘဏ် (AGD)က သိရှိရသည်။

အရင်က ဘဏ်တွေမှ ထုတ်ပေးထားတယ်၊ ATM ကဒ်တွေနဲ့ ယခု MPU ကတ်တွေကိုတော့ဘဏ်တွေမှ သူတို့အစီအစဉ်  နဲ့   လဲလှယ်ပေးမှာ ဖြစ်တယ်ဟု အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
 
မြန်မာနိုင်ငံအတွင်း၌ ပုဂ္ဂလိကဘဏ် (၁၉)ဘဏ်နှင့် နိုင်ငံတော်အစိုးရဘဏ် (၄)ဘဏ် စုစုပေါင်း (၂၃) ဘဏ်ရှိပြီး လက်ရှိတွင် MPU နှင့် ချိတ်ဆက်ထားသည့် ဘဏ် (၁၇) ခုရှိပြီး နောက်တွင် ဘဏ်များအားလုံး ပါဝင်သွားနိုင်မည်ဟု သိရသည်။

MPU Debit ကဒ်များ သုံးစွဲရာတွင် အနည်းဆုံး ကျပ် တစ်သောင်း မှ အများဆုံးသိန်း (၅၀) အထိ သတ်မှတ်သုံးစွဲ ခွင့်ပြုထားကြောင်းကိုလည်း သိရှိရသည်။

MPU စီမံခန့်ခွဲမှု ကော်မတီတစ်ရပ်ကို  မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ဘဏ်များ အသင်းက ပြီးခဲ့သည့်နှစ် စက်တင်ဘာ လလယ်ပိုင်းက စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

MPU သည် ၂၀၁၂ ဇူလိုင်လအတွင်း Test ကတ်များဖြင့် စမ်းသပ်သုံးစွဲမှုများကို ပြုလုပ်ခဲ့ပြီး စမ်းသပ်ကာ လကိုလည်း ရက်သတ္တပတ်(၆)ပတ်မျှသာ အချိန်ယူခဲ့စမ်းသပ်ခဲ့ကြောင်း သိရသည်။

အာရှဒေသတွင်းရှိ နိုင်ငံများနှင့် ဘဏ်များအလိုက် ကဒ်များကို ထုတ်ဝေအသုံးပြုလျက်ရှိရာ ဂျပန်နိုင်ငံမှ JCB ကတ်နှင့် တရုတ်နိုင်ငံမှ CUP ကတ်တို့မှာ အထူးထင်ရှားကြောင်းသိရသည်။

Ref:မြစ်မခ