Showing posts with label ဆောင်းပါးနှင့်အထွေထွေ. Show all posts
Showing posts with label ဆောင်းပါးနှင့်အထွေထွေ. Show all posts

Thursday, August 23, 2012

 ပွဲမလန့်ခင် ဖျာခင်း Written by နီမင်းဆွေ


ငယ်စဉ်ကလေးဘ၀တုန်းက ဇာတိချက် မြှုပ်ရွာလေးကနေ မြို့တက် ဈေးဝယ်မယ့် ကြီးဒေါ်နဲ့အတူ လိုက်သွားခဲ့ရတာလေးကို ပြန်သတိရနေမိတယ်။ ပထမတော့ အမေက အသက် ၉ နှစ်ပဲရှိသေးတဲ့ ကိုယ့်ကို စိတ်မချလို့ ထည့်မပေးချင်ဘူး။ ဒါပေမဲ့ ကိုယ်က တအားလိုက်ချင် နေတာကတစ်ကြောင်း ကိုယ့်ကိုခေါ်သွားမယ့်သူက အမေ့အစ်မကြီးကိုယ်တိုင် ဖြစ်နေတာကတစ်ကြောင်းမို့ အမေက စိတ်မပါ့တပါနဲ့ ထည့်လိုက်ပါတယ်။ ဒါပေမဲ့ ရွာကထွက်ကာ နီးမှာ အမေကကိုယ့်ကို စကားတစ်ခွန်းတော့မှာ လိုက်ပါတယ်။ 'သားမြို့ဆိုတာ ရှုပ်ရှုပ်ယှက်ယှက်နဲ့ မသွား ချင်ပါနဲ့ သားရယ်၊ ကိုယ့်ရွာမှာ ကိုယ်နေတာပဲ နားအေးပါတယ်။ အခုသား လိုက်ချင်လွန်းလို့သာ ထည့်ပေးလိုက်ရတာ အမေက စိတ်ချတာ မဟုတ်ဘူး၊ နောက်ပြီးမြို့က ဈေးထဲရောက်ရင်လည်း ဟိုငေးဒီငေး ငေးတာကတော့ ငေး၊ ဒါပေမဲ့ အောက်ကိုတော့ ကြည့်လျှောက်၊ တော်ကြာ ငှက်ပျော သီးခွံဖရဲသီးခွံတွေ တက်နင်းပြီး ချော်လဲနေဦးမယ်'လို့ ဖြစ်ပါတယ်။ ကိုယ်လည်း မြို့ကဈေးထဲ ရောက်တယ်ဆိုရင်ပဲ အမေမှာတဲ့အတိုင်း ဖရဲခွံငှက်ပျောခွံတွေကို တက်မနင်းမိအောင် သတိထားလျှောက်ရပါတယ်။ ဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် မြို့ကိုရောက်ဖူးတာမို့ ကြည့် စရာငေးစရာတွေကလည်း အများသားကလား။

အဲဒါက ကလေးဘ၀ကဖြစ်ခဲ့တဲ့ အကြောင်းလေးပါ။ လွန်ခဲ့တဲ့ ၁၆ နှစ်လောက်တုန်းကတော့ ၀န်ထမ်းဘ၀နဲ့ ထိုင်းနိုင်ငံဘန်ကောက်ကို သွားရပါတယ်။ အပြည်ပြည်ဆိုင်ရာ နိုင်ငံတွေတော်တော်များများနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့ကြီးတစ်ဖွဲ့ရဲ့ အာရှနဲ့ ပစိဖိတ်ဒေသ ဌာနချုပ် ရုံးစိုက်ရာ ဘန်ကောက်မှာ အစည်းအဝေး သွားတက်ရတာ ဖြစ်ပါတယ်။ ဘ၀မှာ ပထမဆုံးအကြိမ် နိုင်ငံခြား ရောက်ဖူးခြင်းပါပဲ။ တက်နင်းမိစရာ အောက်မှာ ငှက်ပျောခွံ ဖရဲခွံမရှိပေမယ့် ကြည့်မောစရာတွေကတော့ တစ်ပုံတစ်ပင်ပါပဲ။ အဲဒီအစည်းအဝေးပြီးတဲ့အခါမှာတော့ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံက အစည်းအဝေးလာတက်တဲ့ ကိုယ်စားလှယ်တွေကို ညစာကို ဘူဖေးစနစ်နဲ့ ကျွေးပါတယ်။ အဲဒီဘူဖေးဟာ ကိုယ့်ကိုသာမဟုတ်၊ အစည်းအဝေး လာတက်တဲ့ သူအားလုံးကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့တာပါပဲ။ ပေ ၅၀ ပတ်လည်လောက်ကျယ်တဲ့ ခန်းမကြီးထဲမှာ ကြော်မယ့် လှော်မယ့် ကင်မယ့် ပြုတ်မယ့် ဂျပန်စားတော်ကဲတွေက နံရံတွေကို ကျောပေးပြီး လေးဘက်လေးတန်မှာ နေရာယူထားလိုက်ကြပါတယ်။ ဧည့်သည်တွေမို့ သူတို့ရှေ့မှာ လာမရပ်လိုက်နဲ့ လာရပ်လိုက်ရင် ၀မ်းသာအားရနဲ့ စားစရာတွေကို ပျာပျာသလဲ လုပ်ပေးကြတယ်။ ပူပူနွေးနွေးစားရအောင် ကြော်လှော်ပြီး တစ်ခါတည်းပန်းကန်ထဲ ထည့်ပေးလိုက်ကြတာပါ။  စားစရာတွေကများလွန်းလို့ ဘယ်နှစ်မျိုးလဲဆိုတာ ရေတောင်မရေနိုင်ဘူးလို့ တင်စားပြောရမတတ်ပါပဲ။ အဖျော်ယမကာ ဘန်းတွေကိုင်ထားတဲ့ စားပွဲထိုး တွေကလည်း အစစအရာရာဘာမှ မလစ်ဟင်းရအောင် ဧည့်ဝတ်ကျေပွန်ကြပါတယ်။ အဲဒီတုန်းကတော့ ဒီဘူဖေးညစာ စားပွဲကြီးကိုကြည့်ပြီး ဒါဟာ မလိုအပ်လှပါဘူး၊ သင့်တော်သလောက် ကျွေးရင်ရနေတာပဲ။ ဒါတွေဟာ အလကားအပိုတွေပါလို့ ထင်ခဲ့မိတာ အမှန်ပါပဲ။


နောက်နေ့ လေယာဉ်ချိန်က ညနေပိုင်းမှမို့ နေ့လယ်ပိုင်းမှာ အဲဒီအဖွဲ့ကြီးမှာ အမြဲတမ်းတာဝန်ထမ်း ဆောင်နေကြတဲ့ ကိုယ့်နိုင်ငံကအရာရှိ ကြီးသုံးလေးယောက်က နေ့လယ်စာ ကျွေးပါတယ်။ ကိုယ်နဲ့အတူအစည်း အဝေးလာတက်တဲ့ ကိုယ်တို့တစ်ဖွဲ့လုံးကို ကျွေးတာဖြစ်ပြီး အိမ်ရှင် အရာရှိကြီးတွေ အားလုံးလည်းလာပြီး ဧည့်ခံစကားပြောရင်း နေ့လယ်စာ အတူသုံးဆောင်ကြပါတယ်။ သူတို့က နေ့လယ်စာကျွေးချင်တာ ထက်ကိုယ်တို့အဖွဲ့ကို အမှာစကား တစ်ခွန်းပြောလိုက်ချင်တာက အဓိက ဖြစ်နေတယ်ဆိုတာကို စားပွဲမှာ စထိုင်ပြီး မကြာခင်မှာပဲ သိလိုက်ရ ပါတယ်။
သူတို့ပြောတာက ဒီနိုင်ငံတွေ အများကြီး ပါဝင်တဲ့အဖွဲ့ကြီးကို စတင်ရုံးစိုက်ဖို့ နေရာရွေးတုန်းက ပထမဆုံးရန်ကုန်ကို  ရွေးချယ်ခဲ့ကြတာဖြစ်တဲ့အကြောင်း၊ ဒါပေမဲ့ ကိုယ်တို့နိုင်ငံက သဘောမတူခဲ့လို့ အဲဒီအဖွဲ့ကြီးရဲ့ ရုံးချုပ်ဟာ ဘန်ကောက်ကို ရောက်လာခဲ့ရတာ ဖြစ်ကြောင်း၊ တကယ်တန်းကျတော့  ဒီလိုရုံးချုပ်ကြီးမျိုး ကိုယ့်နိုင်ငံမှာ ရှိနေမယ်ဆိုရင် တစ်ကမ္ဘာလုံးနဲ့ အဆက်အသွယ်ကောင်းပြီး လူငယ်တွေ အသိဉာဏ် ပွင့်လင်းလာကြမယ့် အပြင်အလုပ်အကိုင်တွေလည်း ရလာမှာဖြစ်တဲ့အကြောင်းတွေကို စပြောကြပါတယ်။ အခုတော့ ဒီအဖွဲ့ကြီးထဲမှာ မြန်မာနိုင်ငံက သူတို့အဖွဲ့ သုံးလေးယောက်အပြင် တခြားဘယ် သူမှမရှိတော့ဘဲ နောင်လေးငါးနှစ်ကြာလို့ သူတို့တစ်တွေ ပင်စင်ယူသွားကြတဲ့အခါ ဒီအဖွဲ့ထဲမှာ ကိုယ်တို့နိုင်ငံက မျိုးဆက်ပြတ်သွားပြီး ဘယ်သူမှရှိမှာ မဟုတ်တော့မယ့်အကြောင်း ဆက်ပြောကြပါတယ်။ ပြီးမှ ဒီအဖွဲ့ကြီးထဲမှာ ဘယ်သူတွေနေရာ အများဆုံးယူထားသလဲဆိုတာ ခင်ဗျားတို့ မြင်တဲ့အတိုင်းပါပဲလို့ ဆိုကြပါတယ်။ အဲဒီအခါကျမှ အဲဒီအဖွဲ့ကြီးထဲက ၀န်ထမ်းတွေအကြောင်း ပြန်စဉ်းစားမိပြီး လူငယ်ဝန်ထမ်း အားလုံးလိုလိုဟာ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံထဲ ကလူတွေ အများဆုံးဖြစ်နေတယ်ဆိုတာကို ပြန်သတိထားမိပါတယ်။ အာဖဂန်နစ္စတန်လို နိုင်ငံမျိုးက တောင်တစ်ယောက်လောက်တော့ ပါနေသေးတာကို တွေ့ရပါတယ်။ လူငယ်ပိုင်းက တစ်ယောက်မှမပါတာဆိုလို့ ကိုယ်တို့နိုင်ငံ တစ်နိုင်ငံပဲရှိတယ်။ ကိုယ့်မိတ်ဆွေ အရာရှိကြီးတွေ အဲဒီလိုပြောပြကြတာကို နားထောင်ပြီး ကိုယ်တို့တစ်တွေ တော်တော်စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။
အဲဒီဘန်ကောက် အစည်းအဝေးက ပြန်လာပြီး နှစ်အတော် အတန်ကြာတဲ့အခါ အဲဒီခုနက ပြောခဲ့တဲ့ အဖွဲ့ကြီးထဲကပဲ မြန်မာနိုင်ငံအတွက် အလုပ်ခန့်အပ်ခြင်းခံရတဲ့ နိုင်ငံခြားသား ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို ရန်ကုန်မှာ တွေ့ရပါတယ်။ သူကတော့ ကိုယ့်သူငယ်ချင်းတစ်ယောက် အလုပ်လုပ်တဲ့ဌာနနဲ့ လုပ်ငန်းချင်း ဆက်စပ်နေသူပါ။ သူဟာ ဥရောပနွယ်ဖွားဖြစ်ပြီး အသက်ကတော့ ၆၀ နီးပါးရှိပါပြီ။ ဒီအလုပ်ကို ခန့်အပ်ခံ ရတဲ့သူဟာ ဇနီးသည်အဖွားကြီးကို ပါရန်ကုန်ခေါ်လာပြီး အိမ်ငှားနေပါ တယ်။ သူအဓိကတာဝန်ကျရာ ဒေသကတော့ မြန်မာပြည်ရဲ့ နယ်စပ်ဒေသ တစ်နေရာမှာပါ။ ဒါပေမဲ့ သူဟာ တာဝန်ကျရာအရပ်ကို နှစ်လလောက်နေမှ တစ်ခေါက်လောက်ပဲသွားပြီး ကျန်တဲ့ရက်တွေ ရန်ကုန်မှာနေတာ များပါတယ်။ ညနေပိုင်းတွေမှာ ရန်ကုန်မြို့က နာမည်ကြီးစားသောက်ဆိုင်တွေမှာ အဲဒီဇနီးမောင်နှံကို ညစဉ်လိုလို တွေ့နေရကြောင်း သူငယ်ချင်းက ပြောပြပါတယ်။ ဒီ့နောက်တစ်ခါမှာတော့ ကိုယ့်သူငယ်ချင်းနဲ့အတူ သူတို့တာဝန်ကျရာ နယ်စပ်ဒေသကို သွားကြပါတယ်။ တာဝန်အရ အလုပ်တွေ လုပ်ကြတယ်။ အဲဒီမှာတစ်ညအိပ်ပြီးရော အဲဒီပုဂ္ဂိုလ်ကြီးက ရန်ကုန်ပြန်မယ် ပြောတော့တာပါပဲ။ သူငယ်ချင်းနဲ့ တခြားအရာရှိတွေက ဟာ..ဒီမှာ အလုပ်တွေ အများကြီးလုပ်ဖို့ ကျန်နေသေးတာ တစ်ရက်လောက် ဆက်နေပေးပါဦးလို့ ပြောကြတယ်။ အဲဒါပြောမရဘူး၊ ပြန်မယ်တကဲကဲ လုပ်နေလို့ ကြာတော့ အချေအတင် ဖြစ်လာတယ်။ နောက်ဆုံးမတော့ အဲဒီပုဂ္ဂိုလ်ကြီးက ဒီလိုအဖွဲ့ကြီးထဲက ဒီလိုအရာရှိကြီးတစ်ယောက်ရဲ့ ခရီးသွားလာခွင့်ကို ခုလို ပိတ်ပင်ချင်တယ်ဆိုရင် တရားဝင် စာရေးပြီးလက်မှတ်ထိုးပါလို့ ပြောတယ်။ ဒါနဲ့ပဲ လက်လျော့ပြီး ပြန်လွှတ်ပေးလိုက်ရတယ်လို့ သူငယ်ချင်းက ဆိုပါတယ်။

ကိုယ်တို့နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ ငါးနိုင်ငံထဲကလေးနိုင်ငံဟာ သူ့နည်းသူ့ဟန်နဲ့ သူပုံသဏ္ဍန်တစ်မျိုးစီနဲ့ အင်အားကြီးနေကြလို့ပါပဲ။ ဒီလေးနိုင်ငံထက် အခြေအနေ ပိုမြင့်မားမလာတောင်မှ အချိန်မရွေး ပခုံးချင်း ယှဉ်နေနိုင်ဖို့ လိုပါတယ်။ အဲဒီလိုဖြစ်လာအောင် လုပ်ဖို့ဆိုတဲ့နေရာမှာ လူဦးရေများဖို့ မလိုပါဘူး။ နိုင်ငံကြွယ်ဝချမ်းသာနေဖို့နဲ့ အသိပညာ၊ အတတ်ပညာအရာမှာ တစ်ဖက်ကမ်းခတ်အောင် တတ်မြောက်နေဖို့သာ လိုတာပါ . . .


ကိုယ့်သူငယ်ချင်းပြောတာက 'စဉ်းစားကြည့်ပေါ့ကွာ သူ့လခက ကိုယ်တို့ငွေနဲ့ တစ်လကို သိန်း ၁၃၀၊ ဒါဟာနယ်စပ်ဒေသမှာ အလုပ်လုပ်နေတဲ့ အလုပ်သမား ၈၆၅ ယောက်ရဲ့ လစာနဲ့သွားညီတဲ့ ငွေပမာဏဖြစ်တယ်။ ဒါတောင်မှ ဒါဟာ သပိတ်ဝင် အိတ်ဝင်လစာနော် သူ့အိမ်ငှားစရိတ်၊ ခရီးသွားစရိတ်၊ ခရီးသွားရင်ရတဲ့ နေ့တွက်စရိတ်တွေ မပါသေးဘူး'လို့ ဆိုတယ်။ အဲဒီကိုယ့်သူငယ်ချင်းရဲ့ ညည်းတွားသံကို နားထောင်ရင်းရ လိုက်တဲ့အတွေးတစ်ခုကတော့ ကိုယ့် လူမျိုးတွေ အဲဒီလိုနေရာမျိုးတွေမှာ ဖျာခင်းနိုင်အောင် ရှေးတုန်းက ဘာဖြစ်လို့ မကြိုးစားခဲ့ကြတာလဲလို့ ဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာတော့ အဲဒီအတွေးမျိုးတွေ ဆက်တွေးဖြစ်စရာ အကြောင်းတွေ ကိုယ့်မျက်စိရှေ့မှာ ဆက်တိုက်ဆိုသလို ဖန်လာကြပါတယ်။ ဒီအဖြစ်တွေကို မြင်သာ အောင်ပြောရမယ်ဆိုရင်တော့ ဘောလုံးပွဲမှာ လူလည်း အချခံရသေး၊ အနီကတ်လည်း အပြခံရသေး၊ ဘော လုံးပွဲလည်း ရှုံးသေး၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပွဲကြည့်ပရိသတ်တွေရဲ့ အထင်မြင်လွဲမှားမှုကိုလည်း ခံရသေးဆိုတဲ့ အဖြစ်မျိုးနဲ့ ဥပမာနှိုင်းပြီး ပြောရမယ်ထင်ပါတယ်။ ဒါတွေဟာ သေသေချာချာတွေးကြည့်လေ ယူကျုံးမရစရာ ကောင်းလေပါပဲ။
အဓိကကတော့ အပြည်ပြည်ဆိုင်ရာမှာ ကိုယ့်နိုင်ငံကလူတွေ ဖျာမခင်းနိုင်ခဲ့လို့ အခုလိုဖြစ်ရတာပါပဲ။ ငှက်ပျောသီးခွံဖရဲသီးခွံ တက်နင်းမိမှာစိုးလို့ အပြင်ထွက်လေ့လာဖို့ ၀န်လေးခဲ့တဲ့ အတွေးအခေါ်တွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံစားနေရတာဆိုရင်လည်း မမှားပါဘူး။ ဒီလိုအရေးကြီးတဲ့ နေရာမျိုးတွေမှာ ကိုယ့်လူမျိုးတွေဟာ နေရာအနှံ့ ဖျာခင်းထားနိုင်မှ တော်ကာကျမယ်ဆိုတာကိုယ်လည်း  အခုမှသဘောပေါက်လာတယ်။ ကိုယ့်နိုင်ငံက အမှန်တရားတွေကို ကမ္ဘာသိအောင် ဖော်ထုတ်နိုင်ဖို့ဆိုတာ ကိုယ့်တိုင်း ပြည်ထဲမှာပဲ အသံအကျယ်ကြီးနဲ့ အော်နေလို့မရပါဘူး။ တစ်ကမ္ဘာလုံးကို အပေါ်စီးကရထားတဲ့နေရာမှာ ကျကျနန ဖျာခင်းထားပြီးအော်မှ အားလုံးကြားနိုင်မယ်ဆိုတာကို အခုတော့ သိလိုက်ရပါပြီ။
ဒါ့ကြောင့် ဂျပန်ဘူဖေးကို ဂျပန်ပြည်မှာရှိတဲ့ အတော်ဆုံးစား တော်ကဲတွေကို လေယာဉ်နဲ့ ဘန်ကောက်ကို တစ်ကူးတကစေလွှတ်ပြီး ကြော်လှော် ချက်ပြုတ်ကျွေးခိုင်းတာဟာ ကမ္ဘာ့အရေးကြီးတဲ့နေရာတွေမှာ သူတို့တစ်တွေ နေရာအကျယ်ကြီးယူ ဖျာခင်းထားပြီးဖြစ်တယ်ဆိုတာကို နိုင်ငံတကာက သိစေချင်လို့ တမင်ကျွေးတာပါလားဆိုတာကို အခုမှ သဘောပေါက်လာရတော့တယ်။
ဒါ့ ကြောင့် ကိုယ်တို့တစ်တွေဟာ ပွဲမလန့်ခင်မှာ ဖျာခင်းထားနိုင်အောင် ကြိုးစားကြရပါမယ်။ ပွဲလန့်မှဖျာခင်း ဖို့ကြိုးစားမယ်ဆိုရင်ကတော့ အကင်းမပါးတဲ့ ဘောလုံးသမားလို မိအေး လေးခါနာပြီး ဖျာမခင်းနိုင်တဲ့ အပြင်ပွဲထဲက လူတွေတက်နင်းတာနဲ့ အသက်ထွက်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်တို့ဟာ အဲဒီလို ကမ္ဘာမှာ အရေးပါတဲ့ နေရာတွေမှာ ဖျာခင်းနိုင်မယ့် အခြေအနေရှိသလား၊ ရှိရင်လည်း ဘယ်တော့လောက် ခင်းနိုင်မလဲလို့စဉ်းစားလာရပါတယ်။ ဒီနေရာမှာ သတိရတာလေးတစ်ခု အကြောင်းပြောပြချင်ပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ခါစက ဥရောပမှာ လူမျိုးတစ်မျိုးရှိပါတယ်။ လူသန်းချီပြီး အသတ်ခံရတဲ့ လူမျိုးပါ။ အဲဒီခေတ်အဲဒီအခါက ကမ္ဘာပေါ်မှာ သိမ်သိမ်ငယ်ငယ်နဲ့ အနေရဆုံး လူမျိုးလည်း ဖြစ်ခဲ့ပါတယ်။ အခုတော့ အဲဒီလိုတစ်ချိန်က သိမ်သိမ်ငယ်ငယ်နဲ့ နေခဲ့ရတဲ့ အဲဒီလူမျိုးဟာ နေရာသစ်မှာ နိုင်ငံသစ်တစ်နိုင်ငံ ထူထောင် နိုင်ခဲ့ပါပြီ။ ကမ္ဘာ့အင်အားအကြီးမားဆုံး နိုင်ငံကြီးတစ်နိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးနယ်ပယ်ထဲမှာတောင် ဖျာအကျယ်ကြီး ခင်းထားနိုင်တာကို တွေ့နေရပါတယ်။
ဒီလူမျိုး ဒီလိုဖြစ်ရတာ အကြောင်းမဲ့သက်သက်တော့ မဟုတ်ပါဘူး။
သူတို့လူမျိုးရဲ့ စိတ်ထဲက အတွင်းအားတွေ ပြင်းထန်လွန်းလို့ ဖြစ်ပါတယ်။
ကိုယ့်နိုင်ငံဟာ နိုင်ငံတကာမှာ ဖျာအကျယ်ကြီးခင်းထားနိုင်ဖို့ သူများနိုင်ငံတွေထက် ပိုပြီးအရေးကြီးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကိုယ်တို့နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ ငါးနိုင်ငံထဲကလေးနိုင်ငံဟာ သူ့နည်းသူ့ဟန်နဲ့သူ ပုံသဏ္ဌာန်တစ်မျိုးစီနဲ့ အင်အားကြီးနေကြလို့ပါပဲ။ ဒီလေး နိုင်ငံထက် အခြေအနေ ပိုမြင့်မားမလာတောင်မှ အချိန်မရွေး ပခုံးချင်းယှဉ်နေနိုင်ဖို့ လိုပါတယ်။ အဲဒီလိုဖြစ်လာအောင် လုပ်ဖို့ဆိုတဲ့နေရာမှာ လူဦးရေ များဖို့ မလိုပါဘူး။ နိုင်ငံကြွယ်ဝချမ်းသာနေဖို့နဲ့ အသိပညာ အတတ်ပညာအရာမှာ တစ်ဖက်ကမ်းခတ်အောင် တတ်မြောက်နေဖို့သာလို တာပါ။ နောင်အနှစ်၄၀ လောက်ကြာတဲ့အခါ ကိုယ့်နိုင်ငံဟာ အဲဒီလိုအခြေအနေမျိုးကို ရောက်လာနိုင် မယ့် အရိပ်အယောင်အလားအလာမျိုးကို ခုမြင်တွေ့နေရပြီဆိုရင် အဲဒီဘ၀မျိုးကို ကိုယ်ကိုယ်တိုင်ခံစားနိုင်တော့မှာ မဟုတ်တာ သေချာပေမယ့် သေပျော်ပါပြီ။ ဒီဘ၀မှာ ငါလူဖြစ်ရ ကျိုးနပ်ခဲ့ပါလားဆိုတဲ့ မုဒိတာအပြုံး ကလေးနဲ့ သေနိုင်ပါလိမ့်မယ်။
ကိုယ့်သဘောကို ပြောရမယ်ဆိုရင်တော့ ကိုယ်တို့နိုင်ငံဟာ ကိုယ်တို့မျှော်မှန်းထားသလို ဖြစ်လာနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကိုယ်တို့တတွေမှာ ငုပ်လျိုးနေတဲ့ အားတစ်မျိုး ရှိနေလို့ပါပဲ။ ဒီလို အားမျိုးကို သိပ္ပံနည်းပညာနဲ့ခေါ်တဲ့ အခေါ်တစ်မျိုးလည်း ရှိပါတယ်။ အဲဒီငုပ်နေတဲ့အားကတော့ ကွေးထားတဲ့လေးကိုင်းမှာရှိတဲ့ အားမျိုးဖြစ်တယ်။ သာမန်အားဖြင့် ထောင်ထားတဲ့ လေးကိုင်းတစ်ကိုင်းထဲမှာ ဘာအားမှ မရှိနိုင်ပါဘူး။ ဒါပေမယ့် ကွေးထားတဲ့လေးကိုင်းထဲမှာတော့ ငုပ်လျိုးနေပြီး ကြောက်ခမန်းလိလိ ခွန်အားကြီးတဲ့ အားတွေရှိနေတတ်ပါ တယ်။ လွှတ်လိုက်တာနဲ့ ဒီလေးကိုင်းထဲကထွက်လာတဲ့ အားတွေနဲ့ အရာရာကို ခုန်လွှားကျော်ဖြတ် သွားနိုင်လိမ့်မယ်လို့ ကိုယ်ကတော့ တကယ့်ကို ယုံကြည်နေတာပါ။
ဒါ့ကြောင့် ပွဲမလန့်ခင် ကမ္ဘာ့အရေးကြီးတဲ့ နေရာတိုင်းမှာ တစ်ဆင့်ပြီးတစ်ဆင့်တက်ပြီး ဖျာအကျယ်ကြီး ခင်းထားနိုင်ဖို့ အခုကတည်းက ပြန်ကြိုးစားကြဖို့ လိုပါတယ်။ ခုချိန်မှာ ကိုယ်တို့တတွေ အဲဒီလို ဖျာခင်းဖို့အတွက် အလိုအပ်ဆုံး အချက်နှစ်ချက်ပဲရှိပါတယ်။ အဲဒါကတော့ သံသယတွေ အာဃာတတွေကို ခဏတာလောက်ပဲဖြစ်ဖြစ် ကြိတ်မှိတ်မျိုသိပ်ထားပြီး အချင်းချင်း နားလည်ခွင့်လွှတ် လိုက်လျောပေးနိုင်ဖို့နဲ့ လူတိုင်း အသိဉာဏ် ပွင့်လင်းနေဖို့ပဲ ဖြစ်ပါတယ်။

Ref:EMG

စည်းကောင်းမှ ကမ်းကောင်းမည် Written by အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)


စည်းဟူသည်
(၁) ပိုင်းခြားသတ်မှတ်ထားသော ခြံဝင်းအကာအရံ၊ စောင်ရန်း၊ စည်းရိုး။ 'လယ်မှာ ကန်သင်း၊ ယာ မှာ စည်းအတွင်း''။ (၂) တစ်စုံတစ်ခုသော မျက်နှာပြင်ပေါ်၌ ပိုင်းခြားသတ်မှတ်ထားသော အရေးအကြောင်း။  ''ဖြစ်ပျက်ပိုင်းခြား စည်းနှယ်ထား၏''။  (၃) တိုင်းပြည်တစ်ခုနှင့်တစ်ခု ပိုင်း ခြားသတ်မှတ်ထားသော နယ်နိမိတ်။ ''တောတောင်ကုန်းကြည်း၊ နိုင်ငံ စည်း၌ ဖြင်းပည်းများစွာ''။ (၄) မကျူးမကျော် မဖောက်မဖျက်ရန် သတ်မှတ်ထားသော ကျင့်ဝတ်၊ ''သူ့စည်းနှင့်သူ၊ ကိုယ့်စည်းနှင့်ကိုယ်၊ လူ့စည်းဘီလူးစည်း''။ (၅)သတ္တုကို လုပ်ထားသော သံပရာခွံတစ်ဝက်ပုံ တီးခတ်စရာ တူရိယာအစုံ။ (၆) စည်း တူရိယာအသံဖြင့် ပိုင်းခြားကန့်သတ်ပေးရသော တီးမှုတ်သီဆိုမှု ကာလအခိုက်အတန့်။ စည်း-မြစ်ရေကျသောအခါ နစ်၍ ကျန်သော သဲသောင်၊ စည်းပစ္စည်းတို့ကို စု၍ ချည်သည်၊ ချည်နှောင်သည်၊ စု၍ ချည်ထားသော ထင်းမြက်စသည့် အရာဝတ္ထု။ မြန်မာအဘိဓာန် အကျဉ်းချုပ်တွင် စည်းကို ဤသို့ ဖွင့်ဆိုထား၏။
ကမ်းဟူသည်
(၁) ချောက်၊ မြောင်၊ တောင်ယံ၊ ရေပြင်စသည်တို့၏ အနားဘောင်အဖြစ် တည်ရှိသော ကုန်းပိုင်း၊ (၂) အပိုင်းအခြား၊ မရိယာဒါ-သီလအပိုင်း အခြားတည်းဟူသော ကမ်း။ ကမ်း-(၁)လှမ်းပေးသည်၊(၂)ဝေငှသည်၊ (၃) အဆက်အသွယ်ပြုလုပ်သည်။ မြန်မာအဘိဓာန် အကျဉ်းချုပ်တွင် ကမ်းကို အထက်ပါအတိုင်း ဖွင့်ပြ၏။
စည်းကမ်းဟူသည်

စည်းကမ်းကို ''လိုက်နာစောင့် ထိန်းရမည့်ကျင့်ဝတ်''ဟူ၍ မြန်မာအဘိဓာန် အကျဉ်းချုပ်တွင် ဖွင့်ပြ၏။
စိတ်ဝင်စားစရာ
မြန်မာစာ မြန်မာစာသည် စိတ်ဝင်စားဖို့ အလွန်ကောင်း၏။ ဤစည်းကမ်းဟူသော ဝေါဟာရ၌ စည်းနှင့်ကမ်း အသီးသီးတစ်လုံးချင်း၌ အဓိပ္ပာယ် ကျယ်ပြန့်စွာရှိ၏။ စည်း နှင့် ကမ်းအရ တူပေါင်းလိုက်လျှင်လည်း အနက်အဓိပ္ပာယ်က ရှိနေသည်သာ၊ မြန်မာစာကို စိတ်ဝင်စားသူအဖို့ နှစ်မျိုးလုံး၏ အဓိပ္ပာယ်ကို သိသင့်၏။

စည်းကမ်းဟူသည် လူ၏တန်ဖိုး

စည်းကမ်းဟူသည် လူ၏တန်ဖိုးဟု ဆိုရိုးပြု၏။ မှန်၏။ လူပဲဖြစ်စေ၊ လူ့အဖွဲ့အစည်းပဲဖြစ်စေ စည်းကမ်းရှိမှသာ တန်ဖိုးရှိ၏။ မိမိကိုယ်ကို တန်ဖိုးရှိလူသားဖြစ်လိုလျှင် စည်းကမ်းရှိရ၏။ စည်းနှင့် ကမ်းနှင့် နေရ၏။ အရာရာစည်းနှင့် ကမ်းနှင့် လုပ်ရ၏။ မိမိတို့လူ့အဖွဲ့အစည်း တန်ဖိုးရှိလိုလျှင်၊ တိုးတက်လိုလျှင်၊ ကြီးပွားလိုလျှင်၊ ချမ်းသာလိုလျှင် အရာရာ၌  စည်းကမ်းရှိဖို့လို၏။ ဖွံ့ဖြိုးဆဲ နိုင်ငံအများစုသည် စည်းကမ်းမဲ့၏။ ဖွံ့ဖြိုးပြီး နိုင်ငံအားလုံးလိုလိုသည် စည်းကမ်းရှိ၏။ စည်းကမ်းရှိခြင်း၊ စည်းကမ်းမဲ့ခြင်းကပင် နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲဟူ၍ ပြဋ္ဌာန်းသွား၏။

ယခုကား ဥပဒေသစ်တွေကြောင့် ''၀ီရိယအကျိုး စောစောနိုး သူခိုးတုတ်နှင့်ပစ်လတ္တံ''ဟူဘိသကဲ့သို့ ၀ီရိယကောင်းသူအများစု နစ်နာကြရ၏။ နောက်ကျလေ ကောင်းလေ ဟူသကဲ့သို့ ချိန်ချိန်ဆဆနောက်ကျ သူအချို့ သက်သာခွင့်ရကြ၏။ သန်းခြောက်ဆယ်ခန့်သော ပြည်သူနှင့် ကားနှင့်မည်သို့မျှ မသက်ဆိုင်၊ ကားနှင့်သက်ဆိုင်သူမှာ သန်းခြောက်ဆယ်ထက်ကျော်လွန်သော အစွန်းထွက်ထဲတွင်မှ အနည်းစုမှ အနည်းစုလေး သာဖြစ်လေ၏။ (ကားစီးနိုင်သူ တစ်သန်းမျှမရှိသေး)ရန်ကုန်နေ ပြည်သူအများစုကတော့ ကားကျပ်လို့ ဒုက္ခရောက်သော ဒုက္ခသာလျင် လက်တွေ့ ခံစားရလေ၏။ ထိုသို့ ကားကျပ်ရာတွင်လည်း ကားများလို့ ကားကျပ်ခြင်းထက် လိုင်းကားနှင့်အငှားကားအများစု၊ အိမ်စီးကားအနည်းစု ကိုယ့်နေရာကိုယ် မတင်းတိမ်၊ စည်းကမ်းတကျ တန်းမစီ၊ ဟိုကျော်တက် သည်ကျော်တက်၊ ဟိုကဖြတ်ဝင် သည်က ဖြတ် ၀င် စည်းမဲ့ကမ်းမဲ့ ပရမ်းပရာနိုင်မှုတွေနှင့် လမ်းဘေးစည်းကမ်းမရှိ ကားရပ်နားမှုတွေကြောင့် လမ်းပိတ်ဆို့၍ ကားကျပ်ရသည်က အဓိကအကြောင်းအချက်တစ်ခုအဖြစ် ပါဝင်နေ၏။ တာဝန်ရှိသူများ တာဝန်သိဖို့နှင့် တာဝန်ကျေဖို့တော့ အထူးလိုနေပြီ။
စည်းကမ်းကောင်းမှ ကမ်းကောင်းမည်

စည်းနှင့်ကမ်းကို ခွဲ၍သုံးလျှင် အဓိပ္ပာယ်အလွန်လှ၏။ စည်းဟူသည် ကျင့်ဝတ်ဖြစ်၏။ ကမ်းဟူသည် ဟိုမှာဘက်ကမ်း၊ တစ်ဖက်ကမ်း၊ ပန်းတိုင်ဖြစ်၏။ ကမ်းမှန်ဖို့အတွက် လမ်းမှန်ဖို့၊ စည်းမှန်ဖို့လို၏၊ ကမ်းကောင်းဖို့အတွက် လမ်းကောင်းဖို့၊ စည်းကောင်းဖို့လို၏။ သုံးဆယ့်တစ်ဘုံသည် ဤမှာ ဘက်ကမ်းဖြစ်၏။ နိဗ္ဗာန်ကား ဟိုဘက်ကမ်းဖြစ်၏။ ဤမှာဘက်ကမ်း၌ အိုနာသေစေသော ဘေးဒုက္ခတွေ များလှ၏။ နိဗ္ဗာန်ဟိုမှာ ဘက်ကမ်းရောက်မှ ဘေးလွတ်၏ ဘေးကင်း၏၊ ပါဠိတော်တွင် ရဟန္တာဖြစ်ခန်းကိုပြဆိုရာ၌ ပါရင်္ဂတော-ပါရဂူစသည် ဖြင့်ပြ၏။ နိဗ္ဗာန်ဟိုမှာဘက်ကမ်း ကိုရောက်သွားသူဟူ၍ အဓိပ္ပာယ်ရ၏။ နိဗ္ဗာန်ဟိုမှာ ဘက်ကမ်းရောက်ဖို့ စောင့်စည်းရ၏။ စောင့်စည်းဟူသည် စည်းစောင့်ခြင်းပင်ဖြစ်၏။ ယင်းစည်းကားအခြားမဟုတ် ဒါန သီလစသည့် ပါရမီကျင့်စဉ်များပင်တည်း။
စောင့်စည်းကို စည်းစောင့်ခြင်းဟု ဆို၏။ မှန်၏။ မကြာမီဇွန်၊ ဇူလိုင်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပြဿနာသည် ယခင်နှစ်ပေါင်း သုံးဆယ်လေးဆယ်ကတည်းက မြန်မာနိုင်ငံအနောက်ဘက် နယ်နိမိတ် စည်းကိုစောင့်ဖို့ တာဝန်ကျသူအရာရှိ တချို့မိမိစည်းကို လုံခြုံအောင်မစောင့် ရှောက်၊ (စည်းဖောက်ခြင်း၊ စည်းပေါက်ခြင်း)ကအခြေခံခဲ့သော ပြဿနာဖြစ်လေသည်၊ ယခုယင်းပြဿနာသည်ပေါ့ သေးသေးမဟုတ်တော့။

မျိုးချစ်မြန်မာတို့သည် ယင်းအနောက်ဘက်စည်းကိုသာ မဲ၍မနေ သင့်၊ ယင်းအနောက်ဘက်စည်းလုံခြုံဖို့ အရေးကြီးသလို၊ အရှေ့မြောက် ဘက်စည်းကလည်း အသက်တမျှ အရေးကြီး၍နေလေသည်၊ မကြာခင်က ''ရေ၀ယ်တယ်၊ မြေ၀ယ်တယ်၊ ရွှေဝယ်တယ်၊ လူလည်းဝယ်တယ်'' ဟူသော ရုပ်ပြောင်ကာတွန်းတစ်ကွက်မှာ အလွန်ပင် အဓိပ္ပာယ်ထိမိ၍ သတိကြီးစွာပြုရမည့် နှိုးဆော်ချက်တစ်ခု ဖြစ်လေသည်။


ဆရာကြီးလူထုစိန်ဝင်းက 'ဒီမိုကရေစီသည် ပန်းတိုင်မဟုတ်'ဟု ဆိုခဲ့သည်၊ မှန်ပါသည်၊ ပန်းတိုင်ကား စားဝတ်နေရေးပြေလည်မှု၊ ချောင်ချိမှု၊ ပြည့်စုံချမ်းသာမှုဖြစ်သည်၊ ယင်းကိုပင်ကမ်းဟု ဆိုနိုင်သည်။ ဒီမိုကရေစီသည် နိုင်ငံရေးစနစ်တစ်ခုဖြစ်သည်။ စည်းစနစ်ဆိုသည့်အတိုင်း ဒီမိုကရေစီစနစ်သည် စည်းဖြစ်သည်

ကာတွန်းရုပ်ပြောင်တစ်ခုတွင် အဘိုးတစ်ဦးက ''အဘိုးတို့ငယ်ငယ်က ဒို့မန်းသူမန်းသားတွေဟာ အသား ကမဲမဲလေးတွေ၊ စကားက ဗမာ စကားတစ်မျိုးပဲတတ်တယ်။ အခု မန်းသူမန်းသားတွေကတော့ အသားတွေလည်း ဖြူကုန်ပြီ၊ စကားကလည်း တရုတ်စကားပါတတ်ကုန်ပြီ'' ဟူ၍ တွေ့ရသည်မှာ အထူး သတိပြုဖွယ်ပင်၊ မိမိတို့မှာ ဆိုးပေနှင့်မောင်မဲတို့ကြားမှာ ညပ်၍နေလေတော့၊ ဆိုးပေမောင်မဲတို့၏ အရာရာဝါးမြိုခံရမည့် အရေးကို မျိုးချစ်သွေးနှင့် ကြံ့ကြံ့ခံဖို့၊  တွန်းလှန်ဖို့ အချိန်ရောက်၍ နေပြီ။

မြန်မာစကားတစ်လုံးနှင့်စပ်၍ ပြောစရာတွေ ပေါ်ပေါ်လာသည်၊ ဆောင်းပါးရှည်သွားလို့ ယခုလိုရင်း ပြန်ကောက်ပါတော့မည်၊ ဆရာကြီးလူထုစိန်ဝင်းက''ဒီမိုကရေစီသည် ပန်းတိုင်မဟုတ်''ဟု ဆိုခဲ့သည်၊ မှန်ပါသည်၊ ပန်းတိုင်ကားစားဝတ်နေ ရေးပြေလည်မှု၊ ချောင်ချိမှု၊ ပြည့်စုံ ချမ်းသာမှုဖြစ်သည်၊ ယင်းကိုပင်ကမ်းဟု ဆိုနိုင်သည်။

ဒီမိုကရေစီသည် နိုင်ငံရေးစနစ်တစ်ခုဖြစ်သည်၊ စည်းစနစ်ဆိုသည့်အတိုင်း ဒီမိုကရေစီစနစ်သည် စည်းဖြစ်သည်၊ ဒီမိုကရေစီသည် စည်းကမ်း ပြည့်ဝ၊ မပြည့်ဝပြောဖို့ မလို၊ နိုင်ငံရေးစနစ်ထဲမှာတော့ အကောင်းဆုံးစနစ်ဟု တစ်ကမ္ဘာလုံးက လက်ခံကျင့်သုံးနေသည်၊ ယင်းဒီမိုကရေစီစနစ် ကိုသာ ပြည့်ပြည့်၀၀ အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးသည်၊ ယင်းစည်းစနစ် အကောင်အထည်ပေါ်လျှင် စားဝတ်နေရေးပြေလည်မှု၊ ပြည့်စုံချမ်းသာမှု ဟူသော ကမ်းသို့ရောက်ပါလိမ့်မည်၊ ပြည်သူအများစု စားဝတ်နေရေး မပြေလည်သေးလျှင်လည်း ဒီမိုကရေစီစနစ်အကောင် အထည်မပေါ်သေး၊ ဒီမိုကရေစီမရသေးဟူ၍ မှတ်ယူရပါမည်၊ စည်းကောင်းမှ ကမ်းကောင်း ပါလိမ့်မည်။

Ref:EMG

Wednesday, August 22, 2012

အမျိုးသား ရင်ကြားစေ့ရေးမူနှင့်အားပြိုင်လွန်ဆွဲမှု၊ ကွဲလွဲမှုများ

မြန်မာနိုင်ငံ၏ ပြန်လည် ထူထောင်ရေး လုပ်ငန်းများမှာ အရှိန်တစ်ခု လိုအပ်နေပြီ ဖြစ်ပါသည်။ ယနေ့ကာလကို သုံးသပ်လျှင် နိုင်ငံရေးအရ အတော်အတန် ပွင့်လင်းလာသည့် အခြေအနေတစ်ခုသို့ ရောက်ရှိနေတာ မှန်သော်လည်း တိုးတက်မှု အရှိန်နှုန်းမှာ မြင့်မလာသေး။ နှစ်ပေါင်းများစွာ နောက်ကျ ကျန်ရစ်ခဲ့သော နိုင်ငံအနေနှင့် ပြန်လည် တိုးတက် မြင့်မားလာအောင် လုပ်ဆောင်ရာမှာ အရှိန်နှုန်း မြင့်မြင့်၊ အဟုန်ပြင်းပြင်းဖြစ်ဖို့ လိုအပ်တာ အမှန်ပဲ ဖြစ်ပါသည်။
          မြန်မာပြည်သူလူထု၏ အဓိက မျှော်မှန်းချက်မှာ ဒီမိုကရေစီ အခွင့်အလမ်းများ အပြည့်အ၀ရရှိရေး ဖြစ်ပါသည်။ ထို့နောက် နိုင်ငံရေး အင်အားစုများအကြားမှာ ညှိနှိုင်း ဆွေးနွေးကာ အလုပ်တူ ပူးပေါင်း လုပ်ဆောင်ကြသည့် အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ကို ပြည်သူလူထုက အိပ်မက်နေကြတာ ဖြစ်ပါသည်။ နိုင်ငံရေး ခေါင်းဆောင်များ အမျိုးသားညီညွတ်ရေး တည်ဆောက်ကြပြီးနောက် ပြည်တွင်း ငြိမ်းချမ်းရေးကို မရအရ ကြိုးစားရယူကြတာကို မြန်မာပြည်သူတို့က မြင်ချင်နေကြတာ ဖြစ်ပါသည်။ တစ်ပြိုင်နက်တည်းမှာ နိုင်ငံတကာနှင့် နားလည်မှု ရယူကာ စီးပွားရေး ပူးတွဲ လုပ်ဆောင်စရာ ရှိသည်များကို လုပ်ဆောင်၊ စီးပွားရေး အကူအညီ၊ ပညာရေး အကူအညီ၊ ကျန်းမာရေး အကူအညီ၊ နည်းပညာ အကူအညီများကို ရယူ စရာရှိတာ ရယူပြီး နိုင်ငံတကာနှင့် ချစ်ကြည်စွာ ဆက်ဆံကြသည့် အခြေအနေမျိုးကို မျှော်လင့်နေကြတာ ဖြစ်ပါသည်။ ဒါတွေက ပြည်သူ့ဆန္ဒများ။ ပြည်သူ့လိုလားချက်များ။ ပြည်သူ့မျှော်လင့် ချက်များ။ ပြည်သူ့အိပ်မက်များ။
          လက်တွေ့ဘ၀တွင်မူ ပြည်သူ့အိပ်မက်များနှင့် ဖြစ်ပျက်နေသည်တို့က အဝေးကြီးမှာပဲ ရှိနေသေးတာကို တွေ့ရပါသည်။ ဘာတွေ အားနည်းနေတာလဲ။ ဘာတွေ လိုအပ်နေတာလဲဟူသော မေးခွန်းကို ပြည်သူလူထုက အကြိမ်ကြိမ် မေးနေကြတာ ဖြစ်ပါသည်။ အခြေအနေတွေ ပြောင်းလဲလာနေပြီဟု ပြောဆိုနေကြ သော်လည်း ပြည်သူ လူထု၏ လက်တွေ့ဘ၀မှာ အရေးကြီးသော ပြောင်းလဲမှုများကို မမြင်ရသေး။
          သည်တော့ လက်ရှိ နိုင်ငံရေး အနေအထားများကို အစိုးရနှင့် အာဏာရ ပါတီအနေဖြင့် စနစ်တကျ ပြန်လည် သုံးသပ်သင့်ပြီဟု ထင်ပါသည်။ ယခု အစိုးရမှာ အစိုးရသစ် ဖြစ်ပါသည်။ အစိုးရသစ်ဟာ ယခင်အစိုးရ၏ အမွေကို ဆက်ခံခဲ့တာ ဖြစ်သော်လည်း အမြင်သဘောထားများက ယခင် အစိုးရ အတိုင်းဖြစ်ဖို့ မလိုပါ။ အမြင်သစ်၊ သဘောထားအသစ်ဖြစ်ဖို့ လိုပါလိမ့်မည်။ လူတွေ မပြောင်းဘူး ဆိုသော်လည်း မူတွေ လမ်းစဉ်တွေ ပြောင်းဖို့ ကြိုးစားနေချိန်မှာ သဘောထားအမြင်နှင့် လုပ်ကိုင် ဆောင်ရွက်ပုံများကို ပြောင်းလဲဖို့ လိုအပ်မည်ဟု ထင်ပါသည်။ လက်တွေ့ ဆောင်ရွက်မှု ပုံစံသစ်ကို စတင်ဖို့ လိုပါပြီ။
          လွတ်လပ်ရေးရပြီး မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်ကြည့်သည့်အခါ နိုင်ငံတွင်း ပြဿနာများ ရှိလာသည့်အခါများတွင် တစ်ယောက်ယောက်ကို အပြစ်ရှာသည့် နည်းကိုပဲ သုံးတာ များပါသည်။ တကယ့် ဘ၀များတွင်မူ၊ တစ်စုံတစ်ယောက်ကို အပြစ်တင်လိုက်ရုံမျှဖြင့် ပြဿနာများ ပြေလည်သွားခဲ့တာ မဟုတ်ပါ။ ယခုအချိန် ကတော့ ပြဿနာများကို တကယ်တမ်း ဘယ်လိုဖြေရှင်းမည်လဲ ဆိုတာကို ပြန်လည် သုံးသပ်ကြည့်ရမည့် အချိန်ဖြစ်ပါသည်။ မိမိထံမှာ ရှိသည့် အပြစ်များကို ရှာဖွေ သုံးသပ်ပြီး အဖြေရှာရမှာ ဖြစ်ပါသည်။
          မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး ကိုယ့်ထီးကိုယ့်နန်း ဖြစ်လာပြီးချိန်က စကာ ပြည်တွင်းစစ်ကို ဖြတ်သန်းခဲ့ရပါသည်။ ပေါကြွယ်ဝလှသည့် သဘာဝ သယံဇာတများ ရှိပါလျက်နဲ့ တိုးတက်ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဖြစ် တဖြည်းဖြည်း ရောက်လာခဲ့ ရပါသည်။ ပြည်သူလူထုမှာလည်း အထွေထွေ အကျပ်အတည်းများ၏ ဖိစီးမှုများ အောက်တွင် ဆင်းရဲမွဲတေ လာခဲ့ကြပါသည်။ ဒီလို တွေ့ကြုံလာခဲ့ရသည့် ဖြတ်သန်းခဲ့ရသည့် ကာလကြီးတစ်ခုလုံးကို သုံးသပ်မည်ဆိုလျှင် အစဉ်အဆက်သော နိုင်ငံခေါင်းဆောင်များသည် အမှားအယွင်းများ အကြီးအကျယ် လုပ်ခဲ့ကြပြီဆိုတာ အလွန် သိသာလှပါသည်။ သို့သော်လည်း အဆိုပါ အမှားများအတွက်ကို မည်သူ တစ်ဦးတစ်ယောက်သော ခေါင်းဆောင်ကမှ ၀န်မခံခဲ့ဖူးပါ။ အားလုံးသော ခေါင်းဆောင် အသီးသီးဟာ ဘယ်သူ့မှာမှ တာဝန်မရှိသလို၊ ဘာအမှားအယွင်းမှ မလုပ်ခဲ့ကြသလို နေခဲ့ကြတာ ဖြစ်ပါသည်။
          သည်လောက် ပြည့်စုံသည့်နိုင်ငံ၊ အရှေ့တောင်အာရှမှာ ထိပ်ဆုံးတန်း နိုင်ငံ တစ်ခုဘ၀မှ သည်လို ဆင်းရဲမွဲတေသည့် နိုင်ငံဖြစ်လာခဲ့ရတာဟာ ခေါင်းဆောင်များ ဘာအမှားမျှ မလုပ်ဘဲ ဖြစ်ခဲ့ကြတာ မဖြစ်နိုင်ပါ။ အမှားမရှိတာ ဘယ်လိုမှ မဖြစ်နိုင်။ တိုင်းပြည်၏ နစ်နာဆုံးရှုံးမှုများအတွက် တာဝန်အရှိဆုံးဟာ အစိုးရများသာ ဖြစ်ပါလိမ့်မည်။ ဖဆပလအစိုးရ၊ တော်လှန်ရေးကောင်စီ၊ လမ်းစဉ်ပါတီအစိုးရ၊ န၀တ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အားလုံးသော အစိုးရများမှာ တာဝန်အမျိုးမျိုးရှိခဲ့ကြတာ ဖြစ်ပါသည်။ ဒါကိုတော့ ကိုယ်တိုင် ၀န်ခံသည်ဖြစ်စေ၊ ၀န်မခံသည်ဖြစ်စေ၊ ပြည်သူလူထုက ဒီလိုပဲ နားလည်ခဲ့ကြပြီး ဖြစ်ပါသည်။ ပြည်သူလူထု၏ လိုအင်ဆန္ဒမှာ အစိုးရက ပြည်သူလူထုအပေါ်မှာ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ဆက်ဆံတာကိုပဲ ဖြစ်ပါသည်။ အမှားကို အမှားဟု ၀န်ခံတတ်ဖို့ လိုတာဖြစ်သည်။
          အစိုးရသစ်က မြန်မာနိုင်ငံဟာ ဆင်းရဲမွဲတေနေပြီ၊ တိုးတက်အောင် ပြန်လည် ထူထောင်ရမည်ဟု ၀န်ခံစကား ပြောတာကို ကြားလိုက်ရသည့်အခါ ပြည်သူလူထုက အစိုးရ၏ ပွင့်လင်းမှုကို ချက်ချင်း အသိအမှတ်ပြုကြပါသည်။ နှစ်ပေါင်း များစွာ အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် သည်လို ၀န်ခံတာကို ကြားခဲ့ရတာ ဖြစ်ပါသည်။
          အစိုးရအဆက်ဆက် တစ်လျှောက်လုံး ပြောနေခဲ့ကြသည်မှာ မြန်မာနိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်နေပြီ၊ ခေတ်မီနေပြီ၊ အေးချမ်းသာယာနေကြပြီ၊ အားကစားက အစ ကမ္ဘာကို လွှမ်းတော့မည် ဆိုတာတွေပဲ ဖြစ်ပါသည်။ အစိုးရသစ်က နိုင်ငံ၏ ဆင်းရဲမွဲတေမှုကို အဖြစ်မှန်အတိုင်း လက်ခံပြီး ၀န်ခံလိုက်သည့်အခါမှာ ပြည်သူလူထုက အားတက်သွားခဲ့ကြသည်မှာ အမှန်ပါ။ ဒါဟာ လမ်းမှန်ကို သွားနိုင်သည့်လမ်းဖြစ်ပါသည်။ အမှားကို ၀န်ခံခြင်းဖြင့် အမှန်ဆီသို့ ဦးတည်နိုင်ပြီဟု ယူဆကြတာ ဖြစ်ပါသည်။
          သည်လိုပါပဲ။ တိုင်းပြည်တွင်းမှာ လာဘ်ပေးလာဘ်ယူမှုတွေ များနေပြီ။ ဒါကို ကိုင်တွယ် ဖြေရှင်းကြရမှာ ဖြစ်သည်ဟု ဦးသိန်းစိန်က ပြောလိုက်သည့်အခါမှာ ဒါဟာ အစိုးရအဖွဲ့မှာ ရှိနေသည့် အားနည်းချက် ချွတ်ယွင်းချက်ကို ၀န်ခံလိုက်တာ ဖြစ်ပါသည်။ သန့်ရှင်းသည့် အစိုးရဖြစ်ဖို့ လိုသည်ဟု ပြောလိုက်သည့်အခါမှာ ပြည်သူလူထုက သဘောကျခဲ့ကြပါသည်။ သည်တော့ အဖြစ်မှန်တွေကို အဖြစ်မှန် အတိုင်း သုံးသပ် လက်ခံကြသည်မှာ ပြည်သူလူထု၏ ယုံကြည်မှုကိုရဖို့ နီးစပ်သော ခြေလှမ်းဖြစ်ပါသည်။ တိုင်းပြည် ထူထောင်ရေး အရှိန်အဟုန် မြင့်မားမလာခြင်း၏ အဓိကပြဿနာကို ရှာဖွေ သုံးသပ်ဖို့ အချိန်ရောက်နေပြီဟု ထင်ပါသည်။
          ဤသို့ဆိုလျှင် ပြည်သူ့ မျှော်လင့်ချက်နှင့် အလှမ်းကွာနေသော လက်ငင်း ပြဿနာတစ်ခုမှာ အမျိုးသားညီညွတ်ရေး ဖြစ်သည်ဟု ဆိုချင်ပါသည်။ နိုင်ငံရေး ခေါင်းဆောင်များအကြား ညီညွတ်မှု၊ အတူ ပူးပေါင်း လက်တွဲလုပ်ဆောင်ကြသည့် လက်ချင်းချိတ်၊ ကျောချင်းကပ်ပြီး အဖွဲ့အစည်း ပုံစံစစ်စစ်ဖြင့် တာဝန်ယူ လုပ်ဆောင်မှု မျိုးကို မမြင်ရသေးပါ။ ညှိနှိုင်း လုပ်ဆောင်နိုင်သည့် လုပ်ငန်းများဖြစ်သည်ဟု ပြည်သူလူထုက ယူဆသော လုပ်ငန်းများကိုပင် ကွဲလွဲငြင်းခုံနေကြတာကို တွေ့နေရတာဖြစ်သည်။ အားပြိုင်မှုများ၊ လွန်ဆွဲမှုများက ရှေ့တန်း ရောက်ရောက် လာတာကို မြင်နေရတာဖြစ်သည်။ အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော်နှင့် သမ္မတတို့အကြား ကွဲလွဲမှု၊ လုပ်ပိုင်ခွင့် အာဏာရှိသူများ၏ ပိုင်ဆိုင်သည့် ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်များနှင့် စပ်လျဉ်း၍ ကြေညာရန် သမ္မတက ညွှန်ကြားချက်ထုတ်သည်ဟု ကြားပြီးမှ လွှတ်တော်တွင်းမှ ပိုင်ဆိုင်ခွင့် ကြေညာရန် အဆိုရှုံးနိမ့်သွားခြင်းတို့မှာ အရေးပါသော ကွဲလွဲမှုများ ဖြစ်လာပါသည်။
          အခြားတစ်ဖက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ နေပြည်တော်တွင် နှစ်နာရီခွဲ ကြာအောင် ထပ်မံ တွေ့ဆုံပြီး ဆွေးနွေးကြ သည်ဟု သတင်းထွက်ပေါ်လာသည့်အခါ ပြည်သူလူထုကြားမှာ အားတက်မှု ဖြစ်ရပြန်ပါသည်။
          ယခု တွေ့ဆုံမှုက တတိယအကြိမ် သီးသန့် တွေ့ဆုံမှုဖြစ်သည်။ အစိုးရအဖွဲ့နှင့် ဒီမိုကရေစီအင်အားစုများ ဘယ်လို ပူးပေါင်း လုပ်ဆောင်နိုင်မှုများ ရှိလာမည်လဲ ဆိုတာကို ပြည်သူလူထုက အကဲခတ်နေကြတာ ဖြစ်သည်။ သည်လို ဖြစ်လာလျှင် ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် မြင့်မားလာနိုင်သည်ဟုလည်း ခန့်မှန်းကြပါသည်။
          ယင်းသို့ မတွေ့ဆုံမီတွင် ၇ သြဂုတ် ၂၀၁၂ နေ့က ပြည်သူ့လွှတ်တော်က ဖွဲ့စည်းသော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ ဖြစ်လာသည်။ ဥပဒေစိုးမိုးရေးကို အလေးထား ကိုင်တွယ်မည်ဆိုလျှင် ကော်မတီက အုပ်ချုပ်ရေးမဏ္ဍိုင်၏ အားနည်းချက်များကိုပါ လေ့လာဆန်းစစ် ဝေဖန်ရသည့် အလုပ်များရှိလာပါမည်။ လက်ငင်း မြင်တွေ့နေရသည့် အခြေအနေများအရ ယင်းကော်မတီအနေဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်ကို ထိန်းချုပ် ကန့်သတ်နိုင်လောက်သည့် လုပ်ပိုင်ခွင့်မရှိသော်လည်း ဝေဖန်ထောက်ပြနိုင်ခွင့်ကိုတော့ ရရှိလာပြီဟု ယူဆပါသည်။ ယင်းမှတစ်ဆင့် ဒီမိုကရေစီအင်အားစုများနှင့် တပ်မတော် အခြေပြု အစိုးရတို့အကြား အာဏာနှင့် လုပ်ပိုင်ခွင့်ကို ခွဲဝေတာဝန်ယူသည့် အဆင့်သို့ တက်လှမ်းလာနိုင်သော သဘောရှိလာပါသည်။
          အမျိုးသား ရင်ကြားစေ့ရေးဆိုသည်မှာ စကားအဖြစ် မဟုတ်ဘဲ တကယ့် ယုံကြည်ချက်အဖြစ် ခံယူပြီး တည်ဆောက်ကြရမှာ ဖြစ်ပါသည်။                      

၁၇  သြဂုတ်  ၂၀၁၂
(သြဂုတ် ၂၃/၂၀၁၂၊ အတွဲ ၃၊ အမှတ် ၁၀၈ ပြည်သူ့ခေတ် အယ်ဒီတာအာဘော်)

Monday, August 20, 2012

. . . . . . ပြောပြချင်ပါတယ် (၆) Written by သန်းထွဋ်အောင်

၁၄-၉-၁၉၈၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ သတင်းဖော်ပြချက်
 (၁) 
ကျွန်တော်တို့ ငယ်ငယ်က ကျွန်တော့်မိဘတွေက အမြဲဆုံးမတာ ရှိပါတယ်။ ''မင်းစခဲ့တဲ့အလုပ် မင်းပြီးအောင်လုပ်ရမယ်'' တဲ့။ ''You  have to finish what you start.'' ကိုယ်စခဲ့တဲ့ အလုပ်ကိုတောင် ကိုယ်ပြီးအောင် မလုပ်နိုင်တဲ့သူဆိုတာ လူပျော့ လူညံ့၊ တန်ဖိုးရှိတဲ့လူမဟုတ်ဘူးလို့ အမြဲ ဆုံးမပါတယ်။
(၂)
၈ ရက် ၈ လဆိုတဲ့ရက်ရောက်တိုင်း ကျွန်တော်အမြဲ ဒီစကားလုံးကို သတိရပါတယ်။ ကျွန်တော်တို့ အထူးသဖြင့် ကျွန်တော်တို့နဲ့ ရွယ်တူ အသက် ၂၀-၂၅ ရှိတဲ့ ကျောင်းသားလူငယ်တွေဟာ ဒီ ၁၃၅၀ ပြည့် အရေးတော်ပုံကြီးမှာ ဦးဆောင်မှုအ ခန်းကဏ္ဍက ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။
၂၆ နှစ်တာကာလအတွင်း အရှေ့တောင်အာရှမှာ ထွန်းသစ်စ နိုင်ငံတစ်ခုကို ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖြစ်အောင် လုပ်ခဲ့ခြင်း၊ မိမိနဲ့ သဘောထားကွဲသူတွေကို (အထူးသဖြင့် ကျောင်းသားတွေကို) ရက်ရက်စက်စက် ဖိနှိပ်ခြင်း၊ အခွင့်ထူးခံ လူတန်းစားနဲ့ ဖိနှိပ် ခံလူတန်းစားတွေကြား လူတန်းစား ကွာဟမှုကြီးမားခြင်း၊ လူငယ်တွေရဲ့ ထွက်ပေါက်ပိတ်ခြင်းတို့က ဒီလူထု အုံကြွမှုကြီးကို ဖြစ်ပေါ်စေခဲ့တာပဲ ဖြစ်ပါတယ်။ ဒီ ၈၈ အပြောင်းအလဲကြီးကြောင့် အသက်ခန္ဓာ စတေးခဲ့ရသူတွေ၊ ဘ၀တွေ စတေးခဲ့ရသူတွေ၊ ရည်မှန်းချက်တွေ စွန့်လွှတ် အနစ်နာခံခဲ့ရသူတွေ၊ ဘ၀အကွေ့အချိုးတွေ ပြောင်းခဲ့ရသူတွေ သိန်း၊ သန်းချီ ရှိခဲ့ရပေမယ့် ကျွန်တော်တို့ မျှော်မှန်းခဲ့တဲ့နိုင်ငံ၊ ကျွန်တော်တို့ရည်စူးခဲ့တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းကတော့ ဖြစ်ပေါ်မလာခဲ့ပါဘူး။
ကျွန်တော်တို့နဲ့တန်းတူ ဒီမိုကရေစီတောင်းဆိုခဲ့တဲ့ အရှေ့ဥရောပနိုင်ငံတွေကို မော့မကြည့်ပါနဲ့။ ကိုယ့်နောက်က ဘင်္ဂလားဒေ့ရှ်၊ စစ်ဒဏ်ခံရတဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုတို့တောင် ကျော်တက်ပြီး အာရှတိုက်ရဲ့ အဆင်းရဲ၊ အနိမ့်ကျဆုံး နိုင်ငံ ဖြစ်ခဲ့ရတယ်။ အဖိနှိပ်ခံလူတန်းစားတွေ ပိုဖိနှိပ်ခံရတယ်။ လူငယ်၊ လူရွယ်တွေ မျှော်လင့်ချက် လုံးဝမရှိတဲ့ဘ၀ အာရှတိုက်နိုင်ငံအနှံ့အပြားမှာ ကျွန်သာသာအလုပ်တွေ ထွက်လုပ်ကြရတယ်။ လူတွေရဲ့ စိတ်ဓာတ်တွေ၊ အကျင့်စာရိတ္တတွေ နိမ့်ကျ ပျက်စီးလာခဲ့ရတယ်။ ကျွန်တော်တို့ မျှော်မှန်းခဲ့တဲ့နိုင်ငံ၊ ကျွန်တော်တို့ ဖြစ်ချင်ခဲ့တဲ့ လူ့အဖွဲ့အစည်း . . . . .  ကျွန်တော်တို့မျိုးဆက် ညံ့ခဲ့ကြတယ်။ ကျွန်တော်တို့ ညံ့လို့ ကျွန်တော်တို့ရဲ့ နောက်  မျိုးဆက်တွေ ခံစားနေရဆဲပဲလေ။


နိုင်ငံသားအဖြစ်ကို လွယ်လွယ်ပေးလို့ မရတာ ကျွန်တော်တို့နိုင်ငံရဲ့ ပထ၀ီ အနေအထားကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကို သဘောမတူလို့ OIC လို နိုင်ငံတွေနဲ့ မွတ်ဆလင်အစွန်းရောက်တွေရဲ့ ရန်ပြုခြင်းကို ခံရမယ်ဆိုရင်လည်း  ကျွန်တော်တို့ဟာ အစ္စရေးနိုင်ငံလိုပဲ ပြုမူ ကျင့်ကြံ နေထိုင်ရမှာ ဖြစ်ပါတယ်  . . .


ကျွန်တော်တို့ ဘာတွေမှားလို့၊ ဘာတွေဖြစ်ခဲ့ရသလဲ။ နိုင်ငံရေး အပြောင်းအလဲတွေမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးမှာပဲဖြစ်ဖြစ် အရေးကြီးဆုံးက ရဲရင့်ခြင်းသတ္တိ (courage) ဒီမှာ မညံ့ခဲ့ဘူး၊ တွေးခေါ်မြော်မြင်မှု (Ideology) ဒီမှာ မညံ့ပါဘူး။ ဒါပေမဲ့ မျှခြေကို ဖန်တီးနိုင်စွမ်း (Balancing Act) မှာတော့ ကျွန်တော်တို့ ညံ့ခဲ့ကြတယ်။ ကျွန်တော်တို့ဟာ ၈၈ ကို Revolution(တော်လှန်ရေး) လို့ ယူဆခဲ့ကြတယ်။ လက်နက်မဲ့တော်လှန်ရေးဟာ Evolution တရွေ့ရွေ့ဖြစ်စဉ်ကိုလည်း မျှော်လင့်ရမယ်ဆိုတာ မေ့လျော့ခဲ့တယ်။ ဒါကြောင့် အစွန်းရောက်မှုတွေ၊ ခေါင်းဆောင်မှု မညီညွတ်မှုတွေရဲ့ကြားမှာ အာဏာရှင်စနစ်က ပန်းပန်သွားခဲ့တယ်။ ကျွန်တော်တို့ မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီနိုင်ငံ၊ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုစစ်စစ် ဘာမှဖြစ်မလာခဲ့ဘူး။
(၃)
အယူဝါဒကွဲတွေ၊ လူမျိုးကွဲတွေ၊ ရှုပ်ထွေးတဲ့ သမိုင်းစဉ်တွေရဲ့ကြားမှာ ကြီးပြင်းခဲ့ရတဲ့ ကျွန်တော်တို့နိုင်ငံမှာ ဘာပဲလုပ်လုပ် ကျွန်တော်တို့အတွက် မျှခြေကို ဖန်တီးနိုင်မှုစွမ်းရည် (Balancing Act) ကတော့ အရေးကြီးပါတယ်။

အရင်ရေးခဲ့တဲ့အထဲမှာ ဒီမိုကရေစီကို နောက်ပြန်သွားနိုင်တဲ့ အချက် သုံးချက်ရှိပါတယ်။
(၁) တိုင်းရင်းသားများအရေးနဲ့ ပြည်ထောင်စုစစ်စစ် ဖော်ဆောင်ရေး ပြဿနာ၊
(၂) တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်ခြင်းနှင့် တရားဥပဒေစိုးမိုးမှု ပြဿနာ၊
(၃) အဂတိတရားလိုက်စားမှုနှင့် စီးပွားရေး တိုးတက်မှုနှောင့်နှေးခြင်း ပြဿနာ။
အဲဒီထဲမှာ အရေးကြီးဆုံးဖြစ်တဲ့ (၁) တိုင်းရင်းသားများအရေးနဲ့ ပြည်ထောင်စုစစ်စစ် ဖော်ဆောင်ရေး ပြဿနာဟာ အရေးကြီးဆုံးနဲ့ အထိခိုက် အရှအလွယ်ဆုံး ပြဿနာ ဖြစ်ပါတယ်။ အခု ဒီပြဿနာထဲက တစ်ခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများနဲ့ ဘင်္ဂါလီလူမျိုးများရဲ့ ပြဿနာမှာ အခုဆိုရင် UN အပါအ၀င် နိုင်ငံတကာ မွတ်ဆလင်နိုင်ငံများရဲ့ ပုံကြီးချဲ့မှုကြောင့် ပြဿနာဟာ ထိခိုက်အရှအလွယ်ဆုံး ပြဿနာဖြစ်သလို ဒီပြဿနာကိုသာ ပါးနပ်လိမ္မာစွာ မကိုင်တွယ်ဘူးဆိုရင် နိုင်ငံရဲ့အနာဂတ် ဒီမိုကရေစီ အပြောင်းလဲကိုသာမက ပြည်ထောင်စုစစ်စစ် မျှော်မှန်းချက်တွေကိုပါ ထိခိုက်သွားနိုင်ပါတယ်။ ကျွန်တော်တို့ ပါးနပ်ရပါမယ်။ ဒီနေရာမှာ အရေးကြီးဆုံးကလည်း Balancing Act(မျှခြေကို ဖန်တီးနိုင်တဲ့လုပ်ဆောင်မှု)ပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော်ဆွေးနွေးချင်တာက စစ်အုပ်ချုပ်ရေး ခေတ်လွန် မြန်မာနိုင်ငံမှာ နိုင်ငံ့လုံခြုံရေးနဲ့ နိုင်ငံတကာဆက်ဆံရေး မဟာဗျူဟာပါပဲ။ ကျွန်တော်တို့ဟာ ဒီရိုဟင်ဂျာပြဿနာကို လူမျိုးရေး၊ ဘာသာရေးရှု ထောင့်ထက် ဒီရှုထောင့်ကပဲ အဓိကထား စဉ်းစားသင့်တယ်ထင်ပါတယ်။ (က) ဇယားပါ လူနေသိပ်သည်းမှု နှုန်းအရဆိုရင် မြန်မာနိုင်ငံဟာ အာရှတိုက်မှာ လူနေသိပ်သည်းမှု အနည်းဆုံး၊ ရာသီဥတုမျှတယ်၊ သယံဇာတ ကြွယ်ဝတယ်၊ မဟာဗျူဟာ အချက် အခြာကျတယ်။ နှစ်ပေါင်း ၅၀ အာဏာရှင်စနစ်အောက်မှာနေရပြီး လူ့အခွင့်အရေးမရှိ၊ အာရှအဆင်းရဲဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်နေတာတောင် မြန်မာနိုင်ငံမှာ လာရောက်အခြေချသူ၊ တရားမ၀င် ၀င်ရောက်သူ သန်းနဲ့ချီ ရှိတယ်။ နောက် ၁၀ နှစ်၊ အနှစ် ၂၀ ဗီယက်နမ်ကိုမီ၊ ထိုင်းနိုင်ငံနီးပါး ဖြစ်လာခဲ့မယ်ဆိုရင် မြန်မာနိုင်ငံမှာ လူမျိုးပျောက်ကွယ်သွားနိုင်တဲ့တရားမ၀င် ၀င်ရောက်သူ သန်းဆယ်ဂဏန်း ရှိနိုင်ပြီး အဲဒီကမှပေါက်ဖွားသူ ဘယ်လောက်ရှိမလဲဆိုတာ တွက်ဆကြည့်နိုင်ပါတယ်။



အစိုးရအနေနဲ့ ဒီပြဿနာဖြေရှင်းရာမှာ အရေးကြီးဆုံးက တိုင်းရင်းသားရခိုင်လူမျိုးတွေရဲ့ အကျိုးစီးပွားကို ရှေ့ရှုဖို့ ဖြစ်ပါတယ်။ အကောင်းဆုံး ဖြေရှင်းနည်းကတော့ ရခိုင်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ပဲ ဖြစ်ပါတယ်  . . .


ဒါပေမဲ့ နှစ်ပေါင်းများစွာ အခြေချ နေထိုင်ခွင့် ရရှိထားတဲ့ ဘင်္ဂါလီလူမျိုးတွေကိုတော့ စိစစ်ပြီး ဧည့်နိုင်ငံသား၊ နိုင်ငံသား အခွင့်အရေးကို လူ့အခွင့်အရေး ရှုထောင့်က ပေးရမှာဖြစ်သလို၊ နိုင်ငံသားဖြစ်ပြီဆိုရင်လည်း အခြားမြန်မာမွတ်ဆလင်တွေလိုပဲ အ ခွင့်အရေး ပေးသင့်ပါတယ်။ စိစစ်ပြီး တစ်နိုင်ငံလုံး လွတ်လပ်စွာ သွားလာနေထိုင်ခွင့် ပြုသင့်ပါတယ်။ ဒါပေမဲ့ သက်သေခံ အထောက်အထားမရှိရင်တော့ လူဝင်မှုကြီးကြပ်ရေးဥပဒေအတိုင်း စီစဉ်ဆောင်ရွက်သင့်ပါတယ်။
(၄)
အစ္စရေးနိုင်ငံလို ဖြစ်လာခဲ့ရင်တော့ ကျွန်တော်တို့ရဲ့ နိုင်ငံတကာ ဆက်ဆံရေး မဟာဗျူဟာက ပြန်လည်သုံးသပ်ရမှာဖြစ်တယ်။ လွတ်လပ်ပြီး တက်ကြွသော နိုင်ငံခြားရေးမူဝါဒကတော့ ခေတ်မမီတော့ပါဘူး။ အမေရိကန်အပါအ၀င် အနောက်အုပ်စုနဲ့ ပိုပြီးရင်းနှီးအောင် ဆက်ဆံရမယ်။ တစ်ဖက်မှာလည်း မြစ်ဆုံဆည်ကြောင့် သွေးအေးသွားတဲ့ တရုတ်နဲ့ဆက်ဆံရေးကို ပုံမှန်ဖြစ်အောင် လုပ်ဆောင်ရပါမယ်။ မြစ်ဆုံဆည်ကတော့ ပြန်လည်တည်ဆောက်ဖြစ်မှာ မဟုတ်တဲ့အကြောင်း တိတိကျကျ ရှင်းလင်းဖို့ လိုမှာဖြစ်သလို အနောက်အုပ်စုတွေနဲ့ ဆက်ဆံရေးဟာ တရုတ်နဲ့ ဆက်ဆံရေးအတွက် အနှောင့်အယှက်မဖြစ်ကြောင်း ရှင်းပြသင့်ပါတယ်။ မျှတပြီး ကျင့်ဝတ်နဲ့ညီတဲ့ တရုတ်ရင်းနှီးမြှုပ်နှံသူ(ပုဂ္ဂလိကပိုင်)တွေ အများကြီးရှိပါတယ်။ သူတို့ကတစ်ဆင့် နှစ်နိုင်ငံ ပြည်သူများအကြား ဆက်ဆံရေး နွေးထွေးအောင် တည်ဆောက်ရပါမယ်။
အနောက်အုပ်စုနဲ့ ဆက်ဆံရေး လတ်တလော ကောင်းမွန်ရေးအတွက် အရေးကြီးဆုံးသုံးခုကတော့ -
(၁) လက်ကျန် နိုင်ငံရေးအကျဉ်းသားများ အလျင်အမြန် လွှတ်ပေးရေး၊
(၂) ကချင်နှင့် စစ်ပွဲအမြန်ဆုံး ရပ်စဲရေး၊
(၃) ရခိုင်ဒေသ၌ ယုံကြည်နိုင်သော နိုင်ငံတကာ စုံစမ်းလေ့လာရေးအဖွဲ့ လာရောက်ခွင့်ပြုရေး (ဒါကတော့ အာဆီယံနိုင်ငံတွေကို အကူအညီတောင်းပြီး ယခုလက်ရှိ စုံစမ်းရေးကော်မရှင်နဲ့ ပူးတွဲလုပ်ဆောင်စေခြင်း) ဖြစ်ပါတယ်။
စစ်ပွဲတစ်ပွဲတိုက်ရာမှာ Soft War မှာပါတဲ့ Media War ကတော့ ရှုံးသွားပါပြီ။ နောက်ထပ် Diplomatic War မရှုံးဖို့တော့ နှစ်လလောက် အချိန်ရပါတယ်။
အခု ပြည်ပရိုဟင်ဂျာ အဖွဲ့အစည်းတွေရဲ့ အဆိုအရ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းရှိပြီး တစ်ကမ္ဘာလုံးမှာ ၄ သန်းရှိတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ မိခင်နိုင်ငံဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်လို့ ဖော်ပြထားကြပါတယ်။ ဒီကိစ္စကို သေသေ ချာချာ စုံစမ်းပြီး ရှင်းရှင်းလင်းလင်းဖြစ်ဖို့ လိုပါတယ်။ အစိုးရအနေနဲ့ ဒီပြဿနာဖြေရှင်းရာမှာ အရေးကြီးဆုံးက တိုင်းရင်းသား ရခိုင်လူမျိုးတွေရဲ့ အကျိုးစီးပွားကို ရှေ့ရှုဖို့ ဖြစ်ပါတယ်။ အကောင်းဆုံး ဖြေရှင်းနည်းကတော့ ရခိုင်ပြည်နယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ပဲ ဖြစ်ပါတယ်။ ရခိုင်အမျိုးသားတွေကို စုပေါင်းဘဏ် ဖွင့်ခွင့်ပေးတာမျိုးတွေ၊ လျှပ်စစ်မီးအမြန်ရအောင် လုပ်ပေးတာမျိုးတွေ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု (အိန္ဒိယ၊ တရုတ်တို့ရဲ့ FDI) အင်အားကြီးနိုင်ငံတို့ရဲ့ အကျိုးစီးပွားရှိခြင်းဟာ ရခိုင်တည်ငြိမ်ရေးမှာ အရေးပါ ပါတယ်။ ရခိုင်ပြည်နယ်သာ စီးပွားရေးဖွံ့ဖြိုးလာရင် လူမျိုးရေးမုန်းတီးမှုတွေ လျော့လာမယ်။ ပဋိပက္ခတွေ လျော့လာမယ်။ ဒါကတော့ တရားဝင် အခြေချသူတွေနဲ့ ဒေသခံတွေအကြား မျှခြေဖန်တီးမှုအတွက်ပါ။ ရိုဟင်ဂျာ ပြည်နယ်ထူထောင်လိုသူတွေ၊ ထပ်မံစိမ့်ဝင်လာသူတွေအတွက်တော့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ပြတ်သားရပါမယ်။
(၅)
တကယ်ကျတော့ ရိုဟင်ဂျာအရေးတင် မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ(တချို့ကတော့ အပြောင်းအလဲ မလာသေးဘူး။ အမှားပြင်ဆင်ချက်ကာလမှာပဲ ကြာနေတယ်လို့ ဝေဖန်ကြပါတယ်။)မှာလည်း ဒီ Balancing Act က အရေးပါ ပါတယ်။ အစိုးရနဲ့ အတိုက်အခံအကြား အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေး၊ သတင်းမီဒီယာအကြား အပြန်အလှန် ထိန်းကျောင်းရေး၊ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေး၊ ဒီအရာအားလုံးမှာ မျှခြေအဖြစ် ဖန်တီးနိုင်စွမ်းက အရေးပါပါတယ်။ မျှခြေကောင်းရင် အပြောင်းအလဲဟာ မြန်ဆန်မယ်။ မျှခြေတွေ ပျက်ပြီး၊ ပဋိပက္ခတွေ ထိပ်တိုက်ရင်ဆိုင်မှုများရင် အပြောင်းအလဲတွေ နောက်ပြန်သွားနိုင်ပါတယ်။ အလုံးစုံ ညီညွတ်ရေး၊ သဘောထားအားလုံး တူညီလက်ခံရေးဆိုတာ မဖြစ်နိုင်ပါဘူး။ မျှခြေတစ်ခုနဲ့ ကျွန်တော်တို့ လိုချင်တဲ့ခရီးကို ရောက်အောင် သွားရပါမယ်။
(၆)
ကျွန်တော်တို့နိုင်ငံဟာ ဒေသတွင်း ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာဖို့၊ တိုင်းရင်းသားတွေ တန်းတူအခွင့်အရေးရတဲ့ ပြည်ထောင်စုဖြစ်ပေါ်ဖို့ဟာ ကျွန်တော်တို့ရဲ့ လွန်ခဲ့တဲ့ ၂၄ နှစ်က မျှော်မှန်းခဲ့တဲ့ အိပ်မက်တွေပါ။ ဒီအိပ်မက်တွေ ကျွန်တော်တို့ အနီးဆုံးမှာ ရောက်လာပါပြီ။ ကျွန်တော်တို့မှာ လုံလောက်တဲ့ ယုံကြည်မှုသတ္တိတွေ၊ လုံလောက်တဲ့ အတွေးအခေါ်တွေ၊ မျှခြေဖန်တီးနိုင်တဲ့ ပါးနပ်လိမ္မာမှုတွေ ရှိရပါမယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ စခဲ့တာတွေကိုတော့ ကျွန်တော်တို့ အဆုံးသတ်နိုင်ရမယ်လေ။







Monday, August 13, 2012

မြန်မာနိုင်ငံကားဝယ်လိုအားနှုန်း အလွန်အမင်းကျဆင်းနေသောကြောင့် ကား Showroom တွေက၂နှစ်အတွင်း မရောင်းရရင် ကားတွေ ဂျပန်ပြန်ပို့ရတော့မည်

 
ကားဟောင်းအပ်နှံ ၊ ကားသစ်တင်အစီစဉ်အရ အက္ခရာနံပါတ်များအပ်နှံခဲ့ပြီးနောက်ယခုအခါ B 360,323,MAZDA B600 လေးဘီး၊ Familia ဘိုးဘိုးအောင် Saloon Pickup လေလံကားများကိုမည်သည့် နံပါတ်ယူထားသည်ဖြစ်စေ အရည်ကြိုအပ်နှံခွင့်လက်ခံနေကြောင်းသိရသည်။

အဆိုပါ B360, B600 ပြီးလျှင်၊ ဗောက်စ်ဝဂွန်၊

ဖီးယက်အလှည့်ကျ၍ ကားအပ်နှံနိုင်မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။အဆိုပါသတင်းများအတွက် ကညန အခွန်သက်သာခွင့်ကို ၆၀ ရာခိုင်နှုန်းလျှော့ပေါ့သက်သာခွင့်ပြုထားကြောင်း သိရပါသည်။၆၀%သက်သာမည့် ဗ/နံပါတ်ကိုမူဒီနှစ်အတွင်း အပ်နှံဖို့ဖြစ်နိုင်ပါ့မလားဟု တွက်ဆနေသူများလည်းရှိသည်။ ကက/ခခ/ Taxi ကားများအနေဖြင့် ကားအပ်စတင်လက်ခံနေပြီဖြစ်ကြောင်း သိရပါသည်။

ယခင် ၃လခန့်က ကားအပ်နှံစလစ်များကို ဈေးနှုန်းကြီးစွာ ၀ယ်ထားကြသူများနှင့် အက္ခရာတစ်လုံးတည်းအရည်ကြိုအတွက် ကျပ်သိန်းရာကျော်ပေး၍ ၀ယ်ယူထားကြသူများမှာ ဈေးနှုန်းများပိုမိုတက်လျှင် ၎င်းတို့၏ကားများ ဈေးကျနေသည်ကို ခုနှိမ်ရန်အတွက်ကားဈေးကွက်တတ်လေဟန် ဖန်တီးကာ၊ ကားများဈေးမြှင့်၍ေ၇ာင်းချနေကြကြောင်းသိရပါသည်။ လတ်တလောတွင် ၆၀%သက်သာခွင့်ရရှိမည့် လေလံစလစ်မှာ ၆၇သိန်းပေးဝယ် ရပြီး၄၀%သက်သာမည့် ပ/ နံပါတ်စလစ်မှာမူ ၅၇ သိန်းပေးဝယ်မှ ရသည်ဟုသိရသည်။ ကားဝယ်ချင်သူအများစုမှာပါမစ်မပါဘဲနှင့် အပြီးအစီးသိန်း ၇၀တန်၊ သိန်း ၁၀၀တန်ကားမျိုးကိုသာ ၀ယ်စီးချင်ကြကြောင်း၊ တလောတုန်းဆီက TA TA အန္ဒိယကား ကုမ္ပဏီမှကားစက်ရုံလာဖွင့်မည်ဆိုတာလဲ အသံသာကြားပြီး ဘာမှမထူးခြားဘူးဟုပြောကြပြန်ပါသည်။ ၃၀.၇.၂၀၁၂ မှစတင်၍ Personal Account ဖွင့်လှစ်၍ ကားပါမစ်လျှောက်ထားခြင်းကို လူတိုင်တိုင်လျှောက်ထားနိုင်မည်ဆိုပါက ရန်ကုန်မြို့၊ ရွှေဘုံသာလမ်းနှင့် ၂၇လမ်းကြားရှိ စီးပွားကူးသန်းဌာနရုံး အဆောက်အဦးတွင် ကားတင်သွင်းမည့် ပိုင်ရှင်ကိုယ်တိုင် လျှောက်ထားရယူနိုင်ပြီး ဖြစ်ကြောင်းသိရသည်။ ကားပါမစ်တင်လျှောက်ရန်ကြာမြင့်ချိန် တစ်ရက်နှင့် နောက်နှစ်ရက်ပါမစ်အချောအတွက် ၃ရက်သာကြာမြင့်ကြောင်းနှင့် တရားဝင်အစိုးရသွင်းသောပါမစ်ကြေး ၅၀၅၀၀ကျပ်နှင့်တစ်ရွက်စာတမ်းကြေး ၉၅၀၀စုစုပေါင်းငွေ၆သောင်း ကုန်ကျလျှင်ကားတင်သွင်းရန်ကုန်ပါမစ်ကျပြီးဖြစ်ကြောင်း သိရပါသည်။




လူကိုယ်တိုင်လျှောက်ထားရယူခြင်းမရှိပါက Special Power ကိုယ်စားလှယ်စာဖြင့် နေပြည်တော်စီးပွားကူးသန်းသို့ လျှောက်ထားနိုင်ပြီးကားခ၊ လမ်းစရိတ်ဆောင်ရွက်ခ Service အပြီးအစီး ၁၅၀၀၀၀ ကုန်ကျမှသာလျှင် ကားပါမစ်ရယူနိုင်ကြောင်းသိရပါသည်။ ဟံသာဝတီကားပွဲစားတန်းမှ ၀ါရင့်ပွဲစားကြီး ကိုစိုးပိုင်နှင့်ကိုကျော်တင့်တို့မှ ပြောပြကြသည်မှာ ရဲရဲဝင့်ဝင့်ဝယ်ရောင်းလုပ်ရင်မြတ်မည့်ကားများမှာ 1300CC ကားအမျိုးအစားများပင်ဖြစ်ကြောင်း၊ ကား၏အ၀ယ်တန်ဖိုးပါမစ်ခ၊ ကား duty ကညနသွင်းငွေကား၏ သယ်ယူပို့ ဆောင်ခ အကုန်အပါအ၀င် သိန်း ၁၀၀ကျော် ကားကိုပြပါဆိုလျှင် 1300CC ကားများသာဖြစ်ကြောင်း၊ ၎င်းအနေဖြင့် 1300CC Honda Insight ကို အဖြူရောင်မှလွဲ၍ ကျန်သောအရောင်စုံ ၆ စီခန့်ရောင်းပြီးပြီဖြစ်ကြောင်း၊ အမြတ်အစွန်းအနေဖြင့် ပါးပါးပဲ ၅သိန်းမှ ၁၀သိန်းကြားသာရကြောင်း ပြောပြပါသည်။ 1300CC ကားများမှာနေ့တိုင်းအရောင်းအ၀ယ်ဖြစ်၍ ကျန်သောကားများ ဈေးကွက်အေးကြောင်း Honda Fit အမျိုးအစားကားမှာ ထိပ်ဆုံးကပြေးနေကြောင်း Honda Fit စတိ အဖြူရောင်T.V အပါ ကီလို ၄သောင်းကို ၁၄၅ သိန်းရောင်းကြောင်း၊ T.V မပါကို ၁၄၀ သိန်းရောင်းကြောင်းသိရသည်။ Honda Fit 2007 Model, T.V Orginal ၅ဃ/၆၀၀၀ကျော်၊ကီလို၆၀၀၀၀ကျော်ကို ၁၂၅သိန်းနှင့် အရောင်းအ၀ယ်ဖြစ်သည်။ Suzuki Swift ၌ 1100CC,1300CC ဟူ၍ နှစ်မျိုးရှိကြောင်း Class Grade များခွဲရာ၌ Back ကြည့်မှန်ပါဝါ၀င်းဒိုးပါ/ မပါစသည်ဖြင့် Condition အခြေအနေအလိုက် ဈေးကွက်ခြားမှုများစွာရှိကြောင်းသိရသည်။တချို့Show room တွေကတော့ ကားတွေသွင်းလာတာ စီးရေ ၁၀၀ကျော်ရှိတယ်။ဒါပေမယ့် တစ်လလုံးနေလို့ ၃စီးပဲရောင်းရတယ်။ ၂နှစ်ပြည့်လို့ ကားတွေကျန်နေရင်စည်းကမ်းအရ ဂျပန်ပြန်ပို့ရုံပဲရှိတော့တယ်ဟု Show room သမားတချို့က ငြီးတွားကြပါတယ်။ တချို့ Show room တွေကတော့ရှုံးချင်ရှုံးပါစေ ငွေပေါ်ရင်ပြီးရောဆိုပြီး ပြင်ပပေါက်ဈေးထက် သိန်း၃၀ လျော့ရောင်းကြပါတယ်။တချို့ Show room တွေကငွေနိုင်တယ်။ အဲ့ဒီတော့ လျှာပေါ်မြက်ပေါက်ပါစေ။ ကားတော့အရှုံးခံမရောင်းဘူးဆိုတဲ့ ခံယူချက်နဲ့ ရောင်းတဲ့သူလည်းရှိတယ်ဟု ဈေးကွက်ကျွမ်းကျင်သူတစ်ဦးမှ ပြောပါသည်။ A.D Van စတိနံပါတ် ၂၀၀၇ ၊၅လပိုင်း ပါဝါ၀င်းဒိုး ၂ပေါက်၊ ABS Break System နောက်ဝိုက်ဘာအဖြူရောင်ကို ၁၄၅ သိန်းရောင်းမည်။ ပွဲခ ၂သိန်းပေးမည်။ 1st Owner အမည်ပေါက် CNG Pickup R ၂ဂ/ ၃၅၀၀ကျော်ကို သိန်း ၁၂၀ဖြင့်ရောင်းချင်သည်။ ၂၀၀၇၊ ပုဇင်းခေါင်း RTA ထုပြီးသားကို ၁၀၅ သိန်းဖြင့်ရနိုင်ကြောင်း ၂ခ/ ၃၀၀၀ကျော် GTOအနီရောင်ပြိုင်ကားကို ၁၀၅သိန်းနှင့် ၀ယ်နိုင်ကြောင်းသိရသည်။ ၇က/1GFE Mark II 2000CC ဓာတ်ဆီကို ၇၅သိန်းနှင့်ဝယ်နိုင်ကြောင်း R+၁/ဂ ကို ၉၅ သိန်းနှင့်ရနိုင်ကြောင်းသိရသည်။ဗ/နံပါတ်အနက်ကား ခွေးခေါင်းအမျိုးအစားကို ၅၅သိန်းနှင့် ရောင်းဝယ်ဖြစ်ပြီး၊ ဗ/ နံပါတ်ကားပေါ်မူတည်၍ ၅၅-၆၆ဈေးရသည်။Supear Saloon,Corona တွေက ၅၀-၅၅အတွင်း အရောင်းအ၀ယ်ဖြစ်သည်။၇က/ 91 model SSS Blue BIRD DVD Air ConAlloy ပါကားများကို ၆၀သိန်းနှင့်ရောင်းချင်သည်။ Super Custom RTA ထုပြီးသားကိုနယ်အ၀ယ် ၁၆၀၊၁၇၀သိန်းကြားဝယ်ကြောင်း CNG ကားတွေက မြန်မာပြည်အကြိုက် စွမ်းအင်အချွေတာဆုံး ဖြစ်ကြောင်းသိရသည်။ ကားသွင်းတဲ့သူမြတ်မမြတ်တော့ မသိဘူး။ ၀ယ်ရောင်းပွဲစားတစ်ယောက်က ကား၃စီးရောင်းတာ ၄၇ သိန်းမြတ်ကြောင်းသိရသည်။ပြန်မယ်၊ ပြန်မယ် ပြောကြပေမယ့်လည်း ပွဲမဖြစ်တော့ ပွဲစားလမ်းလျှောက်ပြန်၊ ကွမ်းဖိုးမရှိ။ ဘောစိတွေအိမ်ကထမင်းစားလာကြ၊ ပွဲစားတွေကတော့ ဓာတ်တိုင်အရေအတွက်ရေပြီး အိမ်ပြန်ပေါ့ (ဓာတ်တိုင်ရေပြီးပြန်ပေါ့)လက်ရှိ ဟံသာဝတီကားပွဲစားတန်းနေရာ ပြောင်းမယ်ဆိုတဲ့သတင်းကငြိမ်တယ်။ ဖားပြုတ်တွေ ငိုနေကြတယ်။ Caldina ကြက်တူရွေးတွေအ၀ယ်မပေါ်၊ Belta နဲ့ Pro Box တွေက ပလူပျံနေကြတယ်လို့ လုပ်သက်ရင့်ပွဲစားကြီး ကိုခင်မောင်ဌေးက ယခုကဲ့သို့ပြောပါတယ်။ “ဖားတွေကအော်ငိုကြက်တူရွေးကသံဈေးရောက် Belta နဲ့ Pro Box က အ၀ယ်ပျောက် ပွဲစားတွေကလမ်းပဲလျှောက် Junction Square ရောက်” Air con မတရားလွှတ်ထားသော Junction Square ထဲဝင်၍ ဇိမ်ခံနေကြခြင်းဖြစ်သည်။ဝယ်ရောင်းကလည်း တဆုံးနှိုက်ပြီး အောက်ကြေးနဲ့ ၀ယ်ချင်ကြ၊ ရောင်းတဲ့သူကလည်း မပေါက်တဲ့ဈေးနဲ့ ရောင်းချင်ကြပြီး၊ ၀ယ်စီးတွေကလည်း ဈေးဘယ်လောက် ဆက်ဆင်းအုံးမလဲ ဆိုပြီး ဈေးမပေးကြ၊ ဈေးကွက်ကတော့လှုပ်ရှားမှုမရှိဖြစ်နေပါပြီ။

mmcarmart မှ post အားကူးယူဖော်ပြပါသည်။

သစ်ပင်လည်းစိုက် .. . . ခုတ်နေတာလည်း ရပ်ကြပါ . . Written by ဇော်ဝင်းချစ်(တောင်ငူ)


မိုးတွင်းကာလ ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များရဲ့ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲဆိုတဲ့သတင်းက နိုင်ငံပိုင်မီဒီယာများမှာ ဖော်ပြခဲ့ကြသည်ကို မြင်တွေ့ ကြားသိနေရသည်။
တစ်ချိန်ချိန်တွင်တော့ မြန်မာနိုင်ငံ ရာသီဥတုကြီး အောက်မေ့ဖွယ် ယခင်အချိန်သို့ ပြန်လည်ရောက်ရှိလာမည်လောဟု ယုံကြည်စရာပင် ဖြစ်လာသည်။ သို့သော်...အခုရေတွင်းတူး၍ အခုရေကြည်သောက် မရနိုင်သည်မှာ မမေ့အပ်ဖို့ လိုပါပေသည်။ ယနေ့စိုက်သော သစ်ပင်များ ဘယ်အချိန်ကာလမှာ တိုင်းပြည်အတွက် အကျိုးသက်ရောက်မည်နည်း။ ဆေးပညာလောကမှာ သုံးနေကျ စကားတစ်ခွန်းတော့ ရှိပါသည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းပါသည်။ လတ်တလော ဖြစ်ပေါ်နေတဲ့(Global Warming) ကမ္ဘာကြီး ပူနွေးနေတဲ့ပြဿနာက အခု အခြေအနေထက် ပိုဆိုးမသွားအောင်တော့ သစ်ပင်စိုက်နေတာတွေထက် ရှိပြီးသား သစ်ပင်တွေကို ထိရောက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းက အမှန်တကယ် လိုအပ်လျက် ရှိနေတာပါပဲ။ သစ်ပင်လည်း စိုက်ပါတယ်ပြောပြီး သစ်ပင်ခုတ်နေတာတွေ မရပ်သ၍ စိုက်ပြီးသား သစ်ပင်တွေကို ရှင်သန်အောင် မပြုစုနိုင်သ၍တော့ တောတောင်ဂေဟစနစ်တွေ ပျက်သုဉ်းနေဦးမှာပါပဲ၊ ကမ္ဘာကြီးပူနွေးနေတာတွေ ပိုဆိုးလာမှာပါပဲ၊ ရာသီဥတုက မောက်ကမဖြစ်နေတာတွေ ဆက်ဖြစ်နေဦးမှာပါပဲ၊ ဒါကြောင့်ကျန်ရှိနေတဲ့ မြန်မာနိုင်ငံ ရိုးမသစ်တောများ ထိန်းသိမ်းဖို့အရေး လိုအပ်နေတာပါ။
ဒီဘက်နှစ်များအတွင်း လယ်ယာလုပ်ငန်းခွင်တွေမှာ ရာသီဥတု ဆိုးကျိုးသက်ရောက်မှုတွေက ဆက်တိုက်ဆိုသလို ဖြစ်လာတော့ လယ်ယာမြေတွေလည်း ပျက်စီး၊ စိုက်သမျှ သီးနှံတွေလည်း အထွက်နှုန်းတွေကျ ပိုးတွေကျနေတာတွေဟာ သဘာဝပတ်ဝန်းကျင် တောတောင်ဂေဟစနစ် ပျက်စီးဆုံးရှုံးနေတာတွေနဲ့ အများကြီး သက်ဆိုင်မှုရှိပါတယ်။ ဒီကြားထဲ စပါးဈေး၊ ပဲဈေးကလည်း အသံမထွက်နိုင်အောင်ကျဆင်းနဲ့ သန်း ၃၀ မျှသော တောင်သူလယ်သမားတွေဟာ ဆင်းရဲမွေတေမှုနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာ သိကြားမင်း ဆင်းကယ်တောင် မရနိုင်ပါဘူး။

ကိုယ်ကျိုးရှာအတ္တသမားများရဲ့ မတော်လောဘတွေက အဆီးအတားမရှိ သစ်တောတွေခုတ်ထစ်လို့ အရိုးခံ တောင်သူလယ်သမားတွေမှာတော့ ဆင်းရဲတွင်းထဲမှာ နစ်ပြီးရင်း နစ်၊ မျောပါရင်း မျောနဲ့ ဆင်းရဲတွင်း သံသရာထဲမှာ လည်နေလို့ ကောင်းနေဆဲပါပဲ။

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ၀န်းကျင်ခန့်က မြန်မာနိုင်ငံ အကျယ်အ၀န်းဟာ ၂၆၁၂၂၈ စတုရန်းမိုင် ရှိခဲ့ပြီး သစ်တော ဖုံးလွှမ်းမှုဧရိယာက ၁၄၉၈၈၉ စတုရန်းမိုင်ရှိတဲ့အတွက် နိုင်ငံအကျယ်အ၀န်းရဲ့ ၅၇ ရာခိုင် နှုန်းရှိခဲ့တယ်လို့ လေ့လာမှတ်သားမိခဲ့ရသလို ၁၉၈၀ ၀န်းကျင် ခုနှစ်များ အထိ ကမ္ဘာ့ရာသီဥတုကြီးဟာ အပူအအေး မျှတပြီး စိုက်ပျိုးသီးနှံများလည်း ဖြစ်ထွန်းအောင်မြင်ခဲ့တယ်လို့ သိခဲ့ရပါတယ်။ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းမှ ယနေ့ အချိန်အထိ နှစ် ၃၀ ကျော်ကာလမှာ ကမ္ဘာကြီး ပူနွေးလာတာတွေဟာ နှစ်ပေါင်း ၃၀ အတွင်း တဖြည်းဖြည်း မြင့်မားလာတာကို လည်း မှတ်သားခဲ့ရပါတယ်။ မြန်မာနိုင်ငံအတွင်း တစ်နှစ်တာ သစ်တောပြုန်းတီးမှု ဧကငါးသိန်းဝန်းကျင်ရှိတယ်ဆိုတော့ လွန်ခဲ့သော နှစ်ပေါင်း၅၀ ကာလနဲ့ ယနေ့အခြေအနေကို မှန်းဆလို့ ရနိုင်ပါပြီ။ ဒါတောင်မှ တရားမ၀င် သစ်ခိုးထုတ်တဲ့ စာရင်းတွေ ပါမယ်မထင်ဘူး။တစ်နိုင်တစ်ပိုင် ကိုယ်ကျိုးရှာ သစ်ခုတ်တာတွေ ပါမယ်မထင်ဘူး။
သေချာတာပြောရရင်တော့ မြန်မာနိုင်ငံ ရိုးမသစ်တောတွေမှာတော့ တောင်တွေတော်တော်များများ ပြောင်သလင်းခါနေပါပြီ၊ ထွက်ပေါက်မျိုးစုံကနေ ခွဲပြီးသား သစ်တွေ၊ အလုံးလိုက် သစ်တွေ အပြိုင်အဆိုင် ထွက်နေဆဲ၊ ချောင်းတွေမြောင်းတွေက မျောနေကြဆဲပါပဲ။ဒါတွေကို မသိချင်လည်း သိနေရ၊ မမြင်ချင်လည်း မြင်နေရတော့ ကျွန်တော်တို့ နိုင်ငံကြီးမှာက မောက်ကမဖြစ်နေတဲ့ ရာသီဥတုကို ဘယ်လိုမှ မှတ်ချက် မပေးချင်တော့ပါဘူး။ အခုလို ပဲခူးရိုးမကနေ မီးသွေးတွေ သစ်တွေ ထွက်နေတာတွေကြောင့်လည်း ရိုးမတောင်တန်းကြီး တွေ အကျည်းတန် ကျန်ရစ်ခဲ့ကြရပြီ။ တစ်ချိန်က ကျောစိမ့်ရတဲ့တော၊ အခုတော့ အမောမပြေနိုင်တဲ့ ဟာလာဟင်းလင်း တောင်ကတုံးတွေနဲ့ ဖြစ်လို့နေခဲ့ပါပြီ။ ရွှေ့ပြောင်းတောင်ယာတွေ မီးသွေးဖုတ်တာတွေ၊ တရားဝင် သစ်ထုတ်တာတွေကို သက်ဆိုင်ရာတွေက ထိရောက်စွာ ထိန်းချုပ်ဖို့ လိုနေပါပြီ။ ဒါတွေဟာ သူ့တာဝန်၊ သူ့ဥပဒေနဲ့အညီ စီမံအုပ်ချုပ်ပိုင်ခွင့်ရရှိထားတဲ့ သက်ဆိုင်ရာဌာနတွေမှာပဲ တာဝန်ရှိပါတယ်၊ ဟိုလူ့လက်ညှိးထိုး ဒီလူ့လက်ညှိးထိုးနဲ့ ဆင်ခြေတွေ အကြောင်းတရားတွေ ပြနေရမဲ့အချိန်ကာလတွေလည်း မဟုတ်တော့ပါဘူး၊ အဂတိတရား ကင်းမဲ့စွာဖြင့် မိမိတို့နိုင်ငံ သဘာဝတောတောင်ကြီးကို စောင့်ရှောက်ကြပါစို့။ မိမိတို့ရဲ့ နိုင်ငံသား တောင်သူလယ်သမားတွေကို ကူညီစောင့်ရှောက်ကြပါစို့။ နောင်တစ်ချိန် ရောက်လာတော့မယ့် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေအတွက် လှပတဲ့ အနာဂတ်တွေ ထားရစ်ခဲ့ကြပါစို့။ ၀မ်းတစ်ထွာစာသော တစ်မိသားစုစာသော မိမိတို့ရဲ့ လှိုက်စားနေတဲ့ မတော်လောဘတွေက သိန်းနဲ့ သန်းနဲ့ချီသော လယ်ယာမြေ၊ သိန်းနဲ့သန်းနဲ့ ချီသော လယ်သမားမိသားစုတို့အတွက် ပျက်စီးခြင်း၊ ဆုံးရှုံးခြင်း၊ နစ်နာခြင်းတွေနဲ့အတူ၊ ပူပြင်းတာ တွေ စံချိန်တင်လာတာ၊ မိုးရွာတာတွေ စံချိန်တင်လာတာ၊ မြစ်ရေကြီးတာတွေ စံချိန်တင်လာတာ၊ မိုးဦးခေါင်လာတာ၊ အချိန်မဟုတ်အခါမဟုတ် မိုးရွာလာတာ၊ စိုက်ခင်းပေါင်းစုံထဲ ပိုးမွှားကျဆင်းနှုန်း များလာတာတွေဟာ လက်တွေ့မှာတော့ စိုက်ပျိုးရေးလောက အနိဋ္ဌာရုံတွေပါပဲ။


ပျက်စီးခြင်း၊ ဆုံးရှုံးခြင်း၊ နစ်နာခြင်းတွေနဲ့အတူ၊ ပူပြင်းတာတွေ စံချိန်တင်လာတာ၊ မိုးရွာတာတွေ စံချိန်တင်လာတာ၊ မြစ်ရေကြီးတာတွေ စံချိန်တင်လာတာ၊ မိုးဦးခေါင်လာတာ၊ အချိန်မဟုတ် အခါမဟုတ် မိုးရွာလာတာ၊ စိုက်ခင်းပေါင်းစုံထဲ ပိုးမွှားကျဆင်းနှုန်းများလာတာတွေဟာ လက်တွေ့မှာတော့ စိုက်ပျိုးရေးလောက အနိဋ္ဌာရုံတွေပါပဲ  . . .


၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံ နေရာအနှံ့ မြစ်ရေကြီးတဲ့ဒဏ်ကို စကောထဲ ဇီးဖြူသီးလှိမ့်သလို ခံခဲ့ရတာ။ ရေဘေးဒုက္ခသည်တွေဟာ ဘုရားစောင်းတန်းနံဘေး၊ စာသင်ကျောင်းနံဘေးတွေမှာ တဲတွေထိုးပြီး လနဲ့ချီအောင် အိပ်ခဲ့ရတာ၊ အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ နေခဲ့ကြရတာ၊ စပါးခင်း ရေနစ်မြုပ်လို့ နှစ်ပြန် သုံးပြန်၊ ပြန်စိုက်ခဲ့ရတာ၊ စပါးခင်းတွေ ရေနစ်ပျက်စီးလို့ နွားကျွေးစရာ ကောက်ရိုးတောင် မကောက်နိုင်ခဲ့တာ၊ မိုးဦးနောက်ကျပြီး မိုးမရွာတာ၊ မိုးစပါးစိုက်ချိန် မိုးရေမလုံလောက်လို့ ရေတင်စိုက်နေရတာစတဲ့ သဘာဝဘေးဒုက္ခပေါင်းမျိုးစုံကို လက်တွေ့ မှာတော့ တကယ်ခံစားနေကြရတာ သန်း ၃၀ မျှသော ဆင်းရဲနွမ်းပါး တောင်သူလယ်သမားတွေပါ။ ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ခုအတွက် တိုင်းပြည်ရဲ့ ပြည်သူလူထု အောက်ခြေလူတန်းစားတွေ အခြေခံကောင်းနေဖို့ လိုပါတယ်။ နိုင်ငံရဲ့ တစ်ဝက်စာမျှရှိသော တောင်သူလယ်သမား ထုကြီးအတွက် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဟန်ချက်ညီစွာ လုပ်ကိုင်စားသောက်နိုင်ဖို့ လိုအပ်နေပါတယ်။
အခုတော့ စိုက်ပျိုးရေးမကောင်းလို့  ရွာကိုလည်း စွန့်ခွာ ပြေးရပြီ၊ ရေကြည်ရာ မြက်နုရာကို ရှာကြရင်း ရေခြားမြေခြား နိုင်ငံတွေမှာ သူများမလုပ်ချင်တဲ့ အလုပ်တွေကို အပေါဆုံးလုပ်အားခတွေနဲ့ လုပ်နေရပါပြီ၊ စိုက်ပျိုးရေး မကောင်းလို့ ပလပ်ထားတဲ့ လယ်တွေလည်း အခုတော့ အရိုင်းမြေတွေ ဖြစ်ကုန်ပါပြီ၊ ရှိတဲ့အကြွေးလေး ကျေအောင်ဆပ်ဖို့ လယ်တွေလည်း အဆင်သင့်သလို ရောင်းနေကြရပါပြီ၊ စပါးတောင်လိုပုံ၊ ဆီကိုရေချိုး၊ ဆေးရိုး မီးလှုံခဲ့တဲ့ ကျွန်တော်တို့ တောင်သူလယ်သမားတွေ၊ အခုတော့ မနိုးထနိုင်တော့တဲ့ အိပ်မက်တွေအဖြစ်သာ အတိတ်မှာ ချန်ထားရစ်ခဲ့ရတာ နှစ်ပရိဒေ၀ ဘယ်လောက်တောင်များ ကြာခဲ့ပြီလဲ။ ရေခံ မြေခံရှိတဲ့ ကျွန်တော်တို့ နိုင်ငံကြီးမှာ ရေကောင်း မြေကောင်းဖြစ်မယ့် သဘာဝတရားတွေ လိုအပ်နေတာပါ၊ ပူလောင်ခြောက်သွေ့၊ မိုးကြီးရေကြီး သဘာဝမီးတွေကို လိုချင်ခဲ့တာ မဟုတ်ပါဘူး။
ဒါတွေဟာ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်တွေ ပျက်စီးဆုံးရှုံးမှုအပေါ် အများကြီး သက်ရောက်နေပါတယ်၊ နှောင်းခဲ့တာတွေ ထားခဲ့ပြီး၊ အနာဂတ်အတွက် ကာကွယ်မှုတွေ လုပ်ဖို့ လိုအပ်နေပါပြီ။ နိုင်ငံခြားကို တင်ပို့နေတဲ့ သစ်တွေ အချိန်ကာလတစ်ခုတာမျှ ထိန်းချုပ်ထားစေချင် တယ်။ သစ်ကွင်းတွေမှာ မြင်မကောင်း အောင်ပုံထားတဲ့ သစ်တွေကို အစားထိုး သုံးစွဲတတ်ဖို့ လိုအပ်နေပါပြီ။ ခါးသီးတဲ့ သဘာဝဘေးဒဏ်တွေကို သင်ခန်းစာ ယူပြီးတော့ နောင်လာမယ့် ကျွန်တော်တို့နိုင်ငံ မျိုးဆက်သစ်တွေအတွက် ကောင်းမွန်တဲ့ အနာဂတ်အမွေတွေ ချန်ထားပေးခဲ့ဖို့ လိုပါပြီ။
ဒါကြောင့် မြန်မာ့တောတောင် သဘာဝဂေဟစနစ်တွေ မပျက်စီးစေဖို့ အနာဂတ်မှာ လှပတဲ့ရာသီတွေ မြင်ရစေဖို့ ... ဆိုရင် ...အချိန်တွေ မလွန်ခင်မှာတော့ သစ်ပင်လည်းစိုက်ပါ...ခုတ်နေတာလည်း ရပ်ကြပါ...လို့။



Sunday, August 12, 2012

 ပြောင်းလဲဖို့အတွက် လိုအပ်နေတဲ့အရာ Written by ကေသွယ်


မြန်မာပြည်ကြီး တကယ်ပြောင်းလဲနေပြီလားဆိုတဲ့ မေးခွန်းကို၊ လူတိုင်းပဲ စိတ်ဝင်စားနေကြသည်။ မနေ့ကနဲ့ ဒီနေ့ ဘယ်အရာကမှတော့၊ တစ်သမတ်တည်း ရှိနေမည်မဟုတ်။ အနည်းဆုံးတော့ နိုင်ငံသူ နိုင်ငံသားတွေ အားလုံး၊ သမိုင်းမှတ်တိုင်တွေ၊ တစ်ကွေ့ပြီးတစ်ကွေ့ဖြတ်လို့၊ လမ်းဆက်လျှောက်နေကြရသည်။ ကြီးရင့် ပြောင်းလဲနေကြသည်။
ကလေးတွေကနေ လူငယ်တွေ။ လူငယ်တွေကနေ လူရွယ်တွေ။ လူရွယ်တွေကနေ လူကြီးတွေ။ လူကြီးတွေကနေ လူအိုတွေ။
ယူနီဖောင်းအဖြူကို သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတဲ့၊ လူဝင်မူကြီး ကြပ်ရေးအရာရှိ လူရွယ်ရဲ့လက်ချောင်းတွေက၊ ကွန်ပျူတာကီးဘုတ်ပေါ်မှာ၊ ကျွမ်းကျွမ်းကျင်ကျင် လှုပ်ရှားနေသလို၊ အကြည့်တွေကလည်း ကွန်ပျူတာမျက်နှာပြင်နဲ့၊ ခရီးသွားစာအုပ်ကြားမှာ၊ လျင်လျင်မြန်မြန် ရွေ့လျောနေသည်။ ဟုတ်ကဲ့ရပါပြီဆိုတဲ့၊ အပြုံးတ၀က် အသံတ၀က်နောက်မှာ၊ ဘာမှ အထူးအထွေ စူးစမ်းမူတွေမပါ၊ ရိုးရှင်းပြေပြစ်လှသည်။ 
ဟုတ်သည် အဲဒီလို ရိုးရှင်း ပြေပြစ်မူကိုသာ၊ လိုချင်တောင့်တခဲ့ကြသည် မဟုတ်လား။ တစ်ချိန်က၊  ဒီနေရာကို ရောက်ပြီဆိုတာနဲ့၊ မိသားစုရဲ့ နွေးထွေးတဲ့ အပြုံးတွေကို မတွေ့မမြင်ရခင်မှာ၊ မယုံသင်္ကာတွေ၊ မလိုတမာတွေ ကြားထဲမှာ စိုးရွံ့နေကြရသည်လေ။
ခေတ်မီသစ်လွင်နေတဲ့၊ ရန်ကုန်လေဆိပ် အပြင်ခန်းမထဲကို၊ ထွက်လိုက်တော့၊ အသီးသီး စောင့်မျှော်ကြိုဆိုနေတဲ့ မိသားစုတွေ။ အဲဒီအထဲကမှ တောင်ဝှေးကြီးထောက်ပြီး လက်လှမ်းပြနေတဲ့၊ ဦးကြီးဖြစ်သူနဲ့၊ လူတွေကြားထဲ အရပ်ရှည်ကြီး ထိုးထွက်နေတဲ့၊ တူကလေးကို ၀မ်းသာအံ့သြစွာ တွေ့လိုက်ရသည်။ ၀မ်းသာရတာက၊ ဦးကြီးကိုအပြင်မှာ၊ အခုလိုလွတ် လွတ်လပ်လပ် ကျန်းကျန်းမာမာနဲ့ တွေ့ရလို့။ အံ့သြရတာက၊ ဆယ်တန်း ဖြေထားတယ်ဆိုတဲ့ တူလေးက၊ မယုံနိုင်လောက်အောင်၊ အရွယ်ရောက်နေလေပြီမို့။ အရင်ဦးဆုံး ဘေးလွယ် အိတ်ထဲမှာ အလွယ်တကူ ထဲ့ယူလာခဲ့တဲ့၊ စာအုပ်ကို ထုတ်ပြီး၊ ဦးကြီးရဲ့ လက်နှစ်ဖက်ထဲ၊ ထဲ့လိုက်ရင်း၊ အားရပါးရ ဖျစ်ညှစ်ဆုပ်ကိုင်ထားတော့၊ ဘေးမှာရပ်နေတဲ့ တူကလေးရဲ့ မျက်ဝန်းထဲမှာ၊  စူးစမ်းတဲ့ အလင်းရောင်တွေ၊ ဖျတ်ခနဲ ပြေးသွားသည်ကို မြင်လိုက်ရသည်။
ဆယ်ကျော်သက်ရွယ် လူငယ်တစ်ယောက်အတွက်၊ စာအုပ်တစ်အုပ်ကြောင့် နှစ်ရှည်လများ အကျဉ်းကျခဲ့ရတဲ့ အဘိုးတစ်ယောက်ရဲ့ သမိုင်းနဲ့၊ နိုင်ငံရပ်ခြားမှာ သွားရောက်နေထိုင်နေတဲ့ ဦးလေးအဒေါ်တွေရဲ့အကြောင်းပြချက်ကို၊ ဘယ်လိုနားလည်လက်ခံ လေမလဲ။ တောင်ဝှေးပေါ်မှာ အားပြုလျှောက်နေတဲ့ ဦးကြီးကို အသာ ငေးရင်း ရဲရင့်ဖျတ်လတ်ခဲ့တဲ့ ပုံရိပ်တချို့ကို ပြန်မြင်ယောင်မိသည်။ အိတ်တွေကို ဆွဲယူရင်း လျင်မြန်သွက်လက်စွာ၊ လျောက်သွားတဲ့ တူကလေးရဲ့နောက်ကလိုက်ရင်း၊ လေဆိပ်မှန်တံခါးက၊ ထွက်လိုက်တော့၊  မုတ်သုံမိုးရနံ့ သင်းပျံ့နေတဲ့ ၊ ရန်ကုန်မြို့ကြီးက၊ စောင့်ကြိုလျက်။ ပင့်သက်ရှိုက်ကာ၊ နှုတ်ဆက်လိုက်မိပေတော့သည်။
အဲဒါအချိန်ကာလရဲ့ သရုပ်သကန်လား၊ ပြောင်းလဲခြင်းရဲ့ပြယုဂ်လား စကားကို ကြီးကြီးကျယ်ကျယ် မေးခွန်းနဲ့ အဆုံးသတ်လိုက်မိပေမဲ့၊ တကယ်တော့၊ ဒီစကားဝိုင်းထဲမှာ၊ တိတိပပ အဖြေမရှိမှန်းလည်း သိနေသည်ပဲ။
သူငယ်ချင်းတယောက်ကတော့၊ ပြောင်းလဲတာတော့ တကယ်ပြောင်းလဲနေပြီဟလို့၊ အားရပါးရဖြေနေပေသည်။ သူက မနှစ်တစ်နှစ်ကမှ၊ စင်ကာပူက ပြန်လာခဲ့ပြီး၊ အခုတော့ ရန်ကုန်မြို့က၊ ပုဂ္ဂလိကဘဏ်ကြီးတခုရဲ့ အဆင့်မြင့်နေရာတစ်ခုမှာ၊ နေသားတကျ ဖြစ်နေပုံရသည်။ သူအဲဒီလို ပြောလိုက်တော့မှ၊ လက်ရှိထုတ်လိုက် တဲ့တစ်သောင်းတန်အကြောင်း၊ နိုင်ငံ တကာမှာသုံးနေတဲ့ဘဏ်ကတ်တွေအ ကြောင်း၊ စကားဝိုင်းရဲ့မြားဦးတွေက သူ့ဆီစုပြုံကျရောက်သွားသည်။ နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်မယ့်၊ ခေတ်မီ ဘဏ်စနစ်တွေ၊ တဖြည်းဖြည်း နဲ့တော့ ဖြစ်လာတော့မှာပါဟာ အရေးကြီးတာ ငါတို့စိတ်ရှည်ဖိုနဲ့အကောင်း မြင်တတ်ဖို့ပဲလိုတာလို့သူကဆိုလေ သည်။
ဟေ့ အကောင်းမြင်တာတွေ အဆိုးမြင်တာတွေဖန်ခွက်တစ်ဝက်တွေ အပြည့်တွေပြောမနေနဲ့ကွာ၊ ဖန်ခွက် ထဲကရေကို ဘယ်လိုသောက်ရမလဲ ဆိုတာပဲ အရေးကြီးတာလို့ဝင်နောက် လိုက်တဲ့ သူငယ်ချင်းက၊ ကုမ္ပဏီနာ မည်တစ်ခုမှတ်ပုံတင်ထားသူ။ သူ့ ကုမ္ပဏီက၊ ဘာတွေလုပ်သလဲဆိုတာ တော့၊ အားလုံးတိတိကျကျမသိလှ ပေမဲ့၊ သူစီးလာတဲ့ကားက၊ အတော် ဈေးကြီးလှသည်။ မူလတန်းကျောင်း သူသမီးက၊ ကျောင်းမှာ သူငယ်ချင်း တွေကားအသစ်တွေလဲကုန်ပြီမို့၊ အမေ ကို ပူဆာနေတယ်ဆိုတဲ့၊ ရတနာကုန် သည်သူငယ်ချင်းမကိုတောင်၊ ကား အသစ်လဲဖို့၊ အကြံဉာဏ်တွေ၊ ပေးနေ လေသည်။ အခုဝင်လာတဲ့ ကားတွေ မှာ၊ ကီလိုမီတာတွေ ဘယ်လိုလျော့ လို့ရတဲ့အကြောင်း၊  ကားမော်ဒယ်ကို တောင်ပြောင်းထားလို့ရတဲ့အကြောင်း ပြောနေတာကို ကြားတော့၊ မျက်လုံး ပင်ပြူးသွားမိသည်။ မြန်မာပြည်က၊ လက်ရှိနာမည်ကျော်၊ စီးပွားရေးလုပ် ငန်းရှင် သူဌေးကြီးတွေကိုလည်း အ တော်အားကျပုံရသည်။ ပါးစပ်ဖျား ကမချ။ ပြန် သာလာကြစမ်းပါဟာ ဒီမှာ လုပ်စရာခွင်တွေပေါလွန်းလို့ သူထပ်ပြောတဲ့အချိန်မှာ၊ သူ့ရှေ့စားပွဲ ပေါ်မှာတင်ထားတဲ့အိုင်ဖုန်းက၊ တ တစ်တစ်နဲ့ မြည်လာသည်။
သူငယ်ချင်းမကတော့၊ တလောလေးက၊ သိန်းငါးရာတန် အခန်းတစ်ခန်း ဆွဲထားလိုက်မိလို့၊ ကားမလဲနိုင်သေးပါဘူးဟာလို့ ဆိုသည် ။ ခြံတွေ မြေတွေကတော့၊ သိန်းသုံးထောင်အထက်ချည်းပဲမို့၊ အနားမကပ်နိုင်တဲ့အကြောင်း၊ ကလေးတွေပညာရေးကလည်း၊ ပရိုက်ဗိတ်ကျောင်းထားတာဆိုတော့၊ တအားကုန်တဲ့အကြောင်း ထပ်ညည်းပြနေတဲ့ သူငယ်ချင်းမကို ငေးရင်း၊ ဆယ်စုနှစ် တစ်ခုကျော်စာ အိုမင်းနေပြီဖြစ်တဲ့ အတိတ်တွေကို၊ ပြန်သတိရနေမိသည်။ အဲဒီတုန်းကတော့၊ ရန်ကုန်တက္ကသိုလ်ကြီးက၊ ကျောင်းပြီးစ သူငယ်ချင်းနှစ်ယောက် သား၊ နိုင်ငံခြား တက္ကသိုလ်တစ်ခုခုမှာ၊ ကျောင်းဆက်တက်ခွင့်ရရေး၊ စကောလားရှစ်ရရေးသည်၊ အကြီးဆုံး ရည်မှန်းချက်ဖြစ်ခဲ့ကြသည်လေ။
ဟိုးအရင် ငယ်စဉ်က၊ ပိတ်ဆို့ရှားပါးတဲ့ ခေတ်ကြီးမို့၊ နိုင်ငံခြားကို ရောက်နေတဲ့ ၊ အသိမိတ်ဆွေတွေ၊ ပြန်လာပြီဆိုရင်၊ ပြင်ပကမ္ဘာက၊ သတင်းတွေ၊ အတွေ့အကြုံတွေသည်၊ နားထောင်လို့ မငြီးနိုင်ခဲ့။ သူတို့ပြောသမျှကိုငေးပြီး နားထောင်ရင်း စိတ်ကူးယဉ်ခဲ့ဖူးသည်။ အခုတော့၊ ငေး ပြီး နားထောင်နေရသည်မှာ၊ မြန်မာနိုင်ငံထဲက၊ အခြေအနေ အပြောင်းအလဲတွေသာ၊ ဖြစ်နေပေသည်။
ဧည့်သည်တော်က၊ တိတ်ဆိတ်နေလို့လားတော့ မသိ။ ကဲခရီးထွက်တုန်းကရော၊ ဘာတွေပြောင်းလဲလာတာ တွေ့ခဲ့သလဲလို့၊ အိမ်ရှင်သူငယ်ချင်းက၊ မေးခွန်းကို ပြန်ဖော်လိုက်သည်။ တကယ်ပဲ၊ ဒီသူငယ်ချင်း ဇနီးမောင်နှံကို ကျေးဇူးတင်ရပါသည်။ အစိုးရ၀န်ထမ်းအရာရှိဖြစ်နေတဲ့ ဒီ သူငယ်ချင်းကြောင့်သာ၊ မြို့တော်သစ်ကြီးဆီ၊ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့ရသည်။ ရန်ကုန်မိုးကြောင့်ပဲလား မသိ၊ စွတ်စိုရှုပ်ပွကျပ်ညပ်နေတဲ့၊ မြို့တော်ဟောင်းကြီးကနေ၊ ထွက်လို့ သိပ်မကြာခင်၊ ကျယ်လွင့်ဖြောင့်ဖြူးနေတဲ့၊ နာမယ်ကျော် လမ်းသစ်ကြီးကို၊ မျက်ဝါးထင်ထင် မြင်လိုက်တော့၊ တကယ့်ကို အံ့သြသဘောကျခဲ့ရသည်။ မြို့စဉ်တွေအားလုံးကို ကျော်လွှားပြီး၊ တရိပ်ရိပ်မောင်းနေတဲ့၊ သူငယ်ချင်းရဲ့ ကားအသစ်ပေါ်မှာ၊ သက်သောင့်သက်သာထိုင်ရင်း၊ လှပဆန်းကြယ်၊ သမိုင်းမငယ်လှတဲ့၊ ပဲခူးရိုးမကြီးကို၊ ပထမဆုံးအကြိမ်၊ အနီး ကပ်မြင်တွေ့ခွင့်ရခဲ့သည်။ တစ်ဖက်လမ်းကြောပေါ်မှာ၊ တချက်တချက် လှမ်းတွေ့ရတဲ့၊ အဝေးပြေးကားသစ်ကြီးတွေနဲ့ သပ်ရပ်ရှင်းလင်းနေတဲ့၊ ယဉ်ရပ်စခန်းကြီးတွေကို မြင်ရတာလည်း၊ နိုင်ငံမှားရောက်နေသလားတောင်၊ ထင်ခဲ့ရသည်။ မြို့တော်သစ်ကြီးနဲ့အတူ၊ မနီးမဝေးမှာရှိတဲ့၊ ဆည် အပမ်းဖြေစခန်းကြီးကို၊ ခမ်းနားလှပစွာ မြင်ရတာလည်း၊ စိတ်ချမ်းသာစရာ ကောင်းပါသည်။

တကယ်တော့ သွားမဲ့သူတွေ၊ ပြန်မဲ့သူတွေ၊ နေမဲ့သူတွေဆိုတာ၊ ခေတ်စနစ်ရဲ့ အပြဋ္ဌာန်းခံမျိုးဆက်တွေသာ ဖြစ်တာမို့၊ အားလုံးဟာ၊  လူမူစီးပွားလှိုင်းလုံးတွေနဲ့ နိုင်ငံရေး မုန်တိုင်းတွေကြားမှာ၊ တက်လိုက်ကျ လိုက်၊ ထွက်လိုက် ၀င်လိုက် ဖြစ်နေကြရဦးမှာပဲပေါ့ . . .


အဲဒီတော့လည်း၊ အေးနော် တော်တော့်ကို ပြောင်းလဲသွားတာလို့သာ၊ လိုက်လိုက်လျောလျော အဖြေပေးလိုက်မိသည်။ တစ်ခြမ်းပဲ့နေတဲ့၊ တောရဘုန်းကြီးကျောင်းလေးတွေ အရင်တုန်းကရှိတဲ့ ရွာတွေကနေ၊ ကျန်ခဲ့တာ ဆိုတဲ့ အပန်းဖြေစခန်းကြီးထဲက ကျွန်းတိုင်လုံးကြီးတွေ ကြီးမားခန့်ထည်တဲ့ မြို့နယ်ဆိုင်းဘုတ်ကြီးတွေအောက်မှာ၊ မြက်နှုတ်ပေါင်းသင် လုပ်နေကြတဲ့၊ ဒေသခံရွာသူရွာသားတွေရဲ့ အကြောင်းတွေကိုတော့၊ ဆက်ပြီး အတွေးနယ်ချဲ့မနေချင်တော့ပါဘူးလေ။ အကျင့်ပါနေခဲ့တဲ့၊ နိုင်ငံရေး နဲ့ လူ့အခွင့်အရေးတွေအကြောင်း၊ အတိုက်အခံ စကားတွေကို၊ အခုချိန်မှာ ပြောနေဖို့ မလိုတော့ဘူးမဟုတ်လား။ မသင့်တော်ဘူး မဟုတ်လား။
နိုင်ငံရေးကိစ္စတွေက၊ လွှတ်တော်ထဲကို ရောက်သွားပြီဆိုပေမဲ့၊ ကျွန်မတို့အနေနဲ့၊ လွတ်လပ်ပွင့်လင်းတဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေအဖြစ်နဲ့ ရှိနေမှာပါ ပရိသတ်အားလုံးရဲ့ ရှေ့၊ စင်မြင့်ပေါ်ကနေ၊ စိတ်အားထက်သန်စွာ ပြောနေတဲ့၊ အမျိုးသမီးသည်၊ မကြာသေးခင်က၊ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဆု ရထားသူဖြစ်သည်။ သူ့မှာတခြားအဖွဲ့နှစ်ဖွဲ့ကိုလည်း ဦးဆောင်နေသေးသည်ဟု သိရသည်။
ဟုတ်သည်ပဲ။ ရာနဲ့ချီတဲ့ ပရိသတ်တွေ၊ စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းကြားမှာ၊ အခုလိုစကားမျိုးတွေကို ၊ ၀ံ့ဝံ့စားစား ပြောနိုင်ဖို့ဆိုတာ၊ မနှစ်တနှစ်ကတုန်းကတောင်၊ မဖြစ်နိုင်လွန်းတဲ့ ကိစ္စတစ်ခုလေ။ ရောက်တုန်းရောက်ခိုက်၊ စာပေမိတ် ဆွေတစ်ယောက်က၊ ဒီနေ့တော်ဝင်နှင်းဆီမှာ၊ အမျိုးသမီးပွဲတစ်ခုရှိတယ်။ ဖိတ်စာမလိုဘူး လာခဲ့ပါလားလို့ လှမ်းခေါ်တာကြောင့်၊ လေ့လာရအောင်သက်သက် ရောက်လာခဲ့ခြင်းဖြစ် သည်။ နောက်ဆုံးတန်းက ခုံတစ်ခုံမှာ အသာဝင်ထိုင်ရင်း၊ အခြေအနေကို စူးစမ်းနေမိသည်။ သတိထားမိတာက၊ များပြားလှတဲ့၊ ကင်မရာကိုင်သတင်းသမားတွေ။ အဲဒီအထဲမှာမှ၊ ခေတ်မီပြီး ပေါ့ပါးဖျတ်လပ်နေတဲ့၊ သတင်းထောက် မိန်းကလေးငယ်လေးတွေကို အတွေ့ရများတာကလည်း ထူးခြားနေသည်။ ဘေးတဖက်တချက်မှာ ထိုင်နေတဲ့၊ အမျိုးသမီးနှစ်ယောက်ကို၊ မသိမသာ အကဲခတ်ရင်း၊ မိတ်ဆက်စကားဆို ကြည့်သည်။ အသက်ပိုကြီးပုံပေါ်တဲ့ အမျိုးသမီးက၊ အန်ဂျီအိုတခုမှာ အတော်လုပ်သက်ကြာခဲ့ပြီး၊ အခု တခြားအန်ဂျီအိုတခုကို ပြောင်းတာ သိပ်မကြာသေးကြောင်း၊ အခုဖတ်ကြားနေတဲ့၊ အမျိုးသမီးများနဲ့ဆိုင်သော ဥပဒေများစာတမ်းကို သူ့မိတ်ဆွေတစ်ယောက်က ကူညီပါဝင်ထားတာလို့ ဆိုသည်။ တခြားဖက်ခြမ်းက၊ အသက်ပိုငယ်ပုံရတဲ့၊ ခပ်ပိန်ပိန် အမျိုးသမီးကတော့၊ စင်ကာပူတက္ကသိုလ်တခုရဲ့ ဒေသတွင်း ဖွံ့ဖြိုးရေးစကောလာရှစ်တစ်ခုနဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမူမဟာဘွဲ့ရထားသူလို့ ဆိုတယ်။ စိတ်ဝင်စားသွားရင်း၊ ခပ်တိုးတိုး စကားဖလှယ်ကြည့်မိသည်။ စင်ကာပူမှာ၊ အလုပ်လုပ်နေရာကနေ၊ ပြန်လာပြီး၊ ဒီက အခြေအနေတွေနဲ့ အခွင့်အလမ်းတွေကို၊ စောင့်ကြည့်နေခဲ့တာ၊ ရှစ်လလောက်တောင် ရှိနေပြီဆိုတော့၊ ပိုလို့တောင် စိတ်ဝင်စားသွားမိသည်။ အစ်မရယ် ဆရာ့ ဆရာကြီးတွေတောင်၊ ပြန်လာပြီး အကြံပေးပဲ လုပ်စားရင် ကောင်းမလား အကြံအိုက်နေကြ တာ၊ ကျွန်မတို့လို ငချွတ် ကလေးတွေက၊ စမ်းတ၀ါးဝါးပေါ့အကြံကုန်ရင်တော့ ဆားချက်တာပေါ့အစ်မရယ်လို့၊ သူကခပ်သောသောလေး ပြောသည်။ သူက ဘာအဓိပ္ပါယ်နဲ့ပြောတာလည်းတော့ မသိ။ တနေ့တုန်းက၊ စီနီယာ အစ်မ တစ်ယောက်နဲ့ ဖုံးပြောဖြစ်တုန်းဟဲ့ ပြန်သာလာခဲ့ ငါတို့ ပရိုပိုဆယ်တွေ တင်ထားတာရှိတယ်ဆိုတဲ့စကားကို သတိရရင်း၊ စိတ်မသက်မသာ ဖြစ်သွားမိသည်။ အစီအစဉ်တွေ တစ်ခုပြီးတခု ပြောင်းသွားပေမဲ့၊ အတွေးတွေက၊ တစ်နေရာမှာ ငြိတွယ်ကျန်ရစ်နေသည်။ အခုနောက်ဆုံး အစီအစဉ်အနေနဲ့ လှိုင်သာယာမှ ဆန္ဒပြ ညီမငယ်လေးများအား စင်ပေါ်သို့ ဖိတ်ခေါ်ပါတယ်ဆိုတဲ့ အခမ်းအနားမှူးရဲ့ အသံအဆုံး၊ လက်ခုပ်သံတွေ ညံသွားတော့မှ၊ အတွေး အာရုံတွေ လူးလွန့်လှုပ်ရှား သွားရသည်။ သူတို့အထဲက၊ မိန်းကလေးခပ်ငယ်ငယ်တယောက် ရှေ့ကိုခပ်သွက်သွက်ထွက်လာပြီး၊ စကားပြောခွက်ကို ယူလိုက်သည်။
ကျွန်မတို့အားလုံး လုပ်ခလစာနဲ့ပတ်သက်လို့ တောင်းဆိုနေတာဟာ မတရား တောင်းဆိုနေတာ မဟုတ်ပါဘူး၊ အခြေခံလစာ ငါးသောင်းဆိုတာ စဉ်းစားကြည့်ကြပါ စကားမဆုံးခင် လက်ခုပ်သံတွေ ထပ်ထွက်လာပြန်သည်။
ဟုတ်ပေတာပဲ။ ငါတို့တွေ၊ ပြန်လာ အလုပ်လုပ်ကြရင်ရော၊ အခြေခံလစာ ဘယ်လောက်များ ရသင့်ရနိုင်မှာတဲ့လဲ။
ကျောင်းထောင်ကြရအောင်၊ ဂျာနယ်ထုတ်ကြရအောင်၊ခရီးသွား လုပ်ငန်းလုပ်ကြရအောင်လို့ အဖော်စပ်နေတဲ့ သူငယ်ချင်းတွေ၊ လူမူရေး အသင်းဖွဲ့ကြရအောင်၊ စာကြည့်တိုက် ဖွင့်ကြရအောင်လို့ ဖိတ်ခေါ်နေတဲ့ မောင်ငယ်ညီမငယ်တွေ၊ ပရောဂျက်တွေရှိတယ် လုပ်စရာတွေ အများကြီးရှိတယ်ဆိုတဲ့ မိတ်ဆွေတွေ၊ ရွှေတူးမယ်၊ ဆီရောင်းမယ်၊ ပစ္စည်းသွင်းမယ်ဆိုတဲ့ စီးပွားရေး စိတ်ဝင်စားသူတွေကို သတိရရင်း၊ လက်ခုပ်သံတွေ တဖြောင်းဖြောင်းနဲ့ ပြီးဆုံးသွားတဲ့ အခမ်းအနားရဲ့ နောက်ဆုံးတန်းကနေ၊ မတ်တပ်ရပ်လိုက်သည်။ ခန်းမရဲ့ နောက်ဖက်မှာ၊ ဓာတ်ပုံတဖျပ်ဖျပ်ရိုက်နေသူတွေ၊ အသင်းအဖွဲ့အသီးသီးက တီရှပ်တွေ၊ စာစောင်တွေ ရောင်းချနေသူတွေကို ကျော်ဖြတ်ရင်း၊ ခန်းမအပြင်ကို ထွက်လိုက်တော့၊ ရန်ကုန်မိုးက၊ တအုန်းအုန်း ရွာလို့နေလေသည်။
တနေ့လုံး တစိမ့်စိမ့် ရွာနေတဲ့၊ မိုးကြောင့်၊ လေယဉ်ပြတင်းမှန်ကနေ၊ လှမ်းမြင်ရတဲ့၊ မင်္ဂလာဒုံလေဆိပ် အဆောက်အဦကြီးက ပိုပြီး လွမ်းဖို့ကောင်းနေသည်။ တိုက်တိုက်ဆိုင်ဆိုင်၊ လေယဉ်တစင်းလုံး၊ အလွမ်းတွေနဲ့ ဖုံး နေလေမလားတောင် ထင်ရသည်။ ဘာဖြစ်လို့လဲဆိုတော့၊ မလေးရှားကို သွားကြမည့်၊ လူငယ်လေးတွေ၊ မရှိဘူးဆိုလျှင်တောင် အနည်းဆုံး အယောက်သုံးဆယ်လောက် ရှိမည်။ ကုတ်အင်္ကျီအနီရောင်လေးတွေ အားလုံးဆင်တူနှင့် ပြတင်းမှန်အသီးသီး မှာ မျက်နှာလေးတွေကပ်လို့ နေကြသည်။
သွားတဲ့လူတွေက သွားနေကြရဆဲမှာ၊ ပြန်လာချင်တဲ့သူတွေကလည်း၊ ပြန်ရှာနေကြဆဲပင်။ သွားလိုတဲ့အချိန်မှာ သွားနိုင်ပြီး၊ ပြန်လာချင်တဲ့အချိန်မှာ အပြန်သာနိုင်တဲ့ အခြေအနေတခုဖြစ်သင့်တာပေါ့ဆိုတဲ့ မျှော်မှန်းချက်က၊ ယေဘုယျအားဖြင့်တော့၊ ပြောလို့ ကောင်းသားပင်။ တကယ်တော့ သွားမဲ့သူတွေ၊ ပြန်မဲ့သူတွေ၊ နေမဲ့သူတွေဆိုတာ၊ ခေတ်စနစ်ရဲ့ အပြဋ္ဌာန်းခံမျိုးဆက်တွေသာ ဖြစ်တာမို့၊ အားလုံးဟာ၊ လူမူစီးပွားလှိုင်းလုံးတွေနဲ့ နိုင်ငံရေး မုန်တိုင်းတွေကြားမှာ၊ တက်လိုက်ကျလိုက်၊ ထွက် လိုက်ဝင်လိုက် ဖြစ်နေကြရဦးမှာပဲပေါ့။ အပြောင်းအလဲဆိုတာကလည်း လှိုင်းလုံးကြီးတလုံးပဲ မဟုတ်လား။
လေယဉ်ကြီးက၊ ကောင်းကင်ပေါ် ပျံတက်နေပြီမို့၊ မှန်ပြတင်းကနေ အကြည့်လွှဲရင်း၊ လေယဉ်အတက်မှာ ယူလာတဲ့၊ ရန်ကုန်မြို့ထုတ်၊ အပတ်စဉ် သတင်းဂျာနယ်တစောင်ကို၊ ကောက်ကိုင်လိုက်သည်။ ဟုတ်ပါတယ်၊ မြန်မာပြည်ကြီးပြောင်းလဲနေပြီပဲ။ ကမ္ဘာ့စင်မြင့်ပေါ်မှာ၊ ရဲဝံ့တည်ကြည်စွာ၊ မိန့်ခွန်းပြောနေတဲ့၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်သည်၊ သတင်းဂျာနယ်၏၊ မျက်နှာဖုံးထက်မှာ အထင်အရှား။ ဘေးခုံတချို့ကို ဝေ့၀ဲကြည့်လိုက်ရင်း ပြည်ပမှာ နေထိုင်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်လို့ သူမပြောသွားတဲ့ အဖြေစကားတချို့ကို သတိရမိသွားသည်။ ကွာဟမှုတွေကို နည်းနိုင်သမျှ နည်းအောင် ကြိုးစားရမယ်တဲ့။ ပြီးတော့ သူမရဲ့ခပ်သောသောလေးပြော သွားတဲ့၊ ပြုပြင်ပြောင်းလဲမှုတွေအတွက် လိုအပ်နေတဲ့ အရာတွေ။ Shakers ၊ Movers ၊ Doers တွေတဲ့လေ။ သူမက၊ မြန်မာစကားကို ပီပီသသ ရေးစေချင်ပြောစေချင်သည်မို့၊ အဲဒီ အင်္ဂလိပ်စာလုံးအတွဲလေးကို၊ အနီးစပ်ဆုံး ဆီလျော်အောင်၊ ကြိုးစားပြီး၊ မြန်မာစကားနဲ့ ဖလှယ်ကြည့်မိသည်။ Shakers ဆိုတာက ခေါင်းလောင်းထိုးသူတွေပေါ့။
Movers  ဆိုတာက နွံထဲမှာ၊ လှည်းဘီးတွန်းသူတွေပေါ့။ Doers ဆိုတာကိုတော့ စကားလုံးသက်သက်နှင့် ဖွင့်ဆိုဖို့ မဖြစ်နိုင်ပေ။

၁၀ နာရီ ၅၂ မိနစ်၊ ၂၅ ဇူလိုင်၊၂၀၁၂(Ref:EMG)


ဂျာနယ်လစ်နဲ့ကျင့်ဝတ်(၈)၊ ဂျာနယ်လစ်တို့ရဲ့ အခွင့်အရေး Written by ဇေ၀င်းနောင်

၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့က ပိတ်မိနေသည့် ချီလီမိုင်းတွင်း လုပ်သားများကို ကယ်ဆယ်နေစဉ်တွင် သတ္တုတွင်းဝန်ကြီးက သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်




''ကွန်ဂရက်(လွှတ်တော်) သည် ...၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် စာနယ်ဇင်း လွတ်လပ်ခွင့်တို့ကို တားဆီးကန့်သတ်သည့် မည်သည့်ဥပဒေကိုမျှ ပြဋ္ဌာန်းခြင်း မပြုရ''
အမေရိကန်ပြည်ထောင်စု အခြေခံဥပဒေ ပထမဖြည့်စွက်ချက်မှ ကောက်နှုတ်ချက် (ပထမဖြည့်စွက်ချက်ပါ ကျန်အချက်များမှာ ဘာသာရေးလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာစုဝေးခွင့်၊ ကန့်ကွက်တောင်းဆိုခွင့်တို့နှင့်ဆိုင်သည်)
အခြေခံဥပဒေတွေထဲမှာ ဒီမိုကရေစီနိုင်ငံတွေ စံနမူနာယူကြရတဲ့ အမေရိကန်ပြည်ထောင်စု အခြေခံဥပဒေရဲ့ပထမဆုံးဖြည့်စွက်ချက်က ကောက်နှုတ်ထားတာပါ။ ၁၇၈၉ မှာ လွှတ်တော်နှစ်ရပ်က အတည်ပြုပြီး  ၁၇၉၂ မှာ ပြည်နယ် လေးပုံသုံးပုံက အတည်ပြုခဲ့လို့ အသက်ဝင်လာတဲ့  အခြေခံဥပဒေဖြည့်စွက်ချက် ၁၀ ချက်ထဲက ပထမဆုံးအချက်ပါ။ အဲဒီမှာ စာနယ်ဇင်းတို့ရဲ့ လွတ်လပ်ခွင့်ကို အထင်အရှား အာမခံပေးထားတာပါ။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ်ဆိုတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ရှိသင့်တဲ့ အာမခံချက်မျိုးပေါ့။
အခုတလော ဂျာနယ်လစ်တွေကို လည်ပင်းကြိုးကွင်းစွပ်ဖို့ ကြိုးစားလာတယ်လို့ ယူဆရတဲ့အခြေအနေမျိုးမှာ ဂျာနယ်လစ်တွေရဲ့ ကျင့်ဝတ်နဲ့ တာဝန်ယူမှုတွေအပြင် ဂျာနယ်လစ် အခွင့်အရေးအကြောင်းပါ ပြောဖို့လို လာပါပြီ။
ဂျာနယ်လစ်တွေဟာ နိုင်ငံသားတွေပဲမို့ ဒီမိုကရေစီ နိုင်ငံသားတစ်ယောက်ရသင့်တဲ့ အခွင့်အရေးအရေး တွေရရမှာကတော့ ရှင်းပါတယ်။ အခွင့်ထူးခံစရာတော့ မရှိပါဘူး။ ဂျာနယ်လစ်ဟာ အခွင့်ထူးခံလူတန်းစား လုံးဝမဟုတ်ပါဘူး။ မီးသတ်ကားတွေ၊ လူနာတင်ကားတွေ အရေးပေါ်အခြေအနေမှာ မီးနီဖြတ်မောင်းခွင့်ရှိသလိုမျိုး အများပြည်သူအကျိုးစီးပွားနဲ့ ပြည်သူတွေနိုင်ငံသားတွေရဲ့ သိပိုင်ခွင့်ကို စောင့်ရှောက်ရမဲ့ ကိစ္စမျိုးရှိလာတဲ့ အချိန်မှာ သတင်းအချက်အလက်ကို ဖုံးကွယ်ထားသည့်တိုင် ရယူပိုင်ခွင့်၊ ဖွင့်ချဖော်ထုတ်ခွင့်ရှိတာမျိုးကလွဲလို့ပေါ့။
သတင်းအချက်အလက် ရယူပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ဝေဖန်ခွင့်ဟာ လူသားအားလုံးရဲ့ အခြေခံလွတ်လပ်ခွင့်တွေထဲက တစ်ချက်ပါ။ ဂျာနယ်လစ်တစ်ယောက်ရဲ့ တာဝန်ယူမှုနဲ့ အခွင့်အရေးဆိုတာကလည်း ပြည်သူလူထုရဲ့ အချက်အလက်နဲ့ ထင်မြင်ယူဆချက်များကို သိရှိပိုင်ခွင့်ဆိုတဲ့ အခွင့်အရေးအပေါ် အခြေခံပြီးမှ ဆင့်ပွားရှိလာတာပါ။
နိုင်ငံခြောက်နိုင်ငံက ဂျာနယ်လစ်သမဂ္ဂတွေ ဂျာမနီနိုင်ငံမြူးနစ်မြို့မှာ အတည်ပြုခဲ့ကြတဲ့ 'ဂျာနယ်လစ်များ၏ အခွင့်အရေးနှင့်တာဝန် ၀တ္တရားများ'ဆိုတဲ့ ကြေညာချက်မှာ ဂျာနယ်လစ်ဆိုင်ရာ အခွင့်အရေးနဲ့ ပတ်သက်ပြီး ပထမဆုံး ဖော်ပြထား တဲ့အချက်ရှိပါတယ်။
''ဂျာနယ်လစ်များသည် သတင်းအချက်အလက် ရင်းမြစ်အားလုံးကို လွတ်လပ်စွာ ရယူပိုင်ခွင့်ရှိရမည်။ အများပြည်သူ၏ လူမှုဘ၀အပေါ် သက်ရောက်သော ဖြစ်စဉ်အားလုံးနှင့် ပတ်သက်ပြီး လွတ်လပ်စွာမေးမြန်းခွင့် ရှိရမည်''ဆိုတာကို ဖော်ပြထား ပါတယ်။ အဲဒါဟာဂျာနယ်လစ်ရဲ့ အခွင့်အရေးပါပဲ။
အခြားထင်ရှားတဲ့ အခွင့်အရေးကတော့ သတင်းရင်းမြစ်ကို  မထုတ်ဖော်ဘဲ ကာကွယ်ခွင့်ပါပဲ။ ဒီကိစ္စနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကိုလိုနီခေတ်ကတည်းက အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်းက Hell-Hound At Large  ဆိုတဲ့ပေးစာရဲ့ ရေးသူကို မထုတ်ဖော်နိုင်ဘူးလို့ ဂျာနယ်လစ် အခွင့်အရေးအတိုင်း ရပ်တည်ခဲ့ပါတယ်။ နောက်ထပ် ဂျာနယ်လစ် အခွင့်အရေးကတော့ သူ့ရဲ့မျက်မြင်တွေ့မှု၊ မေးမြန်းမှု၊ ထင်မြင်ယူဆမှုအရ ရေးတဲ့စာတွေကို ဘယ်လိုရေးရမယ်၊ ဘယ်လိုတော့ မရေးရဘူးဆို ပြီးစွက်ဖက်တာကို ငြင်းဆိုပိုင်ခွင့်ပါ။
ကုလသမဂ္ဂက ၁၉၄၈ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ Declaration of Human Rights အပိုဒ်ခွဲ ၁၉ မှာလည်း ''လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆပိုင်ခွင့်နှင့် ထုတ်ဖော်ခွင့်ရှိသည်။ ယင်းအခွင့်အရေးတွင် စွက်ဖက်မှုမရှိဘဲ ထင်မြင်ယူဆချက်တို့ကို ကိုင်စွဲခွင့်၊ နယ်စည်းမခြားဘဲ မည်သည့်မီဒီယာမှမဆို သတင်းအချက်အလက်နှင့် အိုင်ဒီယာများ ရှာဖွေ၊ ရယူ၊ ဖြန့်ဝေခွင့်လည်း ပါဝင်သည်''လို့ ပါပါတယ်။
ဂျာနယ်လစ် အခွင့်အရေးအကြောင်း ပြောလာတဲ့အခါမှာ လက်ရှိ ဖြစ်နေတဲ့ ဥပဒေရေးရာကိစ္စတွေလည်း ထည့်ပြောဖို့ လိုမယ်ထင်ပါတယ်။ ပထမဆုံးပြောချင်တဲ့ ကိစ္စက ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံဥပဒေပါ။ လွတ်လွတ်လပ်လပ် ပြောဆိုလာ နိုင်တာနဲ့အမျှ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ကိစ္စကို တရားဝင် ဆွေးနွေးစရာ ဖြစ်လာပါပြီ။ အာဏာပိုင် အဖွဲ့အစည်းတွေကတောင် ဒီကိစ္စကို ထည့်ပြောလာကြပါပြီ။ ဒါဟာ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ကိစ္စပါ။
နောက်တစ်ခုက စာပေစိစစ်ရေးက စာနယ်ဇင်းတွေကို  ဆင်ဆာ ဖြတ်တောက်မှု၊ ထိန်းချုပ်မှု မလုပ်တော့တဲ့အခါကျရင် မီဒီယာဥပဒေတစ်ရပ်နဲ့ ထိန်းချုပ်မယ်ဆိုတဲ့ကိစ္စကလည်း ဆွေးနွေးစရာ၊ အငြင်းပွားစရာ ဖြစ်လာတာပါ။ ဒါကလည်း ဂျာနယ် လစ်တွေနဲ့ပဲ ဆိုင်တယ်ထင်ရပေမဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်တို့၊ အများပြည်သူတို့ရဲ့ သိပိုင်ခွင့်တို့နဲ့ပါ ဆိုင်တာမို့ အရေးကြီးတဲ့ ကိစ္စပါ။
စာနယ်ဇင်းနဲ့ဆိုင်တဲ့ကိစ္စမှာ ပြောရမှာ နှစ်ချက်ရှိပါတယ်။ ပထမ အချက်က ဒီမိုကရေစစ်မှန်တယ်ဆို တဲ့တဲ့နိုင်ငံတိုင်းမှာ မီဒီယာဥပဒေဆိုတာမျိုးမရှိဘဲ ဘယ်သူဘယ်ဝါဘယ်က ထုတ်တယ်ဆိုတာလောက်ပါတဲ့ ပုံနှိပ်ဥပဒေမျိုးပဲ ရှိတယ်ဆိုတဲ့ အချက်ပါ။ ဒုတိယအချက်က လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ဆိုတာ ဒီမိုကရေစီ စစ်၊ မစစ်ဆိုတာကို တိုင်းတာနိုင်တဲ့ စံတွေထဲက တစ်ခု ဆိုတာပါပဲ။


သတင်းအချက်အလက် ရယူပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ဝေဖန်ခွင့်ဟာ လူသားအားလုံးရဲ့ အခြေခံ လွတ်လပ်ခွင့်တွေထဲက တစ်ချက်ပါ။ ဂျာနယ်လစ်တစ်ယောက်ရဲ့ တာဝန်ယူမှုနဲ့ အခွင့်အရေးဆိုတာကလည်း ပြည်သူလူထုရဲ့ အချက်အလက်နဲ့ ထင်မြင်ယူဆချက်များကို သိရှိပိုင်ခွင့်ဆိုတဲ့ အခွင့်အရေးအပေါ် အခြေခံပြီးမှ ဆင့်ပွား ရှိလာတာပါ။



ပြောချင်တာက ဒီမိုကရေစီ နိုင်ငံစစ်စစ်ဖြစ်တယ်ဆိုတဲ့ အာမခံချက်ရှိဖို့အတွက်၊ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ရှိတယ်ဆိုတဲ့ အာမခံချက်ရှိဖို့အတွက် မီဒီယာဥပဒေဆိုတာမျိုး ပြဋ္ဌာန်းမဲ့အစား အခြေခံဥပဒေကို ပြင်ဆင်ကြမယ်ဆိုတဲ့အခါမှသာ အမေရိကန် ပြည်ထောင်စု အခြေခံဥပဒေ ပထမဖြည့်စွက်ချက်လိုမျိုး ''လွှတ်တော်သည် လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် စာနယ်ဇင်း လွတ်လပ်ခွင့်တို့ကို တားဆီးသည့် မည်သည့်ဥပဒေကိုမျှ မပြဋ္ဌာန်းရ''ဆိုတဲ့ အနက်ရတဲ့ စာသားမျိုးထည့်ပေးဖို့ပါ။ အများပြည်သူနည်းတူ အများခံစားခွင့်ရမှ ကျွန်တော်တို့လည်း ခံစားခွင့် ရသင့်တာမို့ ကျွန်တော်တို့ကျမှ ဦးဦးဖျားဖျား ထူးထူးခြားခြားတွေ လုပ်ဖို့မလိုဘူး ထင်ပါတယ်။
ခက်တာက ကိုယ့်လည်ပင်းစွပ်မဲ့ကြိုးကို ၀င်ကျစ်တဲ့သူတွေလည်း ရှိနေတဲ့ပြဿနာပါ။ ဖြတ်ညှပ်ကပ်ထားတဲ့ ဥပဒေမျိုးနဲ့ လက်ဝေခံအဖွဲ့တွေနဲ့ ထိန်းချုပ်မှာကတော့ ဂျာနယ်လစ် အခွင့်အရေးကို ထိပါးတဲ့သဘော သက်ရောက်နေတာတော့ အမှန်ပါ။
လမ်းကြားတွေထဲမှာ မကြာ မကြာတွေ့မိတဲ့ မြင်ကွင်းတစ်ခုက ခေါင်းထဲပေါ်လာတယ်။
အိမ်ထဲမှာ အနေကြာတဲ့ အလှမွေး ခွေးတစ်ကောင် လည်ပတ်ကြိုးတန်းလန်းနဲ့ လမ်းထွက်လာတာကိုလေ။ သခင်က ကြိုးကိုဆွဲလို့ သူသွားစေချင်တဲ့လမ်းအတိုင်း ခွေးကို အတင်းဆွဲလို့။ သနားစရာကောင်းတဲ့ အကောင်တွေပါ။ ကိုယ့်လည်ပင်းက ကြိုးကွင်း ကိုယ်မမြင်ဘဲနဲ့ အမြီးလေး တနံ့နံ့နဲ့ ဟန်ကျလှပြီ ထင်နေ၊ လွတ်လပ်လှပြီ ထင်နေတာများ။
လူဆိုတာက ဆင်ခြင်တုံတရားရှိတဲ့ သတ္တ၀ါပဲဟာ။ ဒီကြိုးကွင်းစွပ်ထားတဲ့ လွတ်လပ်မှုမျိုး ဘယ်အားကျနိုင်ပါ့မလား။ လူပဲဟာ။ ကျွန်တော့်အနေနဲ့ ပြောရရင်တော့ ဂျာနယ်လစ်တစ်ယောက်အနေနဲ့ရော လူတစ်ယောက်အနေနဲ့ရော ဒီကြိုးကွင်းစွပ် လွတ်လပ်မှုမျိုးကိုတော့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။
သဘောရိုးနဲ့ အသက်မွေးနေကြတဲ့ ဘယ်ဂျာနယ်လစ်မှလဲ ဒီလို လည်ပင်းကြိုးကွင်းစွပ် လွတ်လပ်မှုမျိုးကို နှစ်သက်မယ် မထင်ဘူး။ ကျွန်တော်တို့ကို ထိန်းကျောင်းရအောင် ကျွန်တော်တို့က နွားတွေမဟုတ်ဘူးလို့ ပြောခဲ့ပြီးပါပြီ။ အခုထပ်ပြောရမှာက လည်ပင်းကြိုးကွင်းစွပ်ထားတဲ့ လွတ်လပ်ခွင့်မျိုးကို လိုလားရအောင် ကျွန်တော်တို့ဟာ အဟိတ် တိရစ္ဆာန်တွေမှ မဟုတ်တာဆိုတဲ့ အချက်ပါ။

Thursday, July 26, 2012

တရားကိုတော့ ချစ်ပါသည် Written by မောင်စံပေါ



(၁)
တရားနှင့်ဓားအား နှစ်အားတွင်
တရားကိုချစ်
ဓားကိုပစ်အံ့ စစ်ကို ငါတို့မုန်းပါသည်။

ဖတ်ဖူးတဲ့ ကဗျာတစ်ပိုင်းတစ်စပေါ့။ သဘောကျလွန်းလို့ ဖတ်ပြီးကတည်းက အလွတ်ရနေခဲ့တာပါ။ ဖတ်ဖူးစဉ်ကတည်းက ခေါင်းစဉ်မရှိ ရေးသူမသိခဲ့တာမို့ မူလ ကဗျာရေးသူကို မဖော်ပြနိုင်တဲ့အတွက် စိတ်မကောင်း ဖြစ်မိပါတယ်။
(၂)

'စိတ်မကောင်းဖြစ်မိပါတယ်' တို့၊ 'ထပ်တူထပ်မျှ ခံစားရပါတယ်' တို့၊ 'ရှုတ်ချလိုက်ပါတယ်' တို့ စသဖြင့် စကားလုံးတွေ၊ ပြောင်မြောက်တဲ့ ၀ါကျလှလှတွေကို အကြောင်းအရာ တစ်ရပ်၊ အဖြစ်အပျက်တစ်ခုနဲ့ ပတ်သက်ရင် ပြောကြရေးကြတာတွေ ခဏ ခဏ တွေ့ရပါတယ်။ အိုင်တီ ခေတ်ကြီးဆိုတော့ အင်တာနက်ကျေးဇူးနဲ့ ကွန်ရက်ပေါ်မှာ စာတွေ အလွယ်တကူ တင်နိုင်လာတယ်။ လူတွေကြားမှာ ပျံ့နှံ့မှုနှုန်းထား မြန်လာတယ်။ ပြင်းထန်တဲ့ စကားလုံးတွေ၊ ပြောင်မြောက်တဲ့ အရေးအသားတွေ၊ လှပတဲ့ဝါကျတွေ ထပ်တလဲလဲ မြင်တွေ့ရတယ်။
(၃)

အဲသဟာတွေ မြင်ဖန်များတော့ ရိုးရာပုံပြင်လေးတစ်ပုဒ်ကို သတိရမိတယ်။ ရွာလေးတစ်ရွာမှာ ဘုန်းကြီးတစ်ပါး ရှိတယ်။ ရွာရဲ့သာရေး၊ နာရေးကိစ္စရှိရှိသမျှ ဒီကိုယ်တော်ပဲ သင့်တင်လျောက်ပတ်ရာ တရားချီးမြှင့်တယ်။ ဟောတယ်။ ရှင်ပြု နားသ မင်္ဂလာဆောင်၊ နာမည်ပေးကင်ပွန်း တပ်စတဲ့ မင်္ဂလာဆွမ်းကျွေးတွေမှာ တရားဟောပြီး ၀မ်းမြောက်စေတယ်။  တစ်ယောက်ယောက် သေဆုံးသွားတဲ့အခါတွေမှာလည်း အပူမီးတောက်ပြီး ကျန်နေခဲ့ကြတဲ့ ဆွေမျိုးသားချင်းတွေကို ပြေပျောက်အောင် တရားနဲ့ ဖြေဖျောက်ပေးတယ်။ အင်မတန်မှ အစွဲအလမ်းကြီးတဲ့ ရွာသူကြီးကိုတောင်မှ သူ့အမေ ဆုံးပါးသွားစဉ်က တရားချပြီး ဆောက်တည်ရာရစေခဲ့တယ်။

တစ်ရက်မှာတော့ ဘုန်းကြီးမယ်တော် ဆုံးပါလေရော။ အမေသေလို့ အငိုတွေမရပ်တဲ့ ဘုန်းကြီးကို ကြည့်ပြီး ရွာသားတွေလည်း ဘာလုပ်ရမှန်းမသိဘူး။ နောက်ဆုံးတော့ သူကြီးက ''သတိထားပါ အရှင်ဘုရား။ တပည့်တော်အမေ သေတုန်းက အရှင်ဘုရားပဲ ဟောခဲ့တာ မဟုတ်လားဘုရား လူဆိုတာ သေမျိုးချည်းပဲ။ လက္ခဏာ သုံးပါးကိုဆင်ခြင်၊ တရားနဲ့ဖြေဆိုတာလေ''ဆိုပြီး ဘုန်းကြီးကို လျှောက်တင်တယ်။
''ဟဲ့ အဲဒီတုန်းက သေတာ နင့် အမေ။ အခုသေတာ ငါ့အမေ။ ငါ ဘယ်လိုဖြေရမှာလဲ''ဆိုပြီး ဘုန်းကြီး ဆက်ငိုပါရောတဲ့။

ရိုးရာဟာသပုံပြင်လေးက ပြုံးချင်စရာ။ လူ့စိတ်သဘောသဘာဝကို တစ်ထောင့်တစ်နေရာကနေ လှစ်ကနဲ ပြထားတယ်။
(၄)

လူ့သဘောသဘာဝကလည်း ပြောရတော့ ခက်ပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေပေကိုး။ နေသာရင် နေသာသလို နေချင်တတ်ကြတာလည်း ရှိရဲ့။ မနေသာတော့လည်း လုပ်ရတာပေါ့ဗျာ။

ကြုံကြိုက်တုန်း ငယ်ငယ်က ကျောင်းသားဘ၀ရဲ့ အစိတ်အပိုင်းလေးတချို့ ပြောပါရစေ။ နယ်မြို့ကလေးမှာ အလယ်တန်းပညာသင်စဉ်ကပေါ့။ ကျောင်းမှာ ၀ါ စိမ်း နီ ပြာ အသင်းလေးသင်းရှိတယ်။ နာမည်အနေနဲ့ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလပေါ့ဗျာ။ အတန်းပိုင်ဆရာမက အတန်းသားတွေကို အသင်းလေးသင်းမှာ ခွဲပြီးနေရာချတယ်။ အသင်းသားတွေက အသင်းခေါင်းဆောင် ပြန်ရွေးတယ်။
'အသင်းကျတယ်' ဆိုတဲ့ ဝေါဟာရက ကိုယ့်အသင်းက အတန်းနဲ့ဝန်းကျင်ကို သန့်ရှင်းရေး၊ သောက်ရေဖြည့်ရေး၊ ဘုရားပန်းအိုးလဲရေး၊ မနက်ခင်းခုံစီရေး၊ ညနေခင်း ကျောင်းဆင်းရင်ထိုင်တဲ့ ခုံတန်းရှည်တွေကို စာရေးတဲ့ ခုံတန်းရှည်တွေပေါ်မှာ မှောက်ပြီးစီရေး၊ ဆရာမ စားပွဲ ကုလားထိုင်သန့်ရှင်းရေး၊ ကျောက်သင်ပုန်းသန့်ရှင်းရေး စတဲ့ကိစ္စတွေလုပ်ဖို့ တာဝန်ကျတာကို ပြောတာ။ အသင်းတစ်သင်းက တစ်ပတ်စီ အလှည့်ကျ တာဝန်ယူရတယ်။


အသင်းသားတွေက တာဝန်ကျတဲ့အပတ်မှာ တစ်ရက်ပဲ စောစော လာရ လုပ်ရပေမယ့် အသင်းခေါင်းဆောင်ကတော့ တစ်ပတ်လုံး စောစောလာရတယ်။ အဲဒါက ကိစ္စမရှိပါဘူး။ ကိစ္စရှိတာက ခွေးချေးကျုံးရတာ။ ကျောင်းက ခြံစည်းရိုးမလုံခြုံ။ စာသင်ခန်းတွေကလည်း ထရံကို ဒူး လောက်အထက်မှာ ကာထားတာ။ ကျောင်းဆင်းပြီးလို့ ကျောင်းဝင်းထဲမှာ ရှင်းသွားပြီဆိုရင် ကျေးဇူးရှင်များက ရောက်လာပြီ။ ကျောင်းဝင်းက သူတို့ရဲ့ကစားကွင်းပေါ့။ စာသင်ခန်းတွေက သူတို့ရဲ့အိမ်သာ။ သူတို့ဘာသာ ခွဲတမ်းချထားကြတာများ။ သူ့နေရာ ကိုယ့်နေရာရှိသေး။ ဒီအ ခန်းမှာပဲ အီအီးပါတဲ့ကောင်က ဒီအခန်းပဲ တခြားမှာမသွားဘူး။ တံမြက်စည်းလှဲ၊ ရေခပ်ပြဿနာမရှိလှပေမယ့် ခွေးချေးကျတော့ ဘယ်သူမှ မကျုံးချင်ကြဘူး။
ဒီတော့ အသင်းခေါင်းဆောင်ကပဲ နေ့တိုင်း ခွေးချေးကျုံးရပါရော။
(၆)

ပြောချင်တာက ခွေးအကြောင်း မဟုတ်ဘူးဗျ။ ရေးရင်းနဲ့ 'ခွေးအရေးတော်ပုံ' စာတမ်းတစ်စောင်ဖြစ်ရချည်ရဲ့။ 'ခွေးဋီကာ' တစ်ပုဒ်ဘုတ်အုပ်ထဲ ရောက်ချည်ရဲ့ဆိုပြီး ဘရိတ်အုပ်လိုက်ရတာ။ 'ကိုတာ' ကတော့ 'တောင် ရောက်မြောက်ရောက် ဆရာဝန်' တဲ့။ ဒီမှာက 'တောင်ပြောမြောက်ပြော မောင်စံပေါ' ဖြစ်နေပြီ။ တောင်ကြည့် မြောက်ကြည့်သမ္မတက ရှိသေး။

တကယ်ပြောတာ အမေရိကန် သမ္မတဂျော့ဘုရှ်ပေါ့ဗျာ။ သဲကန္တာရစစ်ပွဲကြီး ဆင်နွှဲခဲ့သူပေါ့။ သူပိတ်ထားတဲ့ မှန်ပြောင်းကြီးနဲ့ကြည့်ပြီး စစ်ဆေးနေတဲ့ပုံနဲ့ စာအုပ်ကြီးပြောင်းပြန်ကိုင်ပြီး ကျောင်းသူလေးတစ်ယောက်နဲ့ စကားပြောနေတဲ့ပုံ အင်တာနက်မှာ မြင်ဖူးတယ်။ ကွန်ပျူတာနဲ့ ပြုပြင်ရေးဆွဲထားတာ ဖြစ်ချင်ဖြစ်မှာပေါ။ သူနဲ့ပတ်သက်တဲ့ သရော်စာတစ်ပုဒ်လည်း အင်တာနက်မှာ ဖတ်ဖူးတယ်။
ဂျော့ဘုရှ်ရဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာပေါ့။ အမေရိကန် ပြည်သူတွေအကြားမှာ ဂျော့ဘုရှ်ကို မကြိုက်ကြတဲ့သူတွေ များလာတယ်။ သူ့ရဲ့ရေပန်းစားမှုက အရမ်းကျဆင်းနေတယ်။ အဲဒီအချိန်မှာသာ သမ္မတရွေးကောက်ပွဲ လုပ်ရင် သူရှုံးကိုရှုံးမှာ။ လုံးဝသေချာတယ်။ သတင်းထောက် တစ်ယောက်ကမေးတယ်။ ''သမ္မတ ကြီးခင်ဗျား မနက်ဖြန်မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ဒီနေ့ သမ္မတကြီး ဘာလုပ်မလဲ''တဲ့။ ဂျော့ဘုရှ်ကလည်း ချက်ချင်းပဲ ပြန်ဖြေလိုက်ပါတယ်။ ''အီရတ်ကို သွားတိုက်မယ်''တဲ့ဗျား။
အဲဒီအချိန်တုန်းက ဆက်ဒမ်ဟူစိန်ဆိုတာ နာမည်ဆိုးများစွာနဲ့ ကျော်ကြားနေသူ။ ဘုံရန်သူဆိုပြီး အမေရိကန် မီဒီယာတချို့က သုံးစွဲခဲ့သူ။ နျူကလီးယား လက်နက်တွေလုပ်ပြီး ကမ္ဘာဖျက်မယ့်ကောင်လို့ စွပ်စွဲခံရသူ။ အမေရိကန်ပြည်သူတွေရဲ့ အမုန်းစာရင်းမှာ ထိပ်ကလူ။ ဒီဘက်ကအဖြူ။ သူကအမဲ။ ဒီဘက်ကအမှန် သူကအမှား။ ဆက်ဒမ်ဟူစိန်ကို ချေမှုန်းမယ့်စစ်ဟာ အမှန်တရားဘက်က ရပ်တည်တဲ့စစ်။ တရားတဲ့စစ်ကို ဆင်နွှဲခြင်းအားဖြင့် ပြည်သူတွေရဲ့ချစ်ခြင်းကို ဂျော့ဘုရှ်ရမယ်။ သူ့ရဲ့ဂုဏ်သိက္ခာ တက်လာမယ်။ ဒါကိုပြောတာပါ။
အမှန်နဲ့အမှားမှာ တရားတာနဲ့ မတရားတာမှာ ကြားနေတယ်ဆိုတာ မရှိပါဘူး။ ကြားနေတယ်ဆိုကတည်းက မှန်တဲ့ဘက်မှာ၊ တရားတဲ့ဘက်မှာ ရပ်တည်မပြရဲတာ။
ကိုယ်ချင်းစာတရားဆိုတာ တကယ်ထားမယ်ဆိုရင် 'ငါ့ဟာမှငါ့ဟာ၊ ငါ့ထိမှငါနာ' ဖြစ်မနေရပါဘူး။ ကိုယ်ထမင်း၀၀စားနေရချိန်မှာ ထမင်းငတ်လို့ ဆာလောင်နေတဲ့ မျက်နှာလေးတွေ မြင်ကြည့်ပါ။ ကိုယ်အေးချမ်းစွာအိပ်စက်နေရချိန်မှာ စိုးရိမ်စိတ်နဲ့ အိပ်မပျော်သူတွေအကြောင်း  တွေးကြည့်ပါ။
မလုပ်နိုင်ဘူးဆိုတာ မရှိပါဘူး။ နည်းနည်းလုပ်နိုင်တာနဲ့ များများလုပ်နိုင်တာနဲ့တော့ ကွာပေမပေါ့ဗျာ။ နည်းတာများတာ ဖယ်ထား အမှန်အတွက်၊ တရားတာအတွက် လုပ်ကြရပါမယ်။
(၈)
စစ်ရဲ့ အနိဋ္ဌာရုံတွေကို လူတိုင်း သိပါတယ်။ စစ်သွေးကြွ အနည်းစုကလွဲရင် အားလုံးနီးပါးသော လူသားတွေက စစ်ကိုမုန်းကြပါတယ်။ စစ်ကို မလိုလားကြပါဘူး။ ဒါပေမယ့် တရားကိုချစ်တိုင်းလည်း ဓားကိုမပစ်နိုင်ပါဘူး။ အမှန်တရားကိုကာ ကွယ်စောင့်ရှောက်ဖို့ အရေးအတွက် ဓားကတော့ သွေးနေရမှာပါ။
လူတွေအာုးံးဟာ နောင်မှာပွင့်မယ့် ဘုရားလောင်းတွေ၊ ပါရမီလာဖြည့်နေကြတဲ့သူတွေ မဟုတ်ပါဘူး။ ဒေ၀ဒတ်လောင်းတွေ၊ စိဉ္ဇမာနလောင်းတွေလည်း ရှိနိုင်တာပါပဲ။ ဒါကြောင့်လည်း မလိုလားအပ်တဲ့ဖြစ်ရပ်တွေ၊ အကျည်းတန်တဲ့ မြင်ကွင်းတွေ၊ လူမဆန်တဲ့ ရက်စက်ယုတ်မာမှုတွေကို မီဒီယာပေါင်းစုံမှာ မြင်တွေ့နေရတာပါ။
ရှေးလူကြီးသူမများ ပြောခဲ့တဲ့ ပုံပြင်တွေ၊ ရေးခဲ့တဲ့စာတွေ၊ ထားခဲ့တဲ့ စကားပုံတွေဟာ စိတ်ကူးယဉ်သက်သက် မဟုတ်ပါဘူး။ အတွေ့အကြုံနဲ့ အတွေးအမြင်ကို အခြေခံပြီးပေါက်ပွားလာတာ။ 'ကုလားအုပ်ပုံပြင်တို့ အရိပ်နေနေ အခတ်ချိုးချိုးတို့၊ မြွေပွေးခါးပိုက်ပိုက်'တို့ အများကြီးရှိပါ တယ်။ လူပြက်တွေပြောတဲ့စကားတောင် ရှိသေးဗျာ။ ဘာတဲ့ရယ် 'သနားလို့ ပါးကလေးပေးနမ်းပါတယ် ဟိုဒင်းကိုလာရန်ရာတယ်'လို့ ဆိုတာ။
နားထောင်ရတာကောင်းပေမယ့် လက်တွေ့မှာမလွယ်တဲ့ ကိစ္စရပ်တွေ၊ အခြေအနေတွေကလည်း အများကြီးပါ။ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးဆိုတဲ့ကိစ္စဟာ ကျားနဲ့သမင်အတွက်၊ ၀ံပုလွေနဲ့ သိုးငယ်အတွက် လုံးဝမဖြစ်နိုင်ပါဘူး။ သဘောသဘာဝတွေဖြောင့်ဖြောင့် ကြီးဆန့်ကျင်နေမှတော့ ဝေးဝေးနေ တာကောင်းပါတယ်။

(၉)
သမိုင်းသင်တာ မအ အောင်လို့ ဆိုပါတယ်။ သင်ခန်းစာတွေယူလို့ပဲ မပြီးနိုင်တော့ဘဲနဲ့ အူတူတူအတတ၊ လုပ်သမျှ ခဏခဏ ခံနေရတယ်ဆိုရင် မဟုတ်တော့ပါဘူး။ သမိုင်းရှိပေမယ့် သမိုင်းမသိဘူးဆိုတာမျိုး မဖြစ်သင့်ပါဘူး။ သမိုင်းသင်ပြီးရင် အရိုင်းအယဉ် ခွဲခြားနိုင်ကြမယ်။ အမှန်အမှား ကွဲပြားနိုင်ရမယ်။
(၁၀)
အမှန်အမှား ကွဲပြားတယ်ဆိုရင် အမှန်တရားဘက်က ရပ်တည်ကြရပါမယ်။ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရမယ့်အလုပ်ကို မဆိုင်းမတွ လုပ်ကြရပါမယ်။ 'မှန်'တာမ'ရွှေ့'ခဲ့လို့'ရှုံး' သွားကြရတဲ့ စစ်တုရင်ပွဲတွေ အများကြီးရှိပါတယ်။




























Monday, July 16, 2012

(၁၉) ဇူလိုင်၊ မေ့နိုင်ပါ့မလား Written by မောင်တင်ဦး (မြောင်းမြ)

၁၉၄၇ ခုနှစ်
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် နေ့၊နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရပါတယ်။
(၁) ဗိုလ်ချုပ်အောင်ဆန်း
ဘုရင်ခံ၏ အမှုဆောင်ကောင်စီ၊ ဒုတိယသဘာပတိ(၀န်ကြီးချုပ်)
(၂) သခင်မြ
ဘဏ္ဍာရေးနှင့်အခွန်တော်ဌာန၊ ၀န်ကြီး
(၃) ဒီးဒုတ်ဦးဘချို
ပြန်ကြားရေးဝန်ကြီး
(၄) ဦးဘ၀င်း
ထောက်ပံ့ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး။
(၅) မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်း
တောင်တန်းဒေသ၀န်ကြီး
(၆) ဦးရာဇတ်
ပြန်ကြားရေးနှင့် အမျိုးသား စီမံကိန်းဝန်ကြီး
(၇) မန်းဘခိုင်
စက်မှုလက်မှုနှင့်အလုပ်သမား ၀န်ကြီးဌာန
(၈) ဦးအုန်းမောင်   အတွင်းဝန်
(၉) ကိုထွေး
ဦးရာဇတ်၏ သက်တော်စောင့်
ဗိုလ်ချုပ်ကျဆုံးပြီးတဲ့ သတင်း ဟာ တောမီးပမာပျံ့နှံ့သွားတယ်လို့ စာပေတွေက ရေးသားကြပါတယ်။ လက်တွေ့ဖြစ်ရပ်က တောမီးထက် ပျံ့နှံ့မှုနှုန်းက ပိုမြန်ပါတယ်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လေအဟုန်ကဲ့သို့ ပျံ့နှံ့သွားပါတယ်။
အဖေသေတုန်းက မငိုခဲ့တဲ့သူတွေ၊ ရွှေမန်းတင်မောင်ငိုချင်းဆိုတုန်းက ခပ်တည်တည်ကြည့်နေခဲ့တဲ့ သူတွေ၊ ချစ်သူက ရုတ်တရက် နှလုံး ရောဂါနဲ့သေသွားတုန်းက မျက်ရည် မကျခဲ့တဲ့သူတွေ။ သူတို့တစ်တွေ မျက်ရည်ပိုးပိုးပေါက်ပေါက် တောက်လျှောက်စီးယိုသည်အထိ ငိုခဲ့ပါတယ်။
မအောင့်နိုင်လို့ငိုတာ။
ခံစားရလွန်းလို့ငိုတာ။
ကြေကွဲလွန်းလို့ငိုတာ။
ပြည်သူတွေရင်ထဲက ငိုတာ။ ပြည်သူတွေ မချိတင်ကဲ ငိုတာ။ သည်လိုမျိုး ဘယ်သူ့ကို ငိုဖူးသလဲ။ သည်လိုငိုခြင်းနဲ့ထိုက်တန်တာ ဗိုလ် ချုပ်မှတပါးအခြားမရှိနိုင်ပါ။
ဗိုလ်ချုပ်တို့ကျဆုံးတာကို နိုင်ငံတကာမှ ကြေကွဲဝမ်းနည်းကြောင်း သ၀ဏ်လွှာများပေးပို့ကြပါတယ်။ ထိုစဉ်က အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီနဲ့ ပဏ္ဍစ်ဂျဝါလဟာနေရူး၊ ရန်သူတော်လို့ သတ်မှတ်ခံရဖူးတဲ့ ဗြိတိသျှနန်းရင်းဝန် ကလီမင့်အက် တလီနဲ့ ဗြိတိသျှအထက်လွှတ်တော် အမတ်များက ချက်ချင်းပဲ ၀မ်းနည်း စကားပြောကြားကြပါတယ်။ ဗိုလ်ချုပ်ကို တန်ဖိုးထားကြကြောင်း ကမ္ဘာ က သက်သေပြလိုက်တာပါပဲ။
ဇူလိုင်လ (၂၃) ရက်
ဇူလိုင် ၂၃ ရက်နေ့မှာတော့ ဗြိတိန်ဆဋ္ဌမမြောက်ကျော့ ဗြိတိသျှ နန်းရင်းဝန်၊ ဗြိတိသျှအစိုးရအဖွဲ့ဝင် များ၊ အိန္ဒိယမှ ဂျဝါဟလာနေရူး၊ အိန္ဒိယဘုရင်ခံချုပ် လော့ဒ်လူဝီမောင့် ဘက်တန်၊ မဒရပ် နန်းရင်းဝန်၊ အမေရိကန်အစိုးရတို့က ၀မ်းနည်း ကြောင်းသ၀ဏ်လွှာများကို သခင်နု ထံပေးပို့ခဲ့ကြပါတယ်။ ကမ္ဘာ့လုပ် ဖော်ကိုင်ဖက် အရည်အချင်းရှိသူ တစ်ယောက်ဆုံးရှုံးမှုကို အစားထိုးလို့ မရတော့ပါဘူး။
ဇူလိုင်လ (၂၆) ရက်
ဗိုလ်ချုပ်နဲ့တကွ ခေါင်းဆောင် ကြီးများကျဆုံးခြင်းအတွက်ဝမ်းနည်း တသတဲ့နေ့အဖြစ်သတ်မှတ်ပြီး တစ် နိုင်ငံလုံး အလုပ်များရပ်နားလိုက် ပါတယ်။ ရုံးတွေပိတ်ထားပါတယ်။ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ကြပါဘူး။ အစိုးရအဆောက်အအုံများ၊ လူနေ အိမ်များမှာ အလံများကို တိုင်တစ် ၀က်လွှင့်ထူပြီး ၀မ်းနည်းကြောင်း ပြ သကြပါတယ်။ ဗိုလ်ချုပ်ဟာ တစ် နိုင်ငံလုံးကိုယ်စားပြုနေတာထင်ရှား စေပါတယ်။
ဇူလိုင်လ (၂၉) ရက်
ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီး များကိုရည်စူးပြီး ၀မ်းနည်းကြောင်း အဆိုကို လွှတ်တော်အစည်းအဝေးမှာ သခင်နုကတင်သွင်းပြီး ဦးကျော်ငြိမ်း ကထောက်ခံခဲ့ပါတယ်။ ထိုစဉ်က လွှတ်တော်ဟာ အင်္ဂလိပ်အစိုးရ အုပ်ချုပ်မှုအောက်က လွှတ်တော်ပါ။
သြဂုတ်လ (၁၇) ရက်
တိုင်းပြု၊ ပြည်ပြု လွှတ်တော် အမှတ်များက ကျဆုံးလေပြီးသော ဗိုလ်ချုပ်နဲ့တကွ ခေါင်းဆောင်ကြီးများ ရဲ့ရုပ်ကလာပ်ထားရှိရာ ဂျူဗလီခန်းမ ကို သွားရောက်ဂါရ၀ပြုကြပါတယ်။ ဗိုလ်ချုပ်ဆိုတာ မေ့မေ့လျော့လျော့ ထားလိုက်ရမဲ့ သာမန်ပုဂ္ဂိုလ်မဟုတ် ဘူးဆိုတာ သတိပြုမိကြတဲ့ အမတ် များကတာဝန်ကျေပွန်ခဲ့ကြပါတယ်။
၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီ(၁)ရက်
ဂျူဗလီခန်းမမှာထားရှိတဲ့ ခေါင်းဆောင်ကြီးများရဲ့ ရုပ်အလောင်း တွေကိုပြည်သူလူထု ထောင်ပေါင်း များစွာက နေ့စဉ်လာ ရောက်ဂါရ၀ပြု ကြပါတယ်။ တိုင်းပြည် တာဝန်ကို အသက်ပေးခဲ့တဲ့ ဗိုလ်ချုပ်ကိုပြည်သူ တွေကလည်း မိုးထဲရေထဲမှာ ရပ်ဝေး ရပ်နီးမကျန်တာဝန်ကျေပွန်ခဲ့ကြပါ တယ်။သေသူကသေပြီ။ သေသောသူ ကြာရင်မေ့အောင်ပြည်သူတွေကဘယ် တုန်းကမှ လျစ်လျူမရှုခဲ့ကြပါဘူး။
ဇန်န၀ါရီလ (၃) ရက်
အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ် ရန့်ဇ်တို့ကိုယ်တိုင် အာဇာနည်ခေါင်း ဆောင်ကြီးတွေကို ပန်းခွေချအလေး ပြုခဲ့ကြပါတယ်။ ဒါဟာ လူကြီး လူကောင်းတွေအတုယူစရာအပြုမူ ကောင်းတွေပါ။ ငါနဲ့မတူ ငါ့ရန်သူ ဆိုတဲ့ သဘောထားသေးသိမ်မှုတွေ ကို လူကြီးလူကောင်းတွေက ရှောင် ရှားပါတယ်။
ဧပြီလ (၁၁) ရက်
ဗိုလ်ချုပ်နဲ့တကွ ခေါင်းဆောင် ကြီးများရဲ့ ရုပ်ကလာပ်ကို ဂျူဗလီ ခန်းမမှာ ပြည်သူတွေ ဂါရ၀ပြုနိုင်ဖို့ ၁၀ လကြာထားရှိခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ နံနက် ၉ နာရီမှာ ပင့်သံဃာအပါး(၁၀၀) ကို ဆွမ်းကပ်ပြီး သရဏဂုံတင်ခဲ့ပါ တယ်။
ညနေ ၄ နာရီ ၃၅ မိနစ်မှာ ဗိုလ်ချုပ်နှင့်တကွ နိုင်ငံခေါင်းးဆောင် ကြီးများရဲ့ရုပ်ကလာပ်ကို ရွှေတိဂုံဘု ရားရဲ့ မြောက်ဖက်ခြေတော်ရင်း မြေနေရာမှာ ဂူသွင်းမြှုပ်နှံပါတယ်။ အဲ့ဒီနေရာက အာဇာနည်ဗိမာန်ဖြစ် လာပါတယ်။
အာဇာနည်ဗိမာန်ဖြစ်လာပြီး နောက် ဇူလိုင်လ(၁၉)ရက်ရောက်ခါနီး တိုင်းဇူလိုင်လ လဆန်းလောက်မှစပြီး အာဇာနည်နဲ့ပတ်သက်တဲ့ ဟောပြော ပွဲတွေ၊ စာစီစာကုံးပြိုင်ပွဲတွေကို ကျောင်းတွေမှာ၊ ဌာနဆိုင်ရာတွေမှာ သိုက်သိုက်ဝန်းဝန်း မှတ်မှတ်ရရ ကျင်းပခဲ့ပါတယ်။ လက်ကမ်းစာစောင် ငယ်တွေထုတ်ဝေကြပါတယ်။
ဗိုလ်ချုပ်တို့ကျဆုံးတဲ့ ၁၀ နာရီ ၃၇ မိနစ်မှာ ရထားတွေက ဥသြတွေ ဆွဲကြပါတယ်။ကားတွေက ဟွန်းတီး ကြပါတယ်။သင်္ဘောတွေကတဘော် ဘော်နဲ့ ဥသြတွေဆွဲကြပါတယ်။
ဒီအသံတွေကြားရတဲ့ လူတိုင်း ရောက်တဲ့နေရာမှာ တစ်မိနစ်ခန့်မတ် တပ်ရပ်ပြီး ဗိုလ်ချုပ်ကောင်းရာမွန်ရာ လားစေဖို့ ဆုတောင်းကြပါတယ်။ ၀မ်းနည်းကြပါတယ်။ ခံစားကြပါ တယ်။ ဒေါသဖြစ်ကြပါတယ်။ အနည်း ဆုံးတစ်ခုခုတော့ခံစားမိကြပါတယ်။ ရုံးတွေကျောင်းတွေမှာ အလံတိုင်ကို တစ်ဝက်ပဲလွှင့်ထူပါတယ်။ ရုပ်ရှင်ရုံတွေလည်း နေ့လည်ပွဲတစ်ပွဲမပြပါဘူး။
အာဇာနည်ဗိမာန်ကို မိုးတွေ သဲသဲမဲမဲရွာနေတဲ့ကြားက တိုးဝှေ့ပြီး သွားကြပါတယ်။ ဗိုလ်ချုပ်ရဲ့ ဂူရှေ့ ကို ရောက်တဲ့အခါ ဘာမှန်းမသိ တသိနဲ့ မတ်တပ်ရပ်ပြီး ခဏလေး တွေတွေငေးငေး ဗိုလ်ချုပ်ဂူကိုကြည့် နေမိပါတယ်။ ဗိုလ်ချုပ်ကို မြင်ရသ လိုခံစားရပါတယ်။ ဗိုလ်ချုပ်အသံကို ကြားယောင်လာပါတယ်။
“ ကျွန်တော်တို့ ဒီအစိုးရနဲ့ အရင်ကရှိခဲ့တဲ့ အစိုးရတွေယှဉ်ကြည့် လိုက်ရင် ကျုပ်ပြောရဲတယ်။ ယခုအ စိုးရထဲမှာ လာဘ်စားတဲ့သူမရှိဘူး ဆိုတာကျုပ်ပြောရဲတယ်။ အရင် အစိုးရတွေတုန်းကကျုပ် အတိအလင်း ပြောတယ် လာဘ်စားတဲ့သူတွေရှိတယ်။ ခင်ဗျားတို့ဘာပြောဦးမလဲ။ အဲဒီလို လူတွေက ယခုနေအခါမယ် တိုင်းပြည်ကို မိမိတို့ပါတီပြန်အာဏာရ အောင်ခြေထိုးကြတဲ့ကိစ္စမှာ ယောင်ယောင်မှားမှား ဖြစ်နေတဲ့သူတွေဟာ စေတနာပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ တိုင်းပြည်သစ္စာဖောက်တဲ့ ကိစ္စမှာ ရန်သူနံပါတ် တစ် တွေဖြစ်တယ်။ ...... တိုင်းပြည်လူထုရဲ့ ထောက်ခံမှုတွေနဲ့ ကျုပ်တို့အစိုးရဖြစ် နေတာ။ တိုင်းပြည်က မကြည်ညိုဘူး ဆိုတာသိလာတဲ့တစ်နေ့မှာ ကျုပ်တို့ မနေဘူး။ တွယ်မနေပါဘူး။ ထွက်မှာပါပဲ” (၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်၊ မြို့တော်ခန်းမရှေ့တွင် ပြော ကြားခဲ့သော တိုင်းပြည်ပြုလွှတ်တော် မိန့်ခွန်းဖြစ်ပါတယ်။)
အော် တို့ဗိုလ်ချုပ်ဟာ အာဏာ ကို ငမ်းငမ်းတက် မလိုချင်ခဲ့ပါလားလို့ ကြည်ညိုစိတ်တွေ တစ်ဖွားဖွားပေါ်လာ ပါတယ်။
၁၉၈၈ ခုနှစ် သည်ဘက်မှာ
ဒီလိုတဲ့ ၁၉၈၈ ခုနှစ်၊ တပ်မ တော်က နိုင်ငံတော်အာဏာကိုသိမ်း ပြီးနောက်ပိုင်းမှာ အာဇာနည်ဗိမာန်ဟာ တစ်ဖြည်းဖြည်းခြောက်သွေ့လာပါတယ်။ နိုင်ငံတော်က ကြီးမှူးကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားတွေဟာ ရန်ကုန်မြို့တော်ဝန်ကကြီးမှူးကျင်းပတဲ့ အဆင့်ကို လျော့ကျသွားပါတယ်။
ဇူလိုင်လ (၂၀)ရက်နေ့ထုတ် သတင်းစာထဲမှာသာ အာဇာနည်နေ့ရဲ့ သတင်းကိုဖတ်ရပြီး အာဇာနည်နေ့ ဆိုတာ သာမာန်လူတစ်ယောက်ရဲ့ နာရေးသတင်းလောက် အရေးမကြီး တော့ပါဘူး။
မေ့ပျောက်လို့ ရမှာလား
အာဇာနည်နေ့ကို ဘယ်သူကမှ မြန်မာ့ပြက္ခဒိန်ထဲကို တကူးတကဆွဲ ထည့်ထားတာမဟုတ်ပါဘူး။ နိုင်ငံ အတွက် အချိန်ရှိသရွေ့ပေးဆပ်နေသူ တွေကို ရက်ရက်စက်စက်သတ်သွား လို့၊ အသတ်ခံရသူတွေကို အမှတ်ရဘို့၊ သေရဲသူတွေကို အတုယူဖို့၊ နိုင်ငံတော်အတွက် အလုပ်လုပ်တယ် ဆိုတာ ကိုယ့်အတွက် ကိုယ်ကျိုး တစ်စုံတစ်ရာ တစ်စိုးတစ်စိမှ မပါဘဲ လိုအပ်ရင် အသက်ပါပေးလှူရဲတယ် ဆိုတာနောင်လာနောင်သားတွေ အမှတ်ရဖို့ ဇူလိုင်လ(၁၉)ရက်ဆိုတဲ့ နေရာမှာ အနီရောင်နဲ့ပြညွှန်းထားပြီး အာဇာနည်နေ့ရယ်လို့ ပြက္ခဒိန်ထဲမှာ အမြစ်တွယ်လာတာပါ။ နှစ်ပေါင်း (၆၈)နှစ်ရှိပါပြီ။
အာဇာနည်ရဲ့ဖြစ်တည်မှုဟာ ပြက္ခဒိန်ထဲက ဆွဲနှုတ်လို့မရတော့ပါ ဘူး။ ကမ္ဘာတည်သ၍ မြန်မာတည် သ၍ အာဇာနည်နေ့ဟာ ဇူလိုင်လ (၁၉)ရက်တိုင်းမှာ တည်မြဲနေမှာပါ။ သမိုင်းဆိုတာ မေ့ပျောက်လို့ရ ကောင်း တဲ့အရာမဟုတ်ပါဘူး။ တန်ဘိုးဆိုတာ ရှိတာထက် ပိုသတ်မှတ်လို့မရသလို လျော့သတ်မှတ်လို့လည်း မရပါဘူး။
ဒါကြောင့် ဒီမိုကရေစီစနစ်စ တင်ကျင့်သုံးတဲ့ ကာလအတွင်းက အာဇာနည်နေ့ကို ဘယ်လိုမျိုးတန်ဘိုး အဆင့်အတန်းနဲ့ အလေးပြုခွင့်ရမလဲ ဆိုတာ စောင့်ကြည့်ရင်း အာဇာနည်နေ့ကိုဂုဏ်ပြုလိုက်ရပါတယ်။

Sunday, July 15, 2012

ပါလီမန်ခေတ် အာဇာနည်နေ့အခမ်းအနား written by တင်နိုင်တိုး

ပါလီမန်ခေတ်တစ်လျှောက်တွင် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ကြရာ၌ ၁၉၅၃-၅၄ ခုနှစ်များအတွင်း အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့ပုံများကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။
၁၉၅၃ ခုနှစ် အာဇာနည်နေ့ အခမ်းအနား 
၁၉၅၃ ခုနှစ် (၆)ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အောင်ဆန်းအားကစားကွင်း၌ ကျင်းပခဲ့သည်။ နံနက် ၉ နာရီအချိန်တွင် ရန်ကုန်၊ အင်းစိန်၊ ကမာရွတ်၊ ဒလ စသည့်ရပ်ကွက်များတွင် နေထိုင်ကြသူများ၊ ဖဆပလအလံတော်အောက်ရှိ အဖွဲ့အစည်းများက ခြေလျင်ချီ တက်ရောက်ရှိလာကြ၏။ မကြာမီ ၀န်ကြီးချုပ်ဦးနုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ရောက်ရှိလာကြကာ အခမ်းအနားကို စတင်ခဲ့ပါသည်။
အခမ်းအနားမှူး သခင်ကြီးမောင်က နံနက် ၉ နာရီ ၂၀ မိနစ်တွင် အခမ်းအနားကို ဖွင့်လှစ်ကြောင်း ကြေညာသောအခါ ပြည်သူ့သူနာပြု တပ်တီးဝိုင်းမှ နိုင်ငံတော်သီချင်းကို တီးမှုတ်ပေးခဲ့သည်။ ထို့နောက် သဘာပတိ ၀န်ကြီးဦးထွန်းဖေက မိန့်ခွန်းပြောကြားခဲ့သည်။
ဖဆပလဒုဥက္ကဋ္ဌမိန့်ခွန်း
သဘာပတိမိန့်ခွန်းအပြီး ဖဆပလဒုဥက္ကဋ္ဌ ၀န်ကြီး ဦးဗဆွေက မိန့်ခွန်းပြောကြားခဲ့သည်။ ဦးဗဆွေက ''ဒီမှာ အလျဉ်းသင့်လို့ ရှင်းလိုတယ်။ ဖဆပလအဖွဲ့ချုပ်နဲ့ အစိုးရဟာ တစ်နှစ်တစ်မျိုး ကြွေးကြော်သံတွေ ပြောင်းနေတယ်။ လုပ်ငန်းတွေလည်း အဆက်အစပ်မရှိ တစ်မျိုးစီပဲလားလို့ မေး စရာရှိတယ်။ မဟုတ်ဘူး။ တစ်မျိုးသားလုံး မျှော်မှန်းချက်ဖြစ်တဲ့ ဆိုရှယ်လစ်နိုင်ငံ ထူထောင်ရေးကိုမူတည်တဲ့ လုပ်ငန်းစဉ်တွေပဲ။ ကာလဒေသပ ယောဂအခြေအနေနဲ့ အညီအညွတ် အကောင်အထည်ဖော်နေခြင်း ဖြစ်တယ်ဆိုတာ နားလည်စေလိုတယ်။ နောက်ပြီး ဒီလုပ်ငန်းစဉ်တွေဟာ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့တဲ့ လမ်းစဉ်အတိုင်း တစ်သဝေမတိမ်းဖြစ်တယ်ဆိုတာ ရှင်းလိုတယ်'' စသည်ဖြင့် ပြောကြားခဲ့သည်။

စက်မှုလက်မှုဝန်ကြီးအဆို
ယင်းနောက် စက်မှုလက်မှုဝန်ကြီး ဦးကျော်ငြိမ်းက စာမျက်နှာ ၃ မျက်နှာခွဲရှိ ပြည်တော်သာအဆိုကို တင်သွင်းခဲ့ပါသည်။ ဦးကျော်ငြိမ်းက ''အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့်(၆)ကြိမ်မြောက် ဤနေ့ ဤရက်တွင် ပြည်သူလူထုတစ်ရပ်လုံးသည် ဖဆပလအဖွဲ့ချုပ်ကြီး၏ နောက်တွင် မားမားရပ်လျက် ပြည်တွင်းပြည်ပ ရန်သူတို့ လုံးဝကျဆုံးပျောက်ကွယ်၍ နိုင်ငံတော်ကြီး လုံးဝပြည်တော်သာသည်အထိ ရှေ့လုပ်ငန်း စခန်းသို့ အဟုန်ပြင်းစွာဖြင့် ချီတက်ကြရန် လေးနက်ပြင်းထန်စွာ အဓိဋ္ဌာန်ပြုပါကြောင်း''အဆိုကို တင်သွင်းခဲ့ရာတွင် မြို့တော်ဝန်ဦး ထွန်းနှင့် ခရိုင်ဖဆပလဥက္ကဋ္ဌ မွန်သန်းတို့က ထောက်ခံခဲ့ကြသည်။
ဝေဖန်ချက်
နောက်တစ်နေ့ထုတ် လူထုသတင်းစာတွင် နှစ်ဖက်လှက ဦးဗဆွေ၏ မိန့်ခွန်းတွင် ဗိုလ်ချုပ်လမ်းစဉ်အတိုင်း ဖဆပလက ဆောင်ရွက်နေကြောင်း ပြောဆိုသွားသော်လည်း အစိုးရ၏သဘောထားကို ဖော်ထုတ်ရာ၌ ဗိုလ်ချုပ်လမ်းစဉ်အတိုင်း မဟုတ်ကြောင်း ဝေဖန်ခဲ့သည်။ ယင်း သို့သော ဝေဖန်မှုများကြောင့်ပင် ၇ ကြိမ်မြောက် အာဇာနည်နေ့ မကျင်းပမီ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ကြသည်။
အင်္ဂလန်နိုင်ငံ၌ သွန်းလုပ်ခဲ့သည့် ဗိုလ်ချုပ်ကြေးရုပ်


ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေး
၁၉၅၄ ခုနှစ် အာဇာနည်နေ့ အခမ်းအနား မကျင်းပမီ ဗိုလ်ချုပ်ကြေး ရုပ်ထားရှိမည့်နေရာနှင့် ပတ်သက်၍ ၄ လခန့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရှိရ၏။ ဗိုလ်ချုပ်ကြေးရုပ်မှာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်ရှိ ဆာဂျွန်ကက်စ်၏ အနုပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဖြစ်သူ ပန်းပုဆရာကြီး မစ္စတာကော့ပ်နောလ်က စတာလင်ပေါင်နှစ်ထောင်ဖြင့် သွန်းလုပ်ပေးခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် သွန်းလုပ်ရေးကော်မတီက လွှဲပြောင်းပေးအပ်ခဲ့သည့်အမြင့် ၉ ပေရှိ ဗိုလ်ချုပ်ကြေးရုပ်ထားရှိမည့်နေရာနှင့် ပတ်သက်၍ ၂၅ မတ် ၁၉၅၄ တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ မူလက ဆူးလေဘုရားလမ်းနှင့် ဗိုလ် ချုပ်အောင်ဆန်းလမ်းဆုံရာ အ၀ိုင်းကြီးထက်တွင် ထားရှိရန် ရည်ရွယ်ခဲ့သော်လည်း အောက်ခုံမှာ ၁၄ ပေမျှ သာမြင့်ရာ တင့်တယ်ပနာရခြင်းမရှိဟု ဆုံးဖြတ်ခဲ့သည်။ ယဉ်ကျေးမှုဝန်ကြီးဌာနကမူ ယခင် အက်ဒွပ်ဘုရင် ရုပ်ရှိရာနေရာမှာ အသင့်တော်ဆုံးဖြစ်ကြောင်း သတ်မှတ်ခဲ့သည်။
၁၉၅၄ ခုနှစ် အာဇာနည်နေ့ အခမ်းအနား
(၇)ကြိမ်မြောက် အာဇာနည်နေ့ဖြစ်သော ၁၉၅၄ခုနှစ်အခမ်းအနားကိုလည်း ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းအတွင်း၌ပင် ကျင်းပခဲ့သည်။ ယင်းအခမ်းအနားကို နံနက် ၉နာရီ ၄၅မိနစ်တွင် စတင်ကျင်းပခဲ့ရာ ၀န်ကြီးချုပ်ဦးနုနှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ နိုင်ငံခြား သံတမန်များ တက်ရောက်ခဲ့ကြသည်။ သဘာပတိအဖြစ် သာသနာရေးဝန်ကြီး ဦးဝင်းက ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် ၀န်ကြီးချုပ်၏ ပါလီမန်အတွင်းဝန် ဦးထွန်းအောင်က ဆောင်ရွက်ခဲ့သည်။

သဘာပတိမိန့်ခွန်း
အခမ်းအနားတွင် သဘာပတိဝန်ကြီး ဦးဝင်းက မိန့်ခွန်းပြောကြားရာ၌ လက်ရှိဖဆပလဥက္ကဋ္ဌ ၀န်ကြီးချုပ်ဦးနုနှင့် အခြားခေါင်းဆောင်များသည် ဗိုလ်ချုပ်တို့ ကျဆုံးသွားပြီး ဂျုဗလီဟော၌ ထားရှိစဉ်က ဗိုလ်ချုပ်ချမှတ်ခဲ့သည့်လမ်းစဉ်အတိုင်း တစ်သဝေမတိမ်း လိုက်နာပါမည်ဟု ကတိ ပြုခဲ့ကြကြောင်း၊ ဗိုလ်ချုပ်ချမှတ်ခဲ့သော လုပ်ငန်းများအနက် အရေးအကြီးဆုံးဖြစ်သည့် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးကို အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ဤနေရာတွင် မိမိတို့သစ္စာရှိသလား၊ တောခိုသူပုန်တို့ သစ္စာရှိသလားဆိုသည်ကို လူထုကသာ ဆုံးဖြတ်စေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်မိန့်ခွန်း
ဝန်ကြီးချုပ်ဦးနုက ဆက်လက် မိန့်ခွန်းပြောကြားရာတွင် ''ဒီကနေ့ အရင်ကလို ပြည်တွင်းရေးကိစ္စတွေကို ကျွန်တော်မပြောတော့ဘဲ ကမ္ဘာ့ရေးရာကိစ္စများဟာ ယခုတလော အင်မတန်အရေးကြီးနေတဲ့အတွက် ကမ္ဘာ့ရေးရာကိစ္စများကိုပဲ ကျွန်တော်ပြောမယ်'' အစချီလျက် တတိယ ကမ္ဘာစစ်သည် အရှေ့တောင်အာရှမှ စတင်မည်ကဲ့သို့ ဖြစ်နေကြောင်း၊ ဥရောပတိုက်မှ စမည်မထင်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ ပဋိပက္ခအပေါ်လည်း ဝေဖန်ပြောဆိုသွားပြီး အရှေ့တောင်အာရှနိုင်ငံများ အင်အားတောင့်တင်းလာစေရေးအတွက် ပြင်ဆင်ထားရန် လိုအပ်ကြောင်းကိုလည်း အကြံပြုထားပါသည်။

ပြည်တော်သာရမည်အဆို
ဝန်ကြီးချုပ်၏ မိန့်ခွန်းအပြီးတွင် စက်မှုလက်မှုဌာန၀န်ကြီး ဦးကျော်ငြိမ်းက ပြည်တော်သာရမည်ဟူသော အဆိုကို တင်သွင်းခဲ့ပါသည်။ ထို့နောက် နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင် မြန်မာ့တပ်မတော်က အမြောက်ပစ်ဖောက်အချက်ပေးခဲ့ရာ တက်ရောက်လာကြသူ ပြည်သူလူထုက မတ်တပ်ရပ် အလေးပြုခဲ့ကြ၏။ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီး အာဇာနည်ကုန်းသို့ ချီတက်ကြကာ လွမ်းသူပန်းခွေချခဲ့ကြသည်။
ခရစ်ယာန်ဘာသာဆုတောင်းပွဲ
အာဇာနည်နေ့ ညနေ ၃ နာရီ အချိန်တွင် ဗိုလ်ချုပ်လမ်းနှင့် ဘုရားလမ်းထောင့်ရှိ ဘုရားရှိခိုးကျောင်းခန်းမ၌ ရန်ကုန်မြို့ ခရစ်ယာန်အဖွဲ့ပေါင်းစုံက ကြီးမှူးပြီး ဆုတောင်းပွဲတစ်ရပ် ကျင်းပခဲ့သည်။ ယင်းဆုတောင်းပွဲအခမ်းအနားသို့ ၀န်ကြီးဦးဝင်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့၏။
ဝန်ကြီးဦးဝင်းက အာဇာနည် ပုဂ္ဂိုလ်ကြီးများအား ယခုကဲ့သို့ လူမျိုးမရွေး၊ ဘာသာမရွေး ချစ်ခင်ကြည်ညိုလေးစားကြသည့်အတွက် မိမိက အလွန်နှစ်ထောင်းအားရ ၀မ်းသာမိပါကြောင်း ပြောကြားခဲ့သည်။ ညနေ ၄ နာရီအချိန်တွင် ခရစ်ယာန်ဘာသာ ဆုတောင်းပွဲအပြီး အာဇာနည် ကုန်းသို့ သွားရောက်ကာ လွမ်းသူ့ပန်းခွေချခဲ့ကြသည်။
မန္တလေး အာဇာနည်ဗိမာန်ဖွင့်ပွဲ
(၇)ကြိမ်မြောက် အာဇာနည်နေ့ဖြစ်သော ၁၉ ဇူလိုင် ၁၉၅၄ ၌ပင် ၁၃၀၀ ရာပြည့် အရေးတော်ပုံအတွင်း မန္တလေး၌ကျဆုံးခဲ့သည့် ရဟန်းရှင် လူအာဇာနည် ၁၇ ဦးအတွက် မန္တလေး အမရပူရလမ်းဘေး သူကြွယ်ကုန်းရပ်တွင် တည်ဆောက်ခဲ့သည့် အာဇာနည်ဗိမာန်ကို ဖွင့်လှစ်ခဲ့ပါသည်။ အခမ်းအနားကို နံနက် ၉ နာရီတွင် စတင်ရာ ၀န်ကြီးဗိုလ်ခင်မောင်ကလေး တက်ရောက်ဖွင့်လှစ်ခဲ့သည်။
အာဇာနည်နေ့နှင့် ပြည်တော်သာအဆို
ထူးခြားမှုအနေဖြင့် ပါလီမန်ခေတ် ၁၉၅၃ ခုနှစ်နှင့် ၁၉၅၄ ခုနှစ် နှစ်နှစ်စလုံးတွင် အာဇာနည်နေ့ ကျင်းပနေစဉ်အတွင်း ပြည်တော်သာရမည်အဆိုကို တင်သွင်းကာ ဗိုလ်ချုပ်လမ်းစဉ်အား တစ်သဝေမတိမ်း အကောင်အထည်ဖော်လျက်ရှိကြောင်း တိုင်တည် ပြောကြားခဲ့ကြပုံကို တွေ့ရှိရခြင်းဖြစ်သည်။ သို့သော်  ထိုခေတ်ကာလကပင် ဝေဖန်မှုအချို့ ရှိခဲ့သည့်နည်းတူ ဗိုလ်ချုပ်လမ်းစဉ်မှ သွေဖည်လျက်ရှိ နေပြီဖြစ်ကြောင်းကိုလည်း အထင်အရှား တွေ့ရှိနေရပြီဖြစ်ပါသည်။

ကျမ်းကိုး

၁။ မြန်မာ့အလင်းနှင့် ဗမာ့ခေတ် သတင်းစာပါ သတင်းမှတ်တမ်းများ (၁၉၅၃ ဇူလိုင်၊ ၁၉၅၄ ဇူလိုင်လ)
၂။ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆဋ္ဌမနှစ်ပတ်လည်
Ref:EMG