Showing posts with label နယ်သတင်းများ. Show all posts
Showing posts with label နယ်သတင်းများ. Show all posts

Wednesday, August 22, 2012

ရန်ကုန်အပါအ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခုမှ မြို့နယ်အချို့တွင် လျှပ်စစ်မီး ၄ ရက်ပျက်မည်



ရန်ကုန်၊ သြဂုတ် - ၂၁

ပဲခူးတိုင်းဒေသကြီးအတွက် ဓာတ်အားတိုးချဲ့ဖြန့်ဖြူးနိုင်ရ
န် မဟာ ဓာတ်အားလိုင်းနှင့် ပင်မဓာတ်အားခွဲရုံချိတ်ဆက်ခြင်း လုပ်ငန်း များဆောင်ရွက်မည်ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး ၅ခုရှိ
မြို့နယ် အချို့တွင် ဓာတ်အား ဖြတ်တောက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်းအမှတ် (၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သြဂုတ် ၂၅ ရက် နံနက် ၆ နာရီမှ ၂၈ ရက် ညနေ ၆ နာရီအထိ ဓာတ်အားပိတ် ဆောင်ရွက်မည်ဖြစ်ရာ ထိုနေ့များတွင် မနက် ၆ နာရီ
မှ ည ၉ နာရီအတွင်း ဓာတ်အားပြတ်တောက်မှုများ ရှိမည်ဖြစ်ပြီးကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး၏ နေရာအချို့တွင် လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီးအား ဓာတ်အား တိုးချဲ့ဖြန့်ဖြူးပေးနိုင် ရန်နှင့် သုံးစွဲဓာတ်အားပြည့်မီစေရန်အတွက် အမှတ် (၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနသည် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ တည်ဆောက်လျက်ရှိသည့် ၂၃၀ ကေဗွီ မင်းလှပင်မဓာတ်အားခွဲရုံ အား ဓာတ်အားပို့လွှတ်ကာ ၂၃၀ ကေဗွီရွှေတောင်-မြောင်းတကာ မဟာဓာတ်အားလိုင်းနှင့် ချိတ် ဆက်ရာတွင် ဘေးအန္တရာယ်ကင်း ရှင်းစွာ ဆောင်ရွက်ရန်အတွက် လျှပ်စစ်မီးဖြတ်တောက်ရခြင်းဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူကဆိုသည်။

Ref:7Days News

ရွှေမျောတိုက်သူ နှစ်ဦး အဖမ်းခံရမှု ရှင်းလင်းပွဲ ပြုလုပ်မည်



ရန်ကုန်၊ သြဂုတ် ၂၂

ဖားကန့်မြို့နယ် ဟောင်းပါး ကျေးရွာတွင် စွန့်ပစ် မြေစာများ ရွှေမျောတိုက်နေသူ လက်လုပ်လက်စား နှစ်ဦးကို ကုမ္ပဏီပိုင် နယ်မြေအတွင်း ၀င်ရောက်ကျူးကျော် လုပ်ကိုင်သည့် စွပ်စွဲချက်ဖြင့် အောင်ပြည့်ဖြိုး ကျောက်မျက် တူးဖော်ရေးက ဖမ်းဆီးသွားသည့် ကိစ္စနှင့် ပတ်သက်၍ အဖြစ်မှန်ကို အဖမ်းခံရသူများဘက်မှ ကူညီ လုပ်ဆောင် ပေးနေသူ ကိုမျိုးဝင်းက ရန်ကုန် အခြေစိုက် သတင်း မီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်း မည်ဖြစ်ကြောင်း ၄င်းက The Voice Weekly သို့ ပြောကြားသည်။

ယင်းရှင်းလင်းပွဲကို အမှတ် ၂၅၊ သီတာလမ်း စမ်းချောင်း မြို့နယ် ၌
သြဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း ကိုမျိုးဝင်းက ဆိုသည်။

Ref:The Voice

Tuesday, August 21, 2012

ငမိုးရိပ် တံတား (ဘေလီ) သစ် သြဂုတ်လကုန် ဖွင့်လှစ်မည်


ရန်ကုန် ၊သြဂုတ်လ ၂၁

(၁၀) လကြာ တည်ဆောက် နေသည့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၏ အဓိက ထွက်ပေါက်ဖြစ်သော ငမိုးရိပ် တံတားသစ်ကို သြဂုတ်လကုန်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ယင်းတံတား ဆောက်လုပ်ရေး တာဝန်ခံ တစ်ဦးက  The Voice Weekly သို့ ပြောကြားသည်။

ယင်းတံတား တည်ဆောက်မှုမှာ ရာနှုန်းပြည့် နီးပါး ပြီးစီးနေပြီး တံတားနှင့် ချဉ်းကပ် လမ်းများတွင် နိုင်လွန် ကတ္တရာခင်းရန် အဆင့်သာ ကျန်ရှိတော့ကြောင်း ၎င်းက ဆိုသည်။

''နေသာရင် ကတ္တရာခင်း တာက တစ်ပတ်ပဲကြာမှာ၊ တံတားကော လမ်းဟောင်းဘက်ပါ ခင်းရမှာ အကြမ်းဖျင်းတော့ လကုန် လျာထားတယ်။''ဟု ၎င်းက ဆိုသည်။

ငမိုးရိပ် တံတားမှာ ပေ(၆၀) အခန်း တစ်ခန်း၊ ပေ၁၀၀ အခန်း ငါးခန်း၊ ပေ၄၀ အခန်း တစ်ခန်း၊ အရှည် ၆၀၀၊အကျယ် ၂၈ပေရှိ တံတားဖြစ်ပြီး၊  ရေအောက် ကင်းလွတ်နယ်မြေ ၁၀ ပေကျော် ထားပေး ထားကြောင်း၊ တံတား ခံနိုင်ဝန်မှာ ၇၅တန်နှင့် ခန့်မှန်း ကုန်ကျငွေမှာ ကျပ်ဘီလီယံ ၄ဒဿမ၆ ကုန်ကျကြောင်း ၎င်းထံမှ သိရသည်။

"ကားကြပ်တဲ့ အချိန်ဆိုရင်  မိနစ် ၂၀ လောက် စောင့်ရတယ်။''ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ ၃၆ ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက နေ့စဉ် ယင်းတံတားကို ဖြတ်သန်း သွားလာ နေရသည့် အခြေအနေကို ပြောပြသည်။

ယင်းတံတား ပြီးစီးပါက တံတားဟောင်းကို မြို့ထဲမှ မြောက်ဒဂုံသို့ ပြန်သောလမ်း နှင့် တံတားသစ်ကို မြောက်ဒဂုံမှ ဆူးလေသို့ သွားသောလမ်း အဖြစ်အပြိုင် အသုံးပြု နိုင်မည်ဖြစ်ကြောင်း တံတား ဆောက်လုပ်ရေး တာဝန်ခံ တစ်ဦးက ရှင်းပြသည်။

အဆိုပါ တံတားဟောင်းကို ၁၉၉၂ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး၊ တံတားသစ်ကို ၂၀၁၁ခုနှစ် အောက်တိုဘာလ ဒုတိယပတ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

Ref:The Voice

မဟာမုနိဘုရားကြီးရှိ အလှူခံသေတ္တာများမှ အလှူငွေခိုးယူခံရမှု ခြောက်လကြာမှ သိပြီး ရဲတိုင်


မန္တလေး သြဂုတ်(၂၁)ရက်

၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလဆန်းပိုင်းက မန္တလေးမဟာမုနိဘုရားကြီးရှိဝန်ထမ်းအချို့က အလှူခံသေတ္တာပုံးများအတွင်းမှ
အလှူငွေများဖောက်ထွင်းခိုးယူသွားမှူကို (၆)လအကြာတွင်မှ ဂေါပကအဖွဲ့က ကြားသိရ၍
အမှူဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။

 “အဲဒီအချိန်တုန်းကကိုယ်တို့ဂေါပကသက်တမ်း(၃)လပဲရှိသေးတယ်။ လုပ်သွားတဲ့ဝန်ထမ်းတွေကိုလည်း
အဲလိုလုပ်လိမ့်မယ်လို့ထင်မထားဘူး။ ဘုရားကြီးရဲ့ တခြားလုပ်ငန်းတွေဘက်အာရုံစိုက်နေတဲ့အချိန် ခုလိုဖြစ်သွားခဲ့တာပါ။ ခုကျမှ
သူတို့ချင်းအသံတွေထွက်လာတော့ စစ်လိုက်မှပေါ်လာတာ” မဟာမုနိဘုရားကြီးဂေါပကအဖွဲ့မှ အတွင်းရေးမှူး ဦးစိန်သင်ကပြောသည်။

၂၀၁၂ခုနှစ်ဖေဖေါ်ဝါရီလ(၇)ရက်နေ့ညက ဖြစ်ပွားခဲ့သည်ဟု ယူဆရပြီး၊ ငွေကြေးမည်မျှပါသွားသည်ကိုမူ
မသိရှိရသေးကြောင်း၊ယင်းကိစ္စတွင်ပါဝင်ပက်သက်နေသည်ဟု ယူဆရသောအခင်းဖြစ်ပွားရာညက တာဝန်ကျ ၀န်ထမ်း(၁၁)ယောက်ကို ရာထူးမှချကာချမ်းမြသာစည်မြို့နယ် ဘုရားကြီးအောက်ကျင်းရှိ အမှတ်(၁၀)ရဲစခန်းသို့ယခုလ(၁၆)ရက်တွင် အမှူဖွင့်တိုင်ကြားထားကြောင်း ဦးစိန်သင်ကပြောသည်။

ယခုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် အလှူခံသေတ္တာများအပြင်အခြားလုံခြုံရေးအစီအမံများပြုလုပ်ရန် စီစဉ်နေသည်ဟု ၄င်းကဆိုသည်။
ထိုအမှူကိစ္စကို ကိုင်တွယ်နေသည်ဟု ဆိုသည့် ချမ်းမြသာစည်မြို့နယ်ဘုရားကြီးအောက်ကျင်းရှိ အမှတ်(၁၀)ရဲစခန်းသို့သွားရောက်မေးမြန်းရာစခန်းမှူးမရှိရွေ့ မဖြေကြားပေးနိုင်ကြောင်း၊ ဘုရားကြီးမှခိုးမှုတစ်ခုကိုတော့ ဆောင်ရွက်နေကြောင်းတာဝန်ကျရဲဝန်ထမ်းတစ်ဦးက ပြန်လည်ပြောကြားသည်။ မဟာမုနိဘုရားကြီးတွင်လျှပ်စစ်မီး၊ရွှေသင်ကန်းကပ်လှူရန်နှင့်အခြားဝေယျာဝစ္စလုပ်ငန်းများလုပ်ကိုင်ရန် အလှူခံသည့်အလှူခံသေတ္တာ(၂၂)လုံးရှိသည်ဟု သတင်းရရှိသည်။

မန္တလေးမြို့ မြရည်နန္ဒာရပ်ကွက်အတွင်းရှိ ကျူးကျော်နေထိုင်သူများအား ရှင်းလင်းရာမှ အဓိကရုဏ်းဖြစ်ပွား


မန္တလေးမြို့၊မြရည်နန္ဒာရပ် ကွက်အတွင်းရှိ လယ်ယာမြေများ၊ မြေလွတ်မြေရိုင်းများတွင်ကျူးကျော်နေထိုင်သူများအား ဖယ် ရှားရှင်းလင်းရာမှ အဓိကရုဏ်းဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ သြဂုတ် လ ၂၁ ရက်နေ့နံနက်ပိုင်းက အ ဆိုပါမြရည်နန္ဒာရပ်ကွက်အတွင်း ကျူးကျော်နေထိုင်သူများအား သက်ဆိုင်ရာအပိုင်ရဲစခန်းမှဦးဆောင်ကာ ရဲတပ်ဖွဲ့ဝင်အင်အား ၇၀ ကျော်ဝန်းကျင်ခန့်ဖြင့် ဖယ်ရှား ထွက်ခွာရန်ပြောကြားခြင်းနှင့်ဦးဆောင်သူ ဦးဝင်းမြင့်ထွန်းအား ဖမ်းဆီးခဲ့ရာမှ အဓိကရုဏ်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းသို့ဖြစ်ပွားမှုကြောင့် ကျူးကျော်ဝင်ရောက်နေထိုင်သူ ၈ ဦးဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ပို့ ဆောင်ကုသမှုများပြုလုပ်ခဲ့ရကြောင်း သိရှိရသည်။ ကျူးကျော်နေထိုင်သူများအား သြဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားထွက်ခွာရန် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကြေညာချက်ထုတ် ပြန်ထားခဲ့ပြီး ယခုကဲ့သို့ ဖယ်ရှားကြရန်နှင့်ဦးဆောင်ပြုလုပ်နေသူ အား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
``မနက် ၈ နာရီခွဲလောက်မှာ ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီး ထွက်ခွာဖို့ပြောတယ်။ နောက်ပြီး ဦးဝင်းမြင့်ထွန်းကို ဖမ်းဖို့လုပ်တာကို နေ ထိုင်သူတွေက ၀င်ရောက်ပြီး တားမြစ်တာကြောင့် ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပြီး ၈ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဖမ်းသွားတာတော့ တစ်ယောက်မှမရှိပါ ဘူး´´ဟု အဆိုပါဖြစ်ပွားစဉ်ကို မျက်မြင်တွေ့ကြုံသူတစ်ဦးက ပြောပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ အရေးယူဆောင်ရွက်မှုများပြု လုပ်လျက်ရှိသော အောင်ပင်လယ် ရဲစခန်းသို့ သွားရောက်မေးမြန်း ခဲ့ရာ ရဲစခန်းအတွင်းအ၀င်ဝ၌ သံဆူးကြိုးများချထားကာ ၀င် ရောက်ခွင့်မည်သူမှ မရှိကြောင်း ဂိတ်ပေါက်ရှိ တာဝန်ကျရဲဝန် ထမ်းတစ်ဦးက ပြောကြားခဲ့သည်။
``ဒီနေ့ထောက်ခံစာလာလုပ်တဲ့သူ လည်း လက်မခံပါဘူး။ဒီကိစ္စကို နောက်နေ့မှလာရောက်မေးမြန်း လှည့်ပါ။ဒီနေ့တော့ဘယ်သူမှ လက်ခံပြောမှာမဟုတ်ပါဘူး´´ ဟု အဆိုပါရဲအရာထမ်းကပြောပါသည်။
အဆိုပါဖြစ်ပွားမှုနှင့်ပတ်သက် ၍ မြို့တော်စည်ပင်သာယာရေး ကော်မတီမြေယာဌာနမှ ဗိုလ်ကြီး  ဌေးလင်းကလည်း``ဒီကိစ္စက ကျွန် တော်တို့မပါဘူး။အောင်ပင်လယ် ရဲစခန်းက ကိုင်တွယ်တာပါ´´ဟု ပြောကြားခဲ့သည်။
လူနေထိုင်ရန်အတွက် မြို့ ကွက်သစ်ဖော်ထုတ်ရေး အဖွဲ့မှ ချထားသော မြေကွက်များတွင် ယင်းကဲ့သို့ပိုင်ဆိုင်ကြောင်းအထောက်အထား ခိုင်လုံမှုမရှိဘဲ မြေကွက်များအား ၀န်းခြံခတ်၍ရောင်းချခြင်း၊၀င်ရောက်နေထိုင်ခြင်းများကို  သြဂုတ်လ ၆ ရက်နေ့မှစတင်၍ ကွင်းဆင်းစစ် ဆေးခဲ့ရာချမ်းမြသာစည်မြို့ နယ်၊အောင်သာယာရပ်ကွက် နှင့်မြရည်နန္ဒာရပ်ကွက်၊ပြည် ကြီးတံခွန်မြို့နယ်၊ကံကြီး ကုန်းကျေးရွာ၊ဇီးအုပ်ကျေးရွာ နှင့်ရွာသစ်ကလေးကျေးရွာ ၊အမရပူရမြို့နယ်၊နတ်ရေကန်ကျေး ရွာတို့တွင် တရားမ၀င်ကျူးကျော် တဲ ၁၁၁၈ လုံး၊တရားမ၀င်ခြံခတ် ထားသည့်မြေကွက်လပ် ၂၂၂၆ ကွက်တို့ကို စစ်ဆေးတွေ့ရှိထား ကြာင်း မြို့တ်ာစည်ပင်သာ ယာရေးကော်မတီမြေယာဌာန၏အ ချက်အလက်များအရ သိရသည်။

Ref:EMG

Monday, August 20, 2012

ဦးပိုင်မှ ထားဝယ် ရေနက်ဆိပ်ကမ်းအနီးတွင် တရုတ်နည်းပညာဖြင့် ရေနံချက်စက်ရုံတစ်ရုံ တည်ဆောက်မည် ၊ စက်ရုံတည်ဆောက်မည့် စက်မှုဝန်ကြီးဌာနပိုင် မြေနေရာကို ကျပ်သန်းပေါင်း ၂၆၀၀ ဖြင့် ၀ယ်ယူခဲ့ကြောင်း သိရ




မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ထားဝယ်ရေနက် ဆိပ်ကမ်းအနီးတွင် ရေနံချက်စက်ရုံတစ်ရုံ တည်ဆောက်ရန် မြေနေရာဝယ်ယူကာ ပြင်ဆင်လျက်ရှိကြောင်း အဆိုပါ စီမံကိန်းကို တည်ဆောက်ရာတွင် ပါဝင်သည့် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

လောင်းလုံမြို့နယ် အတွင်းရှိ စက်မှုဝန်ကြီးဌာနပိုင် ဆီအုန်းခြံနေ ရာတွင် တည်ဆောက်ရန် စီစဉ်ထားကြောင်း၊ အဆိုပါ ဆီအုန်းခြံနှင့် စက်ရုံမြေနေရာမှာ ဧရိယာ ၁၆၃၆ ဧကကျယ်ဝန်းကြောင်း သတင်းရရှိပါသည်။

အဆိုပါမြေနေရာကို မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်မှ ကျပ် သန်းပေါင်း ၂၆၀၀ ဖြင့် ၀ယ်ယူထားခြင်းဖြစ်ပြီး စက်မှုဝန်ကြီးဌာနမှဝယ် ယူထားကြောင်း ကနဦးရရှိသည့် သတင်းများအရ သိရသည်။

“ကျွန်တော်တို့ ရေနံချက်စက်ရုံဆောက်မှာ သေချာပါတယ်။ တည်ဆောက်ဖို့အတွက် လောင်းလုံ ဆီအုန်းခြံနဲ့ စက်ရုံကို စက်မှုဝန်ကြီးဌာန ကနေ ၀ယ်ထားပါတယ်။ ကျပ်သန်း ပေါင်း ၂၆၀၀ နဲ့ဝယ်တယ်လို့ပြောရ မှာပေါ့”ဟု အဆိုပါ စက်ရုံတည်ဆောက်မှု စီမံကိန်းတွင် ပါဝင်သည့် တာဝန် ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ရေနံချက်စက်ရုံ တည်ဆောက်ရာတွင် တရုတ်နိုင်ငံတွင် လက်ရှိ တည်ဆောက် လည်ပတ်နေသည့် ရေနံချက်စက်ရုံဖြင့် ပုံစံတူအတိုင်း အသစ်တည်ဆောက်မည်ဟုလည်း အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့သည်။

“ဆောက်ဖြစ်မယ်ဆိုရင် ဒီရေနံချက်စက်ရုံ တည်ဆောက်မှုနဲ့ ပတ်သက်ပြီးတော့လည်း မီဒီယာတွေကို ခေါ်ယူပြသ အသိပေးမယ့်အစီအစဉ်လည်း ရှိမှာပါ။ နည်းပညာက တရုတ်နိုင်ငံမှာ လက်ရှိတည်ဆောက်ထားပြီး လုပ်ငန်းလည်ပတ်နေတဲ့ စက်ရုံအတိုင်းဒီမှာ အသစ်တည်ဆောက်မှာပါ” ၎င်းကဆက်လက်ပြောပြခဲ့သည်။

လောင်းလုံဆီအုန်းခြံမှာ ထားဝယ်ခရိုင်အတွင်း အကြီးဆုံး ဆီအုန်းခြံနှစ်ခုတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး အဆိုပါ ဆီအုန်းခြံသက်တမ်း မှာနှစ် ၃၀ မှနှစ် ၄၀ ကြား ရှိကြောင်း သိရသည်။

လက်ရှိတွင် လောင်းလုံဆီ အုန်းခြံအပြင် အခြားဆီအုန်းခြံကြီး တစ်ခုဖြစ်သည့် ပုဂေါဇွန်းဆီအုန်းခြံကိုလည်း ရှင်းလင်းမှုများ ပြုလုပ်နေကြောင်း သတင်းရရှိပါသည်။

“ဒီခြံကို ငါးလပိုင်းကတည်းက စရှင်းနေတာပါ။ ကျွန်တော်တို့က ၀မင်းကုမ္ပဏီကမဟုတ်ဘူး။ ဟွန်ဒိုင်းကုမ္ပဏီကပါ။ ၀မင်းကုမ္ပဏီက မြေတူးစက်(ဘက်ဟိုး) နှစ်စီး၊ က လက်နှစ်စီး၊ မြေညှိစက်တစ်စီးနဲ့ လမ်းကြိတ်စက်တစ်စီး ငှားထားလို့ ဒီကိုလိုက်လာတာ။  မေလ ၁၂ ရက် နေ့ကတည်းက စရှင်းနေတာပါ” ဟု ဟွန်ဒိုင်းကုမ္ပဏီမှ ၀န်ထမ်း တစ်ဦးက ပြောပြခဲ့သည်။

Ref:EMG

Thursday, August 16, 2012

ကလေး စစ်သားစု ဆောင်းထားခြင်း မရှိကြောင်းသက် ဆိုင်ရာ တပ်ရင်းမှုး၊ တပ်ရေးဗိုလ်များ ကခံဝန်လက်မှတ်ရေးထိုးထားရ

တပ်မတော်ရှိ တပ်ရင်း တပ်ဖွဲ့အသီးသီးတွင်ကလေး စစ်သားစု ဆောင်းထားခြင်း မရှိကြောင်းသက် ဆိုင်ရာ တပ်ရင်းမှုး၊ တပ်ရေးဗိုလ်များ ကခံဝန်လက်မှတ်ရေးထိုးထားရကြောင်း ILO မှတာဝန်ရှိသူ တစ်ဦး ကပြောကြား သည်။

''တကယ်လို့တပ်ရင်း တပ်ဖွဲ့တွေမှာ အသက် မပြည့်သေးတဲ့ကလေး စစ်သားတွေရှိရင် လည်း ပြန်လွှတ် ပေးဖို့။ ကလေးစစ်သား စု ဆောင်းထားခြင်း မရှိဖို့နဲ့ကလေးစစ် သားအသုံးပြုမှု တွေရှိရင် ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မနဲ့အရေးယူမယ်ဆို တဲ့ကိ

စ္စတွေကိုတပ်မတော် ကာကွယ် ရေးဦးစီး ချုပ်က ညွှန်ကြားထားတာ တွေလည်း ရှိပါတယ်။ ''ဟုအဆိုပါတာဝန်ရှိသူက ဆက်လက်ပြော သည်။

အရွယ်မရောက်သေး သူကလေး သူငယ်များအား စစ်မှုထမ်းခြင်းမှကာ ကွယ်ရန်အတွက် လက်မှတ်ရေး ထိုးရာတွင် တပ်မတော်နှင့် သာလက်မှတ် ရေးထိုးနိုင်ခဲ့ပြီး လက်နက်ကိုင် အဖွဲ့အစည်း များနှင့် သဘော တူ လက်မှတ်ရေး ထိုးရန်ကျန်ခဲ့ ကြောင်းသိရသည်။
ယင်းကိစ္စနှင့် ပက်သက်၍ ကာကွယ် ရေးဝန်ကြီးဌာန ကညွှန်ကြားချက် ထုတ် ပြန်ရာတွင် လက်နက်ကိုင် တပ်ဖွဲ့များ တွင်ပါဝင်ရန် အသက်၁၈နှစ်ပြည့် ရမည်ဟုပါရှိပြီး ၁၉၉၃ခုနှစ် ကလေး သူငယ်ဥပဒေ အရ ကလေး သူငယ်ကို အသက်၁၆ နှစ်မပြည့်သေးသူ၊လူငယ်ကို အသက်၁၈နှစ် မပြည့်သေးသူ ဟု အဓိပ္ပာယ် ဖော်ပြထား ကြောင်း သိရသည်။

ကုလသမဂအတွင်းရေးမှုးချုပ် ၏ကလေးသူငယ်နှင့်လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ အထူး ကိုယ်စား လှယ် မစ္စရာ ဒီကာကုမာရ ကလည်းတပ်မတော်နှင့် လက် မှတ်ရေးထိုးပြီးသောကြောင့် ကလေး စစ်သား ၅၂၅ ယောက် တွင် အယောက်၄၀၀ ကိုနေရပ်ပြန်ပို့တော့ မည်ဖြစ်ကြောင်း မီဒီယာများ အားပြောကြား ခဲ့ သည်ဟု သိရ သည်။

အရွယ်မရောက်သေးသူ ကလေးသူ ငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ် ရေးဆိုင်ရာလုပ်ငန်း အစီအစဉ် ကိုမြန်မာ အစိုးရနှင့် ကုလသမဂ္ဂ တို့ဇွန်၂၇ ရက်က ကုသမဂ္ဂ ညှိုနှိုင်းရေးမှုး၊ ယူနီဆက်မြန်မာ ဌာနေ ကိုယ်စား လှယ် နှင့်တပ်မ တော်မှတာဝန်ရှသူများကနေပြည်တော် တွင်လက်မှတ်ရေး ထိုးခဲ့ကြ ကြောင်း သိရ သည်။

Ref:Yangon Media

ဌာနတွင်းမကျေနပ်မှုများကြောင့်DVB သတင်းထောက်များသပိတ်မှောက်



ဌာနတွင်းအုပ်ချုပ်မှုပိုင်းနှင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ကိစ္စရပ်များကို သဘောမကျသဖြင့်လွတ်လပ်သော ဒီမိုကရက်တစ်အသံ သတင်းဌာန၏ မြန်မာနိုင်ငံအခြေစိုက်သတင်းထောက်များမ သတင်းတစ်ပုဒ်မျှရေးသားရိုက်ကူးခြင်းမရှိဘဲ သပိတ်မှောက်လျှက်ရှိကြောင်းသိရသည်။

““ အုပ်ချုပ်မှုပိုင်းတာဝန်ခန့်အပ်မှုကို အကျေနပ်တာရယ် ဒီမိုကရက်တစ်ဆိုပြီးဒီမိုကရေစီမဆန်တာရယ် ပွင့်လင်းမြင်

သာမှုမရှိတာရယ်ကြောင့် ခုလိုသပိတ်မှောက်တာပါ”” ဟုအဆိုပါဌာနတွင် သတင်းထောက်အလုပ်လုပ်ကိုင်နေသူတစ်ဦးကပြောသည်။

ယင်းကိစ္စရပ်နှင့်ပတ်သက်၍ DVB ဗဟိုဌာန အော်စလိုရုံးချုပ်သို့ အီးမေးလ်ပို့ထားပြီးယခု မွန်းလွဲ၂ နာရီမိနစ်၄၀ အချိန်ထိရန်ကုန်မြို့ရှိ DVB သတင်းထောက်အယောက် ၃၀ လုံး ရန်ကုန်ရုံးခွဲတွင်စုစည်းပြီးအစည်းအဝေးပြုလုပ်လျှက်ရှိကြောင်း၊သြဂုတ်လ၁၇ ရက်တွင် မန္တလေးမြို့မှသတင်းထောက်များ ရန်ကုန်သို့လာရောက်မည်ဖြစ်ပြီး အားလုံးသဘောထားကိုရုံးချုပ်သို့ပေးပို့ဖော်ထုတ်သွားမည်ဖြစ်ကြောင်းသိရသည်။

““ အခုရုံးချုပ်ကDVB ကိုပြန်ကြားရေးဌာနက လူတွေပါခန့်ပြီး လုပ်သွားမယ်လို့ပြောတယ်။ ကျွန်မတို့ကဒါကိုလက်မခံပါဘူး။ ဟိုအရင်တစ်လျှောက်လုံးကတည်းက အခက်အခဲ ဒုက္ခတွေခံပြီး ဒီအလုပ်ကိုလုပ်လာရတာ။ အခုကျွန်မတို့ အယုံအကြည်မရှိတဲ့ဌာနနဲ့ပေါင်းပြီးလုပ်မယ်ဆိုရင်ဒါကိုလုံးဝလက်မခံပါဘူး”” ဟု DVB သတင်းထောက်တစ်ဦးကပြောသည်။

DVB သတင်းဌာနသည် ၂၀၀၇ ခုနှစ် စက်တင်ဘာအရေးအခင်းနောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ လူသိများလာသော သတင်းဌာနတစ်ခုဖြစ်သည်။

ref:popular myanmar news

Wednesday, August 15, 2012

မြန်မာငွေ ၅၀၀၀ တန်အတုများ မဟာချိုင်တွင်ဖမ်းဆီးရမိ






မြန်မာငွေ ၅၀၀၀ တန်အတုများ မဟာချိုင်တွင်ဖမ်းဆီးရမိ စုစုပေါင်း သိန်း ၁၅၀ ဖိုးခန့်ရှိ ၄င်းပမာဏသည် မြန်မာအလုပ်သမားများထံသို့ စမ်းသပ်ဖြန့်ဝေသည့်သဘောသာဖြစ် အရေအတွက်အများအပြားကို မြန်မာနိုင်ငံနယ်စပ်သို့ပို့ဆောင်ဖြန့်ဝေရန်စီစဉ်နေကြ ထုတ်လုပ်သူများကို လိုက်လံစုံစမ်းဖမ်းဆီးဖော်ထုတ်နေ တရုတ်နိုင်ငံမှ စက်ဖြင့် ထုတ်လုပ်နေကြောင်းသိရကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ-Aik Ngal

Monday, August 13, 2012

ဖိုလ်ဝင်တောင်ရှိ လိုဏ်ဂူတွင် ပြင်သစ် ကမ္ဘာလှည့် အမျိုးသမီး တစ်ဦး မစင်စွန့်



မြန်မာသမိုင်းတွင် ထင်ရှားသော ဘုရား၊ စေတီများ အပါအ၀င် ဘုရားစေတီ ၁၀၀ကျော် တည်ရှိရာ မုံရွာမြို့အနီး ဖိုလ်ဝင်တောင်တွင် ဩဂုတ်လ ၁၁ ရက်နေ့ နေ့လယ် (၁၁း၀၀) ခန့်က ပြင်သစ် ဧည့်လမ်းညွှန် အမျိုးသမီး တစ်ဦး ဦးဆောင်လာသော ပြင်သစ်ဧည့်သည် (၁၀) ဦးထဲမှ အမျိုးသမီး တစ်ဦးသည် ဖိုလ်ဝင်းတောင်၊ ဝင်္ကဘာ လိုဏ်ဂူအပေါ်အဆင့်ရှိ ရန်ကုန်လိုဏ်ဂူ အတွင်း မစင်စွန့်ခဲ့ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန် များအသင်း (မန္တလေး) က သတင်း ထုတ်ပြန်သည်။

ယင်းနေရာ အနီးရှိ မျောက်စာ ရောင်းသူများမှ အိမ်သာရှိရာ နေရာကို ညွှန်ပြခဲ့ပါသော်လည်း ၄င်းတို့က အိမ်သာသို့ မသွားဘဲ အထက်ပါ နေရာတွင် မစင်စွန့်ခဲ့ခြင်း ဖြစ်ကြောင်း မှတ်တမ်းတင် ဓာတ်ပုံများ နှင့်တကွ မြန်မာနိုင်ငံ ဧည့်လမ်းညွှန် များအသင်း (မန္တလေးဇုံ) သို့ သတင်းပေးပို့ကြောင်း ယင်းသတင်းတွင် ဖော်ပြပါရှိသည်။

Ref:The Voice

ရိုဟင်ဂျာများအတွက် ဆော်ဒီဘုရင်က ဒေါ်လာသန်း ၅၀ ထောက်ပံ့



ပြီးခဲ့သည့် ဇွန်လက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ပဋိပက္ခ ဖြစ်ပွားခဲ့သော ရိုဟင်ဂျာများကို ဆော်ဒီအာရေးဘီးယားဘုရင် အဗဒူလာက အမေရိကန် ဒေါ်လာ သန်း၅၀ လှုဒါန်းလိုက်ကြောင်း ဆော်ဒီအာရေဗီးယား နိုင်ငံပိုင် သတင်း မီဒီယာတွင် ဖော်ပြထားသည်။

အဆိုပါ ပဋိပက္ခတွင် ဒုက္ခ ခံစားခဲ့ရသော ရိုဟင်ဂျာများ အတွက်လည်း အရေးပေါ် အကူအညီ ပေးရမည်ဟု ယူအေအီး သမ္မတ ရှိတ်ခါလီဖာအယ်လ်နာယန်က လူသားချင်း စာနာမှု အကူအညီ ပေးနေသော အဖွဲ့တစ်ခုဖြစ်သော ခါလီဖာဘင်ဇာယစ်အယ်လနာယန် အဖွဲ့ကို ညွှန်ကြား လိုက်ကြောင်း ပါကစ္စတန် နိုင်ငံမှ လွှင့်တင်သော International News သတင်းဝက်ဆိုက်တွင် ဖော်ပြထားသည်။

Ref:The Voice

မန္တလေး- ဘန်ကောက် ၄၉ဒေါ်လာဖြင့် အဲအေးရှား ပြေးဆွဲ


ရန်ကုန်၊ သြဂုတ် ၁၁

ထိုင်းအခြေစိုက် လေကြောင်း ကုမ္ပဏီ တစ်ခုဖြစ်သော အဲအေးရှားသည် မြန်မာနိုင်ငံ၏ ဒုတိယမြို့တော် မန္တလေးမြို့ဘန်ကောက်မြို့တို့ အကြား ခရီးစဉ်သစ် တစ်ခုဖြစ်သော မန္တလေး - ဘန်ကောက် လေကြောင်း ခရီးစဉ်ကို လက်မှတ်ခ ကန်ဒေါ်လာ ၄၉ ဖြင့် ၂၀၁၂ခုနှစ်၊ အောက်တိုဘာ ၄ ရက်မှ စတင် ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ လေကြောင်းဌာနနှင့် ပုဂ္ဂလိက လေကြောင်း လက်မှတ်
အရောင်းကုမ္ပဏီများက သိရသည်။

လေယာဉ် လက်မှတ်ခ သက်သာသော အဆိုပါ လေကြောင်းလိုင်း အနေဖြင့် ခုံ ၁၈၀ ပါ Air Bus လေယာဉ်သစ် A320 ဖြင့် ပျံသန်း ပြေးဆွဲမည် ဖြစ်ကြောင်း အဲအေးရှားက သတင်း ထုတ်ပြန်သည်။

"ဒီဈေးနှုန်းမှာ အခွန်အခနဲ့ တခြား ၀န်ဆောင်မှုတွေ ပါပြီး ဖြစ်ပါတယ်။ဟု ထိုင်း အဲအေးရှား၏ အမှုဆောင်အရာရှိချုပ် Mr.Tassapon Bijleved က ပြောကြားသည်။

ယင်းအပြင် ရန်ကုန် ဘန်ကောက် ပြေးဆွဲနေသော လေကြောင်း ခရီးစဉ်ကို တစ်နေ့သုံးကြိမ် တိုးချဲ့ပျံသန်း ပေးခြင်းကိုလည်း ယင်းနေ့တွင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက အသိပေး ပြောကြားသည်။

သို့ရာတွင် အဲအေးရှား ပြေးဆွဲမည့် ခရီးစဉ်နှင့် ပက်သက်၍မူ "အခုထိတော့ ကျွန်မတို့ဆီ လက်မှတ်ရောင်းမယ့် ဈေးနှုန်း မရောက်သေးဘူးဟု ပြည်တွင်း ပြည်ပ လေယာဉ်လက်မှတ် အရောင်းဌာန တစ်ခုဖြစ်သော Sun Far Travels And Tours မှ လက်မှတ်ရောင်း ၀န်ထမ်း အမျိုးသမီး တစ်ဦးက ပြောကြားသည်။

အဲအေးရှား လေကြောင်းလိုင်း၏ မန္တလေး-ဘန်ကောက် ၄၉ဒေါ်လာဖြင့် ပြေးဆွဲမှုသည်ဘန်ကောက်မှ ရန်ကုန် နှင့် ရန်ကုန်မှ မန္တလေး နှစ်ဆင့် စီးနေရသော ခရီး ကို ဈေးနှုန်း လျှော့၍ ပြိုင်ဆိုင်ခြင်းဖြစ် ပြီး ဈေးအဆမတန် မြင့်နေသည့် ပြည်တွင်း တိုင်းရင်းသားပိုင် လေကြောင်းလိုင်းများ အတွက် ထိုးနှက်ချက် တစ်ခုဖြစ်ကြောင်း လေကြောင်းလိုင်း မန်နေဂျာ တစ်ဦးက ပြောကြားသည်။

Ref:The Voice

ကုလ လူ့အခွင့်ရေး ကိုယ်စားလှယ်၏ သဘောထား ကို ရခိုင်ပါတီ တုံ့ပြန် ဝေဖန်


ရန်ကုန် သြဂုတ် ၁၃

ရခိုင်ပြည်နယ်အတွင်း ဆူပူ အကြမ်းဖက်မှုများနှင့် ပတ်သတ်၍ သွားရောက် လေ့လာခဲ့သော မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနား နှင့် ပတ်သက်၍ ရခိုင် တိုင်းရင်းသားများ၏ သဘောထားကို ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) စစ်တွေ ဗဟိုက သြဂုတ်လ ၁၂ ရက်နေ့တွင် သဘောထား ကြေညာချက် တစ်ရပ် ထုတ်ပြန် ခဲ့ကြောင်း ယင်းပါတီထံမှ သိရှိ ရသည်။

ကင်တားနား အနေဖြင့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး သတင်း မီဒီယာများကို ပြောကြားခဲ့သည်များမှာ တရားမျှတမှု မရှိသည့်အပြင် ရိုဟင်ဂျာ ဆိုသည့် စကားလုံးကို သုံးနှုန်း ပြောဆိုခြင်းနှင့် ပတ်သတ်၍ သောမတ်(စ်) ကင်တားနားသည် ရခိုင်လူမျိုးများ၏ သမိုင်း အစဉ်အလာနှင့် ဖြစ်တည်မှုကို အသိအမှတ် မပြုသည့်အပြင် သမိုင်းလိမ် များကို အားပေး မြှောက်ပင့်ရာ ရောက်နေပြီး ထိုစကားလုံးကို သုံးနှုန်း ပြောဆိုခြင်း မပြုရန် အလေးအနက် တိုက်တွန်းကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကင်တားနား အနေဖြင့်"၁၉၈၂ - ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေ(Burma Citizenship Law)ကို ပြန်လည် သုံးသပ် ပေးရန် တောင်းဆိုခြင်းနှင့် ' ခွဲခြား ဆက်ဆံခြင်း ခံနေရသည်' ဟု စွပ်စွဲပြောဆိုခြင်းသည် ရခိုင်ပြည်နယ်အတွင်း ဖြစ် ပွားခဲ့သောပဋိပက္ခ ဇစ်မြစ်ကို တစ်ဖက်သတ် အမြင်ဖြင့် တွေ့ဆုံ လေ့လာပြီး ဖိအားပေး ပြောဆိုမှုများ ရှိနေခြင်း ကြောင့် ပကတိ အဖြစ်မှန်တရား ပေါ်ထွက်နိုင်စရာအကြောင်း မရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော် ပြထား သည်။

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အတွင်းရေးမှုး ဦးခိုင်ပြည်စိုးကမူ ပါတီ တစ်ရပ် အနေဖြင့် မိမိတို့ လူ့အဖွဲ့အစည်းနှင့် မိမိတို့၏နယ်မြေ အစဉ် တည်တံ့ ရပ်တည်နိုင်ရေး အတွက် ပါတီဖွဲ့စည်းပုံ စာမျက်နှာ(၂)၊ နိုင်ငံရေး ကဏ္ဍ အပိုဒ်(ဆ)တွင် '၁၉၈၂ - ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေကို အခြေခံ၍ ရခိုင်ပြည်နယ် အတွင်း တိုင်းရင်းသား မဟုတ်သည့် လူမျိုးခြားများ တရားမဝင် ဝင်ရောက် အခြေချ နေထိုင်မှုကို တားဆီး ပိတ်ပင်ရေး ကြိုးပမ်း ဆောင်ရွက်ရန်' ဟူ၍ ဖော်ပြ ထားချက်နှင့်၊ စာမျက်နှာ(၈)၊ အုပ်ချုပ်ရေး ကဏ္ဍတွင် 'ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေငြာ စာတမ်းပါ ပြဌာန်းချက်များနှင့် အညီ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး ကြိုးပမ်း ဆောင်ရွက်ရန်' ဟု ပြဋ္ဌာန်းချက်များအတိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းအပြင် ကင်တားနား အနေဖြင့် ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် အဆမတန် လူဦးရေ ပေါက် ပွားမှုကြောင့် ဒေသခံ တိုင်းရင်းသားများ၏ လူမှု အနိဌာရုံ ပေါ်ပေါက်နေမှုကို လူသားချင်း စာနာထောက် ထားမှု မရှိသည့် အပြင် ကုလသမဂ္ဂ လက်အောက်ရှိ အဖွဲ့အစည်းများနှင့် NGOs အဖွဲ့အစည်း တချို့က တရားမဝင် ခိုးဝင်လာသည့် ဘင်္ဂလီများကို တဖက်သတ် ကူညီ ထောက်ပံ့နေခြင်းသည်သာ အမှန်တကယ် ခွဲခြား ဆက်ဆံခြင်း ဖြစ်သည်ဟု ရှုမြင် သုံးသပ်ရန် တိုက်တွန်းကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သတ်၍ မြန်မာနိုင်ငံ ဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ချုပ်မှ ဦးဝဏ္ဏရွှေထံ ဆက်သွယ် မေးမြန်း ခဲ့ရာ ၄င်းတို့ အနေဖြင့် မစ္စတာ ကင်တားနား၏ ကုလသမဂ္ဂထံ တင်ပြသွားမည့် အစီရင်ခံစာ ထွက်ပေါ်လာခြင်း မရှိသည့်အတွက် တစ်စုံတစ်ရာ ပြောဆို ဆုံးဖြတ်ပေးရန် စောလွန်းနေ သေးကြောင်း၊ ကင်တားနား၏ မြန်မာနိုင်ငံ ခရီးစဉ်မှာလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အကောင်အထည်ဖော် လုပ်ဆောင်မှုများကို အပြုသဘောဘက် မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထင်မြင်ကြောင်း ပြန်လည် ဖြေကြား ခဲ့သည်။

ဒီလို ကိစ္စမျိုးတွေမှာ အရင် မစ္စတာ ကင်တားနားရဲ့ လုပ်ဆောင်ချက်တွေကတော့ မျှမျှတတ ရှိတာကို တွေ့ရပါတယ်။ သူ့ရဲ့ အစီရင်ခံစာ မထွက်လာသေးတော့ တစ်စုံတစ်ရာ ပြောဖို့ စောလွန်း နေသေးတယ်။ ၄င်းက ထပ်မံ ရှင်းပြသည်။

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေး ကော်မရှင် မစ္စတာ သောမတ် အိုဟေး ကင်တားနားသည် ဆူပူအကြမ်းဖက်မှုများ ဖြစ်နေသော ရခိုင်ပြည်နယ်ကို ဇူလိုင်လ ၃၁ ရက်နေ့မှ သြဂုတ်လ ၁ ရက်နေ့အထိ ၂ ရက်ကြာ သွားရောက် လေ့လာ ခဲ့သည်။

Ref:The Voice

EMG မှရရှိသော မန္တလေးမြို့၊ ညောင်ကွဲရပ် သြဂုတ်လ ၁၃ ရက်နေ့နံနက် ၈ နာရီခွဲ ၀န်းကျင်ခန့်က ပေါက်ကွဲမှု နောက်ဆက်တွဲသတင်း



မန္တလေးမြို့၊ ညောင်ကွဲရပ်တွင် သြဂုတ်လ ၁၃ ရက်နေ့နံနက် ၈ နာရီခွဲ ၀န်းကျင်ခန့်က ပေါက်ကွဲမှု တစ်ခုဖြစ်ပွား




မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်တွင် သြဂုတ်လ ၁၃ ရက်နေ့နံနက် ၈ နာရီခွဲ ၀န်းကျင်ခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပုလင်းခွံအိတ်ခွံကဲ့သို့သော စွန့်ပစ်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားရန် အတွက် စက္ကူ၊ သံတိုသံစနှင့် ပလပ်စတစ် ပစ္စည်းများကို တစ်သီးတစ်ခြားစီ ခွဲခြားသန့်စင်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ကနဦး စစ်ဆေးချက်များအရ သိရှိရသည်။

“ပစ္စည်းရွေးပြီး သန့်စင်နေတုန်း ပေါက်ကွဲသံတစ်ခုကြားရပြီး မီးခိုးတွေ လုံးတက်လာတာပဲ။ ဒါနဲ့အိမ်ထဲဝင်ပြေးမိတယ်။ အဲဒီအနီးအနားမှာ ကလေးတွေ ပြေးဆော့နေတာတော့ ရှိတယ်။ ဘယ်နှစ်ယောက်ရှိတယ်ဆိုတော့ တိတိကျကျမသိဘူး။ ကျွန်တော်က ညာဘက်လက်ကောက်ဝတ်မှာ ပြတ်ရှဒဏ်ရာလောက်ပဲ ရတယ်။ ချုပ်တော့မချုပ်ရဘူး။ ကလေးတစ်ယောက်ကတော့ ဆေးရုံပို့ထားရတယ်”ဟု ကိုခိုင်မင်းထွန်းက ပြောပါသည်။

“၂၈ နှစ်အရွယ်နဲ့ ၃ နှစ်အရွယ် ယောင်္ကျားလေးနှစ်ယောက် ဒဏ်ရာရတယ်။ တစ်ယောက်က လက်မှာ ပြတ်ရှဒဏ်ရာရခဲ့ပြီး ၃ နှစ် အရွယ်ကလေးကတော့ နားနှာခေါင်းလည်ချောင်း ဆေးရုံမှာ ကုသမှုခံယူနေပါတယ်။ ပေါက်ကွဲသံက တော်တော်ကျယ်ပေမယ့် အတိအကျတော့ မပြောနိုင်သေးဘူး။ လက်လုပ်ဗုံးလို့ ကောက်ချက်ချလို့ရတယ်။ သူတို့ပြောဆိုချက်အရ ကွန်ကျူး(ပီဗွီစီ) ပိုက်ထိပ်မှာပါတဲ့ သံပိတ်ကို ထုရိုက်ပြီး ခွဲထုတ်ရင်း မီးခိုးတွေ ထွက်လာတယ်။ နောက်တော့ ပေါက်ကွဲမှုဖြစ်တာလို့ သိရတယ်”ဟု အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသော တာဝန်ကျ ၀န်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ အခင်းဖြစ်ပွားရာသို့ စစ်ဘက်ရဲဘက်နှင့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက စစ်ဆေးရှင်းလင်းမှုများ ပြုလုပ်လျက်ရှိပြီး ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ လေ့လာဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။ ယင်းပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာမှာ မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ အမှတ်(၄)ရဲစခန်းအပိုင်တွင် ဖြစ်သောကြောင့် အဆိုပါရဲစခန်းမှ အရေးယူဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လုံခြုံရေး အခြေအနေကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့ တောင်မြို့အတွင်းရှိ စာသင်ကျောင်း များအနက် သုံးပုံတစ်ပုံသာ ဖွင့်လှစ်နိုင်ပြီး ကျန်စာသင်ကျောင်းများမှာ ဖွင့်လှစ်နိုင်ခြင်း မရှိသေး

လုံခြုံရေး အခြေအနေကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့ တောင်မြို့အတွင်းရှိ စာသင်ကျောင်း များအနက် သုံးပုံတစ်ပုံသာ ဖွင့်လှစ်နိုင်ပြီး ကျန်စာသင်ကျောင်းများမှာ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း ရခိုင်အမျိုးသားကွန်ရက်မှ သိရသည်။
ရခိုင်ပြည်နယ် ပညာရေးဌာနမှ ၎င်းတို့ရရှိခဲ့သော စာရင်းများအရ မောင်တောမြို့နယ်တွင် စာသင်ကျောင်း ၁၅၉ ကျောင်းရှိပြီး ၁၅၉ ကျောင်းလုံး ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း၊ ဘူးသီးတောင်မြို့နယ်ရှိ ၁၅၉ ကျောင်း အနက် ၁၄၉ ကျောင်း မဖွင့်လှစ်နိုင်ကြောင်းနှင့် ရသေ့တောင် မြို့နယ်ရှိ ၁၆၇ ကျောင်းအနက် ၁၃ ကျောင်းမဖွင့်လှစ်နိုင်သေးကြောင်း သိရသည်။
“အဓိကကတော့ လုံခြုံရေး စိတ်မချရသေးဘူး။ မိဘတွေကလည်း ဒုက္ခသည်စခန်းမှာပဲ နေရတာဆိုတော့ ဘယ်မိဘကမှ ကလေးတွေကို စိတ်ချလက်ချကျောင်းလွှတ်မှာ မဟုတ်ဘူး။ နောက်လိုအပ်ချက်တွေကလည်း အများကြီးရှိသေးတယ်။ မီးရှို့ခံရလို့ ပျက်စီးသွားတဲ့ ကျောင်းဆောင်တွေ ကလည်း မပြင်ရသေးတာတွေ ရှိတယ်။ နောက်ပြီး သင်ထောက်ကူပစ္စည်း လို အပ်ချက်တွေအပြင် လုံခြုံရေးအခြေ အနေကြောင့် နေရပ်ကို ပြန်သွားတဲ့ ဆရာ၊ ဆရာမတွေလည်းရှိတယ်။ အခုလောလောဆယ်တော့ ဒုက္ခသည် စခန်းတွေမှာ ကလေးတွေကို စာသင် တတ်တဲ့လူတွေက နည်းနည်းပါးပါး သင်ပေးနေတာမျိုးတွေတော့ ရှိတယ်” ဟု ရခိုင်အမျိုးသားကွန်ရက်မှ ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောပြခဲ့ပါ သည်။
ထိုသို့ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့်အတွက် ရခိုင်ပြည်နယ် မောင်တောမြို့နယ် တစ်မြို့နယ်တည်းတွင် ကျောင်းသား ၇၈၃၀၄ ဦးခန့်နှင့် ဘူးသီးတောင်နှင့် ရသေ့တောင်တို့တွင်မူ ကျောင်းသား ၂၈၁၀ ဦးခန့် စုစုပေါင်းကျောင်းသား ရှစ်သောင်းကျော်ခန့် ပညာသင်ယူခွင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
“လက်ရှိမှာတော့ လုံခြုံရေးရဖို့ ကြိုးစားနေတယ်။ တပ်မြေထဲမှာ ရှိတဲ့ကျောင်းတွေ၊ လုံထိန်းတွေရှိတဲ့ ကျောင်းတွေတော့ ဖွင့်နိုင်ပေမယ့် တချို့ဝေးလံပြီး လုံထိန်းမရောက်နိုင်တဲ့ ကျောင်းတွေ လောလောဆယ် မဖွင့်နိုင်သေးဘူး။ နောက်ပြီးဘင်္ဂါလီ အများစုတက်တဲ့ ကျောင်းတွေလည်း ဆရာမတွေမလာရဲလို့ မဖွင့်နိုင်သေးဘူး။ ပထမအဆင့်အနေနဲ့ လုံခြုံရေး ရှိတဲ့ကျောင်းတွေကို အရင်ဖွင့်သွားမယ်”ဟု ရခိုင်ပြည်နယ်ရှိ ပြည်နယ် ပညာရေးမှူးစစ်ဆေးရေး ဦးလှစိန်ထွန်းက ပြောပါသည်။
ရခိုင်ပြည်နယ်တွင် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ထိုသို့စာသင်ကျောင်းများ ပိတ်ထားရခြင်းဖြစ်ပြီး ယခုအခါ နှစ်လခန့် ကြာမြင့်ပြီနေပြီဖြစ်သော်လည်း စာသင်ကျောင်းအားလုံး ပြန်လည် ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Ref:EMG

Sunday, August 12, 2012

၅ဝဝဝ တန် ငွေစက္ကူအတုများ သိမ်းဆည်းရမိ

မုံရွာ သြဂုတ် ၁၁

မုံရွာမြို့ ဘုရားကြီးရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဒေါ်ဝင်းပပ ၄၃ နှစ် (ဘ) ဦးဝင်းမောင်ပိုင် ''ရွှေသဒေါင်း'' ကုန်မာဆိုင်သို့ သြဂုတ် ၈ ရက် ညနေ ၄ နာရီခွဲ က ကျော်စိုးဝင်း ၃၁ နှစ် (ဘ) ဦးညိုအေး ရွှေဘုံသာကျေးရွာ မြောင်မြို့နယ် နေသူသည် ကုန်ပစ္စည်းများကို မသင်္ကာဖွယ် ၅ဝဝဝ တန် ငွေစက္ကူများဖြင့် ဝယ်ယူနေကြောင်း သတင်းအရ မှုခင်းရဲတပ်ဖွဲ့မှ ဒုတိယရဲအုပ်လှကြ
ည်နှင့် ဒုတိယရဲအုပ် ခင်မောင်ဦးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးရာ ကျော်စိုးဝင်းထံမှ ၅ဝဝဝ တန် ငွေစက္ကူ အတု ၃၇ ရွက်ကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ငွေစက္ကူအတုများသည် တစ်ရွာတည်းနေ ကိုဦး(ခ) ဝင်းမြင့်လွင် ၄၂ နှစ် (ဘ) ဦးကြီးဆောင်ထံက အကြွေးအဖြစ်ရရှိကြောင်းသိရသဖြင့် ၎င်း၏ နေအိမ်ကို ထပ်မံဝင်ရောက်ရှာဖွေရာ ငွေစက္ကူအတုများတွေ့ရှိခြင်း မရှိကြောင်း သိရသည်။ ကိုဦး(ခ) ဝင်းမြင့်လွင်ကို စစ်ဆေးချက်အရ လွန်ခဲ့သော ၁၅ ရက် ခန့်က အမည်မသိလူသုံးဦး (စိစစ်ဆဲ)မှ ၎င်းပိုင်နွားတစ်ကောင်ကို ငွေကျပ် ငါးသိန်းဖြင့် လာရောက်ဝယ်ယူစဉ် ပေးချေသွားခြင်းဖြစ်ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ref;မြ၀တီ

Monday, July 16, 2012

 ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများ ပွင့်လင်းမြင်သာမှုရှိရန် စွမ်းအင်ဝန်ကြီးဌာနမှ ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာ၊ ရတနာနှင့် ရဲတံခွန်မှ ရရှိသောဝင်ငွေ၏ ၆၇ရာခိုင်နှုန်းခန့် နိုင်ငံတော်မှ ရရှိနေကြောင်းသိရ


မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများ လုပ်ဆောင်မှုနှင့် ပတ်သက်၍ အများပြည်သူ သိရှိစေရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန် စွမ်းအင်ဝန်ကြီးဌာနမှ ပထမဆုံးအကြိမ် ထုတ်ပြန် ကြေညာခဲ့ပြီး ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချနေသည့် ရတနာနှင့် ရဲတံခွန်မှ ရရှိသောဝင်ငွေ၏ ၆၇ရာခိုင်နှုန်းကို နိုင်ငံတော်မှ ရရှိနေကြောင်း သိရပါသည်။
မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ နိုင်ငံအနေဖြင့် ခိုင်ကြေး (Royalty)၊ အစုရှယ်ယာ၊ ဓာတ်ငွေ့ သယ်ဆောင်ခ ရငွေ၊ ပိုက်လိုင်းဖြတ်သန်းခငွေနှင့် ၀င်ငွေခွန်များ ရရှိမည်ဖြစ်ပြီး လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေသည့် ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ၂၀၀၆-၀၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်အထိ အမေရိကန် ဒေါ်လာ ၁၆ ဘီလျံကျော် မြန်မာနိုင်ငံဘက်မှ ၀င်ငွေရရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဆောင်ရွက်နေသော သဘာဝ ဓာတ်ငွေ့စီမံကိန်းများကို ကြည့်ပါက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)မှ အစုရှယ်ယာ ၁၅ နှင့် ၂၀ ရာခိုင်နှုန်းခန့်သာ  အကျိုးအမြတ် ခံစားခွင့်ရှိသကဲ့သို့ အများပြည်သူ ထင်မြင်နိုင်ကြောင်း၊ ယင်းစီမံကိန်းများမှ မြန်မာနိုင်ငံအနေဖြင့် ခိုင်ကြေး (Royalty)၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရရှိသည့် ရပိုင်ခွင့်၊ အစုရှယ်ယာ ရာခိုင်နှုန်းအတွက် ရငွေ၊ ဓာတ်ငွေ့သယ်ဆောင်ခ ရငွေ၊ ပိုက်လိုင်းဖြတ်သန်းခ ရငွေ၊ လေ့ကျင့်ပညာ သင်ကြားရေး ရန်ပုံငွေနှင့် ၀င်ငွေခွန်များကိုလည်း ရရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုနောက်ပိုင်းတွေ့ရှိသမျှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်းသုံးစွဲရန် ဦးစားပေးသွားမည် ဖြစ်ခြင်းကြောင့် ပြည်ပသို့ ရောင်းချတော့မည် မဟုတ်ကြောင်းနှင့် ထွက်ရှိသည့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့များ ပြည်တွင်းသုံးစွဲရန် ဖူလုံပြည်စုံနေပါက တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း  . . .


မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အကြီးတန်း ဘူမိဗေဒ အရာရှိ တစ်ဦးက ''အခုလက်ရှိ  တင်ပို့ရောင်းချနေတဲ့ ရတနာနဲ့ ရဲတံခွန်စီမံကိန်းတွေကနေ ရတဲ့ဝင်ငွေမှာ နှစ်ပိုင်းရှိတယ်။ အရင်း မကြေမီကာလနဲ့ အရင်းကြေပြီး ကာလပါ။ အရင်းမကြေမီကာလမှာ မြန်မာဘက်က စုစုပေါင်း ၄၀နဲ့ ၅၀ရာခိုင်နှုန်း ကြားရတယ်။ အရင်းကြေပြီး ကာလမှာတော့ ၆၇ရာခိုင်နှုန်း ၀န်းကျင် ရနေပါတယ်''ဟု ပြောကြားပါသည်။
ရတနာနှင့် ရဲတံခွန်သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ သဘာဝဓာတ်ငွေ့များကို ၁၉၉၈ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်တို့တွင် စတင်ထုတ်လုပ်ရောင်းချခဲ့ရာ ရတနာစီမံကိန်းမှာ ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးနှစ်နှင့် ရဲတံခွန်စီမံကိန်းမှာ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ် အသီးသီးတွင် အရင်းကြေခဲ့ပြီး အမြတ်များ ရရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။
ရတနာနှင့် ရဲတံခွန်သဘာဝ ဓာတ်ငွေ့ စီမံကိန်းများတွင် မြန်မာနိုင်ငံဘက်မှ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၇၄ ဘီလျံခန့်၊ ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၄၄၈ ဘီလျံခန့်၊ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၄၃ ဘီလျံခန့်၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၆၀၃ ဘီလျံခန့်၊ ၂၀၁၀-၂၀၁၁ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၉၃၄ ဘီလျံခန့်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၁၁ ဘီလျံခန့် ရရှိခဲ့ပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၆ ဘီလျံကျော် ရရှိခဲ့ပြီးဖြစ်ကြောင်းသိရှိရပါသည်။
ထို့အတူ လာမည့် ၂၀၁၃ခုနှစ်တွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချမည့် ရွှေနှင့် ဇောတိက ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ၆၀ရာခိုင်နှုန်းခန့်ကို နိုင်ငံတော်မှ ရရှိမည်ဖြစ်ကြောင်း သိရပါသည်။
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွင်လည်း မြန်မာနိုင်ငံကို ပိုက်လိုင်းဖြတ်သန်း သွယ်တန်းရသည့်အတွက် ပိုက်လိုင်းလမ်းကြောင်း ဖြတ်သန်းခ (Right of Way)အဖြစ် တစ်နှစ်လျင် အမေရိကန် ဒေါ်လာ ၆ဒသမ၉၀၅သန်း ရရှိမည် ဖြစ်ပြီး မြန်မာနိုင်ငံကို ဖြတ်သန်းပို့ဆောင်ရသည့် အတွက်(Transit Fee) အဖြစ် ရေနံပမာဏ တစ်တန်လျင် အမေရိကန်တစ်ဒေါ်လာ ရရှိမည်ဖြစ်ကာ ပြည်တွင်းသုံးရန်အတွက် သဘာဝဓာတ်ငွေ့နှင့် ရေနံပမာဏ အချိုးအစားတစ်ရပ်ကိုလည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာ့သယဇာတဖြစ်သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကို ပြည်ပတင်ပို့ရောင်းချမှုနှင့် ပတ်သက်၍ ယခင်က ပြည်တွင်းသဘာဝ ဓာတ်ငွေ့လိုအပ်ချက်မရှိခဲ့ခြင်းနှင့် နိုင်ငံနှင့် ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် အခြေခံအ ဆောက်အဦများ တည်ဆောက်ရန် နိုင်ငံခြားငွေ လိုအပ်ခြင်းများကြောင့် ရောင်းချခဲ့ရခြင်းဖြစ်ကြောင်း၊ ယခု နောက်ပိုင်းတွေ့ရှိသမျှ ရေနံနှင့်သဘာဝ ဓာတ်ငွေ့များကို ပြည်တွင်းသုံးစွဲရန် ဦးစားပေး သွားမည်ဖြစ်ခြင်းကြောင့် ပြည်ပသို့ ရောင်းချတော့ မည်မဟုတ်ကြောင်းနှင့် ထွက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပြည်တွင်းသုံးစွဲရန် ဖူလုံပြည်စုံနေပါက တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် ကုမ္ပဏီများအလိုက် အစုရှယ်ယာပါဝင်မှု

TOTAL - ၃၁.၂၄%
UNOCAL - ၂၈.၂၆%
PTTEP - ၂၅.၅၀%MOGE - ၁၅.၀၀%
MOGE- ၂၀.၄၅%


ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် ကုမ္ပဏီများအလိုက် အစုရှယ်ယာပါဝင်မှု

PETRONAS- ၄၀.၇၅%
MOGE- ၂၀.၄၅%
NIPPON - ၁၉.၄၀%
PTTEP - ၁၉.၄၀%
ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် ကုမ္ပဏီများအလိုက် အစုရှယ်ယာပါဝင်မှု
DAEWOO-၈၅.၀%
OVL-၁၇.၀%
MOGE- ၁၅.၀%
GAIL - ၈.၅%
KOGAS - ၈.၅%

ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းတွင် ကုမ္ပဏီများ အလိုက် အစုရှယ်ယာပါဝင်မှု

PTTEPI - ၈၅.၀%
MOGE - ၁၅.၀%

Sunday, July 15, 2012

မြေလွတ်မြေရိုင်းများကို လယ်ယာမြေအဖြစ် ဒေသခံလယ်သမားများအား ဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်ပြုသွားမည်ဟု လယ်/ဆည်ဒုဝန်ကြီး ပြောကြား၊ ယခင်အစိုးရလက်ထပ်တွင် လယ်သိမ်းခံခဲ့ရသူများ ဦးစားပေး လုပ်ကိုင်ခွင့် ရရှိလိုကြောင်း သိရ

မြန်မာနိုင်ငံရှိ မြေလွတ်မြေရိုင်းများကို လယ်ယာမြေအဖြစ် ဒေသခံ လယ်သမားများအား ဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်ပြုသွားနိုင်မည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအုန်းသန်း၏ ပြောကြားချက်အရ သိရှိရသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအုန်းသန်း၏ ဇူလိုင်လ ၁၂ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ပြောကြားချက်အရ မြန်မာနိုင်ငံရှိ မြေလွတ်မြေရိုင်းများကို လယ်ယာမြေအဖြစ် ဒေသခံ လယ်သမားများအား ဥပဒေနှင့်အ ညီလုပ်ကိုင်ခွင့်ပြုရန် နယ်မြေအလိုက် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အစိုးရအဖွဲ့များက လိုအပ်ချက်နှင့်အညီ စီမံခန့်ခွဲပေးအပ် ရမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

''မြန်မာနိုင်ငံရဲ့ မြေလွတ်မြေရိုင်းတွေရဲ့ အနေအထားက စိုးရိမ်စရာ အခြေအနေ ဖြစ်လာနေပါပြီ။ လက်ရှိမှာ တကယ်ကျန်နေတဲ့ မြေလွတ်မြေရိုင်း ဧက ၁၄သန်းကို လုပ်ငန်းရှင်ကြီးတွေကပဲ လူမသိ၊ သူမသိ သိမ်းယူသွားပြီး လူတစ်စုကပဲ လက်ဝါးကြီးအုပ်သွားမဲ့ အခြေအနေကို ကာကွယ်ဖို့ လိုပါမယ်။ မြေလွတ်မြေရိုင်းတွေကို လယ်ယာမြေအဖြစ် ဒေသခံလယ်သမားတွေကို ဥပဒေနဲ့အညီ လုပ်ကိုင်ခွင့်ပြုသွားမယ်ဆိုရင် အရင်အစိုးရ လက်ထက်က အသိမ်းခံခဲ့ရတဲ့လယ်တွေကို ဦးစားပေး လုပ်ကိုင်ခွင့်ပြုလိုပါတယ်''ဟု Eco- Dev မှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောသည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် မြေယာဖော်ထုတ်လုပ်ကိုင်ရန် မြန်မာတစ်နိုင်ငံလုံးတွင် မြေဧက ၁၉၄၃၉၈၃ကို ကုမ္ပဏီနှင့်အဖွဲ့အစည်း ၂၁၄ ခုသို့ ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၁၁ခုနှစ်၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍဆိုင်ရာ ထုတ်ပြန်ချက်များအရ သိရှိရသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၁၁ခုနှစ်၊ နှစ်ကုန်ပိုင်းအတွင်း ထုတ်ပြန်ထားသော ကိန်းဂဏာန်းများအရ ပလပ်မြေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧက စုစုပေါင်း ၁၄သန်းခန့်ရှိကြောင်း သိရှိရသည်။
ပလပ်မြေ၊မြေလွတ်၊မြေလပ်၊ မြေရိုင်းကဲ့သို့ စိုက်ပျိုးနိုင်သောမြေများကို ပုဂ္ဂလိကလုပ်ငန်းရှင် ၆၃၈၇ ဦးကို ၃ ဒသမ ၈၉သန်းလုပ်ကိုင် ခွင့်ပေးထားခဲ့ရာ စိုက်ပျိုးထားသည့် ဧကမှာ ၀ ဒသမ ၉၇ သန်း စိုက်ပျိုးပြီးဖြစ်သည့် အတွက် ၂၆ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးနိုင်ခဲ့ကြောင်း ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်တွင် နိုဝင်ဘာ ၂၉ရက်က ကျင်းပခဲ့သည့် အခမ်းအနားတစ်ခုတွင် လယ်/ဆည် ဒုတိယ၀န်ကြီး ဦးအုန်းသန်းမှ ပြောကြားခဲ့ကြောင်း ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်တွင် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံရှိ လယ်ယာစိုက်ပျိုး လုပ်ကိုင်နိုင်သော ဧကများမှာ သစ်တောဦးစီးဋ္ဌာန၏ ထိန်းချုပ်မှုပြင်ပတွင် သစ်တောဧက ၁၇သန်း၊ သစ်တောဦးစီး ထိန်းချုပ်မှုအောက်တွင် ၁၃သန်း၊ ပြည်သူပိုင် သစ်တောဧက ၂၈သန်း၊ မြေလွတ် မြေရိုင်းဧက ၁၄သန်းရှိကြောင်း Eco- Dev မှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောသည်။

စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(FSWG-The Food Security Working Group)၊ မြေလုပ်ငန်းအဖွဲ့ခွဲ(Land Core Group,LCG) မှဥက္ကဌဖြစ်သူ ဦးရွှေသိန်းက ''မြေလွတ်မြေရိုင်း ဥပဒေအရ ဥပဒေအပေါ် အခြေခံပြီး လုပ်ထုံးလုပ် နည်းတွေအရ တောင်သူတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးရမယ်။ နောက်တစ်ခုက လယ်ယာမြေဥပဒေမှာ လယ်ယာမြေရဲ့ အဓိပ္ပာယ်မှာ တောင်ယာမြေဆိုတာပါတယ်။ မြန်မာနိုင်ငံရဲ့ ကုန်းမြင့်ဒေသတွေမှာ ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်တဲ့မြေတွေကို တောင်ယာမြေခေါ်တယ်။ ဒီရွှေ့ပြောင်း တောင်ယာမြေတွေကို စနစ်တကျ လုပ်ကိုင်ရင်၊ စနစ်တကျ မှတ်ပုံတင်ခွင့်ရရင်၊ လုပ်ကိုင်ခွင့်ရရင် ပိုပြီးတော့ အဆင်ပြေမှာပါ။ နောက်ထပ်လာမယ့် လယ်ယာ မြေဥပဒေ၊ မြေလွတ်မြေရိုင်း နည်းဥပဒေမှာပါ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတဲ့အချက်တွေ ပါဝင်လာရင် တောင်သူတွေအတွက် အရမ်းကို အကျိုးရှိလာပါ''ဟုလည်း သုံးသပ်ပြောကြားခဲ့သည်။Ref:EMG

Wednesday, July 11, 2012

အာဇာနည် ဗိမာန်တည်ဆောက်ခဲ့သော ဗိသုကာအဖွဲ့မှ ၀မ်းနည်းခြင်းအာရုံ ပေါ်လွင်စေရန် ဗိမာန်အား ပြန်လည် မွမ်းမံလို

အာဇာနည် ဗိမာန်တည်ဆောက်ခဲ့သော ဗိသုကာအဖွဲ့မှ  ၀မ်းနည်းခြင်းအာရုံ ပေါ်လွင်စေရန် ဗိမာန်အား ပြန်လည် မွမ်းမံလို

အာဇာနည် ဗိမာန်ဒီဇိုင်းပုံစံငယ်

BY သူသူထက်လွင်(Yangon Media Group)

အာဇာနည် ဗိမာန်တည်ဆောက် ခဲ့သောဗိသုကာအဖွဲ့မှဝမ်းနည်းခြင်းအာရုံ ပေါ်လွင်စေရန်ဗိမာန် အား ပြန်လည်  မွမ်းမံလိုကြောင်း သိရသည်။

သို့ဖြစ်၍ အာဇာနည်ဗိမာန်နှင့် ပက်သက်၍  တည်ဆောက်ခဲ့သူ  ဗိသုကာဦး ဆန်းဦး  နှင့်အဖွဲ့မှ ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။    ''ကျွန်တော်တို့ကိုလွန်ခဲ့တဲ့၂၈ နှစ် ကမူလ  အာဇာနည်ဗိမာန်ဟောင်း ကိုဖျက်ပြီး အသစ်ဆောက်ဖို့ ဒီဇိုင်း ဖိတ်ခေါ် ရွေးချယ်ကြတယ်၊၊ ကျွန်တော်တို့ အရွေးခံရပြီးမှအာဇာ နည်ကုန်း မှာ ဗုံးပေါက်  သွားတယ်။အဲဒါနဲ့သူ တို့ကဗိမာန် အသစ်ဆောက်  တဲ့နေရာမှာ ခေါင်မိုးမပါစေ နဲ့ဆိုပြီး အမြန်တည်ဆောက် ခိုင်းတယ်။ခွင့်ပြုမယ်ဆိုရင်မူလဒီဇိုင်းကိုပဲ ဝမ်းနည်း မှုခံစား ချက်တွေ အာရုံမှာ ပေါ်လာအောင် ဗိုလ်ချုပ်နှင့် ပက်သက်တဲ့ရုပ်ကြွတွေ ၊မိန့်ခွန်းတွေကိုထပ်မံဖြည့်ဆွက်ချင်ပါ တယ်'' ဟု ဗိသုကာ ဦးဆန်းဦးကပြောသည်။
အာဇာနည်ဗိမာန်အားမွမ်းမံနိုင် ရန်ပိုင်ရှင်ယဉ်ကျေးမှုဝန်ကြီးဌာနအနုပညာ ဦးစီးဌာနမှခွင့်ပြုချက်ရှိမှ သာဆောင် ရွက်နိုင် မည်ဖြစ်ကြောင်း သိရသည်။
''ဒီအဆောက် အဦးကြီးကိုမွမ်းမံ  ဖို့ကျွန်တော်တို့အနေနဲ့ဆောင်ရွက်လို့မရ သေးပါဘူး။ ပိုင်ရှင်ဖြစ်တဲ့ ယဉ်ကျေး မှုဝန်ကြီး ဌာန၊အနုပညာ ဦးစီးဌာနက  ချဉ်းကပ်သဘော တူလာရင်တော့ ပိုကောင်းပါလိမ့်မယ်။ ခုချိန် မှာဒီဇိုင်းနဲ့ပက်သက်လို့စဉ်းစားတာတွေ ကွာလာ တယ်။နည်းပညာတွေလည်းမြင့်မား လာတယ်။ ဒါပေမယ့် ပြန်ပြင်တာ ထက်ဖြည့် စွက်စရာတွေကိုဖြည့်ချင်တာပါ။ဗိုလ်ချုပ်ရဲ့ ဝိညဉ်တွေ  သက်ဝင် ဖို့ရုပ်ပုံတွေ၊  ရုပ်ကြွတွေ၊ မိန့်ခွန်းတွေကိုလည်းထည့်သွင်းချင်ပါ   တယ်''ဟုယင်းမှဆက်လက်ပြောသည်။
ဗိမာန်တည်ဆောက်မှု ပိုင်းတွင် ဗိသုကာပညာရှင် ၁၂ဦးပါဝင်ပြီးဗိသုကာ ပညာရှင်များ ဖြစ်စေချင်သော ဆန္ဒ၏၁၀% နှုန်းပဲတူညီမှုရှိကြောင်း သိရသည်။
''ဆွဲထားတဲ့ဒီဇိုင်းနဲ့ဖြစ်လာတာနဲ့ လွဲချော်မှု တွေရှိပါ တယ်။ဗိမာန်ရဲ့နံရံတွေကို ကျွန်တော်တို့ ကကျောက်သား ထုနှင့်တည် ဆောက်ချင်တယ်။ သင်္ဘောဆေး တွေလည်း မသုတ်ချင်ဘူး။ အခုသင်္ဘောဆေး အနီရောင် တွေသုတ်ထားတယ်။ ကြယ်က လည်း ဖြစ်စေ ချင်သလို မဖြစ်လာပါဘူး။ဗိသုကာတွေ အတွေ့အကြုံအရ ကိုယ်ဆွဲထား တာဖြစ်စေချင် တာနဲ့ လက်တွေ့ မှာ ၁၀%ပဲရမယ်။  ၂၀% တူရင်ကံကောင်း လှပြီ'' ဟုဗိသုကာ ပညာရှင် တစ်ဦးကပြောသည်။
အာဇာနည်  ဗိမာန်ကို လုံခြုံရေး အတွက်ဦးစားပေး တည်ဆောက်ခဲ့ကြောင်း သိရသည်။ ''တောင်ကိုရီး ယားသမ္မတလာ တုန်းကလုံခြုံရေး ကိုအထူး ဆောင်ရွက်ကြတယ်။ အကုန်ရှာတယ်။ ဒါပေမယ့် သူတို့တွေ ကမထင်မှတ်ဘဲ ခေါင်မိုးမှာ ဗုံးလာထောင်သွားတယ်။ ဒါကြောင့် အာဇာနည်ဗိမာန်  သစ်မှာ ခေါင်မိုး မပါအောင်  ဆောက်လုပ်ခိုင်းတာ ဖြစ်မယ်''ဟုအင်ဂျင်နီယာ  တစ်ဦးမှမှတ်ချက် ချသည်။  




အာဇာနည်ဗိမာန် ဒီဇိုင်းရေးဆွဲသူ၏ အိုင်ဒီယာနှင့် လက်တွေ့ တည်ဆောက်ခဲ့သည့် ဒီဇိုင်း ကွာခြားမှုရှိဟုဆိုကောင်းမြတ်ကျော် (Yangon Media Group)
အာဇာနည်ဗိမာန် တည်ဆောက်ရန်နိုင်ရန် ဒီဇိုင်းရေးဆွဲပေးခဲ့ မှုနှင့် လက်တွေ့တည်ဆောက်ခဲ့မှုတွင် အနည်း ငယ်မျှကွာခြား မှုများ ရှိခဲ့သဖြင့်  ပြန်လည်မွမ်းမံခွင့်ရခဲ့လျှင်လိုအပ်သည် များကိုထပ်မံဖြည့်စွက် လိုကြောင်း ယင်း ဗိမာန်အား ဒီဇိုင်းရေးပေးဆွဲခဲ့သည့် ဒီဇိုင်းနှင့်ဗိသုကာအဖွဲ့ခေါင်းဆောင် ဦးဆန်းဦး မှပြောကြား ခဲ့သည်။
ဇူလိုင်လ(၇)ရက်နေ့ မြန်မာနိုင်ငံ အင်ဂျင်နီယာ  အသင်းချုပ်ခန်းမတွင် ကျင်းပသည့် အာဇာနည်ဗိမာန် ဒီဇိုင်း ရှင်းလင်းပွဲတွင် ယင်းကဲ့ သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
ယင်းနှင့်ပက်သက်၍  ဦးဆန်းဦးက ပြောရာတွင်'' အမှန်အတိုင်းပြောရရင် အဲဒီအချိန်က ကျွန်တော်တို့ စိတ်လွတ် လက်လွတ် မလုပ်ခဲ့ရဘူး။ကျွန်တော် တို့ဗိမာန်မှာဝိဉာည် ထပ်ထည့်ဖို့ လိုတယ်။ သဘောက အဲဒီမှာအထိမ်း အမှတ်ပြတိုက်လိုတယ်။ ပြတိုက်မှာ သူတို့ရဲ့လက်ရေး မူတွေ၊ မိန့်ခွန်း တွေလိုတယ်။ လာရောက် ဂါဝရလာ ပြုသူတွေက အာဇာနည်ကြီးတွေ နဲ့ပြန်တွေ့နေရသလို ခံစားမှုမျိုး ဖြစ်အောင် လုပ်ဖို့ လိုအပ်တယ်။''  ဟု ၎င်းတို့ကြုံတွေ့ခဲ့ရပုံနှင့်ယှဉ်၍ပြန်ပြောင်း ပြောသည်။
ယင်းမှ ဆက်လက်၍ ထိုအချိန်က  ဆောင်ရွက်ခဲ့ရမှုတွင် ယင်းအချိန်က အစိုးရ၏ စိတ်ကြိုက် အဆင်ပြေပြီး   ညှိုညင်မှု  မရှိနိုင်သော ပုံစံမျိုး  နှင့်လက်တွေ့အခြေအနေဖြင့်  ကိုက်ညီသည့်ဒီဇိုင်း ကိုသာ လုပ်ပေး  ခဲ့ရခြင်းဖြစ်  ကာအနည်း ငယ်ကွဲလွဲမှုများလည်းရှိခဲ့ကြောင်းလည်း ယင်းက ဆိုသည်။
ဦးဆန်းဦးက ဆက်လက်၍ '' ဥပမာပြောရရင် ကျွန်တော်တို့ဒီဇိုင်း ဆွဲခဲ့တုန်းက နိုင်ငံတော်အလံက ဗိမာန် ရဲ့ အစွန်မှာ ထည့်ဆွဲခဲ့တာ ဒါပေမဲ့ ဆောက်လုပ်ရေးက ဆောက်တဲ့အခါ ကျတော့ လူကြီးက အလံက ဘာလို့ အစွန်ရောက် နေတာလဲ မကောင်းဘူး အလယ်ပြောင်းလုပ်ဆိုတာနဲ့ အလံက အလယ် ရောက် သွားရော။ အဲလိုကွဲလွဲ ချက်လေးတွေရှိခဲ့တယ်။''ဟု ဆိုသည်။
အာဇာနည် ဗိမာန်ဒီဇိုင်းတွင်ရေးဆွဲ ခဲ့သည့်အထဲတွင်တစ်ခုဖြစ်သည့် ဗိမာန် နံရံရှိ ကြယ်တစ်လုံး နှင့် ပက်သက်၍  ရေးဆွဲခဲ့ချိန်ကကြယ်ကို အပေါက်ပုံစံ ဖောက်၍တပ်ဆင်အသုံးပြု ရန်ရေးဆွဲခဲ့ သော်လည်း လက်တွေ့ ဆောက်လုပ် ခဲ့ရာတွင် အပေါက်ပုံစံမဟုတ်ပဲ ကြယ်ဖြူကြီး  တစ်လုံးကိုသာ ထည့်သွင်း ဆောက်လုပ်ခဲ့ကြောင်း ယင်းမှဆက် လက်ဆိုသည်။
ယင်းနှင့်ပက်သက်၍ ဗိမာန်တည် ဆောက်ရာတွင် ပါဝင်ခဲ့သည့် အဖွဲ့ဝင် ဒီဇိုင်းပညာရှင်တစ်ဦးဖြစ်သည့် ဒေါ်စန်းစန်းအေးက '' အဲဒီတုန်းက ကိုဆန်းဦး  စီစဉ်ရေးဆွဲခဲ့တာက ဒီကြယ် လေးကို အပေါက်ပုံနဲ့ ဆွဲခဲ့တယ်။ ပြီး ရင်အဲဒီကြယ်လေးက ကြွေပြီးအောက် ကပလင်လေးထက်မှာ တည်နေမယ်။ ဒီလို စိတ်ကူး ပြီးလုပ်ခဲ့တယ်။ တကယ်တမ်း  ဆောက်တဲ့  အချိန်မှာတော့  အဲလိုမဖြစ်ခဲ့ဘူး။''ဟု ၎င်း တို့လုပ်ငန်း စဉ်ပြု  လုပ်ခဲ့ချိန်က ဆောင်ရွက်ခဲ့သည် နှင့်ပက်သက်၍ပြောပြသည်။
ယင်းဒီဇိုင်းရှင်းလင်းပွဲနှင့်ပက်သက် ၍ယခုအချိန်သည် အာဇာနည်နေ့နီး ကပ်လာသည့် အချိန်နှင့် တိုက်ဆိုင်နေ ခြင်း၊ အရင်အချိန်များနှင့်ယှဉ်လျှင်ယခု လိုပြောင်းလဲနေသည့်  ခေတ်စနစ်နှင့်အညီ ရှေးသမိုင်း ကြောင်းများကို ပြည်သူများ ပြန်လည် သတိရစေနိုင်ရန်အချိန်ဖြစ် ခြင်းတို့ကြောင့် ယခု အချိန် ကိုရွေးချယ် ရခြင်းဖြစ်ကြောင်း ဦးဆန်းဦးက ပြောသည်။
ယင်းက'' ဒီအချိန်က အစိုးရအပြောင်း  အလဲကြောင့်လည်း  ပါတယ်။ခု အချိန်မှာဒါတွေက ပြန်ပြော လို့ရပြီ။ အစိုးရ  ကလည်း လူထုစကားကိုနား ထောင်နေပြီ။''ဟု ဆိုသည်။
၎င်းရှင်းလင်း ပြောကြားခဲ့သည်  အကြောင်း အရာများသည် အကြောင်းအရာတစ် မျိုးမျိုးနှင့် ညှိစွန်း နေခြင်း မျိုးမရှိပဲဖြစ် ပေါ်ခဲ့သည့်  သမိုင်းများ အားပြောပြခြင်းဖြင့် ရှေ့ဆက် လုပ်ဆောင်သွား နိုင်ဖို့ ရည်ရွယ် ကြောင်းလည်း သိရသည်။
ယင်းဗိမာန်ကြီးအား လူအများအချိန် အခါမလပ်လာ ရောက်နိုင်ရန်ဖွင့်လှစ်သွား နိုင်ရန်တိုက်တွန်း ပါကြောင်း ယင်းက ဆက်လက် ဆိုသည်။ ဦးဆန်းဦးက'' အာဇာနည်   ဗိမာန်ကို အချိန်တိုင်း လာရောက် ဂါရဝပြုနိုင် ရင် ကျွန်တော် အရမ်းဝမ်းသာ မှာပါ။''ဟု ဆိုသည်။
မူလပထမ အာဇာနည်ဗိမာန် သည်ရွှေတိဂုံဘုရား၏ခြေရင်း၊ သွေးဆေးကန်၏ အနောက်ဖက်တွင် တည်ရှိ ပြီး  (၁၉၈၂)ခုနှစ် ဩဂုတ်လတွင် နိုင်ငံ တော်အစိုးရမှ ယင်းဗိမာန်အား ခမ်းနား စွာပြန်လည် တည်ဆောက်  ရန် တစ်နိုင် ငံလုံးရှိ ဆောက်လုပ်ရေး  ကော်ပရေး ရှင်း၊ ပန်းချီပန်းပုကော်စီ အစရှိသည့် သက်ဆိုင် သည့်အဖွဲ့အစည်း များသို့ ဒီဇိုင်းများကိုတင်သွင်းစေခဲ့ပြီး ယင်းအဖွဲ့များတွင် ရန်ကုန်စက်မှု တက္ကသိုလ် အား ပါဝင်ရန်ဖိတ်ခေါ်ခဲ့ကြောင်း၊
ယင်းမှ တဆင့်ဒီဇိုင်းများပုံစံများကို အဆင့်ဆင့်ရွေးချယ်ခဲ့ရာရန်ကုန်စက်မှု တက္ကသိုလ်၏ဒီဇိုင်းအား ရွေးချယ်တာ ဝန်ပေးခဲ့၍ ယင်းရွေးချယ်ခံ ဒီဇိုင်းအား  (၉)လအတွင်းရေးဆွဲစေခဲ့ပြီး ဒီဇိုင်းပုံ များအား (၂)လ အကြာ(၁၉၈၃) စက်တင်ဘာလတွင်နိုင်ငံတော်ပေးအပ် နိုင်ခဲ့ကြောင်း၊ (၁၉၈၃) အောက်တိုဘာ လတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ဒီဇိုင်းကိုပြန်လည်ရေးဆွဲခဲ့ရပြီး (၁၉၈၄)  ဧပြီလတွင်ပြန် လည်ခွင့်ပြုခဲ့ ကြောင်း၊ (၁၉၈၄)အောက်တိုဘာတွင်စတင် တည်ဆောက်ခဲ့ရာ (၁၉၈၅)ခုနှစ် ဂျူလိုင်လတွင် ဂုဏ်ပြု အခမ်း အနားကို  အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ဦးဆန်းဦး၏ ပြောပြချက်များအရ သိရသည်။
အာဇာနည်ဗိမာန်သစ်၏ထူးခြား ချက်များမှာ ခေါင်မိုးမပါခြင်း၊မြန်မာလူမျိုး   တို့အစဉ်အလာ အရ အုတ်ဂူများ ကိုနေရာမ ရွေ့မပြောင်း  ပဲငုံ၍ တည်ဆောက်ခြင်း ၊ခြေရင်း ဘက်မှအလေး ပြုနိုင်ခြင်း၊ ဦးညွှတ် နေသော ဝင်ပေါက်ဒီဇိုင်းပါရှိခြင်းတို့ဖြစ်ကြောင်းသိရ သည်။  မူလ အာဇာနည်  ဗိမာန်မှာ၁၉၈၃ ခုနှစ်အောက်တိုဘာ၂၃တွင်ဗုံးကွဲပျက်ဆီး ခဲ့ရပြီး အာဇာနည် ဗိမာန် အသစ် အား၁၉၈၄ ခုနှစ်တွင်စတင် တည်ဆောက်  ခဲ့ကာ တည် ဆောက်ချိန်ကာလ ၉လကြာမြင့်ခဲ့ ကြောင်း သိရ သည်။


Ref:Yangon Media

Monday, July 2, 2012

 ဇွန်လ ၂၉ရက်နေ့၌ မြစ်ကြီးနားမြို့တွင် ဗုံးပေါက်ကွဲ၍ သေဆုံးသူမှာ ယာယီဆယ်အိမ်မှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်ဖြစ်ကြောင်း သိရ

ဇွန်လ ၂၉ရက်နေ့ ညနေ  ၆နာရီအချိန်ခန့်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊မြို့နယ် လ.၀.ကရုံးလမ်း၊ မိုးလုံလေလုံ အားကစားရုံ၏ တောင်ဘက်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ဗုံးထောင်သူဟု ယူဆရသူတစ်ဦး သေဆုံးခဲ့ရာ ယင်းသေဆုံးသူသည် ယာယီဆယ်အိမ်မှူးနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ရုံးမှရရှိသော သတင်းများအရ သိရပါသည်။

အဆိုပါသေဆုံးသူသည် လွန်ခဲ့သည့် ၅နှစ်ကျော်ခန့်က အရန်  မီးသတ်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သော တိန်ရောင်နော်(ခ) မုန်ဂွတ် ၂၃နှစ်(ဘ)ဦးတိန်ရောင်ထူးဖြစ်ကြောင်းနှင့် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ အမှတ်(၃၁၄)ထွယ်ဆန်နယ်မြေ၊ နယ်မြေ(၅)၊ ယာယီဆယ်အိမ်မှူး တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။

၎င်းသည် ၂၀၀၇ခုနှစ်အောက် တိုဘာလ ၁၀ရက်နေ့တွင်အရန်မီး သတ်တပ်ဖွဲ့သို့ ၀င်ရောက်ခဲ့ပြီး ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ အရန်မီးသတ်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်မှု တစ်ခါတစ်ရံသာရှိခဲ့ပြီး ဇွန်လ ၂၄ရက်နေ့ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ၀င် ရောက်မှုတွင် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ပြန်လည်ထမ်းဆောင်ခြင်းဖြင့် အရန်မီးသတ်နှင့် ပြန်လည်ဆက်သွယ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၄င်းသည် အလုပ်အကိုင် အတည်တကျမရှိဘဲ ကျောက်ပွဲစား၊ ခြံပွဲစား စသည်တို့ လုပ်ကိုင်နေသူဖြစ်ကြောင်း ၂၀၁၂ခုနှစ်မတ်လခန့်တွင် အမည်မသိ လူစိမ်းနှစ်ဦးသည် ၄င်း၏နေအိမ်သို့ ၀င်ထွက်သွားလာနေကြောင်း ၄င်း၏ မိသားစုဝင်များ၏ ပြောကြားချက်များအရ သိရသည်။

တိန်းရောင်နော်(ခ)မုန်ဂွတ်သည် ကေအိုင်အေ အဖွဲ့ဝင်မဟုတ်ဘဲ မိသားစု၏ လက်ရှိစီးပွားရေးအခြေအနေကြောင့် ၄င်းကိုယ်တိုင် လမ်းဘေးတွင် မိုင်းထောင်ခြင်းဖြစ်နိုင်ကြောင်း တာဝန်ရှိသူများမှ သုံးသပ်ဖော်ထုတ်ထားဆဲဖြစ်ကြောင်းနှင့် ကွင်းဆက်တရားခံများအား ဖော် ထုတ် ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ထို့ပြင် တာဝန်ရှိသူများမှ ၄င်း၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာတွင် အခြားအထောက်အထား တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ကြောင်းနှင့် တိန်ရောင်နော်(ခ)မုန်ဂွတ်အား မြစ်ကြီးနားမြို့၊အမှတ် (၁)ရဲစခန်းမှ (ပ-၁၄၅/၂၀၁၂)ပေါက်ကွဲမှု ပုဒ်မ (၃)ဖြင့် အမှုဖွင့်အရေးယူထား ကြောင်းလည်း သိရပါသည်။Ref:EMG