မြန်မာနိုင်ငံ၏ ပြန်လည် ထူထောင်ရေး လုပ်ငန်းများမှာ အရှိန်တစ်ခု
လိုအပ်နေပြီ ဖြစ်ပါသည်။ ယနေ့ကာလကို သုံးသပ်လျှင် နိုင်ငံရေးအရ အတော်အတန်
ပွင့်လင်းလာသည့် အခြေအနေတစ်ခုသို့ ရောက်ရှိနေတာ မှန်သော်လည်း တိုးတက်မှု
အရှိန်နှုန်းမှာ မြင့်မလာသေး။ နှစ်ပေါင်းများစွာ နောက်ကျ ကျန်ရစ်ခဲ့သော
နိုင်ငံအနေနှင့် ပြန်လည် တိုးတက် မြင့်မားလာအောင် လုပ်ဆောင်ရာမှာ
အရှိန်နှုန်း မြင့်မြင့်၊ အဟုန်ပြင်းပြင်းဖြစ်ဖို့ လိုအပ်တာ အမှန်ပဲ
ဖြစ်ပါသည်။
မြန်မာပြည်သူလူထု၏ အဓိက မျှော်မှန်းချက်မှာ
ဒီမိုကရေစီ အခွင့်အလမ်းများ အပြည့်အ၀ရရှိရေး ဖြစ်ပါသည်။ ထို့နောက်
နိုင်ငံရေး အင်အားစုများအကြားမှာ ညှိနှိုင်း ဆွေးနွေးကာ အလုပ်တူ ပူးပေါင်း
လုပ်ဆောင်ကြသည့် အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ကို ပြည်သူလူထုက
အိပ်မက်နေကြတာ ဖြစ်ပါသည်။ နိုင်ငံရေး ခေါင်းဆောင်များ အမျိုးသားညီညွတ်ရေး
တည်ဆောက်ကြပြီးနောက် ပြည်တွင်း ငြိမ်းချမ်းရေးကို မရအရ ကြိုးစားရယူကြတာကို
မြန်မာပြည်သူတို့က မြင်ချင်နေကြတာ ဖြစ်ပါသည်။ တစ်ပြိုင်နက်တည်းမှာ
နိုင်ငံတကာနှင့် နားလည်မှု ရယူကာ စီးပွားရေး ပူးတွဲ လုပ်ဆောင်စရာ
ရှိသည်များကို လုပ်ဆောင်၊ စီးပွားရေး အကူအညီ၊ ပညာရေး အကူအညီ၊ ကျန်းမာရေး
အကူအညီ၊ နည်းပညာ အကူအညီများကို ရယူ စရာရှိတာ ရယူပြီး နိုင်ငံတကာနှင့်
ချစ်ကြည်စွာ ဆက်ဆံကြသည့် အခြေအနေမျိုးကို မျှော်လင့်နေကြတာ ဖြစ်ပါသည်။
ဒါတွေက ပြည်သူ့ဆန္ဒများ။ ပြည်သူ့လိုလားချက်များ။ ပြည်သူ့မျှော်လင့်
ချက်များ။ ပြည်သူ့အိပ်မက်များ။
လက်တွေ့ဘ၀တွင်မူ
ပြည်သူ့အိပ်မက်များနှင့် ဖြစ်ပျက်နေသည်တို့က အဝေးကြီးမှာပဲ ရှိနေသေးတာကို
တွေ့ရပါသည်။ ဘာတွေ အားနည်းနေတာလဲ။ ဘာတွေ လိုအပ်နေတာလဲဟူသော မေးခွန်းကို
ပြည်သူလူထုက အကြိမ်ကြိမ် မေးနေကြတာ ဖြစ်ပါသည်။ အခြေအနေတွေ
ပြောင်းလဲလာနေပြီဟု ပြောဆိုနေကြ သော်လည်း ပြည်သူ လူထု၏ လက်တွေ့ဘ၀မှာ
အရေးကြီးသော ပြောင်းလဲမှုများကို မမြင်ရသေး။
သည်တော့ လက်ရှိ
နိုင်ငံရေး အနေအထားများကို အစိုးရနှင့် အာဏာရ ပါတီအနေဖြင့် စနစ်တကျ
ပြန်လည် သုံးသပ်သင့်ပြီဟု ထင်ပါသည်။ ယခု အစိုးရမှာ အစိုးရသစ် ဖြစ်ပါသည်။
အစိုးရသစ်ဟာ ယခင်အစိုးရ၏ အမွေကို ဆက်ခံခဲ့တာ ဖြစ်သော်လည်း
အမြင်သဘောထားများက ယခင် အစိုးရ အတိုင်းဖြစ်ဖို့ မလိုပါ။ အမြင်သစ်၊
သဘောထားအသစ်ဖြစ်ဖို့ လိုပါလိမ့်မည်။ လူတွေ မပြောင်းဘူး ဆိုသော်လည်း မူတွေ
လမ်းစဉ်တွေ ပြောင်းဖို့ ကြိုးစားနေချိန်မှာ သဘောထားအမြင်နှင့် လုပ်ကိုင်
ဆောင်ရွက်ပုံများကို ပြောင်းလဲဖို့ လိုအပ်မည်ဟု ထင်ပါသည်။ လက်တွေ့
ဆောင်ရွက်မှု ပုံစံသစ်ကို စတင်ဖို့ လိုပါပြီ။
လွတ်လပ်ရေးရပြီး မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်ကြည့်သည့်အခါ
နိုင်ငံတွင်း ပြဿနာများ ရှိလာသည့်အခါများတွင် တစ်ယောက်ယောက်ကို
အပြစ်ရှာသည့် နည်းကိုပဲ သုံးတာ များပါသည်။ တကယ့် ဘ၀များတွင်မူ၊
တစ်စုံတစ်ယောက်ကို အပြစ်တင်လိုက်ရုံမျှဖြင့် ပြဿနာများ ပြေလည်သွားခဲ့တာ
မဟုတ်ပါ။ ယခုအချိန် ကတော့ ပြဿနာများကို တကယ်တမ်း ဘယ်လိုဖြေရှင်းမည်လဲ
ဆိုတာကို ပြန်လည် သုံးသပ်ကြည့်ရမည့် အချိန်ဖြစ်ပါသည်။ မိမိထံမှာ ရှိသည့်
အပြစ်များကို ရှာဖွေ သုံးသပ်ပြီး အဖြေရှာရမှာ ဖြစ်ပါသည်။
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး ကိုယ့်ထီးကိုယ့်နန်း ဖြစ်လာပြီးချိန်က
စကာ ပြည်တွင်းစစ်ကို ဖြတ်သန်းခဲ့ရပါသည်။ ပေါကြွယ်ဝလှသည့် သဘာဝ သယံဇာတများ
ရှိပါလျက်နဲ့ တိုးတက်ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဖြစ် တဖြည်းဖြည်း
ရောက်လာခဲ့ ရပါသည်။ ပြည်သူလူထုမှာလည်း အထွေထွေ အကျပ်အတည်းများ၏ ဖိစီးမှုများ
အောက်တွင် ဆင်းရဲမွဲတေ လာခဲ့ကြပါသည်။ ဒီလို တွေ့ကြုံလာခဲ့ရသည့်
ဖြတ်သန်းခဲ့ရသည့် ကာလကြီးတစ်ခုလုံးကို သုံးသပ်မည်ဆိုလျှင် အစဉ်အဆက်သော
နိုင်ငံခေါင်းဆောင်များသည် အမှားအယွင်းများ အကြီးအကျယ် လုပ်ခဲ့ကြပြီဆိုတာ
အလွန် သိသာလှပါသည်။ သို့သော်လည်း အဆိုပါ အမှားများအတွက်ကို မည်သူ
တစ်ဦးတစ်ယောက်သော ခေါင်းဆောင်ကမှ ၀န်မခံခဲ့ဖူးပါ။ အားလုံးသော ခေါင်းဆောင်
အသီးသီးဟာ ဘယ်သူ့မှာမှ တာဝန်မရှိသလို၊ ဘာအမှားအယွင်းမှ မလုပ်ခဲ့ကြသလို
နေခဲ့ကြတာ ဖြစ်ပါသည်။
သည်လောက် ပြည့်စုံသည့်နိုင်ငံ၊
အရှေ့တောင်အာရှမှာ ထိပ်ဆုံးတန်း နိုင်ငံ တစ်ခုဘ၀မှ သည်လို ဆင်းရဲမွဲတေသည့်
နိုင်ငံဖြစ်လာခဲ့ရတာဟာ ခေါင်းဆောင်များ ဘာအမှားမျှ မလုပ်ဘဲ ဖြစ်ခဲ့ကြတာ
မဖြစ်နိုင်ပါ။ အမှားမရှိတာ ဘယ်လိုမှ မဖြစ်နိုင်။ တိုင်းပြည်၏
နစ်နာဆုံးရှုံးမှုများအတွက် တာဝန်အရှိဆုံးဟာ အစိုးရများသာ ဖြစ်ပါလိမ့်မည်။
ဖဆပလအစိုးရ၊ တော်လှန်ရေးကောင်စီ၊ လမ်းစဉ်ပါတီအစိုးရ၊ န၀တ၊
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အားလုံးသော
အစိုးရများမှာ တာဝန်အမျိုးမျိုးရှိခဲ့ကြတာ ဖြစ်ပါသည်။ ဒါကိုတော့ ကိုယ်တိုင်
ဝန်ခံသည်ဖြစ်စေ၊ ၀န်မခံသည်ဖြစ်စေ၊ ပြည်သူလူထုက ဒီလိုပဲ နားလည်ခဲ့ကြပြီး
ဖြစ်ပါသည်။ ပြည်သူလူထု၏ လိုအင်ဆန္ဒမှာ အစိုးရက ပြည်သူလူထုအပေါ်မှာ
ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ဆက်ဆံတာကိုပဲ ဖြစ်ပါသည်။ အမှားကို
အမှားဟု ၀န်ခံတတ်ဖို့ လိုတာဖြစ်သည်။
အစိုးရသစ်က
မြန်မာနိုင်ငံဟာ ဆင်းရဲမွဲတေနေပြီ၊ တိုးတက်အောင် ပြန်လည် ထူထောင်ရမည်ဟု
ဝန်ခံစကား ပြောတာကို ကြားလိုက်ရသည့်အခါ ပြည်သူလူထုက အစိုးရ၏ ပွင့်လင်းမှုကို
ချက်ချင်း အသိအမှတ်ပြုကြပါသည်။ နှစ်ပေါင်း များစွာ အတွင်းမှာ
ပထမဆုံးအကြိမ်အဖြစ် သည်လို ၀န်ခံတာကို ကြားခဲ့ရတာ ဖြစ်ပါသည်။
အစိုးရအဆက်ဆက် တစ်လျှောက်လုံး ပြောနေခဲ့ကြသည်မှာ မြန်မာနိုင်ငံကြီး
ဖွံ့ဖြိုးတိုးတက်နေပြီ၊ ခေတ်မီနေပြီ၊ အေးချမ်းသာယာနေကြပြီ၊ အားကစားက အစ
ကမ္ဘာကို လွှမ်းတော့မည် ဆိုတာတွေပဲ ဖြစ်ပါသည်။ အစိုးရသစ်က နိုင်ငံ၏
ဆင်းရဲမွဲတေမှုကို အဖြစ်မှန်အတိုင်း လက်ခံပြီး ၀န်ခံလိုက်သည့်အခါမှာ
ပြည်သူလူထုက အားတက်သွားခဲ့ကြသည်မှာ အမှန်ပါ။ ဒါဟာ လမ်းမှန်ကို
သွားနိုင်သည့်လမ်းဖြစ်ပါသည်။ အမှားကို ၀န်ခံခြင်းဖြင့် အမှန်ဆီသို့
ဦးတည်နိုင်ပြီဟု ယူဆကြတာ ဖြစ်ပါသည်။
သည်လိုပါပဲ။
တိုင်းပြည်တွင်းမှာ လာဘ်ပေးလာဘ်ယူမှုတွေ များနေပြီ။ ဒါကို ကိုင်တွယ်
ဖြေရှင်းကြရမှာ ဖြစ်သည်ဟု ဦးသိန်းစိန်က ပြောလိုက်သည့်အခါမှာ ဒါဟာ
အစိုးရအဖွဲ့မှာ ရှိနေသည့် အားနည်းချက် ချွတ်ယွင်းချက်ကို ၀န်ခံလိုက်တာ
ဖြစ်ပါသည်။ သန့်ရှင်းသည့် အစိုးရဖြစ်ဖို့ လိုသည်ဟု ပြောလိုက်သည့်အခါမှာ
ပြည်သူလူထုက သဘောကျခဲ့ကြပါသည်။ သည်တော့ အဖြစ်မှန်တွေကို အဖြစ်မှန် အတိုင်း
သုံးသပ် လက်ခံကြသည်မှာ ပြည်သူလူထု၏ ယုံကြည်မှုကိုရဖို့ နီးစပ်သော
ခြေလှမ်းဖြစ်ပါသည်။ တိုင်းပြည် ထူထောင်ရေး အရှိန်အဟုန် မြင့်မားမလာခြင်း၏
အဓိကပြဿနာကို ရှာဖွေ သုံးသပ်ဖို့ အချိန်ရောက်နေပြီဟု ထင်ပါသည်။
ဤသို့ဆိုလျှင် ပြည်သူ့ မျှော်လင့်ချက်နှင့် အလှမ်းကွာနေသော လက်ငင်း
ပြဿနာတစ်ခုမှာ အမျိုးသားညီညွတ်ရေး ဖြစ်သည်ဟု ဆိုချင်ပါသည်။ နိုင်ငံရေး
ခေါင်းဆောင်များအကြား ညီညွတ်မှု၊ အတူ ပူးပေါင်း လက်တွဲလုပ်ဆောင်ကြသည့်
လက်ချင်းချိတ်၊ ကျောချင်းကပ်ပြီး အဖွဲ့အစည်း ပုံစံစစ်စစ်ဖြင့် တာဝန်ယူ
လုပ်ဆောင်မှု မျိုးကို မမြင်ရသေးပါ။ ညှိနှိုင်း လုပ်ဆောင်နိုင်သည့်
လုပ်ငန်းများဖြစ်သည်ဟု ပြည်သူလူထုက ယူဆသော လုပ်ငန်းများကိုပင်
ကွဲလွဲငြင်းခုံနေကြတာကို တွေ့နေရတာဖြစ်သည်။ အားပြိုင်မှုများ၊
လွန်ဆွဲမှုများက ရှေ့တန်း ရောက်ရောက် လာတာကို မြင်နေရတာဖြစ်သည်။
အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော်နှင့်
သမ္မတတို့အကြား ကွဲလွဲမှု၊ လုပ်ပိုင်ခွင့် အာဏာရှိသူများ၏ ပိုင်ဆိုင်သည့်
ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်များနှင့် စပ်လျဉ်း၍
ကြေညာရန် သမ္မတက ညွှန်ကြားချက်ထုတ်သည်ဟု ကြားပြီးမှ လွှတ်တော်တွင်းမှ
ပိုင်ဆိုင်ခွင့် ကြေညာရန် အဆိုရှုံးနိမ့်သွားခြင်းတို့မှာ အရေးပါသော
ကွဲလွဲမှုများ ဖြစ်လာပါသည်။
အခြားတစ်ဖက်တွင်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ နေပြည်တော်တွင်
နှစ်နာရီခွဲ ကြာအောင် ထပ်မံ တွေ့ဆုံပြီး ဆွေးနွေးကြ သည်ဟု
သတင်းထွက်ပေါ်လာသည့်အခါ ပြည်သူလူထုကြားမှာ အားတက်မှု ဖြစ်ရပြန်ပါသည်။
ယခု တွေ့ဆုံမှုက တတိယအကြိမ် သီးသန့် တွေ့ဆုံမှုဖြစ်သည်။ အစိုးရအဖွဲ့နှင့်
ဒီမိုကရေစီအင်အားစုများ ဘယ်လို ပူးပေါင်း လုပ်ဆောင်နိုင်မှုများ ရှိလာမည်လဲ
ဆိုတာကို ပြည်သူလူထုက အကဲခတ်နေကြတာ ဖြစ်သည်။ သည်လို ဖြစ်လာလျှင်
ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် မြင့်မားလာနိုင်သည်ဟုလည်း
ခန့်မှန်းကြပါသည်။
ယင်းသို့ မတွေ့ဆုံမီတွင် ၇ သြဂုတ် ၂၀၁၂
နေ့က ပြည်သူ့လွှတ်တော်က ဖွဲ့စည်းသော တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေး ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ ဖြစ်လာသည်။
ဥပဒေစိုးမိုးရေးကို အလေးထား ကိုင်တွယ်မည်ဆိုလျှင် ကော်မတီက
အုပ်ချုပ်ရေးမဏ္ဍိုင်၏ အားနည်းချက်များကိုပါ လေ့လာဆန်းစစ် ဝေဖန်ရသည့်
အလုပ်များရှိလာပါမည်။ လက်ငင်း မြင်တွေ့နေရသည့် အခြေအနေများအရ
ယင်းကော်မတီအနေဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်ကို ထိန်းချုပ်
ကန့်သတ်နိုင်လောက်သည့် လုပ်ပိုင်ခွင့်မရှိသော်လည်း
ဝေဖန်ထောက်ပြနိုင်ခွင့်ကိုတော့ ရရှိလာပြီဟု ယူဆပါသည်။ ယင်းမှတစ်ဆင့်
ဒီမိုကရေစီအင်အားစုများနှင့် တပ်မတော် အခြေပြု အစိုးရတို့အကြား အာဏာနှင့်
လုပ်ပိုင်ခွင့်ကို ခွဲဝေတာဝန်ယူသည့် အဆင့်သို့ တက်လှမ်းလာနိုင်သော
သဘောရှိလာပါသည်။
အမျိုးသား ရင်ကြားစေ့ရေးဆိုသည်မှာ
စကားအဖြစ် မဟုတ်ဘဲ တကယ့် ယုံကြည်ချက်အဖြစ် ခံယူပြီး တည်ဆောက်ကြရမှာ
ဖြစ်ပါသည်။
၁၇ သြဂုတ် ၂၀၁၂
(သြဂုတ် ၂၃/၂၀၁၂၊ အတွဲ ၃၊ အမှတ် ၁၀၈ ပြည်သူ့ခေတ် အယ်ဒီတာအာဘော်)
Wednesday, August 22, 2012
အမျိုးသား ရင်ကြားစေ့ရေးမူနှင့်အားပြိုင်လွန်ဆွဲမှု၊ ကွဲလွဲမှုများ
6:32 PM
ဆောင်းပါးနှင့်အထွေထွေ