Sunday, June 24, 2012

. . . . ပြောပြချင်ပါတယ် (၄)Written by သန်းထွဋ်အောင်


. . . . ပြောပြချင်ပါတယ် (၄) PDF Print
Written by သန်းထွဋ်အောင်(Ref:EMG)   


(၁)

၁၀ နှစ်တာ ကာလလုံးလုံး ရှားရှားပါးပါး စကားပြောဖော်၊ ပြောဖက်၊ တိုင်ပင်ဖော်၊ တိုင်ပင်ဖက်၊ အကြံဉာဏ်တောင်းနေကျ ဆရာဦးစိန်ဝင်း ဆုံးသွားတာ တခြားလူတော့ မသိဘူး။ ကျွန်တော့်ရင်ထဲမှာ တော်တော် စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော့်မှာ ရန်မဖြစ်၊ စကား ကတောက်ကဆမဖြစ်၊ သဘောထားတူတာ၊ ခံယူချက်တူတာ၊ ရင်ထဲက နှစ်နှစ်ကာကာပေါင်းတာ ရှားပါတယ်။ ပေါင်းသင်းဆက်ဆံရေး ညံ့တာ၊ ဒါမှမဟုတ် လူမှုရေး နည်းပါးတာ၊ ဒါမှမဟုတ် မထင်ရင်မထင်သလို မယုံကြည်ရင် မယုံကြည်သလို 'တဲ့တိုး' ဆက်ဆံတတ်တာကြောင့်လား၊ ဒါမှ မဟုတ်ရင် လူက စည်းအပြင်ရောက်ချင်တဲ့ ကမူးစ်နဲ့ကြည်အေး ဇာတ်ကောင်တွေကို ငယ်ငယ်က အားကျခဲ့မိလို့ပဲလား မသိပါဘူး။ ကျွန်တော့်ကို ခင်တဲ့လူလည်း နည်းတယ်။ ကျွန်တော်က ခင်ခင်မင်မင် လေးလေးစားစား တကူးတက စွဲစွဲလမ်းလမ်းပေါင်းတဲ့သူလည်း နည်းပါတယ်။ အထူးသဖြင့် သွားရောက်လည်ပတ်တာ၊ တကူးတက စကားသွားပြောတာ နည်းပါတယ်။ ခုနောက်ပိုင်း အိမ်ကိုသွားလည်တယ်ဆိုတာ မရှိသလောက်ပါပဲ။

ဒါပေမဲ့ ဆရာဦးစိန်ဝင်းကိုတော့ ကျွန်တော်ခင်ပါတယ်။ ကိုယ့်ထက် အသက် ၂၀ ကျော်ကြီးပေမယ့် အပြန်အလှန် လေးစားမှုရှိတာ၊ ခံစားချက် ရင်ခုန်သံချင်း နီးစပ်တာတွေကြောင့် ၁၀ နှစ်လုံးလုံး တစ်ပတ်တစ်ကြိမ်၊ နှစ်ပတ် တစ်ကြိမ် ဆရာ့အိမ်ကို သွားလည်ဖြစ်ပါတယ်။(၁၀နှစ်လုံး ဒီလိုပုံမှန်သွားလည်ဖြစ်တာ ဆရာ့အိမ်နဲ့ ကျွန်တော့် မိဘအိမ်ရယ်ပဲ ရှိပါတယ်။)

Eleven ဆိုတာဖြစ်ဖို့ ကျွန်တော်က အဓိကလူပါလို့ဆိုရင် ဆရာကလည်း ကျွန်တော့်အတွက် Motivation တွေ အများကြီးပေးခဲ့တဲ့ လူတစ်ယောက်ပါ။ မှန်တယ်ဆိုရင် ရဲရဲဝံ့ဝံ့ ရပ်တည်ရဲတာ၊ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး မပြောတတ်တာ၊ ဣိ ဿမစ္ဆရိယ နည်းပါးတာ၊ လောဘ၊ ဒေါသ၊ မောဟ နည်းတာ။ နိုင်ငံရေး လုပ်စားတွေ၊ စီးပွားရေးအရေခြုံတွေ၊ ဂျာနယ်လစ် သီလကြောင်တွေ၊ အခွင့်အရေးသမားတွေကို စက်ဆုပ်ရွံ့ရှာတတ်တာ၊ သူ့ကိုဝေဖန်သူတွေ၊ ဆဲဆို ကြိမ်းမောင်း ခြိမ်းခြောက်သူတွေ၊ ရန်ပြုသူတွေအပေါ် အပြုံးမပျက် နေနိုင်တာ။ ဒါဟာ ဆရာဦးစိန်ဝင်းပါပဲ။

ဆရာ့ကို ကွန်မြူနစ်တစ်ဦး၊ ခေါင်းမာတဲ့သူတစ်ဦးလို့ ပြောကြတယ်။ ကျွန်တော်ကတော့ ကွန်မြူနစ်ဝါဒကို မနှစ်သက်သူတစ်ဦးပါ။ ဒါပေမဲ့ ကိုယ်ယုံကြည်ရာ မှန်တယ်ထင်ရာကို စွဲမြဲယုံကြည်တတ်တဲ့သူတိုင်းဟာ ခေါင်းမာတဲ့သူ မဟုတ်ပါဘူး။ ဆရာ့ကို ကွန်မြူနစ်လို့ဆိုပေမယ့် ဆရာက ဂိုဏ်းဃဏ မဖွဲ့တတ်ဘူး။ ဆရာမွေး၊ တပည့်မွေး မလုပ်တတ်ဘူး။ မလိုဘဲ အပိုဝါဒ မဖြန့်တတ်ဘူး။ နေရာမယူတတ်ဘူး။ ကိုယ့်အယူအဆ၀ါဒကို ခိုင်မာစွဲကိုင်ပေမယ့် သူတစ်ပါး အယူအဆကို ငြင်းခုံရန်မပြုတတ်ဘူး။ ဒါပေမဲ့ ဆရာက ကွန်မြူနစ်ကောင်းတစ်ဦး၊ ဂျာနယ်လစ်ကောင်းတစ်ဦး ဆရာက အမြဲတမ်းနိမ့်ကျတဲ့ (underdogs) တွေဖက်က မတရား ဖိနှိပ်ခံတွေဖက်က အမြဲရပ်တည်တယ်။ ကျွန်တော်ကလည်း ငယ်ငယ် ၄-၅ နှစ်သားကတည်းက ခွေးတစ်ကောင်ကို ခွေးသုံးကောင်က ၀ိုင်းကိုက်ရင် အဲဒီခွေးသုံးကောင်ကို ခဲနဲ့ ပေါက်တတ်တဲ့သူ။ ဒါကိုကြားတော့ ဆရာရီပါတယ်။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ မမြင်နိုင်တဲ့သံယောဇဉ်က ၁၀ နှစ်ကြာခဲ့ပါတယ်။

(၂)

၁၀ နှစ်တာ ကာလအတွင်း မြန်မာဂျာနယ်လစ်ဇင်အတွင်း အပြောင်းအလဲတွေ မြန်မာနိုင်ငံရေးလောက အပြောင်းအလဲတွေမှာ ကျွန်တော်တို့နှစ်ဦးရဲ့ကြားမှာ ဆက်ဆံ ရင်းနှီး တိုင်ပင် ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့နှစ်ဦးပဲ သိပါတယ်။ ကျောက်တုံးကြီး ရွေ့သွားတာ၊ ကျောက်နံရံကြီး ကွဲကြေသွားတာ ဆရာမမြင်ရတော့ပေမယ့် ကျောက်တုံးကြီး လှုပ်လာတာ၊ ကျောက်နံရံအတွင်းမှာ မမြင်နိုင်တဲ့အရာတွေကို ဆရာမြင်တွေ့သွားခဲ့ရတဲ့အတွက်တော့ ကျွန်တော်ဝမ်းသာမိပါတယ်။

(၃)

နှစ်ပေါင်းများစွာ မီးပျက်တဲ့ နွေရာသီတွေမှာ ဆရာ့ရောဂါ ဖောက်ဖောက်လာတယ်။ နွေကျော်ပြီဆိုရင် ဒီတစ်နွေတော့ ကျော်ပြန်ပြီလို့ ကျွန်တော်တို့ သက်ပြင်းချမိပါတယ်။ ဒီတစ်နွေမှာတော့ ဆရာ အရင်နွေလောက် အခြေအနေမကောင်းဘူး။ ကျွန်တော်လူမှုရေး ပျက်ကွက်မိပါတယ်။ ဆရာ စကားမပြောနိုင်တော့ ဆရာ့ကို အားနာတာရယ်။ ဒေါက်တာသိန်းမြင့် အပတ်စဉ် ရောက်နေတာရယ်ကြောင့် ဒီတစ်ခါ ကျွန်တော် ခဏခဏ မရောက်ဖြစ်တော့ပါဘူး။ မေလက ဆရာစကားပြောနိုင်ပြီ ဆိုပြီးသွားတော့ ဆရာစကားပြောရင် မောမောလာလို့ ကျွန်တော်အားနာပြီး ပြန်လာခဲ့ပြီးတဲ့နောက်ပိုင်း မရောက်ဖြစ်တော့ဘူး။ ဆုံးမယ့်နေ့ တနင်္ဂနွေနေ့မနက်ပိုင်း ဆရာ့ကို သတိရလာလို့ ဆရာသိန်းမြင့်ကို သတင်းမေးခိုင်းတော့ ဆရာကို SSC တင်လိုက်တယ်ဆိုတာ သိရတယ်။ နောက်တစ်နေ့မနက်ကျမှ သွားမယ်လို့ မှန်းထားတုန်း မနက်ကျတော့ ဆရာနာရေးကိုပဲ မေးနိုင်တော့တယ်။ ဆရာဆုံးတဲ့ အချိန် ၁၂ နာရီလောက်က ကျွန်တော်လန့်နိုးတယ်။ ၃ နာရီလောက်မှာ နောက်တစ်ခါ လန့်နိုးပြီး အိပ်မပျော်ဘဲ ကွန်ပျူတာဖွင့်ကြည့်တော့ EMG Facebook  မှာ ဆရာဆုံးတာပါတော့ ကျွန်တော် ထပ်မအိပ်ဖြစ်တော့ဘူး ဆရာ။ ဆရာ့သမီးက ပြန်ပြောပြပါတယ်။ ခြောက်ရက်နေ့က နည်းနည်းသက်သာတော့ စာရေးတယ်တဲ့။ ခုနစ် ရက်၊ ရှစ်ရက်လောက်မှာ ငါသက်သာတယ်ဆိုရင် ဒေါက်တာ လာမလားဆိုပြီး မျှော်နေသေးတယ်။ ငါစာမရေးနိုင်လည်း ဒေါက်တာငါ့ကိုယ်စား စာရေးနေပြီဆိုပြီး ပြောနေသေးတယ်လို့ ပြောပါတယ်။ စာရေးပျင်းတဲ့ ကျွန်တော် ဆရာ မရေးနိုင်တာကြာတော့ ကြိုးစားရေးနေတာ ဆရာ သိပုံရပါတယ်။ ဂျာနယ်လစ်တစ်ယောက်အဖြစ်က တစ်နေ့နေ့မှာ အနားယူမယ် ပြောတိုင်းဆရာက ''ဒေါက်တာဟာ ဒီလိုတာဝန်တွေကိုပစ်ပြီး ထွက်ပြေးမယ့်သူမျိုး မဟုတ်ဘူးလို့'' ကျွန်တော် မခံချင်အောင် ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ ဆရာ ကျွန်တော်ကတော့ ဓနရှင်ဉာဏ် ရှိတယ်လို့ပဲဆိုဆို ဆရာ့လောက်တော့ မစွန့်နိုင်ပါဘူး။ သတ္တိ မရှိနိုင်ပါဘူး။ အရေမထူပါဘူး ဆရာ။ အာဏာရှင်စနစ် နှစ် ၅၀ အောက်ကနေထွက်ခွာခဲ့တဲ့ ကျွန်တော်တို့လို နိုင်ငံမျိုးမှာ ရန်လိုတဲ့ ပတ်ဝန်းကျင်မျိုးမှာ ကျွန်တော်သာမက ကျွန်တော့် မိသားစုတွေ အားလုံးအတွက် စွန့်လွှတ်ဖို့တော့ အဆင်သင့်မဖြစ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်လုပ်နေတုန်းမှာတော့ ကျွန်တော် တာဝန်ကျေအောင်တော့ လုပ်ပါ့မယ်။ ကျွန်တော်က ဆရာတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဆရာ့လို လူငယ်ဂျာနယ်လစ်တွေ အများကြီး ထွက်လာအောင် ကျွန်တော်ကြိုးစားပေးမယ်။ ဒါဆရာ့ကိုပေးနိုင်တဲ့ ကတိပါ။ ကျွန်တော့်ကို ပြန်ပြောကြတာတော့ ဆရာက ကျွန်တော့်ရဲ့ ဒီမိုကရေစီ နောက်ပြန်သွားနိုင်တဲ့ အကြောင်းတွေကို ပြီးအောင် ရေးစေချင်တယ်။ အထူးသဖြင့် အဂတိတရားလိုက်စားခြင်း အကြောင်းကိုပါ။

(၄)

မြန်မာနိုင်ငံမှာ အဂတိတရား လိုက်စားမှုလို့ဆိုတာနဲ့ လူတွေက သူတို့နဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံနေတဲ့ ၀န်ထမ်းတွေကိုပဲ မြင်ကြတယ်။ အစိုးရက အရေးယူပြီဆိုရင်လည်း ၀န်ထမ်းငယ်၊ အလတ်တွေပဲ ထိကြတာ များပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဟိုတလောက လုပ်သက် အနှစ် ၂၀ ကျော်၊ ၃၀လောက်ရှိတဲ့ အရာရှိငယ်တစ်ဦးဆီက စာတစ်စောင်အကြောင်း ပြောပြချင်ပါတယ်။
အရာရှိငယ်ဆိုတာကလည်း လုပ်သက် ဒီလောက်ရှိတာတောင် တစ်ခါပဲ ရာထူးတိုးဖူးပြီးတော့ ပင်စင်ယူတဲ့အထိ ရာထူးတိုးဖို့ အခွင့်နည်းနေတဲ့ ၀န်ထမ်းကြီးတစ်ဦးပေါ့။ သူက ပြောပါတယ်။ ''ကျွန်တော်တို့ကို ပြည်သူ့အတွက် ခင်ဗျားတို့ဝန်ထမ်းတွေကို လာဘ်ပေးလာဘ်ယူ မရှိအောင် လုပ်ရမယ်။ သူတို့က ပြည်သူ့ ထမင်းစားနေတာလို့ နေပြည်တော်က လူကြီးတွေရော၊ တိုင်းက လူကြီးတွေကပါ ပြောပါတယ်ဆရာ။ ကျွန်တော်ဖြင့် လုပ်သက် ၃၀ နားနီးပါပြီ။ တစ်နှစ် ၃၆၅ ရက်၊ တစ်ရက် ၂၄ နာရီ ဘယ်လိုလာဘ်စားရမလဲလို့ စဉ်းစားရင်တောင် ကျွန်တော့်ကလေး နှစ်ယောက် တက္ကသိုလ်မထားနိုင် (ပညာအမွေ မပေးနိုင်ပါဘူး) ကျွန်တော်ဌာနက လာဘ်ရွှင်တဲ့ဌာန မဟုတ်ဘူးလေ . . .''တဲ့။ ဒါအမှန်တရားပါပဲ။ ကျွန်တော်ဝန်ထမ်းတွေအကြောင်း နားလည်ပါတယ်။ ၀န်ထမ်းတိုင်းကတော့ လာဘ်စားချင်လို့ စားနေကြ တော့ မဟုတ်ပါဘူး။
ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းပြောတဲ့ ၀န်ထမ်းတွေနဲ့ ပတ်သက်တာတွေဟာ လက်တွေ့ကျပါတယ်။ ရာထူးတိုးမြှင့်ဖို့ အခွင့်အလမ်း မရှိ၊ အထက်အဆင့်ဆင့်မှာ လူမှန် နေရာမှန် မရှိတာကြောင့် တစ်ကြောင်း၊ အစ်ကိုကြီး ညီလေးနဲ့ စည်းကမ်းမဲ့ လုပ်ဆောင်တတ်တဲ့ အရာရှိဆိုးတချို့ကြောင့်ရယ်၊ ဆရာမွေး၊ တပည့်မွေး လုပ်တတ်တာ နေရာကောင်းတွေမှာ ကိုယ့်လူတွေထားပြီး အဆင့်ဆင့် လက်ဆောင်ပဏ္ဏာဆက်တဲ့ အစဉ်အလာဆိုးတွေနဲ့ အောက်လူတွေပဲ လာဘ်ပေးလာဘ်ယူမှုကြောင့် ဒုက္ခရောက်နိုင်တဲ့ စနစ်ဆိုးကလည်း ရှင်သန်နေပါတယ်။ တကယ်ကျတော့ အဂတိတရား လိုက်စားမှုကို အစိုးရက ထိထိရောက်ရောက် ကိုင်တွယ်ဖို့ စိတ်ကူးရှိတယ် ဆိုရင်တော့ ပိရမစ်ဇောက်ထိုးပုံစံ ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ ဒါကတော့ လာဘ်ပေးလာဘ်ယူရဲ့ အရင်းအမြစ်၊ အခြေခံဟာ အပေါ်ပိုင်းမှာ ပိုပြီး များပြားနေတယ်လို့ ဆိုချင်တာပါ။ ဆိုလိုတာကတော့ အစိုးရအဖွဲ့အတွင်းမှ စတင်သတိပေးမှုတွေ၊ ဟန့်တားမှုတွေ၊ ပြောင်းလဲမှုတွေ စလုပ်ဖို့ လိုတယ်ဆိုတာပါ။ အစိုးရသစ် စတက်ကာစ Clean government good governance လို့ စပြောတုန်း သုံး၊ လေးလလောက်မှာ ကျွန်တော်ဖြင့် တော်တော်လေး အားတက်မိပါတယ်။ အရင် အစိုးရအဖွဲ့မှာ ပါခဲ့တဲ့သူတွေတောင် ငါတို့တော့ ပြင်တော့မယ် ၂၀၁၅ အထိ တာဝန်ကျေအောင် ထမ်းဆောင်မယ်ဆိုတဲ့ အသံတွေ ထွက်လာတာ တော်တော် အားရပါတယ်။ ဒါပေမဲ့ လေး၊ ငါးလလောက်ပဲခံမယ် ထင်ပါတယ်။ percentage ကိစ္စတွေ အသံပြန်ထွက်၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးဆိုပြီး စက်ရုံ၊ အလုပ်ရုံ၊ မြေနေရာတွေရှိသမျှ အစိုးရအာဏာပိုင်တွေ နီးစပ်တဲ့ စီးပွားရေးသမားတွေ လက်ထဲရောက်ကုန်သလို တစ်ဖက်မှာလည်း နိုင်ငံခြားက လာချင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေကလည်း နီးစပ်တဲ့ ခရိုနီ တွေနည်းပဲ အချိတ်အဆက်ရ၊ ဟန်ကျ၊ အနာဂတ်တွေ လှပ။ ဒီတစ်နှစ်အတွင်းမှာ တိုင်းပြည်မှာ နိုင်ငံရေး အပြောင်းအလဲတွေ မြန်ဆန်ပေမယ့် ပြည်သူတွေရဲ့ စီးပွားရေး အခြေခံကတော့ ပြောင်းလဲမလာပါဘူး။ ဆင်းရဲမွဲတေမှု ပပျောက်ရေးစီမံကိန်းကြီးလည်း ထင်သလောက် ရှေ့မရောက်ခဲ့ဘူး။ လူလတ်တန်းစား စီးပွားရေးလုပ်ငန်းရှင်တွေလည်း အလုပ်အကိုင် မကောင်းဘူး။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံရင်အတူ ပူးပေါင်းလုပ်နိုင်မယ့် အခွင့်အရေးကလည်း လူတစ်စု ဒါမှမဟုတ် ဒီထက်ပိုတဲ့ လူတချို့ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ လုပ်ပိုင်ခွင့်ရယ်၊ အဆက်အသွယ်ရယ် သတင်းကြိုတင် ဦးထားမှုတွေနဲ့ရယ် အစိုးရအဖွဲ့ဝင် တစ်ချို့နဲ့ ခရိုနီတွေ ၊ အခွင့်အရေးသမားတွေ လုံးထွေးနေတော့တာပါပဲ။


ကျောက်နံရံကြီး ကွဲကြေသွားတာ ဆရာ မမြင်ရတော့ပေမယ့် ကျောက်တုံးကြီး လှုပ်လာတာ၊ ကျောက်နံရံအတွင်းမှာ မမြင်နိုင်တဲ့ အရာတွေကို ဆရာမြင်တွေ့သွားခဲ့ရတဲ့အတွက်တော့  . . .


(၅)

ဟိုတစ်နေ့က သမ္မတကြီးအနေနဲ့ မြေယာစနစ်တကျ စီမံခန့်ခွဲရေးနဲ့ မြေယာစနစ် ပြုပြင်ပြောင်းလဲရေးတို့ပြောတာ ကြိုဆိုပါတယ်။ ဒီဘက် သုံးလေးနှစ်အတွင်းမှာ မြေဈေးကစားမှုတွေ၊ လယ်ယာမြေ အဓမ္မ သိမ်းယူမှုတွေကြောင့် တိုင်းပြည် ဘယ်လောက်နစ်နာခဲ့ရတယ်။ ဒီနောက်ကွယ်မှာ အဂတိတရားလိုက်စားမှုတွေ၊ ငွေကြေးခ၀ါချမှုတွေ ဘယ်လောက်ရှိတယ်ဆိုတာ ရှင်းပြချင်ပါတယ်။ ရပေါက်ရလမ်း မဖော်ပြနိုင်တဲ့ မြေ၀ယ်ယူမှုတွေအတွက် ၁၂ ရာခိုင်နှုန်းနဲ့ ၁၅ ရာခိုင်နှုန်းပဲ အခွန်ဆောင်ရမယ်ဆိုတဲ့ အမိန့်ကြော်ငြာစာ ထွက်ပြီးနောက်ပိုင်းမှာ ရန်ကုန်၊ မန္တလေး မြေဈေးဟာ လေးဆကနေ ခုနစ်ဆကြား တက်သွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်လောက်စပြီး ရန်ကုန်မြို့ရဲ့ အချက်အချာက အစိုးရပိုင် မြေ၊ ရုံးဌာနတွေ၊ စက်ရုံတွေဟာ ခရိုနီတွေနဲ့ တာဝန်ရှိသူအချို့ရဲ့ မိသားစုဝင်တွေ၊ မြေဈေးကစားသူတွေ လက်ထဲကို တရားဝင် ရောက်ရှိလာခဲ့ပါတယ်။ အရင် အစိုးရလက်ထက်မှာမကဘဲ အခု အစိုးရလက်ထက်မှာပါ ရန်ကုန်၊ မန္တလေးက မြေတော်တော်များများဟာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ရောက်ရှိသွားပါတယ်။ တချို့ကတော့ တရားဝင် ကြေညာတာမျိုး၊ ဈေးနှုန်းတင်ဒါ ပုံစံမျိုး မတွေ့ရသလောက်ပါ။ အထူးသဖြင့် အခုဒီ ၆ လအတွင်းမှာ Transparency မရှိပါဘူး။ ဒီစာရင်းတွေရဲ့ အတိအကျကတော့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ မန္တလေးမြို့တော်စည်ပင်၊ အိုးအိမ်ဦးစီးဌာနတို့မှာပဲ ရှိနိုင်ပါတယ်။ နမူနာအနေနဲ့ ၀န်ကြီးဌာနရုံးတစ်ခုကို ကြားဝင် အကျိုးဆောင်တဲ့သူတောင် ဒေါ်လာ ၅ သန်း ရခဲ့တာဆိုတော့ ထောင်နဲ့ချီတဲ့ ဒီမြေကွက်၊ ရုံးတွေကနေ ဘယ်လောက် အကျိုးအမြတ်တွေ ရကြမလဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ ရန်ကုန်မြို့က အဓိက နေရာ အတော်များများပိုင်တဲ့ သူဌေးကြီးတွေဆိုရင် ၀ယ်တော့လည်း ဈေးချိုတယ်။ ဈေးကလည်း ၅ ဆလောက်တက်တော့ သူတို့ပိုင်ဆိုင်မှုက ၅ နှစ်အတွင်း ၈ ဆကနေ ၁၀ ဆလောက် ချမ်းသာကုန်ပါတယ်။ အရင် ဒေါ်လာသန်း ၅၀ လောက် ချမ်းသာသူက သန်း ၅၀၀ လောက် နေရင်းထိုင်ရင်း ချမ်းသာကုန်တာမျိုးတွေပါ။ အဂတိတရားရယ်၊ လုပ်ပိုင်ခွင့်ရယ်၊ ငွေကြေးရယ်၊ အခွန် အမိန့် ကြော်ငြာစာလေးတစ်ခုရယ်နဲ့ ဆင်းရဲ၊ ချမ်းသာ ကွာဟကုန်တာပါ။



မြန်မာနိုင်ငံမှာ ငွေကြေးခ၀ါချမှုကို ကာကွယ်တဲ့ ဥပဒေရှိပေမယ့်  မူးယစ်ဆေးဝါးက တရားမ၀င်ရတဲ့ငွေ လာဘ်ပေးလာဘ်ယူမှုက တရားမ၀င်ရတဲ့ငွေတွေဟာ ဒီအမိန့်ကြော်ငြာစာကြောင့် တရားဝင်ငွေတွေဖြစ်ပြီး မူးယစ်ရာဇာတွေ မြေဈေးကွက်မှာ စိတ်ကြိုက် ၀င်ကစားသွားခဲ့ပါတယ်။ ဘယ်သူတွေ အဂတိတရား လိုက်စားခဲ့ကြတယ်။ ဘယ်သူတွေ တာဝန်ရှိတယ်ဆိုတာတော့ ကာယကံရှင်တွေပဲ သိကြမှာပါ။ ဒေါ်လာဘီလျံနဲ့ချီပြီး အကျိုးအမြတ်တွေရှိတဲ့ ဒီမြေဈေးကစားမှုကိုကြည့်ရင် မြန်မာနိုင်ငံမှာ အဂတိတရားလိုက်စားမှုမှာ ပိရမစ်ဇောက်ထိုးပုံစံနဲ့ စပြီး အရေးယူမှု စသင့်တယ်ဆို တာ သဘောပေါက်ကြမှာ ဖြစ်ပါတယ်။
မြေဈေးတွေတက်ရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အခက်ကြုံရတာ အမှန်ပါပဲ။ ဒါဟာ တိုင်းပြည်အတွက် အကြီးအကျယ် ထိခိုက်နစ်နာပါတယ်။ မြေဈေးတက်တာ ဆင်းရဲသားတွေနဲ့ မြေမ၀ယ်နိုင်တဲ့ သူတွေအပေါ် ဆိုင်သလားဆိုရင် ဆိုင်ပါတယ်။ မြေဈေးတက်တော့ တိုက်ခန်းဈေး၊ တိုက်ခန်းငှားခ၊ အိမ်ငှားခ တက်ပါတယ်။ ဒီ ၅ နှစ်အတွင်း အိမ်ငှားခ နှစ်ဆကျော် သုံးဆနီးပါး တက်ခဲ့တဲ့အတွက် လူလတ်တန်းစားတွေရဲ့ Cost of Living တက်စေပါတယ်။ ဈေးဆိုင်ငှားခတွေတက်ရင် စားသုံးသူတွေ ထိခိုက်နစ်နာတာပဲ မဟုတ်လား။ ရန်ကုန်၊ မန္တလေးမှာ Cost of Living တက်ရင် တစ်နိုင်ငံလုံး ပျံ့နှံ့ထိခိုက်ပါတယ်။ ဒီမြေကနေ ရသွားတဲ့ ဒေါ်လာဘီလျံနဲ့ချီတဲ့ အမြတ်ဟာ နောက်ဆုံးတော့ ဘယ်သူ့ဆီက ရတဲ့အမြတ်လည်းဆိုတာ စဉ်းစားရုံနဲ့ ပေါ်နိုင်ပါတယ်။

တခြားမကြည့်ပါနဲ့ ကမ္ဘာမှာ လူနေမှုအကြီးဆုံး တိုကျိုနောက်က အင်ဂိုလာမြို့တော် ကမ်ပါလာရဲ့ ဘ၀ကို ကြည့်လိုက်ပါ။ တိုင်းပြည်ရဲ့ တစ်ဦးချင်းဝင်ငွေက နည်းပါး၊ Cost of Living က မြင့်၊ တိုင်းသူပြည်သားတွေက မျှော်လင့်ချက် မရှိ၊ ဒီလိုအခြေအနေမျိုးတော့ ကျွန်တော်တို့ နိုင်ငံ အရောက်ခံလို့ မဖြစ်ဘူး။ မြေဈေး၊ အိမ်ဈေးဟာ အာဆီယံမှာ စင်ကာပူရဲ့ နောက်မှာ မြန်မာနိုင်ငံက ရှိနေတယ်ဆိုတာ စိတ်ပျက်စရာပါ။ ဒီမြေဈေးတွေနဲ့ ဘယ်လူလတ်တန်းစားတွေ နေပျော်မှာလဲ။ ပြည်ပရောက် မြန်မာပညာရှင်တွေ၊ အလုပ်သမားတွေ မြို့ကြီးတွေမှာ လူတန်းစေ့ ဘယ်လိုနေမှာလဲ။ ဘယ်လိုပြန်လာမှာလဲ။ ဒါဟာ အဂတိ လိုက်စားမှုနဲ့ ခရိုနီ စီးပွားရေးပေါင်းစပ်မှုကြောင့် နိုင်ငံနဲ့ပြည်သူ ဘယ်လောက်နစ်နာခဲ့ရတယ်ဆိုတာပြတဲ့ ဥပမာလေး တစ်ခုပါ။

လယ်ယာမြေ နဲ့ မြေလွတ် ဧကနှစ်သန်းကျော်ကို ခွဲယူခဲ့တာ၊ ကချင်ပြည်နယ်က ဧက သိန်းနဲ့ချီတဲ့ မြေကိစ္စ၊ ရန်ကုန်- မန္တလေးလမ်း တစ်လျှောက်က မြေကွက်ခွဲဝေမှုတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပေါင်းကြည့်ရင် မမျှော်မှန်းနိုင်တဲ့ ကိန်းဂဏန်းတွေ ရလာပါလိမ့်မယ်။ ကျွန်တော်သိတာတွေ အများကြီးပါ။
(၆)

အစိုးရက ဘာလုပ်ရမလဲလို့ မေးရင် clean government  ဖြစ်အောင် စီးပွားရေးဆိုင်ရာ ၀န်ကြီးတွေ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ ၀န်ကြီးတွေကို စိစစ်ပါ။ ဆက်တာဝန်ပေးတာပဲဖြစ်ဖြစ်၊ တာဝန်အသစ်နဲ့ သူပဲဖြစ်ဖြစ်၊ သမ္မတ၊ ဒုသမ္မတနှစ်ဦးလိုပဲ သူတို့နဲ့ မိသားစုဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ကြေညာခိုင်းပါ။  သို့မဟုတ် သမ္မတထံ တင်ခိုင်းပါ။ မြေရောင်းဝယ်မှု အခွန်တွေက စနစ်တကျကောက်ပြီး ၁၂ ရာခိုင်နှုန်း- ၁၅ ရာခိုင်နှုန်း အမိန့်ကို ပယ်ဖျက်ပါ။ ငွေကြေးခ၀ါချမှု ဥပဒေကို အသက်သွင်းပါ။ ရန်ကုန်မှာ ဟောင်ကောင်က ကောင်းလွန်လို ရှန်ဟိုင်းက ပူဒေါင်းလို မြို့မျိုးကို ၁၀ နှစ်စီမံကိန်းထားပြီး လူနှစ်သန်းနေနိုင်တဲ့ မြို့သစ် တည်ပေးပါ။ မြေဈေးမကစားနိုင်အောင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ဥပဒေပြဋ္ဌာန်းပါ။ လုပ်ငန်းရှင်တွေ ယူထားတဲ့ စိုက်ပျိုးမြေတွေ၊ မြေလွတ်တွေ ဘာမှအသုံးမချထားရင် ပြန်သိမ်းယူပါ။ အကောင်းဆုံးကုနိုင်တဲ့ ကုထုံးနဲ့ အမြန်ဆုံးကုသဖို့ လိုပါတယ်။

တိုင်းပြည်တိုးတက်ဖို့ဆို အဂတိတရား လိုက်စားမှုကတော့ တားဆီးမှ ဖြစ်တော့မှာပါ။ တကယ်လုပ်ချင်ရင် တကယ်လုပ်လို့ ရပါတယ်။ အခုအချိန်က အပ်နဲ့ထွင်းနိုင်တဲ့ အချိန်ပါ။ အစိုးရအဖွဲ့က အခုမှ နုနုပဲ ရှိပါသေးတယ်။ အမှန်တကယ်ပြောင်းချင်ရင် အစိုးရအဖွဲ့အတွင်း ပြောင်းလဲပြီး လူသစ်စိတ်သစ်နဲ့ အလုပ်လုပ်ရင် တိုင်းပြည်တိုးတက်မှာ သေချာပါတယ်။ သမ္မတကြီးသာ လုပ်ရဲကိုင်ရဲရှိရင် ပင်ကိုယ်ကောင်းတဲ့ စိတ်ရင်းကြောင့် မှန်းတဲ့ ဂျီဒီပီသုံးဆဆိုတာ မဖြစ်နိုင်စရာ မရှိပါဘူး။ ဒါပေမယ့်  အစိုးရ အဖွဲ့အတွင်းမှာ အဂတိတရား လိုက်စားမှုတွေနဲ့ ပတ်သက်လို့ တကယ် အလုပ်လုပ်ဖို့ လိုနေပြီ ဆိုတာကတော့ အသေချာပါပဲ။