Wednesday, August 22, 2012

အမှုစစ်ဆေးနေစဉ်အတွင်း စစစ ရုံးပြတင်းပေါက်မှ ပြုတ်ကျသေဆုံးခဲ့သူ မနန်းဝိုးဖန်၏ အမှုအား သေမှုသေခင်းအဖြစ် သက်ဆိုင်ရာတရားရုံးမှ အမှုပိတ်၊ အိမ်ခြံမြေများကို ၀ယ်ယူ၍ ဈေးကစားအမြတ်တင် ရောင်းချမှုနှင့်ပတ်သက်ပြီး ထိန်းသိမ်းခံထားရသည့် ၎င်း၏ ခင်ပွန်းဖြစ်သူ ဂျပန်နိုင်ငံသား အာမခံရရှိရန် ကြိုးပမ်း

အမှုစစ်ဆေးနေစဉ်အတွင်း သေဆုံးသွားခဲ့သည့် မနန်းဝိုးဖန်၏ ဖြစ်စဉ်နှင့်ပတ်သက်ပြီး သတင်းထောက်များကို Mr.Namase Motohiko မှ မတ်လ ၂၈ ရက်နေ့က တွေ့ဆုံရှင်းလင်းခဲ့စဉ်
၂၀၁၂ ခုနှစ် မတ်လအတွင်းက အမှုစစ်ဆေးနေစဉ်အတွင်း အထူးစုံ စမ်းစစ်ဆေးရေး ဦးစီးဌာနရုံး ပြတင်းပေါက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည့် မနန်းဝိုးဖန်၏ အမှုအား သက်ဆိုင်ရာ တရားရုံးမှ သေမှုသေခင်းအဖြစ် ဇွန်လအတွင်းက ပိတ်သိမ်းခဲ့ကြောင်း သိရသည်။ ထို့အပြင် အိမ်ခြံမြေများကို ၀ယ်ယူ၍ ဈေးကစား အမြတ်တင် ရောင်းချမှုနှင့်ပတ်သက်ပြီး ထိန်းသိမ်းခံထားရသည့် ၎င်း၏ ခင်ပွန်းဖြစ်သူ ဂျပန်နိုင်ငံသားအား အာမခံရရှိရေးအတွက် ကြိုးပမ်းနေကြောင်း အဆိုပါ မိသားစုဝင်များနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရှိရသည်။
ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က အိမ်ခြံမြေနှင့်ပတ်သက်၍ စစ်ဆေးစရာရှိသည်ဟုဆိုကာ မနန်းဝိုးဖန်ကို ခေါ်သွားခဲ့ပြီး ယင်းညတွင် လုံခြုံရေး အစောင့်အရှောက်များနှင့် နေအိမ်သို့ စာချုပ်စာတန်းများ သိမ်းဆည်းခဲ့ပြီး ရုံးသို့ ပြန်လည်ခေါ်ဆောင်စစ်ဆေးခဲ့ကြောင်း၊ နောက်ထပ်လည်း အစောင့်အရှောက်များနှင့် နေအိမ်သို့ ခေတ္တပြန်ခွင့်ပြုခဲ့ကာ မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးဌာန ရုံးပြတင်းပေါက်မှ ပြုတ်ကျသေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ မနန်းဝိုးဖန်သေဆုံးမှုနှင့် ပတ်သက်၍ ကျောက်တံတား ရဲစခန်းမှ သေမှုသေခင်းအဖြစ်ရေး ဖွင့်စစ်ဆေးခဲ့ပြီး ကျောက်တံတားမြို့နယ် တရားရုံးမှမြို့နယ် တရားသူကြီး ဦးဝင်းဇော်ညွန့်က သက်သေများ၏ ထွက်ဆိုချက်များနှင့် မှုခင်းဆရာဝန်၏ ထွက်ဆိုအစစ်ခံချက်တို့အရ မနန်း ၀ိုးဖန် သေဆုံးမှုသည် မည်သူတစ်ဦးတစ်ယောက်၏ ပယောဂကြောင့်မျှ မဟုတ်ဘဲ ၎င်းအလိုအလျှောက် စစစ ရုံး၏ အပေါ်ဆုံးထပ်ပြတင်းပေါက်မှ အရှိန်လွန် ပြုတ်ကျပြီး ကတ္တရာလမ်းနှင့်ထိခိုက်၍ ရရှိသော ဒဏ်ရာများကြောင့် သေဆုံးရသည်ဟု သုံးသပ်ခဲ့ပြီး အမှုပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ စစ်ဆေးဆဲကာလတွင် အဆိုပါရုံးပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည့် မနန်းဝိုးဖန်၏ ခင်ပွန်းဖြစ်သူမှာ ဂျပန်နိုင်ငံသား Mr.Namase Motohiko  ဖြစ်သည်။ ၎င်းကိုလည်း အိမ်ခြံမြေနှင့် စိုက်ပျိုးမြေများကိုဝယ်ယူ၍ ဈေးကစား အမြတ်တင်ရောင်းချမှုများ ပြု လုပ်သည်ဟူသော စွဲချက်ဖြင့် ၂၀၁၂ ခုနှစ် မေလ ၁၇ ရက်နေ့က ဖမ်းဆီးခဲ့ ပြီး ယခုအချိန်ထိ ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ကြောင်း သိရှိရသည်။
ပတ်စ်ပို့အမှတ် TK-0071297၊ ဗီဇာအမှတ် A511087 အိမ်အမှတ်---၊ ရွှေဂုံတိုင်လမ်း အရှေ့ရွှေဂုံတိုင်ရပ်ကွက်၊ ဗဟန်းမြို့နယ်နေသူ Mr.Namase Motohiko  မှာ ၂၀၀၉ ခုနှစ်မှ၂၀၁၂ခုနှစ်၊ ငါးလပိုင်းအတွင်း  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တရားဝင်လုပ်ကိုင်ခွင့် တင်ပြထား ခြင်းမရှိဘဲ အိမ်ခြံမြေပွဲစားများ၊ အကျိုးဆောင် ကုမ္ပဏီများနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံအတွင်း အိမ်၊ ခြံ၊ မြေနှင့် စိုက်ပျိုးမြေများကိုဝယ်ယူ၍ ဈေးကစားပြီး အမြတ်တင်ရောင်းချမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းသို့ ၀ယ်ယူရောင်းချရာတွင် ၎င်းပိုင် ဂျပန်ယန်းငွေနှင့် အမေရိကန်ဒေါ်လာငွေများကို တရားမ၀င် လဲလှယ်ရရှိသော မြန်မာကျပ်ငွေများဖြင့် လှိုင်သာယာမြို့နယ်၌ အိမ်၊ ခြံ၊ မြေသုံးကွက်၊ ဒလမြို့နယ်၌ နှစ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၌ စိုက်ပျိုးမြေ(၂၀ ဒသမ ၄၉)ဧက၊ တွံတေးမြို့နယ်၌ ၂၀ ဧက၊ ကျောက်တန်းမြို့နယ်၌ ၁၄ ဒသမ ၃ ဧကတို့ကို ၀ယ်ယူခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံသား၏ ဆောင်ရွက်မှုများသည် မြေကွက်များ ကမောက်ကမဖြစ်ကာ နိုင်ငံတော်၏ ဘောဂဗလ၊ ပြည်သူတို့၏ အယုံအကြည်များ ပျက်ပြားစေသည့်အပြင် အစိုးရ၏ ဘဏ္ဍာရေးဆောင်ရွက်ချက် အောင်မြင်မှုနှင့် စီမံချက်အောင်မြင်မှုတို့ကို ထိခိုက်စေရန်ကြံစည်၍ ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်ဟု ဖော်ပြထားကြောင်းသိရသည်။

ဂျပန်နိုင်ငံသား၏ ဆောင်ရွက်မှုများသည် မြေကွက်များ ကမောက်ကမဖြစ်ကာ နိုင်ငံတော်၏ ဘောဂဗလ၊ ပြည်သူတို့၏ အယုံအကြည်များ ပျက်ပြားစေသည့်အပြင် အစိုးရ၏ ဘဏ္ဍာရေးဆောင်ရွက်ချက် အောင်မြင်မှုနှင့် စီမံချက်အောင်မြင်မှုတို့ကို ထိခိုက်စေရန် ကြံစည်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း  .  .  .

၎င်းကိုအရေးယူပေးရန် စ/---၊ ဦးသန်းအေး၊ ဦးစီးအရာရှိ(စစစ) ရန်ကုန်တိုင်းဒေသကြီးမှ တရားလို ပြုလုပ်တိုင်တန်းမှုအား လှိုင်သာယာ ရဲစခန်း လ(ပ)၅၂၁/ ၂၀၁၂ အရေး ပေါ်စီမံမှုအက်ဥပဒေပုဒ်မ ၅(ဇ)ဖြင့် ၂၀၁၂ ခုနှစ် မေလ ၁၇ ရက်နေ့တွင် အမှုဖွင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။
ယင်းအမှုအား လှိုင်သာယာတရားရုံးမှ လက်ရှိအချိန်ထိ တရား လိုဘက်မှ ဦးသန်းအေးကို အမှုချိန်း ခြောက်ကြိမ်စစ်ဆေးပြီးဖြစ်ကြောင်းနှင့် စစ်ဆေးရန် သက်သေ ၆၈ ဦး ကျန်ရှိနေသေးကြောင်း သိရသည်။
အဆိုပါ ဂျပန်နိုင်ငံသား၏ အမှုကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှလည်း စိတ်ဝင်စားမှုရှိနေပြီး အမှုစစ်ဆေးနေစဉ်အတွင်း ဂျပန်သံရုံးမှ ပထမအတွင်းဝန် Mr.Hidehiko kobayashi ကိုယ်တိုင်လာရောက် နားထောင်ခြင်းများ ပြုလုပ်ခဲ့သည်။
ထို့ပြင် ဂျပန်နိုင်ငံသားသည် လက်ရှိအချိန်တွင် ကျန်းမာရေး ချို့ယွင်းလျက်ရှိပြီး အင်းစိန်အကျဉ်းထောင် ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူလျက်ရှိကာ အဆိုပါဆေးရုံမှသက်ဆိုင်ရာ ဆရာဝန်ကြီးများကလည်း အထူးကုနှင့်ပြသရန် လိုအပ်သည်ဟုပြောကြောင်း ဂျပန်နိုင်ငံသားနှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှတာဝန်ရှိသူ ဦးစိုင်းစောသန်းမြင့်က ''အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက စစ်ဆေးနေတဲ့ ကာလအတွင်းမှာ အဲဒီတိုက်ပေါ်က နေပြုတ်ကျသေဆုံးခဲ့တဲ့ မနန်းဝိုးဖန်အမှုကို သက်ဆိုင်ရာက သေမှုသေခင်းနဲ့ပဲ အမှုဖွင့်ပြီးတော့ စစ်ဆေးခဲ့တယ်။ ပြီးတော့ သေမှုသေခင်းနဲ့ပဲ အမှုကိုပိတ်လိုက်တဲ့ အကြောင်းရင်းတွေအပြင် သူ့ရဲ့အမျိုးသား Mr.Hidehiko kobayashi ကို စ.စ.စက ခေါ်ယူစစ်ဆေးနေတဲ့ အခြေအနေတွေကို ကျွန်တော်တို့ပါတီအနေနဲ့ အမြဲတမ်း စောင့်ကြည့်နေပါတယ်။ လွှတ်တော်မှာလည်း အခုအချိန်မှာ ဒီကိစ္စထက် ဦးစားပေးဆွေးနွေးရမယ့် အကြောင်းအရာတွေရှိနေတဲ့အတွက် အခွင့်အရေးရတာနဲ့ ဒီကိစ္စအစအဆုံးကို အမှန်အတိုင်းပြန်ဖြစ်အောင် ဆောင်ရွက်သွားဖို့ စီစဉ်ထားပြီးသားပါ''ဟုပြောကြားခဲ့သည်။
ဆက်လက်၍''သေဆုံးသွားတဲ့ ကောင်မလေးရဲ့ မိသားစုဝင်တွေက တိုင်းရင်းသားတွေဖြစ်တဲ့အတွက် မြန်မာစကား လုံးဝမတတ်တဲ့အပြင် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဖိအားတွေရှိတဲ့အတွက် မိသားစုဝင်တွေက သူတို့ရဲ့ ဒေသကို ပြန်သွားတယ်။ နောက်ဆုံး ဖြစ်ပေါ်နေတဲ့ အခြေအနေအသေးစိတ်ကို အသေအချာ မသိသေးပေမယ့် ဒီအမှုနဲ့ပတ်သက်ပြီး ချိတ်ဆက်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်''ဟု ဆက်လက်ပြောကြားခဲ့ပါသည်။
လွန်ခဲ့သော သုံးနှစ်ခန့်က အဆိုပါဂျပန်နိုင်ငံသားသည် သေဆုံးသူ မနန်းဝိုးဖန်နှင့် ရှမ်းရိုးရာ ဓလေ့ထုံးတမ်းစဉ်လာအရ ရပ်ကွက်မြို့နယ် တာဝန်ရှိသူများရှေ့မှောက်တွင် တရားဝင် လက်ထပ်ထားသူဖြစ်ပြီး လှိုင်သာယာမြို့နယ်တွင် နန်းဦးအမည်ဖြင့် ကုမ္ပဏီဖွင့်လှစ်ကာ အိမ်ခြံမြေ လုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး နန်းဝိုးဖန်းအမည်နှင့် ၀ယ်ယူပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ မနန်းဝိုးဖန်၏ ဖြစ်စဉ်ကို ကျောက်တံတားမြို့နယ်တရားသူကြီး ဦးဝင်းဇော်ညွန့်က သေမှုသေခင်းဖြင့် စစ်ဆေးအမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

Ref:EMG