Friday, August 24, 2012

ဝန်ကြီး ဦးအောင်မင်းနှင့် PNLO တို့ ပြည်တွင်း၌ ပထမဆုံး ငြိမ်းချမ်းရေး ဆွေးနွေးမည်


ရန်ကုန်၊ သြဂုတ် ၂၄

ထိုင်းနိုင်ငံတွင် သုံးကြိမ်ခန့် အလွတ်သဘော တွေ့ဆုံထားပြီး ဖြစ်သည့် PNLO ( ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့တို့ ပြည်တွင်း၌ ပထမဆုံး အကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမည် ဖြစ်ကြောင်း တာချီလိတ်တွင် နေထိုင်သူ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးနေဝင်းက ပြောကြားသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ၊ တောင်ကြီး ဟိုတယ်တွင် သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ ၌ ကျင်းပ ပြုလုပ်မည့် အဆိုပါ ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးခွန်မြင့်ထွန်းနှင့် အဖွဲ့ဝင် ၁၀ ဦး တက်ရောက်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ဇူလိုင်လက ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် PNLO ကိုယ်စားလှယ် အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် အပစ်ရပ်ရေး လက်မှတ် ရေးထိုးရန်၊ ဆက်ဆံရေး ရုံးဖွင့်ရန် လက်နက် မပါဘဲ လွတ်လပ်စွာ သွားလာခွင့် ပြုရန်၊ အပစ်ရပ်ပြီးနောက် မအိုဝ်း ပြည်သူ လူထုနှင့် တွေ့ဆုံနိုင်ရန် အပါအဝင် အချက်ခြောက်ချက်နှင့် ဆွေးနွေးခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ယခု တွေ့ဆုံမှုတွင် အဆိုပါ အချက်ခြောက်ချက်ကို ဆွေးနွေးသွားရန် ရှိကြောင်း PNLO က ထုတ်ပြန်ထားသည်။

PNLO ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးခွန်မြင့်ထွန်း ၏ အဖွဲ့မှာ ဇွန်လ အတွင်းက မြန်မာနိုင်ငံသို့ လာရောက်ပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် လေ့လာမှုများ လုပ်ဆောင်ခဲ့သည်။

Ref:The Voice