Monday, June 4, 2012

အင်းဝမြို့ဟောင်း အနီး၌ မန္တလေးမြို့သစ်စီမံကိန်း အကောင်အထည် ဖော်မည်။

Ref:The Voice Weekly

အင်းဝမြို့ဟောင်း အနီး၌ မန္တလေးမြို့သစ်စီမံကိန်း အကောင်အထည် ဖော်မည်။

မန္တလေး ဇွန်၂

ရှေးဟောင်း ယာဉ်ကျေးမှု တည်ရှိရာ အင်းဝမြို့ အနီး
မန္တလေးမြို့နှင့် ၁၀မိုင်ခန့် ကွာဝေးသော မန္တလေး
မြို့သစ် စီမံကိန်းကို အကော်အထည်ဖော်ရန် စီစဉ်လျက်ရှိပြီး အဆိုပါ စီမံကိန်းအတွင်းရှိ လယ်ယာမြေပိုင်ရှင်
တောင်သူများကို ညှိုနှိုင်းကာ လျော်ကြေးပေး ၀ယ်ယူမည်ဖြစ်ကြောင်း အဆိုပါ စီမံကိန်း ဖော်ဆောင်သူ CB
Bank ဥက္ကဌ ဦးခင်မောင်အေးက ပြောကြားသည်။

မန္တလေးမြို့သစ် စီမံကိန်း (Mandalay New City)
သည် အကျယ်အ၀န်း ဧကနှစ်သောင်းကျော် ရှိမည်ဖြစ်ပြီး ဗဟိုကုန်သွယ်ရေး ဇုနု၊
စက်မှုဇုန် ၊ဟိုတယ်ဇုန် ၊အစိုးရ အုပ်ချုပ်းရေး ဆိုင်ရာ ရုံးဇုန်၊
အိမ်ယာစီမံကိန်းဇုန်၊ ယာဉ်ကျေးမှုနှင့် အားကစား ဆိုင်ရာဇုန် တို့ ပါဝင်မည်ဟု
မန္တလေးဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီ ဖွဲ့စည်းရေး
ဆွေးနွေးပွဲတွင် ဦးခင်မောင်အေးက ယင်းသို့ ပြောကြားသည်။
အဆိုပါ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ နှစ်ဘီလျံ ကုန်ကျမည်ဟု ခန့်မှန်းထားပြီး
ရင်းနှီးမြှပ်နှံမှု အပိုင်းတွင် အစိုးရက
ပါဝင် ပတ်သက်မှု မရှိဘဲ အများပိုင် ကုမ္ပဏီ ဖွဲ့စည်းကာ ရှယ်ယာတစ်စုလျှင် အနည်းဆုံး ကျပ်တစ်သောင်း
သတ်မှတ်ထားပြီး ယခုနှစ်ကုန်တွင် အစုရှယ်ယာများကို လက်ခံသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ဦးခင်မောင်အေးက ပြောသည်။

ယခုကဲ့သို့ အများပိုင် ကုမ္ပဏီ ဖွဲ့စည်းခြင်းကို ကြိုဆိုကြောင်း မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဌ
ဦးအောင်ဝင်းခိုင်က ဆိုသည်။
သယ်ယူ ပို့ဆောင်ရေးတွင် အဓိကကျမည့် ဧရာဝတီမြစ်ဘေးတွင် တည်ရှိသည့် အဆိုပါ စီမံကိန်းကို မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးနှင့်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမဘေးတွင် တည်ရှိခြင်း
စသည့် အားသာချက်များကြောင်း အဆိုပါနေရာတွင် မြို့သစ်တည်ဆောက်ရေး စီမံကိန်း ရေးဆွဲခြင်း ဖြစ်ကြောင်း
လည်း ဟုCB Bank ဥက္ကဌ ဦးခင်မောင်အေးက ပြောကြားသည်။

“စီမံကိန်း ဧရိယာအတွင်းမှာ လယ်ယာမြေတွေ ပါဝင်ပါတယ်၊အဲဒါတွေက
တောင်သူနဲ့ ညှိုနှိုင်းပြီး လျော်ကြေးပေးဖို့ ရှိပါတယ်၊ စီမံကိန်းကို ရွာတွေမပါအောင်တော့ ဂရုစိုက်ထားပေမယ့်၊ အိမ်ခြေတစ်ရာအောက်ရှိတဲ့ ရွာတစ်ရွာတော့
မြို့တည်တဲ့ စီမံကိန်းထဲမှာ ရွာသူရွာသားတွေအတွက်ပါ ထည့်ပြီး တည်ဆောက်ပေးသွားမယ်“ဟု ၄င်းက ဆိုသည်။
စီမံကိန်း ဆောင်ရွက်မည်ဖြစ်သဖြင့် အချို့ မြေပွဲစားများက လယ်မြေများ ၀ယ်ယူထားသည်များ ရှိပါက ၄င်းတို့ကို လျော်ကြေးပေးမည် မဟုတ်ဘဲ တောင်သူများနှင့် တိုက်ရိုက် ဆက်သွယ်ကာ လျော်ကြေးပေးအပ်သွားမည် ဖြစ်ကြောင်း
၎င်းက ဆက်လက် ပြောဆိုသည်။

“စီမံကိန်း လုပ်မယ်ကြားလို့ အင်းဝမှာ လယ်မြေတွေ တော်တော်များများက ၀ယ်ထားကြတာ၊တစ်ဧက
သိန်းငါးဆယ်အောက်ကို ၀ယ်ကြတာ များတယ်“ဟု
မန္တလေးမြို့တွင်အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံ နေသူတစ်ဦးက ဆိုသည်။

မန္တလေးမြို့သစ် စိမံကိန်း အမှန်တကယ် အကောင်အထည်ပေါ်လာပါက မန္တလေး
အိမ်ခြံမြေ ဈေးနှုန်း ကျဆင်းနိုင်ကြောင်း
မန္တလေးမြို့ စီးပွားရေး လုပ်ငန်းရှင် တစ်ဥိးက သုံးသပ် ပြောကြားသည်။

စီမံကိန်း ဧရိယာအတွင်း ဟိုတယ်လုပ်ငန်း၊ အိမ်ယာ စီမံကိန်းများ ဆောင်ရွက်လိုသူများ အတွက် မြေနေရာ ရောင်းချ
ပေးမည် ဖြစ်ပြီး သတ်မှတ်ကာလအတွင်း ၀ယ်ယူထားသည့် နေရာများတွင် သတ်မှတ်ကာလအတွင်း အပြီး တည်ဆောက်ရမည်ဟု
စီမံကိန်း ဖော်ဆောင်သူ ဦးခင်မောင်အေးကဆိုသည်။
“စီမံကိန်းနေရာမှာ ၀ယ်ယူတယ်ဆိုရင်တော့ ပိုင်ဆိုင်မှု အာမခံ မြေဂရန် ထုတ်ပေးမှာပါ၊ တကယ် အလုပ်လုပ်မယ့်သူ ၀ယ်ဖို့ လိုပါတယ်“ဟု
၎င်းက ဆိုသည်။


အခြားသတင်းများကြည့်ရှုလိုလျှင် >https://www.facebook.com/newsofmyanmar