Wednesday, August 22, 2012

မြန်မာနိုင်ငံ ဂီတ အစည်းအရုံး ရွေးကောက်ပွဲ တတိယနေ့မြောက် ဆက်လက် ကျင်းပ


ရန်ကုန်၊ သြဂုတ် ၂၂


ခောတ်သစ် ဂီတ အလွှာ ထည့်သွင်းရေး နှင့် ပတ်သက် ၍ အခြေအတင် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ကာလ အတန်ကြာ ဆိုင်းငံ့ ထားခဲ့ရသော မြန်မာ နိုင်ငံ ဂီတ အစည်းအရုံး(ဗဟို) အမှုဆောင်များ ပြန်လည် ရွေးကောက် တင်မြှောက်ခြင်းကို ယနေ့ သြဂုတ်လ ၂၂ ရက်နေ့တွင် တတိယမြောက်နေ့ အဖြစ် ဆက်လက် ကျင်းပသည်။


ဂီတ အစည်းအရုံး ရွေးကောက်ပွဲကို သြဂုတ်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့ အထိ စတင် ကျင်းပမည်ဖြစ်ပြီး မဟာဂီတ၊ ကာလပေါ်၊ ခေတ်ပေါ်စတူရီယို ၊ ခေတ်သစ် ဂီတအလွှာ နှင့် ထုတ်လုပ် ဖြန့်ချိ ဟူ၍ တစ်ရက်စီခွဲ ကျင်းပမည် ဖြစ်သည်။


"ဒီရွေးကောက်ပွဲက ပွင့်လင်း မြင်သာမှု အရမ်း ရှိပါတယ်။ဂီတ အစည်းအရုံးက NGO အဖွဲ့အစည်း အဖြစ်သွားဖို့ လျှောက်လှမ်းတဲ့ နေရာ ခုနှစ်ဆယ် ရာခိုင်နှုန်းကျော် အောင်မြင်နေပါပြီ"ဟု ခေတ်သစ် ဂီတ အလွှာပေါ်ပေါက် ခွင့်ရရန် အတွက် တစိုက်မတ်မတ် တောင်းဆိုခဲ့သူ တေးဆို ကိုအနဂ္ဂက ပြောကြားသည်။


မဲပေးသော နေရာများနှင့် မဲရေတွက်မည့် နေရာများတွင် CCTV ကင်မရာများ တပ်ဆင်ကာ TV နှစ်လုံးနှင့် တပြိုင်နက် ရိုက်ပြထား သောကြောင့် ရွေးကောက်ပွဲ ကျင်းပပုံကို ကြိုက်နှစ်သက် ကြကြောင်း ရွေးကောက်ပွဲသို့ လာရောက် မဲပေးကြသည့် အနုပညာရှင်များ ထံမှသိရသည်။


ပရိတ်သတ် အများစု စိတ်ဝင်စားကြသော ခေတ်သစ် ဂီတအလွှာ မဲပေးခွင့်များကို မနက်ဖြန် သြဂုတ် ၂၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ရွေးချယ် တင်မြှောက် ကြီးကြပ်ရေး ကော်မရှင် အဖွဲ့ဝင် ကိုအနဂ္ဂက ပြောကြား သည်။